Wednesday, January 30, 2008

30.1.08

လာမယ့် တနင်္ဂနွေနေ့(၃.၁.၀၈)ကျရင် စင်္ကာပူမှာရှိတဲ့ မြန်မာတွေ ရမ်ဘိုရုပ်ရှင် (Rambo-4)ကို ရုံပြည့်သွားရောက်အားပေးကြမယ်လို့ သိရပါတယ်.. အချိန်ကတော့ ညနေ ၅နာရီ၊ ၅၅မိနစ်.. Bugis junction မှာဖြစ်ပါတယ်… စိတ်ဝင်စားတဲ့သူများ အားခဲ့လို့ရှိရင် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကို Penisula plaza မှာ ၀ယ်ယူ ရရှိနိုင်ပါတယ်.. လက်မှတ်ရောင်းတဲ့နေရာရဲ့ ပိုစတာမှာ “ ရမ်ဘို မြန်မာလို ပြောသည့် ဇါတ်ကား” ဆိုတဲ့ စာတန်းကို မြင်တဲ့အခါ.. ကျွန်တော် eduking ရဲ့ လက်ကမြင်းချက်ဖြစ်ကြောင်း..


ဒီနေ့စာမေးပွဲပြီးတာနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လေယာဉ်လက်မှတ်ကိစ္စသွား၊ အပြန် အလုပ်ကိုဝင် လခထုတ်ပြီး အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးပြီ။ ဒီတစ်ပတ်အတွက်တော့ စာမေးပွဲတွေပြီးသွားပြန်ပြီ။ နောက်ထပ် ဖေဖော်ဝါရီ ၁၈မှာ ပထမနှစ်အတွက် စာမေးပွဲအစစ်ကြီးလာမယ်။ စာမေးပွဲက ရှိပါတယ်ဆိုမှ၊ အိမ်ကလည်း အသစ်ထပ်ပြောင်းရအုံးမယ်။ ကဗျာတချို့အချောကိုင်ပြီး အခုရက်ပိုင်းအတွင်းတော့ တင်ဖြစ်မယ်ထင်တယ်။ ဘာရယ်မသိ အခုတလော စိတ်တွေတော်တော် လေနေတယ်.. အိမ်ပြောင်းရမှာလည်း တွေးပြီး စိတ်ညစ်။ အိမ်အသစ်ကလည်း ငှားခဈေးက ခေါင်ခိုက်။ အင်း... ဒါနဲ့ နောက်နှစ် ကျောင်းဖွင့်ချိန်ကျ မြန်မာကျောင်းသူချောချောလေးတွေ ထပ်ရောက်လာရင် သိပ်ကောင်းမယ်… (ဘာမှလည်း ဆိုင်ဝူး..) ဟက်ဟက်.. အားလုံး ပျော်ရွှင်ပါစေဗျာ..


Sunday, January 20, 2008

Poem part- 9

ကျွန်တော် အစပျိုးခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် ဖွင့်မပြောဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက် ရေးဖြစ်ခဲ့တာပါ… ကိုယ်ရေးကိုယ်တာခံစားချက်တွေနည်းနည်း အသားပေးထားလို့၊ အဆင်မပြေခဲ့ရင် နားလည်ပေးပါလို့..



ဖြတ်ကဗျာ (ဇာတ်သိမ်း)


ပွဲမစခင် ကြားလိုက်ရတဲ့
ပွဲသိမ်းခရာသံကို
နင်လည်း မျှော်လင့်ခဲ့မှာမဟုတ်ဘူး။


ဖွင့်မိခဲ့တဲ့ ရင်ခွင်အခန်းလေးတစ်ခုကို
ပြန်စေ့ဖို့ သိပ်ခက်တဲ့အခါ
အိပ်မက်ခဲ့ကြတဲ့ နိဗ္ဗာန်လေးကို
မေ့ချင်ယောင်ဆောင်ခွင့်ပြုနော်...


ဆုတောင်းတွေ မပြည့်နိုင်လို့
ကောင်းကင်မှာ ပေကပ်ကပ်နဲ့
အဲဒီ ကြယ်တွေကိုလည်း
ငါ မုန်းတယ်ဟာ...


ဖျော်ထည့်ထားတဲ့ အလွမ်းတွေက
ခံနိုင်ရည်အမှတ်တွေကို မျိုချ၊
ဘယ်လိုဘ၀တွေရဲ့
ဝဋ်ကြွေးတွေများလဲကွယ်..


ဖြစ်နိုင်ပါတယ်
ဘ၀စာမေးပွဲကြီးက ငါ့အတွက်
အချစ်ပုစ္ဆာတွေကို ပိုခက်ထားတာ...
ငါမရှာနိုင်ခဲ့တဲ့ အပေါင်းအနှုတ်တွေအတွက်
နင့်ကိုများ မောင်းထုတ်မိသလို ဖြစ်သွားခဲ့ရင်...


အရိုးတွေ မြေခအောင် ပေါင်းကြဖို့ဆိုတာ
အမျိုးတွေရဲ့ အမြင်မတူစွာဘဲ
နင့်အတွက် Singapura ရဲ့ နေ့ရက်တွေက
ငါ့ကို မေ့ရက်ချင်းငှာလည်း
တတ်နိုင်ပါစေ။


လူမျိုးရေးနဲ့ တိုက်ပွဲတစ်ခုမှာ
ငါတို့ရဲ့ နောင်ဖြစ်မယ့်
အချစ်တွေကလည်း
ခေါင်းငုံ့နေရမယ့်
သုံ့ပန်းတွေသက်သက်ပဲ ဖြစ်လာမှာပါ။


မပြောဖြစ်ခဲ့တဲ့ စကားတွေ..
မကြည့်ဖြစ်ခဲ့တဲ့ အကြည့်တွေ..
မယူဖြစ်ခဲ့တဲ့ အနမ်းတွေနဲ့အတူ
ငါ့ဘက်က ဖောက်ရက်တဲ့ သစ္စာတွေအတွက်
နင့်ဘက်က မေတ္တာတွေလည်း ဖြတ်လိုက်ပါတော့..


ဒီကဗျာ..
နင်မခွဲတဲ့ အသည်းကို
ကိုယ်ကိုယ်ကို အကွဲခံ
မျက်ရည်တွေ ငါ့ကို ကြိုးမပေးခင်
အသည်းအသန်နဲ့ ရေးခဲ့တယ်..
ဆိုင်သူရေ


နောက်ထပ်
နင်မိဖုရားဖြစ်မယ့် ရာဇ၀င်မှာ
ငါဘုရင်တစ်ပါးအဖြစ်ပဲ စောင့်နေပါရစေတော့...


Monday, January 14, 2008

Poem part- 8

ကျွန်တော်ပုံမှန်ရေးနေကြ ကဗျာပုံစံလေးတစ်ခုပါ၊ ကောင်မလေးကို မျှော်နေတဲ့ ကြောင်လေး၊ အဲ… ကောင်လေးတစ်ယောက်အကြောင်းပေါ့..



မျှော်လင့်ခြင်းအမှတ် ၁၄.၁.၀၈


သူ မရောက်နိုင်တဲ့ အရပ်မှာ
အလွမ်းရနံ့တွေကို သင်းပျံ့ဟန်နဲ့
ငါပျော်ချင်ယောင်ဆောင်နေတာလည်း
ဖြစ်ကောင်းဖြစ်မယ်


အဖြေမရှိပေမဲ့
အိပ်မက်ဖတ်စာတွေကို
ပြန်ဖတ်နေမိတာလည်း
အဲဒီ နွေစောင့်နတ်တွေ
သိကောင်းသိနေမယ်


စိမ်းကားတဲ့ အထာတချို့ကြောင့်
ဒိုင်ယာရီထဲ အိပ်မောကျနေတဲ့
သိမ်းထားတဲ့ ကဗျာတချို့လည်း
ရှိနေကောင်းရှိနေမယ်


အလွမ်းခန်းကို နိဂုံးတပ်ချင်ပေမယ့်
အနမ်းခန်းတွေအတွက်တော့
ငါ နိဒါန်း မစပ်တတ်သေးတာလည်း
ဖြစ်ကောင်းဖြစ်နေမယ်..


သူမအတွက် ရည်ရွယ်ပြီး
နှလုံးသားကို ညှစ်ရင်းနဲ့ ရေးခဲ့တဲ့
ချစ်ခြင်းဖွဲ့ သံဇဉ်တချို့တော့
ရှိကောင်းရှိမယ်...


ခုတ်မောင်းနေတဲ့ နှလုံးသားကြီးက
ရင်ခွင်တစ်ခုလုံး ဗလောင်ဆူစေပြီ
အဆောင်သူရယ် မေ့နေတာလည်း
ဖြစ်ကောင်းဖြစ်နေမယ်


တွယ်တာစရာတွေရှိနေလို့
ဆယ်ကမ္ဘာစာ ပိတ်မိနေလည်း
အဲဒီမီးလေး စိမ်းတဲ့အထိ
ကိုယ် စောင့်နေပါရစေ...

