Saturday, June 28, 2008


နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်။


မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။


သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။


စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံပင်တွေကို မမွေးခင်ကတည်းက အနက်ရောင်ဆိုးထားသည်ဟု ကျွန်တော်ထင်သည်။ (သို့မဟုတ် ပင်တိုင်ဖြစ်သည်) သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကန်မဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။



စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”
………………………………………………………………………………………….

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။




Friday, June 27, 2008

27.6.08

ဒီနေ့တော့ mid-term စာမေးပွဲတွေပြီးပြီ။ ပျော်လိုက်တာဗျာ။ အဖြေနိုင်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာမေးပွဲပြီးသွားပြီးဆိုတဲ့ အတွေးလေးနဲ့တင် ပေါ့ပါးသွားတယ်။ နောက်တစ်လကျ Final စာမေးပွဲပြီးမှပဲ၊ ကျောင်းတွေပိတ်မှာ။ စာမေးပွဲအတောအတွင်းလည်း စာကောင်းကောင်းမလုပ်ဖြစ်ဘူး။ ဟိုယောင်၊ ဒီယောင်နဲ့တင် အချိန်ကုန်နေတယ်။ မဖြေနိုင်ဘူးပြောရင်လည်း သူငယ်ချင်းတွေက ရယ်တယ်။ မဖြေနိုင်ဘူးပြောပြီး အမှတ်တွေ ကောင်းနေလို့တဲ့။ တကယ်တော့ ကျွန်တော် ကံတွေကောင်းနေတာပါ။ စာမေးပွဲပြီးတော့ သူငယ်ချင်းတွေတော့ အိမ်ပြန်သူကပြန်၊ ရုပ်ရှင်ကြည့်တဲ့ လူက ကြည့်နဲ့။ ကျွန်တော်တော့ ဒီပိတ်ရက် နှစ်ရက်လေးကို ဝထ္ထုတိုလေးတွေ ရေးချင်တယ်။ ဒါပေမယ့် မသေချာသေးဘူးဗျာ။ နောက်တစ်ပတ်ထဲ report တချို့ တင်ဖို့ ရှိနေသေးလို့။ လုပ်သင့်တာတွေ ပြီးရင်တော့ လုပ်ချင်တာ လေးတွေလည်း လုပ်လိုသေးတယ်။ (မိန်းမယူတာတို့၊ ကဗျာရေးတာတို့ ဖြစ်ကောင်းဖြစ်မှာပေါ့)

သြော်.. ဒါနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က Singapore Polytechnics မှာ Nargis လေဘေးဒဏ်ခံရသူ ဒုက္ခသည်တွေ အတွက် မြန်မာကျောင်းသားတွေတွေက Charity Concert တစ်ခုလုပ်သွားတယ်။ ယိမ်းအက၊ stage show နဲ့ အငြိမ့် ပြဇာတ် အစုံပေါ့ဗျာ။ လက်မှတ်တစ်စောင် စင်္ကာပူဒေါ်လာ ၁၅ကျပ် နဲ့ ၁၈ကျပ်မှာ ၄ကျပ်ကို အလှူငွေ အဖြစ် သတ်မှတ်ပေးထားတာပါ။ မွန်မြတ်တဲ့ ဒါန အစီအစဉ်တစ်ခုပါဗျာ။ အောက်ဘက်မှာက အဲဒီပွဲအတွက် ပိုစတာပါ။ (ပွဲမလုပ်ခင်ကတည်းက ပို့စ်တင်ချင်ပေမယ့် အင်တာနက်ကောင်းကောင်း မသုံးဖြစ်တာနဲ့ မတင်ဖြစ်လိုက်ဘူး၊)





Friday, June 20, 2008

Poem part- 12

သတိတရ

အနီးမနေ ပန်းကလေး…
တွေးတိုင်း ကမ္ဘာ မွှေးပါတယ် ၊
ခဏလေးပဲ ဝေးကြမယ်၊
မကြာ.. သွေးလည်း နွေးပါကွယ်..
ကဗျာရေးမြဲ ဆွေးပါတယ်။




Thursday, June 12, 2008

Poem part- 11

မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်


တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..


အဲဒီဘဝမှာ ..
မိသားစုထမင်းဝိုင်း မရှိဘူး။
စာသင်ခုံတွေ မရှိတော့ဘူး။

အိမ်
မရှိတော့ဘူး။
မေမေ့ရင်ခွင် မရှိတော့ဘူး။


သောက်ရေတွေအစား
မျက်ရည်တွေ ဝင်လာတယ်..
စာအံသံတွေရဲ့ နေရာ
အစာလုသံတွေက ဝင်ရောက်လာတယ်
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်။
ဘုရားရှိခိုးသံတွေဟာ
နို့စာလို့ အော်ငိုတဲ့ အသံတွေကြောင့်
နှုတ်ဆိတ်ကုန်ကြရတယ်။


