Sunday, September 7, 2008

ပုံမှန်တစ်ခု လိုအပ်သောနေ့

ပုံမှန်တစ်ခု လိုအပ်သောနေ့

စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း မနက်ဘက် လမ်းထလျှောက်သော ကောင်မလေးများကို လိုက်ငေးနေရ၍လော၊ နေမင်းသည် သူ့ကို အိပ်ယာနှိုးရန် မေ့လျော့ခဲ့လေသည်။ ဒါမှမဟုတ် ညက လူကြုံမှာလိုက်သော “လမင်း”မှာ အိမ်ပြန်ချိန် ကားမမှီမှာစိုးရိမ်ပြီး လောနေသောကြောင့်များ၊ ဂျူတီချိန်းချိန်မှာ မပြောဖြစ်တာလား။

‘ငါတို့ကို ချောင်းကြည့်နေတဲ့သူ ရှိတယ်၊ ငါ လစ်တော့မယ်’ ဟု အိပ်မက်က သတိပေးသောအခါမှ သူ နှိုးထပြီး ဘေးဘီကို ငဲ့ကြည့်မိလေသည်။ ထိုအရာမှာ ပြတင်းပေါက်ကြားမှ ထိုးထွက်နေသော ပိန်ညောင်ညောင် နေရောင် ဖြစ်လေ၏။ သိုဖြင့် သူ အိပ်ယာနိုးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ထိုတစ်နေ့တာကို ဝီရိယရှိသော နောက်ကျခြင်းတစ်ခုဖြင့် စတင်မိသည်။

သူ့အတွက် ပုံမှန်ထက် နောက်ကျနေသော အိပ်ယာထချိန်တစ်ခုဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ချိန်းထားပြီး နောက်ကျဟန်ဖြင့် သူ အိပ်ယာက ကမန်းကတန်းထလိုက်သည်။ ဒါပေမယ့် တလေးတစားနဲ့ အဖြူရောင် ယူနီဖောင်းနဲ့ ဘော်ဒါ သွားတွေကိုတော့ ဖြည်းဖြည်းချင်း သန့်ရှင်းပေးလိုက်သေးသည်။ စာရေးရန်၊ တယ်လီဖုန်းဆက်ရန်၊ ဘတ်စ်ကားစီးရန်၊ နေကောင်းရန် စသော ကိစ္စများလည်း ရုတ်တရက်ဆိုသလို ခေါင်းထဲသို့ ဝင်ရောက်၊ နေရာယူ၊ အသင့်ပြင် နေကြသည်။ အမိန့်ပေးနေသော ဦးနှောက်မှာလည်း တပ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင်။ (ထိုဦးနှောက်ပေါ်မှ အမာရွတ်နဲ့ ဒဏ်ရာများက အတွေ့အကြုံတစ်ချို့ကို ဖော်ပြနေပြီး ထိုဒဏ်ရာများ၏ အောက်တွင်မူ သူ၏ အနှိမ်ခံနေ့ရက်တစ်ချို့နှင့်အတူ အိမ်ပြန်ချိန် မပေးနိုင်ခဲ့သော ကားခတစ်ချို့ ရှိမည်ထင်သည်။)

သူ့အပေါ်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ တစ်ယောက်နှင့် တစ်ယောက် သဘောထားခြင်းမတူ။ တချို့က သူ့ကို စာရေးဆရာဟု သတ်မှတ်သော်လည်း တချို့ကမူ ဖြစ်ရန် ကြိုးစားဆဲ အဆင့်လောက်သာ အသိအမှတ်ပြုသည်။ ဝထ္ထုတို နှင့် ကဗျာ အများစု ရေးလေ့ရှိသည်။

