Monday, December 7, 2009

အောင်စာရင်းထဲ ကျွန်တော့် နာမည် မပါတဲ့နေ့က

အကြီး ရေးထားရင်
အရေးကြီးတယ် ထင်ကြမယ်.
အဓိကက
၁.၂.၃ မတိုင်ခင် နေရာယူတတ်ဖို့ပါပဲ။

စာသုံးသူများကို သုံးစား၍
ကောင်းစားသူများ စားကောင်းနေသည်။
“အိမ်ထဲ ဝင်ကြဟဲ့..
ဟိုမှာ ဗိုက်ပူနံကားတွေ လာနေပြီ” တဲ့
မေမေက ပြောတယ်။

အရှေ့ဆိုတာ
ရောက်ကောင်းတဲ့ နေရာမှန်း
ကျွန်တော် မသေချာသေးဘူး။
ဘာမှမရှိဘူးဆိုလည်း
ဘာမှမရှိဘူးတစ်ခုခုကို သွားတွေ့ခဲ့တယ်။

အင်္ကျီအသစ်နဲ့ လူဟောင်းတွေ၊
သေသူအချင်းချင်း မြေဖို့ချင်သူတွေနဲ့
အခန်းအပြင်ဖက်မှာ
ပိုမိုမွန်းကျပ်နေတယ်။

ဖြစ်ပျက်နေတာတွေက
ကျွန်တော်နဲ့ မဆိုင်ချင်တိုင်း
မဆိုင်နေလိုက်ကြပုံများ..

မိန်းကလေး..
ငါ့ကို တစ်ယောက်ထဲ ထားခဲ့တတ်တဲ့အကျင့်ကို
နင် ဖျောက်ပါ။

အခိုးမထွက်တဲ့ သံသရာမီးရဲ့
ဆိုးချက်ကြောင့်ပဲ

ပြက်လုံးတွေ၊ အနိုင်ဂိုးတွေ
လက်ခုပ်သံတွေ၊ မီးကင်ထားတဲ့ အသားတုံးတွေနဲ့
ပွဲတော်ရက်တွေဆီ...
စိတ်မရှိတော့တဲ့ အခါတိုင်း

ခွင့်လွှတ်ပါ.. သူငယ်ချင်းတို့..
ငါဟာ
တောင်ပေါ်က ပန်းကလေးရှိတဲ့ အရပ်မှာသာ
ငါပျော်တတ်လို့။

ဘာကြောင့်ရယ်မသိဘူး.. ဒီကဗျာကို အခုရက်ပိုင်း စိတ်ထဲစွဲရွတ်မိနေလို့.. အမှတ်တရ ပြန်တင်ဖြစ်ပါတယ်ခင်မျာ..

Thursday, November 19, 2009

22/11/09


ဒီဇင်ဘာ လကုန်လောက်အထိကို ကျွန်တော် အလုပ်များဖို့ ရှိနေလို့.. ဘလော့ကိုတော့ ပြန်ထိနိုင်မယ် မထင်ဘူးဗျာ.. ကဗျာတွေတော့ ကြိုကြားကြိုကြားပဲ တင်ဖြစ်ပါမယ်.. တချို့ရေးချင်တာလေးတွေလည်း စိတ်ထဲပေါ်လာပေမယ့် အခု အလုပ်သင်နဲ့ စက်ရုပ်ဘဝရောက်နေလို့ ကီးဘုတ်လည်း ကလောင်မဖြစ်တာကြာပေါ့. ကျွန်တော် အလုပ်သင်ဆင်းနေရတဲ့ ကုမ္ပဏီရဲ့ ဓါတ်ပုံလေးတွေတချို့ ရှဲလိုက်ပါမယ်...

Fig. ပထမဆုံးနေ့ briefing မှာ

Fig. ကန်တင်းက ပထမဆုံး နေ့လည်စာ


Fig. အလုပ်ခန်း တခါးဝ


Fig. Reception


Fig. Company အဆောက်အဦး နဲ့ Logo


Dရက်ပိုင်းမှာ.. “ထ” (ထဆင်ထူး) ရေးပြမယ်ဆိုပြီး တကယ်တမ်းကြည့်လိုက်တော့ “ဝ” နှစ်လုံးပူးပြထားတာပဲဖြစ်နေတဲ့ သူတစ်ချို့ကိုလည်း တွေ့ခဲ့ရတယ်..