နေ့ချင်းညချင်းပဲ
ကျောင်းသားကနေ
ငါလည်း သူတောင်းစားဖြစ်ပြီ ။

ယူပါ၊ ဆယ်ပါ...
ဖေးမစရာ…
ငါတို့အတွက် အလှူလည်း
ခွေးတွေ ဝိုင်းဆွဲကြလို့….
အဆီတွေ စုပ်ပြီး၊
အသားတွေ ထုတ်ခံရလို့…..
လှော်တက်တစ်ချောင်းဟာ
တဲစတစ်ခု ဖြစ်သွားလို့။


ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ် ပြန်မလာတော့


အပြစ်တင်စရာက..
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
ဧရာဝတီလား ?
အတိတ်ကံလား ?
………………………
နိဂုံး မထိုးတတ်ခင်
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကို
သူတို့ဆွဲယူသွားကြတယ်။ ။

အရူး ဝါဒီ

သတိ။ ။ သင့်မျက်လုံးကို ဂရုစိုက်ပါ။ ရှေ့ကိုက် (၁ဝဝ)အတွင်း ကာရံများ ခလုတ်တိုက်ရန်ရှိသည်။

အရူး ဝါဒီ

စာတွေရေးချ..
ငါလေ တွေးတတ်သမျှ
နင်ရယ်၊ အလွမ်းရယ်၊ အနာဂတ်ရယ်။
စာဖတ်လို့လည်း မရ၊
ကဗျာတွေစပ်လည်း မလှ၊
ရှေ့ဆက်ပြီး
ဒီပုံစံနဲ့ မရတော့ဘူး။


နင့်အပြုံးတွေရယ်
ငါ့ အနာတွေကို ထုံဆေးမပေးသရွေ့..
နင့်အသံတွေရယ်
ငါ့ နားထဲ တံခါးမခေါက်သရွေ့…
နင့် မျက်ဝန်းတွေရယ်
ငါ့အတွက် မီးမစိမ်းသရွေ့…
နေ့ရက်တွေထဲ
ငါ့ဝိညာဉ်ဟာ အလောင်းတစ်ကောင် ဖြစ်သွားသတဲ့။
ခေါင်းသွင်းဖို့
ကြားစကားတွေက သူ့ကိုပြင်နေတယ်။
နင် မြင်နေမယ်..
အသံတွေဟာ နားတွေထဲမှာ လည်ပြီး
အမှန်တွေဟာ အမှားတွေထဲမှာ ကွယ်ပြီး
အဲဒါတွေလည်း ဖယ်ပြီးတော့ ကြည့်ပေးပါ..


မမျှော်လင့်ခဲ့ပါ၊ ချယ်ရီ
အမှန်ပါ..
ဒဏ်ရာတွေဟာ မှန်းချက်ထက်ပိုပြီး
ကမ်းတက်နေ...
လွမ်းလျက် သေဖို့အတွက်
ငါ့ကိုလည်း စမ်းသပ်နေလို့ ။


“ချယ်ရီရေ….
နင်ကအခုတော့ ဘယ်ဆီမှာမသိ
ရွယ်ရည်ပြီး
Ferry မှာ ယောင်ပြီးတော့
ငါမျှော်နေမိ…
နင့် အဒေါ်တွေသိ
x x x x x x


နှစ်ယောက်ထဲပဲ
တိမ်တွေအထက်
သိုလှောင်ထားတဲ့ အိပ်မက်ရယ်
ရုတ်တရက် ဂျပိုးတွေ ကိုက်ဖြတ်ခံလိုက်ရတယ်..
မေတ္တာအိတ်တွေ ပေါက်ကုန်ပြီ…
သစ္စာစိတ်တွေ ဖေါက်ကုန်ပြီ ။


ချယ်ရီ…
လျှံကျနေသော နင့်ရဲ့ သံသယတွေအောက်မှာ
ငါလည်း စာမေးပွဲတွေ ပြန်ကျနေခဲ့တာ…
ခံစားချက်တွေ မပါဘဲနဲ့
ငါတို့လက်တွေ ထိခဲ့ကြတယ်…
ဒီအကြောင်းတွေ ညနေတွေလည်း သိခဲ့ရမယ် ။


“နင့်အကြောင်း
မာယာကျမ်းကို ရေးဖို့ဆိုရင်
မျက်ရည်တစ်စက်နဲ့
စာလုံးတစ်လုံးကို
ငါဟာ လဲခဲ့တဲ့ ကောင်ပါ”


သူစိမ်းတွေထက်လည်း
ပို စိမ်းပြီပေါ့ ။
မတော်တဆ ဆိုပေမယ့်
နှလုံးသားရဲ့ အမာရွတ်တွေဟာ
အတွေးနဲ့တိုက်မိတိုင်းလည်း နာနေတုန်း

စကားမပြောလည်း
နင့်အသံတွေ မာနေအုံးမှာ..
ငါ့ကိုဆို ကြာလေမုန်းဆဲလား ။
ကဗျာတွေကိုတော့
နင့်အတွက် ဖြုန်းဆဲပါ.. ချယ်ရီ။


