Thursday, March 5, 2009

အလွမ်းလက်ကျန် ရှင်းတမ်း (၂) @ မယ်လေးထံ ပေးစာ

ဟဲလို မယ်လေး..
သတိရစွာနဲ့ ငါ စာရေးလိုက်တယ်။ နင်တို့ တစ်အိမ်သားလုံး နေကောင်းပါစေလို့ ဆန္ဒပြုရင်း။ ငါလည်း နေရာသစ်မှာ အခြေကျနေပြီ။ “တော်ရာမှာ ပျော်စရာတွေ လုပ်နေတတ်ရမယ်” ဆိုတဲ့ နင့်ရဲ့ စကားကို အမြဲလိုက်နာလျက်ပါ။

စာမရေးတာ ကြာဆို အရင်ရက်တွေက အအေးမိရင်း ချောင်းပြန်ဆိုးနေလို့။ အဲဒါ စာထဲ စကားလုံးတွေကတစ်ဆင့် နင့်ဆီကူးသွားမှာ စိုးရိမ်မိတယ်။ ငါတို့ မတွေ့ဖြစ်တဲ့ အချိန်တွေထဲ အဲဒီလို နာဖျားတဲ့ရက်တွေကလွဲရင် ငါ့အတွက်တော့ အဆင်ပြေဖူးတယ်ကို မရှိသေးဘူး။ အိမ်၊ ကျောင်းနဲ့ အလုပ် နေရာပဲကွာတယ်၊ မိုးလင်း မိုးချုပ် သင်ယူရေး သံပတ်တွေ မကုန်နိုင်ဘူးလေ။ တစ်ခါတစ်လေလည်း အနှုတ်လက္ခဏာတွေကို နှာခေါင်းပိတ် မျိုချရတာများတဲ့အခါ နာကျင်စရာတွေကိုမှ ကြင်နာမိရက်သား ဖြစ်လာခဲ့သလားလို့တောင် ထင်ရတယ်။ စာတွေအများကြီး နင့်ကို ရေးပြချင်တယ် သိလား။ ပြတ်လပ်နေတာ ကြာပြီဖြစ်တဲ့ ကဗျာတွေလည်း စာနောက်ဆုံးမှာ ငါ ထည့်ပေးလိုက်တယ်။

ငါတော့ ဒီရက်တွေထဲ နင့်အပြုံးတွေ သိပ်ငတ်နေတယ် သိလား။ ဒီမှာ အပြုံးတုတွေ သိပ်များလို့၊ အချိန်ကုန်ခံကြည့်မယ့် အစား ပလတ်စတစ်အိတ်တွေ ရှုံ့သွားတာကမှ ပိုကြည့်လို့ ကောင်းအုံးမယ်။ ပြန်ရောက်တဲ့အခါမှ အဲဒီ ပါးပြင်ပေါ်က အပြုံးစစ်စစ်တွေကို တဝကြီး ကြည့်လိုက်ချင်တယ်။ နောက်ထပ်လွမ်းတာတစ်ခုကတော့ သနပ်ခါး။ ဒါနဲ့ နင်ရော.. အရင်လို (ပဲဟင်းအိုးမှောက်ထားသလိုမျိုး) သနပ်ခါးထူထူကြီးနဲ့ ပွဲဈေးသွားတုန်းပဲလား။ ညဖက်ဆို ရွာလူတွေ မဖဲဝါနဲ့ နင့်ကို မှားမှာ မြင်ယောင်သေးတယ်။ ဟက်ဟက်။ အလှူအတန်းတွေရော ဟိုမှာ အရင်လိုပုံမှန်ရဲ့လား။ ဒီမှာ ငါတို့တွေတော့ နေ့တိုင်း (၇)ရာခိုင်နှုန်း ပုံမှန်လှူဖြစ်တယ်။ အလှူငွေရွက်၊ လက်နဲ့ မကွာပေါ့။ ဟိုမှာလို ဝက်သားတုံး လက်သီးဆုပ်ကြီးကို ထမင်းရည်ချောင်းမစီးနိုင်ပေမယ့်။ နောက်ပြီး သူက မလှူမနေရလေ။

လူကြိုက်များမယ့် ကိစ္စတွေအတွက်တော့ ငါ့ကိုယ်ငါ မဖြုန်းတီးဖြစ်တာ ကြာပြီဟ။ နင်ပြောသလို တစ်ခါတစ်လေ ခပ်ပေါ့ပေါ့လေးပဲ ငါတို့ကိုယ်ကို ပြင်ထားကြတာပေါ့။ အရသာကောင်းတဲ့ ဟင်းဆိုတာ လူတကာရဲ့ ခံတွင်းထဲ အရသာကုန်တဲ့အထိ စုပ်ယူ ဝါးမျိုရင်း၊ အချိန်ကျရင်လည်း မျိုချလိုက်ကြတာပဲ မဟုတ်လား။ လင်္ကာတွေချောဖို့ချည်းထက် ကျန်းမာရေးကို ငါတို့ ပိုဂရုစိုက်သင့်တယ်။

