Sunday, May 25, 2008

ဒီခေါင်းစဉ်ရဲ့ နာမည်ခွဲဟာ 'စကားပြောသော ကျွန်တော်' လည်း ဖြစ်တယ်။

စိတ်လွှင့်မှုတစ်ခု

လိမ့်ကာလိမ့်ကာနဲ့ စိတ်ဓါတ်လေးတစ်ခု ပြုတ်ကျလာတယ်။ တကယ်ပါ ဒီရက်တွေမှာ အဆင်မပြေပါဘူး။ ခင်များအနေနဲ့ ပေါင်မုန့်ကို တစ်ကိုက် အသားကိုတစ်ကိုက် ကိုက်ရတာ ကြိုက်ချင်ကြိုက်မယ်။ ကျွန်တော်အနေနဲ့တော့ ပေါင်မုန့်ကိုချည်း ကိုက်နေရတယ်။ မစားလို့လည်း မရဘူးလေ၊ အသားက မကျက်တကျက်ဖြစ်နေတာကိုး။ ကြာတော့လည်း အီလည်လည်ကြီးပေါ့ဗျာ၊ ဒါကြောင့် အသားလေး လျှာပေါ်တင်နိုင်မယ့် အချိန်ကို မျှော်နေရတာ.. ပေါင်မုန့်ကြမ်းကြီး ဝါးရင်းပေါ့။ အဆင်ပြေရင် ခင်များအနေနဲ့ လောကဓံကို ကျေးဇူးတင်လို့ရပါတယ်။

ဖတ်ရင်းနဲ့ ဗိုက်ဆာလာပြီလားဗျ။ အကြော်ပန်းကန်ထဲမှာ ခင်များအတွက် မော်ဒန်တစ်ခြမ်းပဲ့ ချန်ထားတယ်၊ အလွမ်းနံ့တော့ နည်းနည်း ညော်ချင်ညော်မယ်ဗျ။ ကျွန်တော်က တစ်ခုခုချက်တိုင်း အဲဒါ အမြဲတမ်းသုံးတာကိုး။ သူက ငရုတ်သီးလိုပဲ။ ထောင်းတဲ့အခါလည်း သတိထားရတယ်၊ မတော်.. မျက်လုံးထဲ ဝင်သွားရင် မျက်ရည်တွေ လည်လာရော… ။ နောက်ပြီး ရေရှည်မှီဝဲတဲ့အခါ ခင်များရဲ့ ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်။ ကျွန်တော်တော့ လောလောဆယ် တာဝန်တချို့ ထမ်းဆောင်ရင်း အလွမ်းရှောင်နေသဗျ။

အပေါ်က စကားလုံးတွေကို ဖတ်တတ်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ်။ ဟစ်တလာဆို သေပြီးတဲ့အထိ၊ ‘က’ ကိုတောင် မမြင်ဘူးခဲ့ဘူးလေ။ အဲဒီကိစ္စ.. ကျွန်တော် ဝမ်းနည်းသင့်လား၊ ဝမ်းသာသင့်လားတောင် မခွဲတတ်ဘူးဗျ။ ဖြစ်နိုင်ရင် ခေါင်းထဲက သုညတွေကို နိုင်သလောက် ဆွဲခေါ်သွားကြပါအုံး။ သူငယ်ချင်းတစ်ယောက်က ပြောတော့ သူက ကဗျာတွေ ရေးဖို့ ရည်းစားထားတာတဲ့။ မသိတော့ပါဘူးဗျာ… ရည်းစားတွေရေးဖို့ ကဗျာတွေထားတာလား။ ကဗျာတွေက သူ့ကို ရေးတာလား။ ကဗျာတွေကို ရည်းစားတွေ ထားတာလား။ အဖြေမထုတ်တတ်လို့ စိတ်တွေ ပူကောင်း ပူမယ်။ ဒါဆို ခင်များက နှစ်သိမ့်တဲ့ အနေနဲ့ အိုဇုန်းလွှာကြောင့်ပါလို့ ပြောလိုက်မလားဗျာ။ ဒါထက် ပိုပြီး အိမ်မှာရှိတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စနစ်တကျ စွန့်ပစ်ပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဖြစ်ချင်တာတွေရှိပေမယ့် ဖြစ်သင့်တာတွေထက်ပိုမဖြစ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တာတွေပဲ လုပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လူတွေရဲ့ ကန့်သတ်ချက်နဲ့ သီအိုရီတွေ ဖြစ်တယ်။ မွေးကတည်းက ကျွန်တော်တို့ ခင်များတို့ရဲ့ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်ကို အဲဒီလူတွေဟာ သူတို့ရဲ့ ပုံသေနည်းတွေ အဘိဓါန်တွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေနဲ့ ဘောင်ခတ်လိုက်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း သူတို့လိုပဲ လူ့ဘောင်အဖွဲ့အစည်းထဲက လူတွေဆိုပြီး ဖြစ်လာတယ်။ အဲဒါကြောင့် “ဖြစ်ချင်တယ်” ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ တွေးတတ်သလောက်ပဲ ဖြစ်ခွင့်ရှိတော့တယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်၊ ဆရာဝန်တစ်ဦး၊ ပန်းချီဆရာ၊ ဘုရင်တစ်ပါး၊ ဒါမှမဟုတ်လည်း ခွေးတစ်ယောက်၊ ပန်းချီသမ၊ ဆရာဝန်တစ်ခု၊ ဘုရင်တစ်ကောင်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ အခြေခံအားဖြင့်တော့ ရုပ်မဟုတ်ရင် နာမ်၊ ဒါမှမဟုတ် နှစ်ခုစလုံးပဲ ဖြစ်နေတယ်။ ဒါထက်ပိုပြီး ကျွန်တော်တို့ လူတွေ မတွေးနိုင်ဘူး။ သင်္ချာပညာအရဆိုရင် X-Y ပြင်ညီတစ်ခုလို ဖြစ်မယ်။ ဒါဆိုရင် အရာဝထ္ထုတွေ တိုင်းတာတဲ့အခါ Dimension က ရုပ်ရယ်၊ နာမ်ရယ် နှစ်ခုပဲ ရှိတယ်လို့ ဆိုလိုချင်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ (ကျွန်တော်လောလောဆယ် ကြိုးစားရေးနေတဲ့ အသည်း back-up လုပ်နည်း programတစ်ခုအတွက် ဒီဆိုလိုချက်က အသုံးဝင်ကောင်းဝင်မယ်။ မေးစရာတောင်မလိုပါဘူး၊ ကျွန်တော်တို့အားလုံး အသည်းကွဲခြင်းကို ကြောက်တယ်ဆိုတာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ အသည်းမှာ software တစ်ခု တပ်ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အကြောင်းကတော့ ကျွန်တော်ရှေ့ ရေအိုင်ထဲမှာ လရိပ်တွေ ထူထပ်များပြားနေလို့၊ (ဒါမှမဟုတ်လည်း အသည်းကွဲတိုင်း သောက်တဲ့ ကော်ဖီနဲ့ မြည်းစရာ စာအုပ်တွေ ဈေးတက်သွားလို့။) အဲဒီ softwareရဲ့ အလုပ်လုပ်ပုံက အသည်းထဲ ဝင်လာသမျှ ပစ္စည်းတွေ (အချစ်၊ အမုန်း၊ အချို၊ အခါး)မှာ အသည်းခွဲစေနိုင်တဲ့ ဗိုင်းရပ်စ် ပါမပါ စစ်ပေးမယ်လေ။ မသင်္ကာစရာရှိရင် ခင်များကို သတိပေးမှာပေါ့။ အဲဒီအခါ ခင်များအနေနဲ့ အဲဒီပစ္စည်းကို ဝင်ခွင့်(ဗီဇာ)ပိတ်လိုက်လို့ ရမယ်။ ဒါပေမယ့် အသုံးပြုတဲ့အခါ ပုံမှန် သက်တမ်းတိုး (update) လုပ်ပေးဖို့တော့ လိုလိမ့်မယ်.. အကြောင်းက နောက်ဆုံးပေါ် အသည်းခွဲ ဗိုင်းရပ်စ်တွေ နေ့စဉ်နဲ့ အမျှ ပြန့်နှံ့နေလို့ပဲ။)

