…ဒီလိုပဲ မတ်ဆေ့ကို ဖတ်ပြီးတော့ နားလည်လိုက်တာပဲလေတဲ့။ ဘာပြန်ပြောရမလဲ မသိတော့။ တကယ်တော့လည်း အစကတည်းက ပြန်ပြောဖို့အတွက် ကြိုတင်စီစဉ်ခဲ့တာမှ မဟုတ်တာ။ ကိုယ့်အတွက်တော့ ကြိုတင်စီစဉ်မှု ပြုထားရင်တောင် လွှဲချော်တတ်တဲ့ အဖြစ်တွေက ရှိနေသေးတာ မဟုတ်လား။ နောက်တော့ ဘာတွေဖြစ်ခဲ့လဲ မတိကျ.. လက်ဆောင်ပစ္စည်းကို fast foodဆိုင်ရဲ့ အမှိုက်ပုံးထဲပဲ ထည့်မိခဲ့တယ် ထင်တယ်။ အခန်းထဲမှာက တစ်ယောက်ထဲ.. ကိုယ့်ဘာသာစကားကို နားလည်တဲ့ လူလည်း မရှိဘူး။ ပြောလိုက်တဲ့စကားတွေက ကြားစေချင်တဲ့ သူတွေဆီမရောက်နိုင်တော့။ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတွေတောင်းပြီး ကိုယ်လုပ်ချင်တာ ဘာလည်း မသိလိုက်တဲ့ ဘဝတွေက အများသားမဟုတ်လား။ မျက်လုံးဟာ တဆိတ်ရှိ လက်ထိပ်က သွေးကြောတွေဆီပဲ ပြန်ရောက်သွား။ ရန်ကုန်မှာလို ဝရံတာရှေ့တော့ ဓါတ်ကြိုးတွေ ရှိနေမယ် မထင်ဘူး။ အိပ်မက်တွေ မှန်မမှန်တော့ မသိ၊ အိပ်မက်ဆိုးတွေတော့ မှန်လာတာ တကယ်။ နောက်တော့ အဲ့ဒီ့ရက်ပိုင်းက မိုး ပြန်ရွာလာလို့ ထင်တယ်၊ walking shoes အသစ်ကလေးကို ပြန်သိမ်းထားလိုက်တယ်။ ဒီဆေးရုံမှာက ဘာဥပဒေ၊ ဘာစည်းကမ်းရယ် တိတိကျကျ ထုတ်ပြန်ထားတာတော့ မရှိဘူး၊ ၂၄နာရီလိုလို လူနာအပြည့် နဲ့ . . နံရံမှာ ရေးခြစ်မလား၊ ဘေးချင်းကပ် ဘော်ဒါနဲ့ ပြောချင်တာတွေ လျှောက်ပြောမလား၊ နေသာတဲ့ နေ့တွေ လမ်းလျှောက်ထွက်မလား၊ ခုတင်ပေါ်မှာပဲ ကိုယ့်ဟာကိုယ် လက်သည်းတွေ ထိုင်ခွာနေအုံးမလား.. ရတယ်။ ကဖင်းကလည်း ပြတ်သွားတယ် မရှိဘူး၊ နာရီခြားတစ်ခါ ချိတ်ထား/နေရတာပဲ။ ရုံးပိတ်တဲ့ တရက်တလေကျ သူငယ်ချင်း တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာရင် သူတို့နဲ့ ဆေးလိပ်တွေပါလာတာ မှတ်မိတယ်။ တစ်ယောက်ထဲ ရှိနေချိန်တွေ များရင်တော့ တခါတခါ ဆိုဖီလာလည်း ဝင်ဝင်လာတတ်ပါတယ်။
.