Sunday, November 1, 2009

ဤကဗျာကို ကောင်းစွာ မလှုပ်ဘဲ ဖတ်ပါ

ကဲ.. ဘာဆက်လုပ်ကြမလဲ
ရှင်းလို့ပြီးပြီဆိုတော့ ပြန်ရှုပ်ဖို့ပဲ ကျန်တော့တာပေါ့
ဟောကိန်းတွေက လွဲရင် ကျန်တာပဲ နှုတ်ယူခဲ့..
သူပြောမယ့် ပုံပြင်တွေကို
ကျွန်တော် ကြားဖူးပြီးသား
ဒီတော့.. အားလုံး စခန်းရောက်မှရှင်း
နေအုံး..
မင်းစာသားတွေကို အရင် ခဏရပ်
အပြင်က မီးခလုတ်တွေကို ဘယ်သူက အဖွင့်အပိတ်လုပ်နေတာလဲ
သူပြောသလို ကျွန်တော်ဟာ ကိုင်လှုပ်ခံနေရတယ်ဆိုတာတော့
မဟုတ်ပါဘူး
ဒီကမ္ဘာနဲ့ ကဗျာကို အစာခြေဖို့ကတော့
အစာဖြေတဲ့ ကိစ္စထက်တောင် ပိုလွယ်အုံးမယ်
ဒီမယ်.. ပါလာတာ အကုန်ထုတ်လိုက်ရရင်
ကျွန်တော့် ဒေါသတွေ အရင်ထွက်လာမှာနော်
ကျွန်တော်က.. ကျုပ်က..
အတည်ပြောနေတာ (ရယ်စရာမပါဘူး)
ရယ်စရာလိုချင်ရင် ၅လပိုင်းကိုမျှော်
အဲဒီမှာ ကျကျနနစီမံထားတဲ့ ပြက်လုံးတွေရှိတယ်
အို.. ပြက်လုံးတင် မကပါဘူး..
အဲဒီမှာ အကုန်ရနိုင်တယ်
ကြာသပတေးကတော့ အဲဒီလိုမိန့်သွားတာပဲ
(ရယ်စရာ မဂ္ဂဇင်း)
ဒီတော့ သူငယ်ချင်း..
ခေတ်မှီချင်တယ်ဆိုရင် ချစ်တယ်လို့ မပြောနဲ့တော့ကွာ
ဒီခေတ်ထဲမှာ ခေတ်မှီတဲ့သူတွေက "မုန်း"ကုန်ကြပြီ
“မ”တစ်လုံးတွေ စားထားတဲ့ခေတ်မှာ
မုန်းတာတွေ ခေတ်စားနေပြီ
နောက်ပြီး..
ဒီခေတ်ကြီးမှာ ကလေးတွေကို မရိုက်ရတော့ဘူးတဲ့
ကလေးတွေအစား
လူကြီးတွေကို ပြောင်းရိုက်ကြတော့မယ်.. ထင်ပါတယ်။

Monday, October 19, 2009

ကဗျာဖတ်မလား

ရေထဲက ငါးလေးတွေကို
အဓိပ္ပါယ်မရှိဘူးလို့ ထင်သလား
အဓိပ္ပါယ်မရှိဘူးလို့ ထင်ရင်
ရေထဲက ငါးလေးတွေကို
ရေကြည့်ပေါ့
တစ်.. နှစ်.. သုံး..
တစ်.. နှစ်... သုံး...
ရေထဲက ငါးကလေးတွေ။

Wednesday, October 14, 2009

ကိုယ့်နေ့တွေ


ဘဝဟာ စာစီစာကုံးမဟုတ်တော့
မောနင်းကို မနက်ခင်းပါလို့
ဘယ်သူတွေ သတ်မှတ်မလဲ
ကိုယ်ကတော့ မောရင်း နင်းဆဲ
ဒီလိုပြောရင် သူတို့ရယ်မယ်မှန်းကြိုသိပြီး
အရင် ရယ်လိုက်မိတယ်
အဟက်

ဟိုတစ်ခြစ် ဒီတစ်ခြစ်
ပိုစ့်မော်ဒန် မဟုတ်တဲ့အခါ
မော်ဒန်ကိုတော့ ပြန်ပို့လိုက်မယ်နော်
ကဗျာဆန်ခြင်းဆိုလျှင်
ရှောင်သွေလွှဲလို့
မရီနာဘေး (Marina Bay)သို့ ၅မိနစ်။


Thursday, September 24, 2009

ကဗျာကတော့ ဘာမှ မဟုတ်ပေမယ့်

အစကတော့
တိတ်ဆိတ်နေတဲ့ ကိုယ့်အခန်းလေးကို သွန်ချလိုက်မလို့ပါပဲ
ဒါပေမယ့်လည်း
ကိုယ်အသွန်မတတ်လို့ တစ်ကမ္ဘာလုံးမှောက်ကျခဲ့တယ်။
သီချင်းလေးတွေ တီးတိုးလိုက်ရွတ်တတ်တဲ့ နှုတ်ခမ်းလေးကအစ
အာရုံခံလွန်းတတ်တဲ့ ငါ့ရဲ့ စိတ်ဝေဒနာအဆုံး
အိမ်ဘေးသစ်ပင်က ကျလိကျလိတွေကို
ငါ့အိပ်မက်အား မြည်းကြည့်စေချင်တယ်။
ဘာကြောင့်များ ကဗျာဟာ ကဗျာဖြစ်နေရသလဲ
တဆိတ် ငါ့စိတ်တွေဟာ လေနိုင်လွန်းလှတယ်။
သမင်မလေးရယ်
ဟောဒီမုဆိုးရဲ့ ချုပ်ရိုးရာများဟာ
မင်း မပစ်ခဲ့တဲ့ မြှားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ခေါင်းကလေးကို တစ်ချက်မော့ကြည့်လိုက်တာ
ကြုံလှီနေတဲ့ လက်မောင်းလေးကို ဖက်တွယ်ထားမိတော့မလိုနဲ့
အမှောင်ခန်းဟာ တကယ့်ကို ကယောင်ကတန်းပဲ
“ပြည်ကြီးရေ..
ဒီတစ်ခါ ပုလင်းအဖုံးတွေ ဖွင့်ရင်တော့
အပြင်းဆုံးတွေနဲ့ လွင့်မယ်ကွယ်”
မှတ်ဥာဏ်တွေမှာ ခဏညှပ်ထားလိုက်
အပ်ကျသံလေးတစ်ချက်ဟာ မိုးချိန်းသွားရလောက်အောင်
ငါ့အကြားအာရုံတွေထဲ ပုံသွင်းလိုက်မိပြီ
နှုတ်ဆိတ်နေသူလေးရဲ့ ငြိမ်သက်မှုဟာ
တစ်ချက် တိတ်ဆိတ်လွန်းလှပါတယ်။


ခန့်နေ

Thursday, September 17, 2009

နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



"ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…"


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်

မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။

သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။

စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံနွယ်များမှာ အနက်ရောင်ဖြစ်သည်။ သူမနှင့်လိုက်ဖက်သည်ဟု ဆိုတိုင်း “ပိုပြီ”ဟု ပြန်ပြောတတ်သည်။ သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကားမဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။


စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။

………………………………………………………………………………………….

မှတ်ချက်။ ။ သူငယ်ချင်း အောင်ဖြိုး၏ tag သို့.. အဟောင်းလေးပဲ ပြန်နွေးလိုက်တယ်ကွာ.. ဆားချက်တယ်တော့ ဟုတ်ဝူးပေါ့.. ချိန်းတွေ့တုန်းက အကြောင်းလေးကို နည်းနည်း polish တင်ထားတာ..


Monday, August 31, 2009

ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့



ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့.. ဆရာ စိုင်းဝင်းမြင့်ရဲ့ များများ မြန်မြန်ကဗျာစာအုပ်ထဲက ကဗျာခေါင်းစဉ်လေးတစ်ခုပါ.. အပေါ်က ဗီဒီယိုလေးနဲ့ လိုက်တယ်ထင်လို့ ပို့စ်ခေါင်းစဉ်လေးတပ်ဖြစ်တယ်။
ကျွန်တော်က ထမင်းစားတဲ့အခါ ကိုယ်ကြိုက်တဲ့ဟင်းလေးများပါရင် ချန်ထားခဲ့ပြီး နောက်ဆုံးမှ စားတတ်တယ်.. ကျွန်တော့်အကျင့်ပေါ့။ အခုလည်း ဘဝရဲ့ ကောင်းနိုးရာရာအပိုင်းလေးတွေကို မသုံးဆောင်နိုင်သေးဘဲ နောင်တစ်နေ့အတွက် ချန်ထားနေရပြီ။ အဲဒီအတွက် ကျွန်တော် ဝမ်းမနည်းပါဘူး။ မြန်မြန်သုံးစွဲဆိုတဲ့အခါ ဘဝထဲက ဘာတွေကို ကျွန်တော်တို့ သုံးစွဲမလဲ.. သုံးစွဲမယ်ဆိုတဲ့အတွက် မသုံးစွဲဖြစ်တဲ့ အပိုင်းတွေလည်း ကျန်ခဲ့မှာပါ. အဲ့ဒီအခါကျရင် ဘာတွေကို ခင်များအနေနဲ့ ချန်ထားခဲ့ချင်သလဲ.. ကျွန်တော့်လိုပဲ ကောင်းနိုးရာရာတွေလား.. ဒါမှမဟုတ် တခြားအရာတွေလား.. အဲဒီ ကောင်းနိုးရာရာဆိုတာတွေကရော သုံးစွဲမယ့်အချိန်အထိ အထားခံပါ့မလား.. သူတို့မှာ တာရှည်ခံနိုင်လောက်တဲ့ ဂုဏ်သတ္တိတွေပါမလား.. ဒါမှမဟုတ် နာတာရှည်တွေကော မဖြစ်နိုင်ဘူးလား.. ဘယ်လောက်မြဲမမြဲ ဘာတွေနဲ့ တိုင်းမလဲ..