ကျွန်တော်ဟာ တခါတရံ အချိန်ပိုင်း ကဗျာရေးသူ အလုပ်လည်း လုပ်သေးတယ်ဗျ။ ဒါကြောင့် အဆင်မပြေမှုတွေထဲမှာ ကဗျာရေးတဲ့ အကြောင်းလည်း ပါတယ်။ ကဗျာဆရာတော့ မဟုတ်သေးဘူး။ ဒါဆို ကဗျာရေးသူတစ်ယောက်ရဲ့ ဒုက္ခပေါ့။ (ကျွန်တော့်အတွက်) အဲဒါတွေကတော့ စာရေးစားပွဲမှာ ကဗျာမထွက်ခြင်း၊ ရေးချစရာ မရှိသော အချိန်မှ အိုင်ဒီယာရခြင်း၊ တစ်ခါတစ်ခါဆိုဗျာ အချိန်ကိုက် စာမေးပွဲခန်းထဲမှာ ကဗျာတွေ အတောင့်လိုက်လည်း ထွက်ထွက်ကျ တတ်တယ်၊ ခင်များဆိုရင် ကဗျာတွေ ဆက်တွေးမလား၊ ဒါမှမဟုတ် အဖြေတွေပဲ ရေးချနေမှာလား။ ခက်တာက ကျွန်တော် မှတ်ဥာဏ်လည်း မကောင်းဘူးဗျ။

ရွက်တစ်စင်း လွှင့်တဲ့အခါ ပန်းတိုင်မရောက်ခင် မုန်တိုင်းတွေ၊ ဒီရေတွေ၊ ကျောက်ဆောင်တွေ၊ အတားအဆီးတွေ ရှိတယ်။ စိတ်တစ်ခု လွင့်တဲ့အခါ ရည်မှန်းချက်မရောက်ခင် အဆင်မပြေမှုတွေ၊ အနာတွေ၊ အနှောင့်အယှက်တွေ၊ ပယောဂတွေ၊ ချုပ်နှောင်မှုတွေ ရှိတယ်။ ဒါတွေအားလုံးအတွက် ချုပ်ငြိမ်းဖို့ ထွက်ပေါက်တစ်ခုရဲ့အမည်ကို သေခြင်းလို့ ခေါ်တယ်။ ဖြစ်ပျက်နေတာ အားလုံးဟာလည်း ဝင်သက်ကလေး အထွက်နဲ့ ထွက်သက်ကလေး အဝင်ပါပဲ။

ကျွန်တော်သေတဲ့အခါကျရင် အနာတွေကို မြေမြှုပ်၊ ကဗျာတွေကို အရည်ပြုတ်ရင်း သရဏဂုံနဲ့ အဖြေထုတ်လိုက်ပေါ့။



1 comment:

Sophie said...

ကောင်လေး...အလွမ်းတော့ မထောင်းနဲ့။ မထောင်း မဖြစ်ဆို...အချစ်ဘဲထောင်း။ မျက်စိထဲဝင်လည်း ပျော်လို့ မျက်ရည်ကျရတယ်။
ပါးစပ်ထဲဝင်လည်း ချိုချိုလေး။ ဟားဟားးး

ခင်မင်စွာဖြင့်
ရတနာ

Free counter and web stats