အခုရက်ပိုင်းမှာ ကျွန်တော် စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ရှိတယ်။ အဲဒါကတော့ မှန်ပေါက်ကလေးထဲကနေပြီး မြင်ကွင်းတွေကို ချောင်းကြည့်ရတဲ့ ဓါတ်ပုံပညာ ပေါ့။ အဓိကတော့ ကင်မရာတွေနဲ့တွဲပြီး ဓါတ်ပုံဘက်ကို စိတ်ပါလာတာ.. အရင်လက လုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်ထဲမှာ ကျွန်တော့်နေရာက ကင်မရာတွေ ရောင်းတဲ့ station နဲ့ နီးတော့ အဲဒီကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့ဆီကနေ နည်းနည်းပါးပါး တီးမိ ခေါက်မိလာတယ်.. ဓါတ်ပုံပညာအကြောင်းတော့ လုံးဝကို မသိသေးဘူး.. အဲဒါကြောင့် လက်ဆော့ရင်း သင်ဖို့ ကင်မရာလေးတစ်လုံးလောက် ဝယ်မလား စဉ်းစားမိတော့.. ဈေးက စင်္ကာပူဒေါ်လာနဲ့ဆို ၃၉၉တဲ့.. ကျွန်တော် ခိုက်နေတဲ့ ကင်မရာလေးလေ.. (DSLR (digital Single Lens Reflex) ဆိုတာ Professional ကင်မရာသမားတွေ အများစု အသုံးပြုတဲ့ (အလွယ်ပြောရရင်) မှန်ပြောင်းတွေ တပ်ပြီး သုံးလို့ရတဲ့ ကင်မရာပေါ့..) သူက DSLR တော့ မဟုတ်ပါဘူး.. Zoom 12x အထိရပြီး.. Mega pix 10 နဲ့ ISOကတော့ 3200..ပေါ့ ။ လောလောဆယ်တော့ ဝယ်နိုင်ဖို့ ဝေးနေသေးတယ်.. ဒါပေမယ့် ကင်မရာနဲ့ ဓါတ်ပုံပညာအကြောင်းတော့ လေ့လာဖြစ်မယ်ထင်တယ်.. နောက်ပြီး အနုပညာဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကို အခုနောက်ပိုင်း ပိုမြင်လာတယ်.. တကယ်တမ်းတော့ အားလုံးဟာ Presentation တွေပါပဲ.. ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ဖန်တီးပြသနိုင်သလို ရုပ်ရှင်နည်းပညာတွေ အသုံးပြုပြီး ကဗျာတွေကို ခြယ်မှုန်းနိုင်လာတော့ တွေ့ရတယ်.. နောက်ပိုင်း ကျွန်တော် ကဗျာတွေရေးဖြစ်တဲ့ အခါမှာလည်း စကားလုံးအလှအပထက် သဘာဝကျမှုကို ဦးစားပေးလုပ်ဖို့ စဉ်းစားထားတယ်.. ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျွန်တော့်ကဗျာထဲက သရုပ်ဆောင်တွေကို over-acting တွေ ပေးမလုပ်တော့ဘူး.. လေ့လာမှုအပိုင်းမှာ ကျွန်တော် အားနည်းနေပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်တယ်.. ဆရာဇေယျာလင်းရဲ့ ဘာသာပြန်စာအုပ်တစ်ခုမှာ ဖတ်ဖူးတာတော့ တရုတ်လူမျိုး နာမည်ကျော် ကဗျာဆရာတစ်ဦးဖြစ်တဲ့ Bei Daoက သူရဲ့ ကဗျာတွေထဲမှာ ရုပ်ရှင်တက္ကနိဖြစ်တဲ့ Montage (ပြကွက်တစ်ခုတွင် အခြားပြကွက် (သို့မဟုတ်) အခြားပြကွက် အစိတ်အပိုင်းကို ပေါင်းစပ်ထည့်သွင်းခြင်း) ကို တွင်တွင်သုံးပါတယ်တဲ့။
သြော်.. ဒါနဲ့ စကားမစပ်.. ကျွန်တော်တို့ စင်္ကာပူမှာရှိတဲ့ Polyကျောင်းပေါင်းစုံက မြန်မာကျောင်းသားတွေ စုပြီး Interpoly ဘောလုံးပွဲ Leagueလေးတစ်ခုကို အခု နိုဝင်ဘာလထဲမှာ လုပ်ဖြစ်တယ်.. စုစုပေါင်း အသင်း (၅)သင်းပါဝင်တယ်.. ကျောင်းတွေကတော့ Singapore Poly, Ngee Ann Poly, Temasek Poly, ကျွန်တော်တို့ Nanyang Polyနဲ့ Nanyang Technological Universtiy တွေပေါ့။ ကျွန်တော်တို့ ကျောင်းကတော့ Singapore Poly နဲ့ အဖွင့်ပွဲမှာ ၇ဂိုး ၁ဂိုးနဲ့ ရှုံးသွားတယ်.. ဒါပေမယ့် အသင်းသားတွေ အားလုံး စိတ်မပြတ်ကြဘူး.. အားလုံးဟာ ကြိုးစားလိုစိတ်တွေ ပိုတက်လာကိုတောင် တွေ့ရတယ်.. ကျွန်တော်တို့ ကိုယ်တိုင်ဖွဲ့ခဲ့ရတဲ့ အသင်းအတွက် ကျွန်တော် အရမ်းဝမ်းသာတယ်.. ဒီအသင်းကြောင့် ကျွန်တော်တို့တွေကြား တစ်ဦးနဲ့ တစ်ဦး အသင်းစိတ်ဓါတ်တွေ၊ နားလည်မှုတွေ ပိုရလာတယ်..အဲဒီနေ့က လာအားပေးတဲ့ ပရိတ်သတ် အင်အား အဲဒီလောက်ထိ ကျွန်တော် ထင်တောင် ထင်မထားမိတာ အမှန်ပဲ.. ရှုံးပေမယ့်လည်း လာအားပေးကြတဲ့ သူငယ်ချင်း ပရိတ်သတ်တွေ၊ ကစားသမားတွေ အချင်းချင်းကြား အပြစ်တင် ပြောတာမျိုး မရှိခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်.. တကယ်တော့ ကျွန်တော်တို့ အသင်းဟာ ဒီleagueဖြစ်ပြီဆိုမှ စဖွဲ့ခဲ့တဲ့ အသင်းပါ။ အဲဒီအတွက်ကြောင့် နည်းစနစ်ပိုင်း၊ training ပိုင်းမှာ တခြားအသင်းတွေထက် အားနည်းခဲ့တာ အမှန်ပဲ.. ကစားသမားအများစုက ကိုယ့်ကျောင်းဆိုတဲ့ စိတ်ဓါတ်ကလေးတစ်ခုနဲ့ ဝင်ကစားပေးကြတာပါ.. ပွဲမစခင် တစ်ပတ်အလိုထိတောင် ကျွန်တော်တို့ဟာ ကွင်းထဲဝင်ဖို့ ပြဿနာတွေနဲ့ ဝတ်စုံတောင် အပြည့်မရှိတဲ့ အသင်းတစ်သင်းပေါ့.. သူငယ်ချင်းတွေရဲ့ လက်ခုပ်သံတွေ.. မခံချင်စိတ်တွေနဲ့ ကျွန်တော်တို့ စည်းလုံးတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါပြီ..
တကယ်တော့ နိုင်ရဲတာမှ မဟုတ်ပါဘူး.. တစ်ခါတစ်လေ ရှုံးဝံ့တာလည်း သတ္တိပါပဲ..
No comments:
Post a Comment