Sunday, October 23, 2011
Diary 23 10 2011
ဒီနေ့ ကျွန်တော့် ပထမဆုံး video projectတစ်ခု အပြီးသတ်မယ့်နေ့မှာပဲ မနက်နိုးနိုးချင်း အဖွားဆုံးတဲ့ သတင်းကို ကြားတယ်။ နောက် သတိရချိန်ကျ ကျွန်တော် တက္ကသိုလ်ထဲမှာ ကင်မရာကိုင်လျက်သား၊ လမ်းတောက်လျောက် ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ shootingကို ဖျက်ချင်တာပေါ့။ ဒါမယ့် သူငယ်ချင်း ၂ယောက်ကို ငဲ့တယ်။ ဘယ်တုန်းကမှ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာနဲ့ ကျွန်တော်ဟာ အမြဲလက်ပွန်တသီး။ ကျောင်းထဲမှာ သူငယ်ချင်းတွေကို တွေ့မလား.. ကျွန်တော် လိုက်ရှာနေမိတယ်.. တယ်လီဖုန်းမျက်နှာပေါ်က နာမည်တွေတစ်ခုချင်းကြည့် ပြီး ဘယ်သူ့ကို ပြောပြရင်ကောင်းမလဲ ကျွန်တော် စဉ်းစားတယ်။ ဘယ်သူမှ မရှိဘူး။ ကျောင်းဆရာပြောဖူးတဲ့ စကားတွေ ကျွန်တော် ပြန်ကြားတယ်။ ပီမို့ အဖေဆုံးတုန်းက စာသားတွေ ကျွန်တော့် စိတ်ထဲဝင်လာတယ်။ တယ်လီဖုန်းလိုင်းတွေဟာ သတင်းဆိုးတွေကို သယ်လာမှန်း ကျွန်တော် တကယ်မသိခဲ့ဘူး။ အဖွားဟာ ငြိမ်းချမ်းနေမှာ.. လွန်ခဲ့တဲ့ တစ်ပတ်က ဖုန်းဆက်တော့ အသံတွေ ဖျော့နေတယ်.. ဘာမှမလိုချင်ပါဘူး ကွယ်.. ဒီမှာလည်း အကုန်ရနိုင်ပါတယ်.. ကျွန်တော် ပြန်ကြားတယ်.. သူကြိုးစားပြီး ဟန်လုပ်ပြောနေတာ ကျွန်တော် သိခဲ့တယ်.. ကျွန်တော့်ရဲ့ မျက်လုံးတွေ.. ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက ဆေးမျိုးစုံကို နေ့တိုင်းမပျက် သူသောက်နေရတယ်။ ဆေးတွေနဲ့ နှစ်(၂၀)ကို သူထိန်းခဲ့တယ်.. ကျွန်တော် ဒိုင်ယာရီထဲမှာ ရေးတယ်.. သူ့ဘဝဟာ မချိုဘဲ မလိုတဲ့ သွေးထဲမှာမှ အချိုဓါတ်တွေ စုတဲ့သူလို့။ သူဘာဖြစ်ချင်တယ်ဆိုတာ ဘယ်တော့မှ သူမပြောခဲ့ဘူး။ နောက်ဆုံးအချိန်မှာ သူ့ကလေးတွေ မပြေလည်တာကို စဉ်းစားမိသွားရင် သူ သိပ်ထိခိုက်ခဲ့မှာပဲ။ ကျွန်တော် တစ်လမ်းလုံး ရေငတ်တယ်.. ဘတ်စ်ကားတွေ စီးတယ်.. ကဗျာဆရာ လှသန်းဆုံးတာ ကျောင်းဆရာပြောလို့ သိရတယ်။ ကိုဖြိုးဝေကြီးနဲ့ ကျွန်တော် ဟိုရောက် ဒီရောက်တွေ လျှောက်ပြောခဲ့တယ်။ ကျွန်တော် လမ်းတလျှောက် အသိတစ်ယောက်မှ မတွေ့ ဘူး။ တွေ့ ချင်လား မတွေ့ ချင်လား ကျွန်တော် မဝေကွဲဘူး။ ပူဆွေးသောကဆိုတာလည်း မျှဝေခံစားတယ်ဆိုတာထက် တစ်တိုင်ကနေ တစ်တိုင်ကူး လောင်ကျွမ်းတာလို့ပဲ ကျွန်တော် မြင်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မကူးစေချင်ဘူး။ အဖွားဟာ ဘယ်သူ့ကိုမှ သူ့အပူတွေ အကူးမခံခဲ့ဘူး။ နောက်ဆုံး သူငြိမ်းသွားချိန်မှ ကျွန်တော်တို့ ပူခဲ့ရကောင်းမှန်းသိတယ်။..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment