Monday, January 14, 2008

Poem part- 8

ကျွန်တော်ပုံမှန်ရေးနေကြ ကဗျာပုံစံလေးတစ်ခုပါ၊ ကောင်မလေးကို မျှော်နေတဲ့ ကြောင်လေး၊ အဲ… ကောင်လေးတစ်ယောက်အကြောင်းပေါ့..



မျှော်လင့်ခြင်းအမှတ် ၁၄.၁.၀၈


သူ မရောက်နိုင်တဲ့ အရပ်မှာ
အလွမ်းရနံ့တွေကို သင်းပျံ့ဟန်နဲ့
ငါပျော်ချင်ယောင်ဆောင်နေတာလည်း
ဖြစ်ကောင်းဖြစ်မယ်


အဖြေမရှိပေမဲ့
အိပ်မက်ဖတ်စာတွေကို
ပြန်ဖတ်နေမိတာလည်း
အဲဒီ နွေစောင့်နတ်တွေ
သိကောင်းသိနေမယ်


စိမ်းကားတဲ့ အထာတချို့ကြောင့်
ဒိုင်ယာရီထဲ အိပ်မောကျနေတဲ့
သိမ်းထားတဲ့ ကဗျာတချို့လည်း
ရှိနေကောင်းရှိနေမယ်


အလွမ်းခန်းကို နိဂုံးတပ်ချင်ပေမယ့်
အနမ်းခန်းတွေအတွက်တော့
ငါ နိဒါန်း မစပ်တတ်သေးတာလည်း
ဖြစ်ကောင်းဖြစ်နေမယ်..


သူမအတွက် ရည်ရွယ်ပြီး
နှလုံးသားကို ညှစ်ရင်းနဲ့ ရေးခဲ့တဲ့
ချစ်ခြင်းဖွဲ့ သံဇဉ်တချို့တော့
ရှိကောင်းရှိမယ်...


ခုတ်မောင်းနေတဲ့ နှလုံးသားကြီးက
ရင်ခွင်တစ်ခုလုံး ဗလောင်ဆူစေပြီ
အဆောင်သူရယ် မေ့နေတာလည်း
ဖြစ်ကောင်းဖြစ်နေမယ်


တွယ်တာစရာတွေရှိနေလို့
ဆယ်ကမ္ဘာစာ ပိတ်မိနေလည်း
အဲဒီမီးလေး စိမ်းတဲ့အထိ
ကိုယ် စောင့်နေပါရစေ...

3 comments:

Kaung Kin Ko said...

မော်ဒန်ရော ဂန္ဓဝင်ဟန် နဘေ လေးတွေ ရောထားတဲ့ နောက်ထပ် ကဗျာ ကောင်းလေး တစ်ပုဒ်ပါလား။ နွေစောင့်နတ် ဆိုတဲ့ အသုံးလေး အရမ်းလှတယ်။ “စိမ်းကားတဲ့ အထာ တချို့ ” “သိမ်းထားတဲ့ ကဗျာတချို့ ” “ဗလောင်ဆူ” “အဆောင်သူ” “တွယ်တာစရာတွေရှိနေလို့
ဆယ်ကမ္ဘာစာ ပိတ်မိနေလည်း” အဲဒီ့ နဘေလေးတွေ အရမ်းလှတယ်။ တမင်လုပ်ယူထားတဲ့ ပုံစံမျိုးမဟုတ်ဘူး။့  စကားလုံးမထောက်ပဲ အဆင်ပြေပြေ စီးဆင်းနေတဲ့ နဘေလေးတွေ။ “အလွမ်းခန်းကို နိဂုံးတပ်ချင်ပေမယ့်” ဆိုတဲ့ အပိုဒ်လည်း အရမ်းကြိုက်တယ်။

Sophie said...

ကောင်းလိုက်တာဟာ..............နွေစောင့်နတ်တဲ့လား...အရမ်းလှတယ်။တစ်ခါတည်းကို ခိုက်သွားတာဘဲ။ ဆရာတင်ပါတယ်ရှင်။

tuzzaung said...

ကာရံတွေအရမ်းလှတဲ့ကဗျာလေးတစ်ပုဒ်ပေါ့။
အားပေးလျက်ပါ။

Free counter and web stats