Wednesday, May 28, 2008

Nargis Cyclone နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော့်ရဲ့ အမြင်တွေ၊ ခံစားချက်တွေကို ကိုယ်စားပြုထားတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုရဲ့ ရင်ထဲမှာလည်း အဲဒီကဗျာရဲ့ စကားလုံးတွေအတိုင်း ဖြစ်နေမှာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ပါဘူး။ ပြန်လည်ဖော်ပြခွင့်ပေးတဲ့ ကိုကောင်းကင်ကိုအား ကျေးဇူးမှတ်တမ်းတင်လျက်....

ဧရာဝတီရဲ့ ရင်သွေးများအတွက်

ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်။
မီးလောင်ရင်တောင် ပြာပုံတော့ကျန်သေးတယ်။
နာဂစ်ရေ
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
မိဘမဲ့ကလေးတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့ 
အပြစ်မဲ့သူတွေ
သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခဟာ ငါတို့ ရဲ့ ဒုက္ခပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အိုစပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှ အားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့  နေရာအနှံ့ မှာ ကိုယ်ချင်းစာတရားကို ကိုးကွယ်တဲ့သူတွေရှိတယ်။
နှလုံးသားလှတဲ့ ကရုဏာလက်ပိုင်ရှင်တွေရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ မရအရ အားထုတ်ပြီး
သင်တို့ ဆီ မရောက်အရောက် ငါတို့ လာခဲ့မယ်။

ကမ္ဘာအရပ်ရပ်က ညီအစ်ကိုတို့ 
နာဂစ်ရဲ့  ရက်စက်လှတဲ့ လက်သီးချက်နဲ့ 
ဧရာဝတီဟာ မရှုမလှ အသက်ငင်နေပြီ။
ညီအစ်ကိုတို့ 
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်ဖို့ အတွက်
စေတနာလိုသလို ပညာလည်းလိုတယ်။
ရေတို အားထုတ်မှုတွေလိုသလို ရေရှည်အားထုတ်မှုတွေလည်းလိုတယ်။

ပြီးတော့ အားလုံးက
အရှိတရားကိုလက်ခံပြီး
အသိတရားနဲ့ လက်မြန်ဖို့ လည်းလိုတယ်။

ကောင်းကင်ကို

မှတ်ချက်။ ။ မူရင်းအတိုင်း ဤနေရာမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

No comments:

Free counter and web stats