Saturday, August 29, 2009

30th August when I am 20

မနက်ဖြန် ဘလော့ဂါဒေးအတွက် ဘာအစီအစဉ်တွေများ ရှိကြတုန်းဗျ... ကျွန်တော်ကတော့ ဖိုင်နယ်စာမေးပွဲ နောက်ဆုံးနေ့ဆိုတော့ အပျော်ကြီးပျော်မိမှာ.. ဒါပေမယ့်လည်း ဖြေနိုင်၊ မဖြေနိုင်ပေါ်မှာတော့ နည်းနည်း မူတည်မှာပေါ့.. ကျောင်း(၃)နှစ်ရဲ့ နောက်ဆုံးဖြေရမယ့် စာမေးပွဲပေါ့.. နောက် (၆)လလုံး အလုပ်သင်ရယ် ပရောဂျက်ရယ်နဲ့ပဲ စခန်းသွားရတော့မယ်.. သြော်ဒါနဲ့.. ဒီနေ့က ကျွန်တော့်ရဲ့ မွေးနေ့ဗျ.. ဘာလိုလိုနဲ့ (၂၀)တောင်ရှိခဲ့ပေါ့.. မွေးနေ့ဆိုပေမယ့်လည်း ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး၊ ဟဲ.. ကျွေးရမှာစိုးလို့ မဟုတ်ပါဘူးဗျာ.. စာမေးပွဲကြောင့်ပါ... မနက်(၃)နာရီလောက်မှ အိပ်လိုက်တော့ အခု (၁၀)နာရီလောက်မှ နိုးလာ.. မနက်စာလည်း မဟုတ်၊ နေ့လည်စာလည်း မကျ၊ စားပြီး အခုကွန်ပြူတာရှေ့က ခွာမရဖြစ်။ ကျွန်တော်လည်း ကိုယ့်မွေးနေ့တောင် ကိုယ်မေ့သယောင်ဖြစ်နေတာနဲ့ ညက ၁၂နာရီထိုး သူဖုန်းဆက်မှ သတိရသွားတယ်.. :D (အလဲ.. သူဆိုပဲ) ဒီမွေးနေ့မှာတော့ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူတစ်ယောက် ရှိခဲ့ပေါ့..
ကျွန်တော့်မွေးနေ့အတွက် Facebookမှာ ကွန်မန့်လာပေးကြတဲ့၊ phoneနဲ့ တစ်call၊ msgနဲ့ တစ်ဖန် ဆုတောင်းပေးကြတဲ့၊ (ဒီပိုစ့်လေးမှာလည်း လာမန့်ကြမယ့်) သူငယ်ချင်းတွေ၊ ဆရာတွေအားလုံးကို ဒီပိုစ့်လေးနဲ့ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်..း)

Thursday, August 27, 2009

ရာသီပြောင်းချိန် (When a season ...

ကျွန်တော်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်နေဆဲဖြစ်တဲ့ ဦးဗိုလ်ထီးရဲ့ ရာသီပြောင်းချိန်ဆိုတဲ့ သီချင်းလေးပါ.. youtubeမှာ တော်တော်နဲ့ ရှာလို့ မတွေ့ဘူး.. လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပိုက်စိပ်တိုက်ရှာရင်း တွေ့ခဲ့တာ.. ရည်ရွယ်သူကို ပို့ပေးဖြစ်တယ်.. အင်္ဂလိပ်လိုကတော့ ကျွန်တော်ဘာသာပြန်ထားတာပါ.. facebookမှာ တင်လိုက်တော့ တခြားနိုင်ငံသား ကျွန်တော့်သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ရယ်.. ကိုယ်တိုင်လည်း ဘာသာပြန်ရတာ ဝါသနာပါတာရယ်ကြောင့်ပါ။ ဘာသာပြန်ရာမှာ youtubeက ကိုGersingရဲ့ စာသားတွေကို နည်းနည်းယူထားပါတယ်.. သူ့ရဲ့ videoကိုပါ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်.. ကျွန်တော့်ရဲ့ ဘိလပ်စာအဆင့်နဲ့ဆို ၈၀%လောက်တော့ ကျေနပ်မိပါတယ်.း)