ထို့နောက် စာရေးစားပွဲမှာ ထိုင်လိုက်သည်။ တကယ်တော့ သူသည် ဝထ္ထုတိုများနှင့် စာရွက်ပေါ်တွင် ချိန်းထားခြင်းဖြစ်သည်။ သို့သော် သူနောက်ကျပြီး ရောက်လာသည့်တိုင် ဝထ္ထုတိုများမှာ မရောက်သေး။ ထို့ကြောင့် စားပွဲတွင် ထိုင်စောင့်နေခိုက်.. သတိပြုမိသောအခါ အရေပြားပေါ်တွင် ညကမှ အိပ်မက်ထဲ “မေးခွန်းကောင်တွေ” အကိုက်ခံထားရသောကြောင့် အနီစက်တစ်ချို့ ကိုတွေ့လေသည်။ (သူတို့ကို ကုသရန် ‘အဖြေ’ တံဆိပ် မေးခွန်ပျောက်ဆေးတစ်ပုလင်းကို သူ ဝယ်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။)

စာရေးစားပွဲရှေ့ ကပ်လျက် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ ကျော်ကြည့်လိုက်သည်။ လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသော လူတစ်ချို့ကို သူ၏ ၄ထပ် အလွှာမှ လှမ်းမြင်နေရသည်။ သို့သော် သည်းသည်းကွဲကွဲမဟုတ်၊ သူ့မျက်လုံးမှာ အဝေးမှုန်နေသောကြောင့်ဖြစ်သည်။ မျက်မှန်မတပ်ချင်သောကြောင့် ဒီအတိုင်း သူ အသုံးပြုခဲ့သည်မှာ နှစ် အတန်ကြာ ရှိနေလေပြီ။ သူငယ်ချင်း ဆရာဝန်ကတော့ “မင်း ကာရံတွေမှာ ကိုလက်စတော ပါဝင်နှုန်း များနေလို့၊ အဲဒါ ကာရံတွေ ကြည့်တာ၊ သုံးတာလျော့၊ မဟုတ်ရင် မျက်လုံးထဲ ကိုလက်စထော စိမ့်ဝင်မှုများပြီး အခြေအနေပို ဆိုးနိုင်တယ်”။ တတ်နိုင်သလောက် ထိန်းရန်အတွက် သူ့ ဝထ္ထု၊ ကဗျာတွေထဲတွင် ကာရံတွေ သိပ်မထည့်ဖြစ်တော့။ သို့သော်လည်း တခါတရံ ဖတ်မိတာတော့ ရှိသည်။

ဝထ္ထုတိုများကို သူ ဆက်စောင့်နေသည်။ သူတို့သည် မျက်စိလည် လမ်းမှားနေသလား.. သူ့လိုပဲ အိပ်ယာထ နောက်ကျနေခြင်းကြောင့်လား.. ဒီနေ့မှ ခရီးစရိတ် ပြတ်နေတာကြောင့်လား.. နေမကောင်း၍များ မလာဖြစ်တာလား.. စာရွက်တစ်ရွက်နဲ့ ခဲတံတစ်လက်ကို ကြောက်နေရလို့လား... အချိန်အတော်ကြာအောင် ရောက်မလာသေးပါ။

သို့နှင့် ဆက်၍စောင့်လျက်ရှိစဉ် အိမ်ရှေ့က တံခါးခေါက်သံကြောင့် သူ ပျော်သွားသည်။ ဝထ္ထုတိုများသည် အိမ်ရှေ့ တံခါးခေါက်ဝင်သည် အထင်နှင့် သူ သွားဖွင့်ပေးလိုက်ရာ ဝထ္ထုတိုများမဟုတ်ဘဲ မျက်နှာဖုံးနှင့် လူရှစ်ယောက်ခန့်ကို တွေ့လေ၏။

သူ။ ။ ဘယ်သူတွေများလဲ ခင်မျာ

လူရှစ်ယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တစ်ယောက်က…

ခေါင်းဆောင်။ ။ ကျွန်တော်တို့က ဒုက္ခတွေပါ။

သူ။ ။ ဗျာ.. ဒုက္ခတွေ ?? ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး.. ဒီ အိမ်မှာတော့ ကျွန်တော် တစ်ယောက်ထဲနေတာပဲ.. အိမ်မှား ဝင်ပြီထင်ရဲ့…

ခေါင်းဆောင်။ ။ မမှားပါဘူး ခင်မျာ.. ကျွန်တော်တို့ ခင်များဆီပဲ လာတာပါ.. ကြိုတင် အကြောင်းမကြားနိုင်တာတော့ နားလည်စေချင်တယ်။ ကျွန်တော်တို့က တစ်ခါတစ်ခါ ဒီလိုပဲ ရောက်လာတတ်တယ်..