“အကယ်၍ လမ်းခွဲက
သစ်ရွက်ခြောက်တွေ ကြွေတာ
ကဗျာမဆန်ခဲ့ရင်
နင် ဝမ်းမနည်းရအောင်
ငါ သူတို့ကို ကာရံတွေအကြောင်း
တမင် သင်မပေးထားခဲ့တာပေါ့”


နွမ်းဖတ်နေသော
ပန်းကလေးတစ်ပွင့်လို
အဆင်းရနံ့ကင်းတဲ့
ဒီကဗျာလေးကရော
နင့်အတွက် ရယ်စရာလေးတစ်ခုပဲ
ဖြစ်နေမှာလား…
………….
ချယ်ရီ ဖြေပါ။


ဆရာဝန်၏ မှတ်ချက်စကား။ ။ “သူ့စိတ်ဓါတ်မျိုးနဲ့ဆို ဒီရောဂါ တော်ရုံ ဖြစ်ခဲမယ်၊ ဒီလိုဗျ.. စိတ်ဓါတ်ကို အလွှာတွေနဲ့ ခွဲခြားလိုက်မယ်ဆိုရင် အပေါ်ဆုံးအလွှာဟာ အမာဆုံးလို့ ပြောလို့ရတယ်။ အဲဒီ အပေါ်ဆုံးအလွှာရဲ့ အထက်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေ တည်ရှိနေတယ်လေ။ မျှော်လင့်ချက်ဆိုတာမျိုးဟာ တကယ်တော့ ကုန်ဆုံးရက်ရှိတယ်။ အမျိုးအစားနဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့ တစ်ခုနဲ့တစ်ခု သက်တမ်းကွာသွားတာပေါ့။ ပုံမှန်အားဖြင့် ကုန်ဆုံးရက်ပြည့်တဲ့အခါ မျှော်လင့်ချက်တွေဟာ သူ့အလိုလို အငွေ့ပျံ ကွယ်ပျောက်သွားတယ်ဗျ။ ဒါပေမယ့် ဒီကိစ္စမှာ အဲဒီလိုမျိုး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကို မလိုက်နာဘဲနဲ့… ကုန်ဆုံးရက် လွန်သွားသော်ငြားလည်း သူ့မျှော်လင့်ချက်တွေဟာ အငွေ့ပျံတက်သွားခြင်းမရှိဘဲ ကြာလာတာနဲ့အမျှ စိတ်ရဲ့အလွှာတွေထဲ တဖြည်းဖြည်းနဲ့ အရည်ပျော်ကျစိမ့်ဝင်သွားပြီး နောက်ဆုံး စိတ်ဓါတ်အပေါ်ဆုံးအလွှာဟာ ကျွံ့ကျပျက်ဆီးသွားတာပဲ။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သိပ်စွဲလမ်းလွန်းအားကြီးတယ်ပေါ့ဗျာ”

………………………….

အမှန်တော့ အထက်ပါ ကဗျာဟာ အရူးထောင်တစ်ခုမှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပေါ့။ (ဇာတ်လမ်းပိုပြီး ပေါ်လွင်အောင် သူ့ဒိုင်ယာရီထဲကပဲ စာကြောင်းတစ်ချို့နဲ့ ပေါင်းထားပေးတာပါ။) ချယ်ရီဆိုတာ သူသိပ်ချစ်ခဲ့တဲ့ တစ်ယောက်ထဲသော မိန်းကလေးဖြစ်ဟန်ရှိတယ်။ ရူးနေတဲ့ သူတစ်ယောက်ဟာ ကဗျာရေးနိုင့်ပါမလား ဆိုတာတော့ ခင်များလည်း ကျွန်တော်နဲ့အတူ အံ့သြနိုင်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ လူဆန်ဆန်ရူးသွပ်ကြတယ်။ (ရူးသွပ်သင့်တယ်) ဒါပေမယ့် ဘာကြောင့် တစ်ချို့ကိုမှ ရွေးပြီး အရူးလို့ ခွဲခြားသတ်မှတ်ချင်ကြတာလဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဟာ တရားဝင် ရူးခွင့် ရသွားပြီပေါ့။ ကျွန်တော်တို့ကတော့ လူကောင်းယောင်ဆောင်လိုက်၊ တစ်ခါတစ်လေ ခိုးပြီး ရူးလိုက်နဲ့….

မရူးခင်က သူရေးခဲ့တဲ့ ဒိုင်ယာရီ စာကြောင်းလေးနဲ့ပဲ ဤစာကို အဆုံးသတ်ပါရစေ..

တစ်ပွင့်ထဲသော ချယ်ရီလေးပွင့်ဖို့အတွက် ကမ္ဘာတစ်ခြမ်းကို နှင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆောင်းဥတုတစ်ခုဟာ ကျွန်တော်ပေါ့

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Free counter and web stats