Gersingရဲ့ ဆိုဟန်နဲ့ စာသား.. (၁၈နှစ်အောက် လူကြီးများ ကြည့်မရ)

ရာသီပြောင်းချိန်
ဆို- စိုင်းထီးဆိုင်။ ရေး- စိုင်းခမ်းလိတ်။

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....

ရွှေမျက်ရည်စို့ တုန်းက ပဝါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....

ရွှေလက်တွဲတုန်းက သူ့ ဖဝါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....


"When A Season Changes"
Sang by Sai Htee Saing, Lyrics by Sai Khan Lait

Season changes here without you
And sufferers are both internally and externally of me.
But, just knowing of you making thoughts about how i m doing all alone,
I will feel relieved from the lifeless days without ur laughters
And it is really worthy to wait the days when ur heart beats whisper

Whenever i call up the feelings of ur hand holding mine,
I feel engergised to be able to walk my current days alone.
Whenever i call up the feelings of ur kisses landing to my cheek,
It energises me to pass a journey of this lonely night, filling happiness

The times you miss me, and
The messages sent make me ease off the days when i feel bad due to inconveniences here.
And it is really worthy to wait the days when yourself take good care of me.

With the memories of holding your hands with smiles
And those of my cuddly hugs, being a shelter for you,
Keep assuring myself those are not the dreams
And the pleasures you gave still remain in my heart

Remembering your comforts to my sorrows,
And believing that there will be another such chances,
A little hope is still alive during the days i miss you too.

Tuesday, August 25, 2009

ဆရာတာရာ၏ ကဗျာများ

Commentမှာ ကိုIMnotFR တောင်းဆိုလို့ ဆရာတာရာမင်းဝေကဗျာ(၃)ပုဒ် (ရှိသလောက်) ထပ်တင်လိုက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ကဗျာလေးတွေပေါ့. အားလုံးကို လမ်းအိုလေးကနေ ဒေါင်းထားတာပါ. မူရင်းအတိုင်းပဲ image file နဲ့ တင်လိုက်ပါတယ်. လမ်းအိုလေးမှာတော့ ဆရာ့ကဗျာတွေ ဒီထက်အများကြီးရှိပါအုံးမယ်. Blogရဲ့ ညာဖက်ခြမ်း side bar “စာပေနဲ့ မီဒီယာ” အောက်မှာ လမ်းအိုလေးသို့ လင်ခ့်ထားပါတယ်..







်Firefox (ပြသနာရှာမရဘဲ) ဒေါင်းသွားလို့.. Chromeလေးနဲ့ အသက်ဆက်နေရပါတယ်.. Bloggingအတွက်တော့ သိပ်အဆင်မပြေဘူး.. စာမေးပွဲ ဒီနေ့တစ်ဘာသာတော့ ဖြေနိုင်သွားပြီ။ ကိုအောင်ဖြိုးရဲ့ ပန်းကိစ္စတော့ စာမေးပွဲပြီးမှပဲ ရှင်းရတော့မယ်. (း


Wednesday, August 19, 2009

Diary Aug 19


၂၅ရက်နေ့ နောက်ဆုံးစာမေးပွဲစဖြေရတော့မယ်.. အခုထိ စာကောင်းကောင်း မကျက်ဖြစ်ပါ. ဟိုတွေး ဒီတွေး၊ ဟိုလေး ဒီလေး. ဒါနဲ့ပဲ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်. ကျန်းမာရေးသိပ်မကောင်းတော့တဲ့ hard disk အဟောင်းလေးထဲက ပြန်ရှာထားတာပါ. ဒီစာမေးပွဲပြီးရင်တော့ ပိုက်ဆံအပိုစုဖို့ အချိန်ပိုင်းအလုပ်တချို့လုပ်ဖို့ စဉ်းစားမိတယ်. ကျောင်းစကတည်းက အိမ်ကိုတစ်ပြားမှမတောင်းပဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတက်တဲ့ သူငယ်ချင်းတွေကို အားကျမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ။ ဘာကိုမှ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတာ မရှိဘူး။ စိတ်ကူးတွေ၊ အတွေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။


Free counter and web stats