Tuesday, January 8, 2008

လမ်းတွေမှာ ကျွန်တော်တစ်ယောက်ထဲ အဖော်ပျောက်ဆဲပါ...


နှံကောင်လေးရဲ့ ဒုတိယမြောက် နွေဦး ပုံပြင်


နောက်ထပ်နွေဦးတစ်ခု သူ့ရှေ့လာရပ်မှာကို ကြောက်နေသည်။ သူ့မှာ နွေရောက်တိုင်း ကွဲတတ်တဲ့ အသည်းတစ်ခု ရှိသည်။ နွေဦးက သူ့ရဲ့ ခံစားချက်တွေကို အားလုံးနဲ့အတူ ခြောက်သွေ့သွားစေသည်။ Enter ခေါက်ပြီး နောက်ရာသီတစ်ခု ကျော်သွားလို့ရရင် သိပ်ကောင်းမှာပဲ.. သူစဉ်းစားနေသည်…
ဟိုးအဝေး… တောအုပ်ညိုညိုဆီက ယိုထွက်လာတဲ့ လေပြေတစ်စင်းက သူ့ရဲ့ရင်ခွင်တစ်ခုထဲကို ရွေးမှန်လိုက်သလို၊ နွေဦးက နာကျင်စရာတွေကို အဲဒီ နှံကောင်လေးတစ်ကောင်ထံ သယ်ဆောင်လာသည်….

တိမ်တွေပေါ်မှာတော့ မဟုတ်တာသေချာသည်… ဒါပေမယ့် သူ နတ်သမီးကို တွေ့ ခဲ့သည်… တမင်တကာတော့ မလုပ်ခဲ့တာသေချာသည်… ဒါပေမယ့် အသစ်စက်စက် ရင်ခုံသံတွေက အဲဒီ့နေ့ကျမှ ရည်ရွယ်ချက်တစ်ခုကို ရှာတွေ့ခဲ့သည်… ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ကို သူမအတွက် သူစဉ်းစားနေမိသည်… နောက်ကျသွားမှာကိုလည်း စိုးရိမ်နေမိ။ ညစဉ်… တိမ်တွေရဲ့ အထက်မှာ အရှိန်တက်ဆဲ အိပ်မက်တစ်ခုကိုလည်း သူမ အတွက်မက်ဖြစ်ခဲ့သည်…

ရင်ခွင်အခန်းလေး ပွင့်ပါ့မလား..
ခုနှစ်စဉ်အလွမ်းတွေပဲ သင့်မှာလား…

အဲဒီ့နေ့က သူ့ဘ၀ရဲ့ အခမ်းနားဆုံးသော မျှော်လင့်ချက်တွေအတွက် ရည်ရွယ်ပြီး အဲဒီမိန်းကလေးဆီ စကားတစ်ခွန်းကို အရောက်ပို့လိုက်သည်… နံဘေးမှာ မိုးတွေတော့ ရွာမနေခဲ့ပါဘူး… ဒါပေမယ့် သူ့စကားကိုကြားတဲ့အခါ ပြာနေတဲ့ကောင်းကင်ကြီးက ချောင်းပြင်ပြီး ဆိုးလိုက်သတဲ့… သူမကတော့ ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်… အိမ်အပြန်လမ်းမှာတော့ မိုးတွေက အစိမ်းလိုက် သူ့ကိုယ်ပေါ်ရွာချပစ်သည်…

ရင်ခွင်အခန်းကို ညစဉ် တံခါးလာခေါက်ပြီးမှ အိပ်မရတဲ့သူကို အပြစ်ပြောရက်တယ်…
မတော်တဆဆိုပေမဲ့ အိပ်မက်တွေဟာ ချော့သိပ်လည်း ပြန်မအိပ်နိုင်တော့ဘူး… ကောင်မလေးရယ်… နေ့တွေ၊ ညတွေမှာ သူ စောင့်နေခဲ့တယ်… တကယ်ပါ.. အနာဂတ်ကိုဝင်ဖို့ သူမနဲ့ မက်မယ့် အိပ်မက်တွေဟာလည်း တုံကင်တွေ ဝေလို့ မလောက်အောင် တန်းစီနေကြပြီလေ…