ငါတို့လည်း ကမ္ဘာစဦးခဲ့ကတည်းက အလင်းနဲ့ အမှောင်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ကျပျောက်လာခဲ့တဲ့ သူတွေလိုမျိုး၊ “လွမ်းစရာတွေ”ဟာ တို့ရဲ့ ရင်ဘတ်တွေအတွက် တနင့်တပိုးပါပဲ မယ်လေးရယ်။ သူငယ်ချင်းတွေ အလျိုလျိုနဲ့ ပန်းဝင်ကုန်ချိန်မှာ ငါ့အတွက် နှစ်သိမ့်ဆုဆိုတာတောင် ပန်းကုံးလား၊ ပန်းခွေလား မသေချာတော့ဘူး။ ဒါပေမယ့် ရွာဦးကျောင်းက ရင်ခွင်နဲ့ အခုရင်ခွင်ဟာတော့ဖြင့် ညီမျှခြင်းရဲ့ ဟိုဖက်နဲ့ ဒီဖက်မှာ ရပ်မြဲရပ်လျက်ပါပဲ။ လူဆိုတာလည်း မယ်လေးရယ်.. ငါတို့ ကိုယ်ကို အချိန်ရှိခိုက် မစီရင်နိုင်ခဲ့တာဟာ တစ်ခြားတစ်ဖက်မှာ တချို့အရာတွေရဲ့ အစီရင်ခြင်းခံဖို့အတွက်များ ဖြစ်ခဲ့သလား။ ရင်ဘတ်တွေ ကြေမွနေကြောင်း သက်သေးအထောက်အထား ခိုင်လုံတာတောင် ကံကြမ္မာဟာ တို့များဆီက တရားသေ လွတ်မြောက်ခဲ့တာ၊ အချိန်တန်နေတဲ့ နှလုံးသားတွေလည်း အရွယ်ရောက်ခွင့် မရလိုက်ခဲ့ဘူး။ အင်း.. စိတ်ထိခိုက်စရာတွေအကြောင်း ရပ်လိုက်တော့မယ်နော်.. အရေမထူသေးတဲ့ ကျောကုန်းတွေကို လောလောဆယ် ထုံဆေးကူထားကြတာပေါ့။ ခရာသံတွေလည်း မဆွံ့အဘူး။ ငါတို့ နားတွေလည်း မဆွံ့အဘူး။ ဟုတ်ပြီလား..။ လောကဓံ ချိန်ရွယ်ထားတဲ့ ကင်မရာဆီကို ငါက နင်နဲ့ပြိုင်တူ ပြုံးပြချင်နေသေးတာ။ ဒါပေမယ့် ဝမ်း၊ တူး ... သရီးမတိုင်ခင် အိပ်မက်တွေက ပြန်လန့်နိုးနေတာတော့ သိပ်ဆိုးတာပေါ့။

ဒီတစ်ခါ ကျောင်းပိတ်ရက်တော့ ငါ ပြန်လာဖြစ်မယ်ထင်တယ်။ နင်ရော ဘာတွေ မှာချင်သေးလဲ။ ပြန်ရောက်လို့ တွေ့ဖြစ်တဲ့အခါ နင်နဲ့ စကားတွေ အများကြီးပြောရအောင်.. စကားလုံးတွေတောင် စုထားနေပြီ။ အဲဒီကျရင် သင်တန်းတွေ၊ သူငယ်ချင်းတွေ၊ နိုင်ငံခြားတွေ အကြောင်းထက် နင်ကြိုက်တဲ့ ကာတွန်းကားနဲ့ စတော်ဘယ်ရီတွေအကြောင်း ပိုပြောကြရအောင်လေ.. နောက်ပြီး နင့်ဆီက ပါးချိုင့်လေးတွေအကြောင်း ကဗျာရေးခွင့်လည်း တောင်းချင်သေးတယ်။ လောလောဆယ်တော့ ငါနဲ့အတူ ပါလာမယ့် ပစ္စည်းစာရင်းက-

(၁)လျှောက်လည်တဲ့အခါ နွေနေကိုတိုက်မယ့် အပူကျဆေးတစ်ထုပ်ရယ်
(၂) ၁ နဲ့ ၁ ပေါင်းရင် ၁ ရမယ့် ရင်ထဲက အီကွေးရှင်း အသစ်စက်စက်တစ်ကြောင်းရယ်
(၃) အုတ်ဂူလေးပေါ်မှာ ကိုယ်တိုင်လာတင်ပေးမယ့် နင်ကြိုက်တဲ့ စံပယ်ပန်းတွေရယ်။
အခုတော့ ကဗျာလေးကို အရင်ဖတ်ထားနှင့်နော်။ ပါရီရက်လုပ် မဟုတ်ပေမယ့် မိုးလင်းညပေါင်း တစ်ဒါဇင်ကျော်ကြာ ငါကိုယ်တိုင် စိုက်ပျိုးထားတာပေါ့။ ခေါင်းစဉ်ကိုတော့ နင်ပဲ တပ်ပေးနော်။ နင်လည်း အနားယူရတာ အဆင်တပြေ ရှိပါစေ။
****

