Tuesday, October 7, 2008

poem part- 14

အလွမ်း လက်ကျန်ရှင်းတမ်း

အဲဒီနေ့ကပေါ့

အရောင်ဆိုး မထားပေမယ့်

ကော်ဖီတွေ တစ်မျိုး ကြည့်လို့ကောင်းနေတယ်.

Global warming ကို ဂရုမစိုက်ဘဲ

သူတို့ အေးစက်ချင်တိုင်း အေးစက်ခဲ့ကြတယ်လေ


အဲဒီနေ့ကပေါ့

ပုံပြင်ထဲက မြွေကြီးတစ်ကောင်ရဲ့

မျက်လုံးတွေလို

အဲဒီ ပါးချိုင့်တွေနဲ့အတူ

သူ ကျွန်တော့်ကို ညှို့ငင်ခဲ့တာ…


ရင်ဘတ်ကြီးကတော့

သူ ခုံတတ်ကြောင်း

ထပ်လောင်း ပြသွားခဲ့လေရဲ့…


အဲဒီနေ့ကပေါ့..

ဘာရယ်လည်း မဟုတ်ဘူး..

သူနဲ့အတူတူ

လေတွေ ထိုင်ရှူနေရတာကိုပဲ

ကျေနပ်နေခဲ့တာ…


အဲဒီနေ့ကပေါ့

ပါးချိုင့်ကလေးနဲ့

ဆံပင်အရှည်လေးတွေရဲ့

ဆုံမှတ်မှာ

ကျွန်တော့် မေတ္တာတွေကိုလည်း

ပုံအပ်မိခဲ့တယ်..


အဲဒီနေ့ကပေါ့

အငြိမ်မနေတဲ့ တိမ်တွေကို

အရှိန်သေဖို့၊

ဘရိတ်ဖမ်း အအုပ်မှာ

အဆိပ်တန်းလန်းနဲ့

ကျွန်တော့် အိပ်မက်တစ်ထုပ်ပါ

အဲဒီအထဲ ရောပါသွားလို့..


အဲဒီနေ့ကစပြီး

တစ်ခန်းသော နှလုံးသားဆီက

တစ်သန်းသော ကဗျာတွေနဲ့တောင်

တစ်ခြမ်းသော အသည်းကို

ပြန်မဆက်နိုင်သေးတာ

အခုထက်ထိပဲ…


အိပ်မက်ဆိုတာ အပြင်ကမ္ဘာကနေ

တစ်ဆင့် မွေးဖွားလာတာပါ..

တစ်ရက်သောနေ့ရဲ့ အပြင်ကမ္ဘာတွေသာ

အိပ်မက်တွေ ပြန်ဖြစ်ကုန်မယ်မှန်းသိရင်...

အဲဒီနေ့က

ကျွန်တော် အိပ်ယာ မထခဲ့သင့်ဘူးထင်တယ်...




2 comments:

ကိုရုပ်ဆိုး said...

ကဗျာကို ခံစားသွားတယ်။ အရမ်းကောင်းတယ် ညီ။

မောင် Harry said...

လန်းတယ်ဗျာ

Free counter and web stats