Wednesday, August 27, 2008

သူ့မြို့

သူ့မြို့


တစ်ခါတုန်းက တတိယကမ္ဘာတစ်ခုမှာ ဗမာစကားပြောတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီ လူတစ်ယောက်မှာ သူ မပိုင်ပေမယ့် ဆိုင်ခဲ့တဲ့ (ဆိုင်နေဆဲ) မြို့လေးတစ်ခု ရှိတယ်။ အဲဒီ မြို့လေးကို သူ တွယ်တာတယ်… သူ့ရဲ့ အောင်မြေလို့ မခေါ်ထိုက်ပေမယ့်လည်း ။ အဲဒီ မြို့လေးက သူ့ကို အဝေးကနေ သံယောဇဉ်တွေနဲ့ ကော်ကတ်ထားတယ်… သူ့ အဘိုး တည်ထောင်ခဲ့တာလည်း မဟုတ်ပါဘူး။ သူ ပြန်ရောက်တိုင်း မြို့လေးရဲ့အဝင် အဆင်သင့်ကြိုနေတတ်တဲ့ ကျွန်းပင်တွေ၊ ပြောစရာသတင်းတွေ အပြည့်နဲ့ စောင့်နေတတ်တဲ့ ပန်းကလေးတွေ၊ မြို့ရဲ့ အချက်အချာ ဝင့်ကြွားဟန်နဲ့ မမေ့အပ်တဲ့ ဗိုလ်ချုပ်ရဲ့ မြင်းစီးကြေးရုပ်၊ အဲဒါတွေကလည်း အခု သူ့ရဲ့ အဝေးရောက်နေ့ရက်တွေထဲက နာရီတစ်ချို့ မှာ ပျော်ဝင်လေ့ရှိတယ်။

သမိုင်းစာအုပ်တွေထဲမှာတော့ သရေခေတ္တရာ ဆိုတာ အဲဒီ မြို့လေးကို ကိုယ်စားပြုတယ်။ ပျူထီးနန်းရဲ့ မြို့တော်အဖြစ် အေဒီ ၆၃၈ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၁၀၅၇ မှာတော့ ပုဂံလက်အောက်ကျတဲ့အခါ “ပျူ” မြို့လို့ သမုတ်ခဲ့ရာက (ထုံးစံအတိုင်း) ကာလရွေ့လျောပြီး ဒီခေတ်မှာတော့ ပြည်မြို့လို့ လူသိများကြတယ်။ (ကာလ ထပ်မရွေ့လျောပါစေနဲ့လို့ သူ တစ်ခါတစ်ခါ တွေးမိတယ်… နောက်ဆိုရင် “ပ” မြို့တောင် ဖြစ်ကောင်းဖြစ်သွားနိုင်မယ်ပေါ့) မြို့ရဲ့အနောက်ဘက်တစ်လျှောက် ဧရာဝတီမြစ်ကြီး စီးဆင်းနေပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နဝဒေးတံတားနဲ့ ဘောဘောကြီးဘုရား အစရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားများစွာကလည်း ပြောမကုန်နိုင်တဲ့ မြို့ကလေးထဲက သမိုင်း သင်္ကေတတွေပါ။

ငယ်ငယ်တုန်းက ဆိုတဲ့ သူရဲ့ အတိတ်တွေရဲ့ တည်နေရာဟာ အဲဒီမြို့လေးမှာ ဖြစ်တယ်။ တချို့နေ့ရက်တွေမှာ အမေ့ရဲ့ နံနက်ခင်း ထမင်းကြော်နဲ့ အစပြု၊ အဖေ့ရဲ့ အငြိမ်းချမ်းဆုံးသော အသံသာနဲ့ မျက်လုံးပိတ် အိပ်ယာဝင် ပုံပြင်တွေကိုလည်း အခုရက်ပိုင်း အိပ်မပျော်ညတွေမှာ သတိရနေမယ်။ တစ်ခါတစ်လေ လောလောဆယ် သူ့ရှေ့ စားပွဲပေါ်က ကမ္ဘာကြီးကိုပစ်ပြီး မုန့်ပစ်သလက်တစ်ခြမ်း၊ ရေနွေးတစ်ဗန်းနဲ့ အဖွားပေးခဲ့တဲ့ အနမ်းတွေကို လွမ်းချင်လွမ်းနေတတ်တယ်။ သူ့အတွက် ကမ္ဘာပေါ်က တစ်လုံးတည်းသော “အိမ်” ဟာလည်း အဲဒီ မြို့လေးရဲ့ မဖြောင့်တန်းတဲ့ လမ်းတွေ ဘေးမှာ တည်ရှိနေဆဲပေါ့။