ထုံသင်းတဲ့ ပါးပြင်လေးဆီ
ခုန်ဆင်းမယ့် ပါးချိုင့်လေးနှစ်စင်း..
(မမွှေးဖူးတဲ့ ပန်းကလေးကို
မပေးဖူးတဲ့ အနမ်းလေးများလည်း
စောင့်နေရှာပြီ ကောင်မလေးရေ)

မင်းအကြောင်း အလှတွေတွေးမိရုံနဲ့
ဝင်သက်နဲ့ ထွက်သက်တို့အချင်းအချင်း
ဓါတ်ပြုကုန်သတဲ့
(တော်ဝင်မျက်နှာထားလေးအား
ဘယ်အပြုံးတွေက ခြယ်မှုန်းပါသလဲ
ကောင်မလေးရေ)

ကတိတွေ၊ စိတ်မချခြင်းတွေနဲ့အတူ
သတိတွေလည်း သိပ်ရနေမှာ
(လာဝဲနေတဲ့ လိပ်ပြာတွေရှိရင်လည်း
မမြင်ယောင်ဆောင်နေပေးပါ ကောင်မလေးရေ)

ရင်ဘတ်ထဲ ခေါက်ထည့်ထားတဲ့
မျှော်လင့်ချက်တွေလည်း ဖုန်တက်နေပြီ..
(အဝေးလူရဲ့ အဆွေးဓါတ်ကို
သူတို့လည်း ဖေးကူနေကြတယ်
ကောင်မလေးရေ)

အလွမ်းလှိုင်းတွေ လာလာတိုက်လို့
ဟောဒီ ရင်ခွင်ကမ်းလည်းပြိုတော့မယ်
(ပုခုံးလေးမဖက်ဖြစ်တဲ့ အခြေအနေမှာ
ဖုန်းလေးဆက်ခွင့်နဲ့ ဖြေနေပါရစေ
ကောင်မလေးရေ)

အဆက်အသွယ်တို့ ပျက်နေသမျှ
စိတ်ကူးတွေနဲ့ပဲ မက်နေပါရစေနော်
(အဲဒီ ပုံရိပ်လေးတွေမှ မပါရင်
အိပ်မက်တွေလည်း မဖြစ်နိုင်တော့လို့ပါ
ကောင်မလေးရေ)

သတိရပေးပါ၊ ကောင်မလေးရေ..
ရည်ရွယ်ထားတဲ့ "ကဗျာနဲ့ ပန်းတွေ
မွှေးပါတယ်" လို့ ပြောတဲ့အခါမှ
ငါနဲ့ အလွမ်းတွေလည်း
ဝေးပါမယ်ကွယ်...

****
ချစ်တယ်... နင်ရဲ့
သိုက်စိုး

Tuesday, March 3, 2009

ဆယ်လမွန် ငါးတို့ အပြန်...

အားလုံးပဲ.. သင်္ကြန်အပါအဝင် နွေရာသီ ကျောင်းပိတ်ရက်တွေရတုန်း ကျွန်တော် မြန်မာပြည်ပြန်အုံးမှာ ဖြစ်တဲ့အတွက် အားလုံးကို ဒီကပဲ နှုတ်ဆက်ပါရစေ ခင်မျာ.. ဟိုရောက်ရင်တော့ MPT နဲ့ စိတ်ကောင်း ဝင်ချိန်နဲ့ ကျွန်တော် စိတ်ကူးရချိန်လေး တိုက်ဆိုင်ခဲ့လို့ရှိရင် ထပ်တင်ဖြစ်ပါ့မယ်.. တင်နိုင်အောင်လည်း ကြိုးစားကြည့်ပါ့မယ်.. ဘလော့တွေ အရင်လို လိုက်မဖတ်နိုင်မှာနဲ့ ကွန့်မန့်တွေ ပြန်မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်မျာ.. ကျွန်တော်လည်း ကျော်ခွနည်းတွေ သိပ်မသိသေးလို့... အားလုံးလည်း ပျော်ရွှင်သော နွေရာသီ ရက်များ ဖြစ်ပါစေလို့... အခုမှရတဲ့ အခွင့်အရေးလေးတစ်ခုကို အလုအယက်တိုးဝှေ့ လိုက်ပါအုံးမယ်..း)

Free counter and web stats