Thursday, January 13, 2011

မမနန်စီ

ဧရာဝတီရဲ့ ဟိုးတစ်ဖက်ကမ်း တောင်တန်းတွေမှာ မိုးရိပ်မိုးစတွေ လှမ်းမြင်နေရပေမယ့်..
ဒီဖက်မှာတော့ တိမ်လိပ်တိမ်ယောင်တွေ ကင်းစင်သား..
အဲ့နေ့က မမနန်စီနဲ့ ကျွန်တော် စကားတွေ တပြောပြောနဲ့ မြင်းလှည်းလေးကို စီးလို့။
အာမိုကီယို လမ်းတစ်လျှောက်မှာပေါ့။ မမနန်စီက သူ့ ဆံပင်တွေကို တစ်ဖတ်သတ်ပြီး ညာဖက်ပုခုံးရှေ့ ဝှိက်ချထားတယ်။ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်၊ သူ့အသွင်အပြင်ဟာ ကျော့ရှင်းလို့၊ ဒါပေမယ့်လို့ ကျွန်တော်က အခုမှ အပြင်မှာ သူ့ကို စမြင်ဖူးတာ။ သူ့အသံလေးကလည်း ညင်သာလို့၊ ကျွန်တော့်မှာ ကျောသပ်ပေးခံနေရတဲ့ ကြောင်းလေးတစ်ပိုင်းကို ဖြစ်လို့။ မမနန်စီအကြောင်း ပြောရင် သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေဟာလည်း မပါမဖြစ်ပေါ့။ (သူ့နဲ့ စကားပြောတဲ့အခါ အဲဒီမျက်လုံးကြီးတွေကို တတ်နိုင်သမျှ မကြည့်ရဲဘူး၊ စကားပေါ်အာရုံမရောက်မှာစိုးလို့။) နောက်ပြီး သူစီးနေကျ ကြံရည်ရောင်သဲကြိုး အောက်ခံအနက်နဲ့ ဖိနပ်လေး။ နေ့လည်စာတူတူစားတုန်းကတောင် သူ့ပန်းကန်ထဲ မကုန်တဲ့ အသားတုန်းလေးကို ကျွန်တော်ငေးကြည့်ပြီး “မမနန်စီတော့ ရုပ်ဆိုးကြီးနဲ့ ရတော့မှာပဲ”လို့ ကျွန်တော် မစမိခဲ့ဘူး။ မမနန်စီကတော့ ကျွန်တော့်ကို စကားသိပ်နည်းတယ်လို့ ထင်နေမှာပဲ။ တကယ်တော့ ပြောစရာတွေက အများကြီးရယ်၊ ပြောမထွက်တာရယ်သာ။

ဒီလိုနဲ့ မြင်းလှည်းလေးဟာ အာမိုကီယိုလမ်းမကြီးကနေ ခွဲထွက်လို့ နီညိုရောင်လမ်းလေးထဲ ရောက်လာတယ်။
လမ်းနာမည်ကိုတော့ ကျွန်တော် မေ့နေဆို၊ မမနန်စီက စကားတွေကောင်းနေတာကိုး။ တောအုပ်လေးတစ်ခု ရံထားတဲ့ လမ်းဘေးမှာက ကျောက်စရစ်ခဲပုံတွေနဲ့။ ကျွန်တော်မှာလည်း အဲဒီ ကျောက်စရစ်ခဲပုံတွေမြင်ရင် လည်ချောင်းထဲ နင်နင်လာသလို ခံစားရတယ်။ ဒီလိုနဲ့ ကျွန်တော် တံတွေးတွေမျိုချလိုက်၊ စကားဖောင်တွေ ကြိုးစားဖွဲ့လိုက်နဲ့၊ ကျွန်တော့် ပုံဟာ သက်တောင့်သက်သာတော့ တယ်မရှိလှဘူး။ အဲ့ကြောင့် မေးပြီးသားတွေလည်း ပြန်ပြန်မေးနေမိတယ် ထင်ပါရဲ့။ အရေးထဲ လမ်းမညီတာကြောင့် မြင်းလှည်းကလည်း ခုန်ချည်းနေတော့ကာ စကောထဲ ထည့်လှိမ့်ခံထားရတဲ့ ဇီးဖြူသီးလေးကို ဖြစ်လို့။ မမနန်စီကတော့ သူတို့မြို့မှာ စီးနေကျမလို့လားမသိ၊ သူ့အတွက်တော့ အလိုက်သတင့်နဲ့ သက်တောင့် သက်သာရှိလှတယ်။
ကျွန်တော်လည်း မှတ်မိသလောက် ဟာသလေးတွေ၊ ခေါင်းထဲပေါ်လာသမျှအကြောင်းလေးတွေနဲ့ စီရင်းကုံးရင်း၊ တောင်ပတ်လမ်းရဲ့ တစ်နေရာ စေတီလေးတစ်ခုနားရောက်တော့ မမနန်စီကို မေးလိုက်တယ်။
“မမနန်စီ.. ချမ်းနေရင် အနွေးထည်ဝတ်ထားလေ”
“ရှင်.. ကျွန်မ မချမ်းပါဘူး၊ ဒါနဲ့ ရှင် လူမှားနေပြီထင်တယ်၊ ကျွန်မ နန်စီမဟုတ်ဘူး”
“ဟုတ်ပါတယ်ဗျာ.. မမနန်စီမှ မမနန်စီအစစ်ပါ။ ကျွန်တော် မမှားပါဘူး။”
“မဟုတ်ရပါရှင်”
“ဟုတ်ပါတယ် မမနန်စီရယ်.. ဘာလဲ.. မမနန်စီက ကျွန်တော့်ကို မကလို့ ကိုယ့်ကိုယ်ကိုယ်တောင် နာမည် မေ့သွားတာလား”..