သူ။ ။ ဟက်ဟက်… ဟုတ်တာပေါ့… ဒုက္ခဆိုတာ ကြိုတင်မသိထားဘဲ ရောက်လာတတ်တာပဲလေ…

ခေါင်းဆောင်။ ။ ဟုတ်ပါတယ်.. ဒါပေမယ့်.. ဒီတစ်ခါတော့ ကျွန်တော်တို့ ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး..

သူ။ ။ အင်း.. ဘာပဲဖြစ်ဖြစ် အိမ်ထဲ ဝင်ထိုင်ပါအုံး…

………………………………………………………………………….

ခေါင်းဆောင်။ ။ တကယ်တော့ ကျွန်တော်တို့က လောကဓံ ရှစ်ပါးပါ။ ဒါပေမယ့် အခုလို လူတွေဆီကို လာတဲ့အခါ ဒုက္ခယောင်ဆောင်ပြီးလာလေ့ရှိတယ်။ ဒါကြောင့် ခင်များ ကျွန်တော်တို့ကို ဒုက္ခတွေ အဖြစ်ပဲ သိထားရင်ရပါပြီ..

သူ။ ။ ကောင်းပါပြီ.. ဒါဆို အခု လာရင်းကိစ္စက…

ခေါင်းဆောင်။ ။ ဒီလိုပါ.. ခင်များ အရင်က ပို့စ်တစ်ခုမှာပါတဲ့ စာတစ်ကြောင်းနဲ့ ပတ်သက်ပြီး ရှင်းစရာလေးတွေ ရှိလို့ပါ.. လောကဓံရဲ့ လက်သီးချက်တွေက ပြည်သူလေးရဲ့ မျက်စောင်းလောက် ထိုးချက်မပြင်းဘူး ဆိုတာလေ…

သူ။ ။ အင်း.. ဟုတ်ပါတယ်.. ကျွန်တော်ရေးခဲ့တာပါ..

ခေါင်းဆောင်။ ။ ကျွန်တော့်အထင်တော့ ခင်များ ကြုံခဲ့ဖူးတဲ့ လောကဓံဆိုတာ ဘာမှမဟုတ်သေးပါဘူးဗျာ… ဒါကြောင့်မို့လို့ ကျုပ်တို့ရဲ့ လက်သီးချက်တွေလို့ ခင်များက တင်စားပြီး အထင်သေးဟန်နဲ့ ရေးလိုက်တာ လို့ယူဆတယ်.

သူ။ ။ အင်း.. ဖြစ်နိုင်ပါတယ်... ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ လူတွေဟာ ပူဆွေးသောကရဖြစ်တာ၊ အဲဒီ ဒုက္ခကို ကျော်ဖြတ်လိုခြင်းဆိုတဲ့ စိတ်ရှိတာဟာ အတူတူပါပဲ… ဘယ်သူကဖြင့် ဒုက္ခပိုရောက်တယ်.. ဘယ်သူ့မှာတော့ လျော့ပြီးရောက်တယ်ဆိုတာကလည်း လူတွေရဲ့ နှိုင်းယှဉ်မှုသက်သက်ပါပဲ.. ခင်များရဲ့ သဘောကို နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးတဲ့ သူမရဲ့ မျက်စောင်းတစ်ချက်ကိုရော ခင်များက လျှော့တွက်ထားတယ်ထင်ရဲ့ …

ခေါင်းဆောင်။ ။ ဒါတော့ ကျုပ် မသိဘူး.. ကျုပ်တို့မှာ ခင်များတို့ လူတွေ ပြောပြောနေတဲ့ ခံစားချက်ဆိုတာမှ မရှိတာ.. အဓိက ဆိုလိုချင်တာက မတူညီတဲ့ အနေအထား ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထုတွေကို မနှိုင်းယှဉ်ချင်ပါနဲ့… ပတ်ဝန်းကျင်တူတဲ့ အခြေအနေတစ်ခုမှာတောင်.. ဆိုပါစို့.. ဆင်တစ်ကောင်ဟာ ဝက်တစ်ကောင်ထက်ပို ထွားတယ်၊ ဒါပေမယ့် သူ့ဟာနဲ့သူတော့ လူ့လောကကို ကောင်းကျိုး၊ ဆိုးကျိုးပြုနိုင်တာပဲ မဟုတ်လား.. တိုင်းတာလို့မှ မရနိုင်တာ… ဒါကြောင့် ပိုပြင်းတယ် မပြင်းဘူးဆိုပြီး အမြင်လွဲအောင် ခင်များအနေနဲ့ မရေးသင့်ဘူး…