သူမဘ၀အတွက် အဖြေရှာဖို့ ကျွန်တော်မသိတဲ့ နေရာတစ်ခုဆီ ထွက်သွားခဲ့ပါတယ်… ကျွန်တော်အကြွင်းမရှိ မုန်းတဲ့ နွေဦးတစ်ခုမှာပေါ့.. အဲဒီလေယာဉ်ပျံကြီး ပျံတက်သွားရင်း၊ ဟောင်းလောင်းပေါက်ရင်ခွင်ကြီးတစ်ခုကို မြန်မာပြည်မှာ ချန်လျှက်ထားခဲ့ပြီ… ကျွန်တော့်ရဲ့ အလွမ်းကဗျာတွေဟာ သူမရဲ့ခြေတစ်လှမ်းကိုတောင် မတားလိုက်နိုင်ခဲ့ဘူး…

အို ဘုရားသခင်

ကြားချင်တဲ့ သူ့အသံလေးရယ်

ပါးပြင်နဲ့ သူ့ဟန်လေးရယ်ကို

ညတိုင်း အိပ်မက်တွေထဲဝင်လာဖို့

အကြွင်းမဲ့ ခွင့်ပြုပေးတော်မူပါ…


ကောင်မလေးရယ်… စီးချင်းတွေမှာ ကြောက်စိတ် မြူမှုံမဲ့တဲ့ သူရဲကောင်းဟာ ချစ်သူ့ရင်ခွင် ပျောက်မှာကိုတော့ ကြောက်ခဲ့ဖူးတယ်.. ဒုတိယံမိနွေဦးအတွက် နှံကောင်လေးဟာ အစာကိုတွေ့လျက်နဲ့ စွန့်လွှတ်ခဲ့ရတာပါ...
အကယ်၍ အဲဒီSingapura ညတွေမှာ ကျွန်တော်မပါလည်း ပျော်နေမယ်ဆိုရင် ဖုန်းတွေခေါ်ဖို့တော့ မျှော်မနေတော့ပါဘူး… နင့်လက်ကလေးကိုမြဲမြဲတွဲ၊ နောက်ဘယ်တော့များရယ်မှ အဲဒီနွေဦးတွေကို ကလဲ့စားချေနိုင်ပါ့မလဲကွယ်… သနပ်ခါးတင်တဲ့ ပါးပြင်လေးကို ထိကပ်၊ စိတ်ချင်းတွေလည်းနီးစပ်ပါမှ အဲဒီအလွမ်းတွေကို နှင်ထုတ်နိုင်မှာပါ.. ကောင်မလေးရေ…

ကံတွေ မကုန်သေးရင်တော့
တချိန်ကျ
တို့ ရင်တွေပြန်ခုံကြသေးတာပေါ့…



မှတ်ချက်။ ။ ဘလော့ရဲ့ (ဒါမှမဟုတ်) ကျွန်တော့် ဘ၀ရဲ့ ပထမဆုံးရေးမိတဲ့ ၀ထ္ထုတိုလေးတစ်ခုပါ…



Wednesday, January 2, 2008

ကျွန်တော်ရဲ့ ၂၀၀၈ရဲ့ ပထမဦးဆုံး အမှတ်တရ ပိုစ့်လေးတစ်ခုပါ..



၂၀၀၈… ကမ္ဘာကြီးအတွက် လိုနေတာတွေ သယ်လာမလား..

၂၀၀၈... ငါတို့အတွက် ငြိမ်းချမ်းရေးဟာ လက်တစ်ကမ်းတော့ မကဘူး..

၂၀၀၈… သေနတ်တွေလွှတ်ချပြီး လက်တွေ ဆွဲ၊ နှုတ်ဆက်ကြမယ်လေ..

၂၀၀၈… အမှန်တရားအတွက်၊ နတ်တွေက သက်သေပြနိုင်မလား..

၂၀၀၈… အာဇာနည်တွေ တစ်ကျော့ပြန်လာလေအုံးမလား…

၂၀၀၈… ကျိန်စာတွေပြယ်ဖို့ အသက်ဘယ်နှစ်ချောင်း ထပ်ပေးရအုံးမလဲ…


ဘုရားရှင်ဟာ ဤဘတ္တကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထားခဲ့ပြီးပါပြီ…

တစ်ယောက်နဲ့ တစ်ယောက် သေနတ်နဲ့ ထောက်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်ကြတယ်…

အတုအယောင် နိဗ္ဗာန်တစ်ခုဆီကို ကျွန်တော်တို့တွေ အားလုံးဦးတည်နေကြတယ်၊ တကယ့် အစစ်အမှန်တစ်ခုကနေတော့ တစ်လှမ်းချင်း ဝေးကွာလာကြပြီ…

Free counter and web stats