Thursday, March 24, 2011

ငှက်လေးသို့ နှုတ်ဆက်

ငါ- "ငှက်ကလေးရေ ပျံ/ပြန်ပါ
သည်တောအုပ်ဟာ
မင်းအတွက်
သစ်ရွက်ခြောက်တွေ ကြွေဖို့ရာ"

(ဒီလိုနဲ့ တောအုပ်ကြီးဟာ လည်ပြန်လှည့်ရင်း
ငှက်ကလေးအပျံကို လှမ်းကြည့်လိုက်ချိန်မှာ-
ဘယ်ခေတ် ဘယ်အခါကတည်းက ရှိနေမှန်းမသိတဲ့
မျက်ရည်တွေဟာ စမ်းချောင်းတွေအဖြစ်နဲ့
ငှက်ကလေးရဲ့ နောက်ကို လိုက်လံစီးဆင်းရန်)
-ကဗျာ စဝင်လာ-

လက်တွေဟာ
ဘယ်လောက်ကြာကြာများ
ဆက်လက်ဝှေ့ရမ်းနိုင်အုံးမှာလဲ
ခေတ်အဆက်ဆက်ရဲ့
နတ်ဘုရားတွေဟာ စောင့်ကြည့်နေပါမတဲ့

အိပ်ပျော်ဝင်စမှသည်
အချိန်အတော်ကြာသည့်တိုင်
ငါပဲ သစ်ပင်
ငါပဲ တောမီး ဖြစ်ခဲ့ပုံ၊ ဖြစ်နေပုံ-

နောက်ပြီး
ဟောဒီကျွန်းမြို့လေးရဲ့
မြောက်ဖက်မြစ်ရိုးတလျှောက်
တညီတညာထဲ
လိုက်ဆိုနေကြတာက
“အလွမ်းဟာ ဆေးစက်ကျရာ
ငရဲထင်စေသား”တဲ့။

ခန့်နေ

1 comment:

မောင်နွေသစ် said...

လက်တွေဟာ
ဘယ်လောက်ကြာကြာများ
ဆက်လက်ဝှေ့ရမ်းနိုင်အုံးမှာလဲ
ခေတ်အဆက်ဆက်ရဲ့
နတ်ဘုရားတွေဟာ စောင့်ကြည့်နေပါမတဲ့

Free counter and web stats