ခန့်နေ

Thursday, January 6, 2011

မစ်စ်ကောလ်

အဲဒီညတုန်းက စာကြည့်တိုက်ထဲမှာပေါ့၊ ညစာလည်း မရှိ၊ တယ်လီဖုန်းလည်း မရ၊
ဘေးမှာက Yပုံသဏ္ဍန်သစ်ပင်တွေ၊ အဝေးကလာနေသူ ကမ္ဘာမကြေသီချင်း၊
နောက်ပြီး လေတိုက်တဲ့အခါ ဘီယာဘူးခွံသံတွေ၊ ကျွန်တော်တို့လည်း ဘာဘာညာညာ
မတ်တပ်ထရပ်၊ ရာစုနှစ်အတော်အတန် ကြာတဲ့အထိပဲ၊ မတော်တဆပဲ ဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊
ရေလို လေလို နှင်းဆီလို ဘဝကိုရနိုးနိုး ရှိုက်မိရင်းက တစ်စုံတစ်ယောက်ဟာ..
တိတိပပ ဖော်ပြရရင်တော့ မေးခွန်းမေးဖို့ တစ်စုံတစ်ယောက်ဟာ၊ အမြဲလိုလို ကျွန်တော်တို့ထဲမှာ
ရှိနေတတ်တာ၊ ချောင်းဆိုးပျောက် ဆေးပုလင်းများစွာ၊ သစ်သားမီးခြစ်တွေနဲ့၊ မော်နီတာ ဖန်သားပြင်တွေ၊
တစ်ယောက်ကို တစ်ယောက်က လေးစားသမှုတွေ၊ ပါးစပ်တွေနား သကြားရောက်လာတဲ့အခါ
ပုရွက်ဆိတ်တွေ ထွက်လာပြီး၊ ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ လိုရင်လိုသလို အချိန်းအချက်ပြု၊ အသီးအပွင့်တွေနဲ့အတူ၊
ဒါတွေအားလုံးဟာ နောင်လာမယ့်တွေဆီ (ဘာဆိုဘာမှ) သေနေမှာချင်း အတူတူ၊
ဒဏ်ရာသံချပ်တွေ၊ မီးလောင်ရာ ပင့်ရာလေ၊ ပြိုးပြိုးပြက်ပြက်များစွာဖြင့်သာ စွတ်ပျံ့ကြည်နူးဖွယ်ရာ၊
စာမျက်နှာတွေ၊ ကျွန်တော်၊ အာရုံလွှဲပါရစေ၊ မျက်နှာတွေ၊ မျက်နှာတွေ၊
ကျွန်တော် ထပ်မယူနိုင်တော့လို့၊ မွန်းလို့ ကျပ်လို့၊ စိတ်လက်ချမ်းသာရာ . .
မလုပ်ကြပါနဲ့ ခင်မျာ.. အစစ အရာရာ တောင်းပန်လျက်


ခန့်နေ

Monday, January 3, 2011

လျှော

တစ် ထစ် ချင်း. .
အားထုတ် တက်လာခဲ့သမျှ
အဆင်းဟာ
မြန်လိုက်တဲ့ ဖြစ်ခြင်း။

ခန့်နေ


မှတ်ချက်။ ။ဒီကဗျာလေးကို စရေးဖို့ပြင်နေတာ လွန်ခဲ့တဲ့ (၃)လလောက်ကတည်းကပါ။ မစခင်ကတည်းက တိုတိုနဲ့ လေး..ငါးကြောင်းလောက်ပဲ သုံးမယ်လို့ ဆုံးဖြတ်ထားတာ။ သို့ပေမယ့် စကားလုံးဖောင်းပွနေတာရယ်၊ အဓိပ္ပါယ်မသွားတာရယ်ကြောင့် ပြင်လိုက်၊ရေးလိုက်၊ဖျက်ပစ်လိုက်နဲ့ ကြာနေ၊ ဒီကြားထဲမှာပဲ တခြားကိစ္စတွေနဲ့ လုံးလည်ချာလည်ရင်း ပစ်ထားမိရာကနေ မနေ့ကမှ အမှတ်တမဲ့ စာအုပ်ပြန်လှန်မိပြီး အဆုံးသတ်နိုင်ခဲ့တယ်။ ကဗျာမရေးဖြစ်တာတော်တော်ကြာပေမယ့်.. ကဗျာတစ်ပုဒ်ပြီးသွားတိုင်း ကျန်ခဲ့တဲ့စိတ်ခံစားချက်ကတော့ မပြောင်းလဲဘူး။ သစ္စာနီပြောသလို ကဗျာရေးခြင်းဟာ ကျွန်တော့်အတွက်တော့ အညောင်းပြေခြင်းတစ်ခုပါပဲ*။
Free counter and web stats