သူ။ ။ ကျွန်တော့်အနေနဲ့ကတော့ တင်စားမှုတစ်ခုသက်သက်ပဲ ခင်များကို သဘောထားစေချင်တယ်.. အတိသရဝုတ္တိသဘောကို ခင်များ နားလည်ရင် သဘောပေါက်ပါလိမ့်မယ်..

ခေါင်းဆောင်။ ။ ထားပါလေ.. ဒါက ရေးတာက ခင်များကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတော့ မစွက်ဖက်ကောင်းပါဘူး နောက်ဆိုရင်တော့ ကျွန်တော်တို့ လောကဓံကိစ္စနဲ့ပတ်သက်တာတွေ တတ်နိုင်သလောက် ရှောင်ရေးပေးဗျာ.. ထိခိုက်ပြီး ဆက်ရေးချင်သပဆိုရင်လည်း ခွင့်တောင်းပေါ့…

သူ။ ။ ကောင်းပြီ.. ကျွန်တော်က လောကဓံရှစ်ပါးဆိုတာ အခုလို ဒြပ်ရှိမှန်း မသိလို့ပါ.. နောက်ဆိုရင်တော့ သတိထားပါ့မယ်.. ဒါမှမဟုတ်လည်း ကြိုအသိပေးတာပေါ့…

ဤသို့နှင့် ထိုရှစ်ဦးမှာ နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ ထို့နောက်တွင်မူ ဦးထုပ်ခပ်ငိုက်ငိုက် စောင်းထားသော ဝထ္ထုတိုတစ်ပုဒ် သူ့ဆီရောက်လာသည်။

သူ။ ။ ခင်များ ဘာလို့နောက်ကျနေတာလဲ

ဝထ္ထုတို။ ။ ဒီမယ် ကိုယ့်လူ ကျုပ်က ခပ်ခပ်ပေါပေါ ဝထ္ထုတိုတွေလို မဟုတ်ဘူးဗျ။ လိုချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့.. ကျုပ်က ခင်များဆီက တန်ရာတန်ကြေးကို စောင့်နေလို့..

သူ။ ။ ကျွန်တော်က အဲဒီအတွက် ဘာပေးရမှာတုန်း..

ဝထ္ထုတို။ ။ ခင်များ ပေးပြီးသွားပြီလေ၊ ထပ်ပေးစရာမလိုတော့ဘူး..

သူ။ ။ ပေးပြီးသွားပြီ ??

ဝထ္ထုတို။ ။ ဟုတ်တယ်.. ခင်များ ကျုပ် အတွက် ပေးပြီးသွားပြီ၊ အဲဒါ.. အချိန်ပဲ… ကျုပ်က ခင်များ ပေးနိုင်တဲ့ အချိန်ပမာဏရဲ့ တန်ရာတန်ကြေးပေါ့.. အခု ခင်များကျုပ်ကို ရေးနိုင်ပြီ…

သူ။ ။ အင်း.. ခင်များကို ကျွန်တော် နားလည်အောင်လုပ်ပြီးမှတော့ ရေးချင်တယ်… ဒါပေမယ့် အချိန်လည်း မယူချင်တော့ဘူး.. အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့.. မထူးပါဘူး.. အခုပဲ စရေးလိုက်တော့မယ်…

သို့နှင့် ခဲတံကို ကိုင်ကာ ထိုနေ့က ဝထ္ထုတိုတစ်ပုဒ်ကို သူ စတင်နိုင်လေတော့သည်..

“စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း ….. ”

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

1 comment:

Anonymous said...

по моему мнению: неподражаемо! а82ч

Free counter and web stats