တစ်ခါတစ်ခါကျတော့လည်း သနပ်ခါးလှိုင်လှိုင်၊ ကလေးဘဝ ကိုယ်သင်းနံ့ကြိုင်ကြိုင်ကို ဖန်တီးပေးတဲ့ မေမေ့ရဲ့ ကျောက်ပြင်ကလေးက စလို့ နောက်တစ်ခါ ပြန်ခြုံခွင့် မရှိတော့တဲ့ အဖြူအစိမ်း ဝတ်ရုံတွေကို သူ့စိတ်ကူးထဲ ပြန်မြင်ယောင် ဝတ်ဆင်နေကြည့်မိတယ်။ မူကြို၊ အလယ်တန်းနဲ့ အထက်တန်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း မြို့လေးဆီမှာ သူတက်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ၊ တစ်ယောက်ပြီး တစ်ယောက်ပြောင်း၊ စိတ်ဝင်စားခဲ့တဲ့ ကောင်မလေးတွေ ဟောင်းသွားလည်း မြေပုံပေါ်က “ပင်တစ်အပ်စာ” မြို့လေးဟာ သူ့အတွက်တော့ အကောင်းစား မြို့တော်ကြီး တစ်ခုနဲ့တောင် မလဲနိုင်သလိုပင်။

ချမ်းအေးတဲ့ရာသီတွေမှာ နွေးထွေးလုံခြုံခြင်းတွေ ဖန်ဆင်းထားပေးပြီး ပူအိုက်တဲ့အခါတွေမှာတော့ အေးမြသာယာခြင်းကို ဆောင်ကျဉ်းလေသတဲ့။ သူတို့ကတော့ နွေနေပူပူ ဖုန်ထူထူလော၊ မိုးဥတု ရွှံ့တွေထဲလော ဂရုမစိုက်ဘဲ တူညီကျောင်းဝတ်စုံတွေနဲ့ ဂိုးတွေလည်း အပြိုင်သွင်းခဲ့ကြတယ်။ မမေ့ရက်စရာ ဒီဇင်ဘာအားကစားပွဲတွေ၊ စာသင်ကျောင်းက သူ (အချိန်ခိုးပြီး) တီးခဲ့နေကျ ခေါင်းလောင်းသံတချို့နဲ့ ဘုရားပန်း အတူတူကပ်ခဲ့ဖူးတဲ့ ပုံရိပ်တစ်ချို့လည်း ရှိတယ်။ ဆောင်းညတွေကိုတော့ မီးလင်းဖိုမပါဘဲ မေမေ့ရင်ခွင်သက်သက်နဲ့ သူ ဖြတ်ဖူးခဲ့တယ်။

ဆယ့်နှစ်လရာသီတွေထဲက နှစ်စဉ်ပေမယ့် မရိုးနိုင်ဘဲ တန်ဆောင်တိုင် ခြေတိုအောင် လျှောက်ခဲ့ဖူးတဲ့ ပွဲတော်ဈေးရက်တွေ၊ သုံးနှစ် တစ်ကြိမ် မြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲက စွယ်တော် ပင့်ဆောင်တဲ့ သူ့ရပ်ကွက်ရဲ့ ယုဝသမဂ္ဂ လှေတော်ယိမ်းကြီး၊ ဗျောက်အိုးတွေနဲ့အတူ မီးပုံးပျံတွေ၊ စိတ်ကြည်နုးဖွယ် ဝါဆိုပန်းခူး တောလည်ထွက်တဲ့ အခါတွေ၊ ထမင်းနဲနံ့သင်းသင်း တပို့တွဲနဲ့အတူ မြို့လေးရဲ့ အထင်ကရ “ဉာဏ်ရိုးရှို့ပူဇော်ပွဲ” တွေကလည်း သူအပါအဝင် ပြည်သူပြည်သားတို့အတွက် ဂုဏ်ယူဖွယ်၊ အပန်းဖြေဖွယ်ရာ နှစ်တိုင်းရဲ့ ရက်စွဲတွေဖြစ်လေရဲ့။

အလှူအတန်းဆက် ခေါင်းလောင်းထိုးသံတွေ မပျက်တဲ့ အဲဒီ မြို့လေးမှာ အခုချိန်ဆို အဘိုးတစ်ယောက် သူပြန်လာမယ့်ရက်တွေကို အိမ်ရှေ့ကွက်ပစ်ကလေးပေါ်ထိုင်ပြီး ရေကြည့်နေမလား… ၊ ဒီအချိန်ဟာ နေခြည်ဆမ်းထားသော မြေညီလမ်းကလေးပေါ်မှာ ညစာရှောင်တဲ့ ပြည်သူကလေးတစ်ယောက် အဖော်အပေါင်းများနဲ့ ထွက်ကစားတဲ့အခိုက်အတန့်များလား… ပြည်တော်မပြန်နိုင်တဲ့ ပြည်သားတစ်ယောက်ရဲ့ အတွေးတွေလည်း အပြေး၊ ဘေးသို့ အငေးမှာ…. သူမြင်နေရတာဟာ လွတ်လပ်ရေးကျောက်တိုင်ကြီးမဟုတ်ဘဲ ငါးအမြီးနဲ့ ခြင်္သေ့ကြီးတစ်ကောင် ဖြစ်လေရဲ့။

1 comment:

Taungoo said...

ဒူလေးရေ
လုပ်လှချည်လား။
ဆက်ရေးကွာ။

မေတ္တာဖြင့်

Free counter and web stats