- ခြင်္သေ့ကျွန်းမြေမှာ မြေမြှပ်ထားတဲ့ တွန့်ကြေနေသော နာကြည်းချက်တချို့ ရှိတယ်။ စာရွက်အကြမ်းတွေပေါ်ကနေ အငွေ့ပျံတက်သွားတဲ့ ကမ္ဘာမကြေကဗျာတွေဟာ တိမ်တွေတက်စီးရင်း ထွက်ပေါက်တွေလိုက်ရှာ၊ နောက်ဆုံး မြေပြင်ပေါ်ပြန်နင်း၊ မခံချင်စိတ်တွေနဲ့ သွေးသောက်ဖွဲ့၊ အောင်မြင်မှုဆိုတာကို အတူတူဖန်ဆင်းကြတယ်။ သိမ်ငယ်စိတ်ကောင်လေးဟာ အချိန်တန် အရွယ်ရောက်တဲ့အခါ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ ကမ္ဘာလည်ဖို့ program တစ်ခုကို သူ တည်ဆောက်နိုင်ပြီ။
- လက်ဆွဲနှုတ်ဆက်ပေမယ့် နားလည်မှုတွေ မွဲနေကြတုန်း။ ငြိမ်းချမ်းမှုနဲ့ လက်ယာဖက်ကျွန်းတစ်ခု ဘ၀ခြားနေသည်။ ရာဇ၀င်တွေကို ဖုန်ခါပေမယ့် အသစ်မှဖြစ်မလာတာ။ ဒီလိုနဲ့ပဲ အနက်ရောင် သုတ်လိမ်းလိုက်ပြီး ပုံပြင်တွေအဖြစ်နဲ့ မေ့ဆေးပေးလိုက်ကြတယ်။
ကိစ္စမရှိပါဘူး။ သူ့တို့သွေးတွေ စီးဆင်းနေတဲ့ သူတို့ရဲ့ နောင်လာမျိုးဆက်တွေက အပင်ပန်းဆိုတာကို ကျောပေါ်ထမ်း၊ ချွေးစိုနေတဲ့ အရေပြားတွေကို ရေလဲလို ၀တ်ပြီး.. အနှိပ်အစက်ဆိုတာကို ခါးမှာစည်းခံ။ ရက်တွေကြာကမ္ဘာတွေဆုံးသွားမယ်… ယုံကြည်ချက်တွေမှာ အသက်တွေပါနေတုန်းပါပဲ။
- အဝေးကို တွေးရင်း၊ တဖြည်းတဖြည်း အတွေးတွေနဲ့ ဝေးလာတယ်။ အတွေးတွေကို ငါ တွေးတယ်။ အတွေးတွေက ငါ့ကို ဆက်တွေးတယ်။ သူတို့ရဲ့ခါးအထက်မှာ ဦးနှောက်တွေကို ဆလွယ်သိုင်းထားတယ်။ ထည့်မိထည့်ရာ ထည့်ကြလော့…. ဟစ်တလာ၊ ခေါင်းစည်းကြိုး၊ မေမြို့ည၊ တတိယကမ္ဘာ၊ ဆိတ်ဗိုလ်၊ linear motion, နာရီ၊ ဘလော့ဂါ (blogger)၊ အာဒံ၊ အဖေတူ အမေကွဲ အိပ်မက်များ၊ အာကာသ၊ NO။ ဒီလိုနဲ့ပဲ တစ်ခါတုန်းက လူနာတစ်ယောက်ဟာလည်း ဆရာဝန်ကြီးတစ်ဦးဖြစ်လာတယ်။
- ဖြစ်နေသည်များကို ဘူးတတ်ခြင်း (သို့) ဘူးဖြင့်ဖော်ပြခြင်း
- မထိဖူးတဲ့ သူမရဲ့လက်ကလေးလို မနွေးထွေးဘူး။ မိုးကြိုးတွေလို၊ ရသ မပေးဘူး။ ဇွန်းတစ်ချောင်းလို ကော်ဖီ မဖျော်ဘူး။ ဘာလီတစ်စေ့လို အာဟာရမပေးဘူး။ အပေါင်ဆိုင်လို အကြွေး မတောင်းဘူး။ လျှာတစ်ခုလို အရသာမခံတတ်ဘူး။ အာဏာတစ်ချက်လို လူမသတ်ဘူး။ အမှားတွေလောက်တောင် အသုံးမ၀င်ဘူး။ အနမ်းတွေလောက် လူသားမဆန်ဘူး။ သွားတွေလို အလုပ်မကြိုးစားဘူး။ ညဘက်အိပ်တဲ့ရင် (ရေခဲတုံးတွေလောက်) မပျော်ဘူး။ မျက်နှာက ရေးနေကျ အနက်ရောင်စာအုပ်လောက် ကြည့်ချင်စရာ မဖြစ်ဘူး။ (အချိန်ဟာ အခုတလော ဆရာဝန်ယောင်ဆောင်ပြီး အပ်တစ်ချောင်းနဲ့ ဆေးထိုးစမ်းဖို့ (ကျွန်တော့်ကို) လိုက်ရှာနေတယ်) ဒေါက်ဖိနပ်လိုလည်း taxi မစီးဘူး။ စာထဲက သတိရတာ အပြင်မှာလောက် မပီပြင်ဘူး။ မျက်ရည်တွေက၊ ပေးဖူးတဲ့ ကဗျာလေးလောက် own tune မဖြစ်ဘူး။ (ရေရောထားတယ်)။ လာမှန်တဲ့ သဘောထားတွေက ပုရွက်ဆိတ်ကလေးရဲ့ ဖင်လောက်တောင် မကြီးကြဘူး။ အရိပ်တွေလိုပဲ၊ ပစ်သတ်လို့ မရဘူး။ အတန်းထဲမှာလို နာမည် မခေါ်ဘူး။ စကားပြောတဲ့ရုပ်ရှင်တွေလောက် သဘာဝမကျဘူး။ မြင်းခွာသံတွေလောက် မညင်သာဘူး။ ကျောင်းသူလေးတစ်ယောက်လိုပဲ၊ မရင့်ကျက်ဘူး။ (တိုက်ဆိုင်သူများရှိရင်လည်း တစ်ခုခုလွှတ်။) ကျမ်းစာတစ်အုပ်လိုတောင် နားလည်မပေးကြဘူး။ Mouse တစ်လုံးလောက်တောင် ခိုင်းချင်စရာ မကောင်းဘူး။ ပွင့်နေတဲ့ အံဆွဲလောက်တောင် စိတ်မချရဘူး။ (အတင်းပြောသော ပါးစပ်များ ခြစားပါစေ)။ မုန့်ဖိုးနဲ့ စုထားတဲ့ တယ်လီဖုန်းကတ်တွေလောက်၊ ရည်ရွယ်ချက်ပန်းတိုင် မကြီးမားဘူး။ မီးသွေးခဲလောက်တောင်၊ ဥပဓိရုပ် မကောင်းဘူး။ ပါးကွက်သားလောက်တောင် မညာတာဘူး။ ကာရံတွေလို၊ ကျွန်တော်ကို မခင်ကြဘူး။ ဟဲဟဲ… (မချိပြုံး ပြုံးလျက်) “လောကဓံရေ..… နင့်ရဲ့ လက်သီးတွေက ပြည်သူလေးရဲ့ မျက်စောင်းလောက်တောင် ထိုးချက် မပြင်းဘူးကွ.. “ ဟားဟား… ။
အတူသောက်ဖူးတဲ့ မင်းနဲ့ ကော်ဖီ၊
ပါးပြင်အထက်မှာ သင်းခဲ့တဲ့ ဒေါ်သီ၊
ကာရံတွေနဲ့ သီထားတဲ့ စာတွေ
၂ ရက်မအိပ်ဘဲ စီထားတဲ့ ကဗျာလေး
နောက်ပြီး.. နင်နဲ့ တည်ကြမယ့် ကမ္ဘာတွေ
ငါလေ တစ်ယောက်တည်း အားထုတ်..
ကောင်မလေးရေ… နင့်ဆီ ဖုန်းဆက်ချင်တယ်ဟာ.
Tuesday, April 29, 2008
Wednesday, April 23, 2008
ရည်ရွယ်သူ မင်းသမီးသို့ ရူးသွပ်ခြင်း
မှတ်ချက်။ ။ ဖြည်းဖြည်းဖတ်ပါ။
မင်းသမီးရေ…
ရွှေလက်ကလေးကိုတွဲ
ရှေ့လျှောက်ရမယ့် လမ်းတွေအတွက်
အမှီခံ ရင်ခွင်တစ်ခုအားလည်း
ဆက်သပါရစေ ကွယ်…
တခြားမဟုတ်ရပါဘူး။ အဲဒီနေ့က ရှက်ဖို့ပြင်ခိုက် မျက်နှာလေးမှာ၊ မက်ဖို့လေးတွေ မြင်ပြီးကတည်းက ဟောဒီ မျက်လုံးတွေရဲ့ အာသီသကြောင့်ပါ။ ဒါကြောင့် အမုန်းအသစ်တွေတီထွင်ပြီး၊ အဆုံး.. အချစ်တွေကိုတော့ မစီရင်လိုက်ပါနဲ့ မင်းသမီးရေ။ ဖုန်တက်နေတဲ့ မျှော်လင့်ချက်တွေနဲ့ ခေါက်ရိုး ကျိုးကျိုး သံယောဇဉ်တွေကို လွယ်အိတ်နဲ့သယ်.. Singapuraရဲ့ နေ့ရက်တွေမှာလည်း ကျွန်တော် ပျော်သလိုပါပဲဗျာ။ ပေးခဲ့တဲ့ စာထဲကလို “အဝေးလူရဲ့ အဆွေးဓါတ်ကို သူတို့တွေလည်း နိစ္စဓူဝ ဖေးကူနေဆဲပါ” မင်းသမီးရေ... (သတိတွေလည်း ချွေချွေတာတာနဲ့ ရနေပါရစေ)။ နောက်ပြီး ရင်ခွင်ထဲမှာလည်း နင် တက်ဖို့ ကျူရှင်တွေ အများကြီးရှိနေတယ်။ တနေ့.. အချစ်အကြောင်း ကဗျာတွေ ပေါင်းရေးဖြစ်တဲ့အခါ၊ အဲဒီနေ့ကျ ကျောင်းလည်း မပြေးဖို့ အကြံပေးပါရစေ.. မင်းသမီးရယ်… စာသင်ကျောင်းထဲ လိပ်ပြာလေးတွေ.. မင်းအလာကို ကျိတ်မျှော်နေကြပြီ။ (၆လမ်းထိပ်က အတိတ်တွေလည်း အခုတလော အဆိပ်တွေ ပြန်တက်နေပါသည်။) မငြင်းနိုင်ဘူး။ တဒိတ်ဒိတ် ရင်ခုံသံတွေက Library လှေကားထစ်တွေနဲ့ ပက်သတ်ခဲ့ဖူးပါတယ်။ မခွံ့ကျွေးဖြစ်ပေမဲ့ စတော်ဘယ်ရီတွေ ချိုနေမှာပါ မင်းသမီးရေ ။ ၇ ရက် ဧပရယ်ကတည်းက ချေးငှားသွားတဲ့ အပြုံးတွေ ပြန်ဆပ်ပေးပါ။ ဘ၀တစ်ခု ကျပျောက်သွားတာ ပြန်မတွေ့သေးလို့။ အဖေပြန်မလာခင်အထိပဲ ဒိုင်ယာရီထဲ ကဗျာတွေ မြေလှန်ရှာလို့ ရပါသည်။ ၂၀၀၈ ကန္တာရကြီးတစ်ခုက ကံဆိုးမလေးတစ်ယောက်ထဲ မိုးတွေကွက်ကျားခဲ့ရင်… ဒီက edukingကို တဲတစ်လုံးမဟုတ်ရင်တောင်၊ ထီးတစ်လက်ဖြစ်ခွင့်အား ပေးသနားတော်မူလိုက်ပါ။ ကျောကုန်းပေါ် အတောင်တွေပေါက်၊ တော်ရာကို ပျံနိုင်ကောင်းပေမယ့်၊ မင်းသမီးနဲ့ ပျော်စရာတွေကို မချန်နိုင်ကြောင်းပါ။ (အဲဒီအတောင်တွေကို ရင်ခုံခြင်းတွေက မွေးစားထားတယ်၊ ရင်ခုံခြင်းတွေထဲမှာ အသွေးအသားတစ်ချို့ ၀င်စားနေတယ်၊ အသွေးအသားတွေထဲမှာတော့ စာလုံးပေါင်းမှားနေတဲ့ ပါးချိုင့်ကလေး နှစ်ဆင်းနဲ့ မျက်မှန်လေးတစ်လက် ရှိကောင်းရှိနေမယ်) တလောက ရစရာဒဏ်ရာအကြွေးစာရင်းတစ်အုပ် မီးလောင်သွားသည်။ တစ်ရက်ပြီးတစ်ရက် ရနေပေမယ့်၊ ဘယ်တော့ ဆပ်ကုန်ကြမယ် မသိ။ သေရင် မပြီးပြတ်အလွမ်း၊ ရှင်ရင် မီးပျက်အနမ်းတွေပါ၊ မင်းသမီးရေ ။
မင်းအကြောင်းကို သတင်းကောင်းတွေမှ မကြားရရင် ဒီညလည်း အိပ်မက်တွေ ၀က်ခြံထူထူနဲ့ပါပဲ။ (ကျေးဇူးပြု၍ မိက်ကပ် မဖို့ပါနဲ့)။ မင်းသမီးရေ.. လူနာဆောင် အမှတ်(--) ခုတင်ပေါ်၊ မျှော်လင့်ချက်ပိန်ပိန်လေးတစ်ခု ဆေးရှိန်နဲ့ မှေးမှိန်နေတယ်.. အင်ဂျင်နီယာတစ်ကောင်တော့ ကြိုးစားပြီး သူ့ကို ဆေးပေးနေလေရဲ့။
ရောင်နီမသန်းခင်
မှောင်ရီလမ်းက ကြိုပါရစေ..
အလွမ်းတွေ ခိုလို့
ရင်ခွင်လည်း ပြိုတော့မယ်…. ။ ။