ပြီးခဲ့တဲ့ ၂၀၀၉ သင်္ကြန်ကို ကျွန်တော် ပြည်မှာ ပြန်ကျခဲ့ပါသည်။ တကယ်တော့ ပြည်ပြန်ရောက်တုန်း ဓါတ်ပုံတွေရိုက်ပြီး ဘလော့မှာ တင်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကူးထားတဲ့ Cdလေးက (ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်) ဘယ်ကျန်ခဲ့တယ် မသိဘူး။ အပေါ်က ပုံတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဒယ်ဒီရဲ့ လက်စွမ်းပြချက်တွေပေါ့.. ဘာရယ်မဟုတ်ဘူး.. သင်္ကြန်တွင်းဆို အားလုံးက ကိုယ့်မွေးရပ်ဌာနေ (ဒါမှမဟုတ်လည်း)ပျော်စရာကောင်းမယ့်၊ အေးအေးဆေးဆေးရှိမယ့် နေရာတစ်ခုခုမှာ ရှိချင်ကြတာများတယ်၊ သင်္ကြန်တွင်းခရီးသွားရတာတော့ ကျွန်တော့်အနေနဲ့ သိပ်မကြိုက်လှဘူး။
ပြည်မှာ သင်္ကြန်မရှိတာဆို ၂နှစ်ဆက်ဖြစ်ခဲ့တယ် ၂၀၀၇ နဲ့ ၂၀၀၈ ပေါ့။ ကျွန်တော့်ရဲ့ High school batch က လူတော်တော်လေးညီတော့ နှစ်တိုင်း တစ်ခုခုလုပ်ဖြစ်တယ်။ ၁၀တန်းမပြီးခင်ကတော့ ကားနဲ့ အားလုံး စုပြီးလည်ကြတယ်.. နောက်ပိုင်း တက္ကသိုလ်တွေရောက်တော့လည်း ဒီလူတွေက မကွဲတဲ့အပြင် ပိုပြီးတော့တောင် လူစုံလာသေး.. ၂၀၀၈ နဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ဆက်တိုက် မဏ္ဍပ်ဆောက်ဖြစ်တယ်။ ၂၀၀၈ကတော့ ကျွန်တော် မရှိဘူးပေါ့။ အခု ၂၀၀၉မှာတော့ မဏ္ဍပ်မှာ ညဖက် ပြဇာတ်တို့၊ သီချင်းတို့တောင် ဆိုဖြစ်၊ ကဖြစ်ကြတယ်။ ကျွန်တော်တို့ဆီက မဏ္ဍပ်တွေက ရန်ကုန်တို့ မန္တလေးတို့နဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ ရန်ကုန် အင်းလျားက မဏ္ဍပ်တွေလောက် ကြီးတာဆို သိပ်မရှိဘူး၊ အများစုက အလယ်အလတ်လောက်နဲ့ ပုံစံချင်းတူကြတယ်။ ကုမ္မဏီကြီးတွေကလည်း Sponsor ဆို ကျွန်တော်တို့လို မြို့ကျဉ်းကျဉ်းမှာ ဖြုန်းချင်ကြတာ မဟုတ်ဘူး။ အဲဒီတော့ တော်တော်များများက ကိုယ့်မြို့ထဲမှာ ရှိတဲ့ စက်ရုံ၊ ဒါမှမဟုတ်လည်း ကိုယ့်အသိအချင်းအချင်း နီးစပ်ရာနဲ့ ပေါင်းလုပ်ကြတာ.. အများအားဖြင့် အရှုံးခံရတာများပါတယ်။ မဏ္ဍပ်တွေမှာ ရပ်ကွက် မဏ္ဍပ်တွေ ရှိသလို၊ ကျွန်တော်တို့လိုပဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ မဏ္ဍပ်တွေလည်းရှိတယ်။ တခြားကတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ် အုန်းလက်လေးနည်းနည်းနဲ့ အမိုးလုပ်ပြီး ပက်ကြပေါ့။ ရပ်ကွက်မဏ္ဍပ်တွေက နှစ်စဉ် ယိမ်းတွေ ထွက်ကြပါတယ်။ (ပြည်မှာ (ကျွန်တော်မှတ်မိသလောက်ပေါ့လေ) ကျောင်းကြီးအိုးတန်း၊ ရွှေကူ၊ နဝင်း၊ ရွာဘဲ၊ ဆံတော်၊ တရုတ်စု၊ ဆင်စုဆိုပြီး ရပ်ကွက်ကြီးပေါင်း (၇)ခုရှိတယ်။) သင်္ကြန်တွင်း ညဖက်တွေဆို ဗဟိုမဏ္ဍပ်မှာ တစ်ရက်သွားကရပါတယ်။ ဗဟိုက အကဲဖြတ်ပြီး ဆုချီးမြှင့်ပေးတယ်။ ကျွန်တော်တို့လို စုပေါင်းစပ်ပေါင်းလုပ်တဲ့ မဏ္ဍပ်တွေကတော့ အများစု ညဖက်အစီအစဉ်မရှိကြတာများပါတယ်၊ ဒါပေမယ့် နောက်ပိုင်း တီးဝိုင်းတွေ၊ မော်ဒယ်ရှိုးတွေ၊ ယိမ်းတွေ လုပ်ပြီး တစ်ခုနဲ့တစ်ခု ယှဉ်လာကြတာတွေ့ရတယ်။ သင်္ကြန်တွင်း ညဖက် မြို့ထဲပတ်ပြီး လျှောက်ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်.. နေ့ခင်းဖက်ကို အားကုန် မကဲထားရင်ပေါ့။ မဏ္ဍပ်တွေကိုတော့ တိုင်ကီတွေ၊ ဇလီဖားတုံးတွေ ခုပြီး ဘေးလက်ရန်းတွေကိုတော့ သစ်တွေနဲ့ အကာပြုရပါတယ်။ ဇလီဖားတုံးဆိုတာက မီးရထားသံလမ်းကိုခုတဲ့ သစ်တုံးကြီးတွေပေါ့၊ အဲဒါအတွက်တော့ မီးရထားရုံမှာ သင်္ကြန်နီးတဲ့အခါ လျှောက်လွှာတင်၊ တုံး ၃၀၀ကနေ ၅၀၀အထိလောက် သုံးရပါတယ်။ မိန်းလမ်းကို ကန့်လန့်ဖြတ်ထားတဲ့ လမ်းတွေ တစ်လမ်းခြားဆီကို ပိတ်ဆောက်ရတဲ့အတွက် သင်္ကြန်နားနီး တစ်လလောက်ဆို စက်တပ်ယာဉ်တွေအတွက် သွားရလာရတာ အခက်အခဲရှိတတ်တယ်။ မဏ္ဍပ်တစ်ခုကို အကျယ်က ပေ ၄၀ x ပေ ၆၀ပေါ့။ အမြင့်ကတော့ တိုင်ကီကို အလှဲတစ်ထပ်၊ အထောင်တစ်ထပ် (ဒါမှမဟုတ်) အထောင်နှစ်ထပ် စီတဲ့အပေါ်မှာမူတည်ပြီး နှစ်မျိုးလောက်ပဲ တွေ့ရပါတယ်။ အောက်မှာ ရေပက်စင်တစ်ထပ်၊ အပေါ်မှာ Dancing floor ထားတာချင်းတော့ တူမယ်ထင်တယ်။ ကျွန်တော့်တို့ မဏ္ဍပ်ကတော့ အခုနှစ် (၃)ဆင့်ဆောက်ထားတာတွေ့ရတယ်။ နောက်ဆုံးအဆင့်မှာ စက်ပစ္စည်းတစ်ချို့နဲ့ sound boxတွေ တင်ထားတယ်။ Membership ကတော့ (၄)ရက်လုံးကို ၁၅၀၀၀ နေ ၂၅၀၀၀ အတွင်း ရှိတတ်တယ်။
ကျွန်တော့်အမြင်ကတော့ အခုနောက်ပိုင်း အဲဒီလို မဏ္ဍပ်တွေဆောက်ပြီး ပျော်ကြတာပဲ ဖြစ်ဖြစ်၊ လည်ကြတာပဲဖြစ်ဖြစ်၊ သိပ်မကြိုက်တော့ဘူး။ အားလုံးဟာ မူးအောင်သောက်မယ်၊ ပြီးရင် ရေစိုပြီး ကမယ်၊ ခုန်မယ် ဖြစ်လာကြပြီ။ ဒါကိုပဲ typical အလုပ် တစ်ခုလို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင့်သုံးလာကြပြီး ပျော်တာထက်၊ ပျက်တဲ့အဆင့်ကို ရောက်သွားပြီ။ မူးယစ်သောက်စားတာမပါရင်ဘဲ သင်္ကြန်မဟုတ်သလိုဖြစ်လာပြီ။ မူရင်း ကျင်းပရခြင်းရည်ရွယ်ချက်နေ ကျွန်တော်တို့တွေ တစ်နှစ်ပြီး၊ တစ်နှစ်ပြီး ဝေးဝေးလာကြသလိုပဲ.. အဲဒါဟာ စိုးရိမ်တတ်ရင် စိုးရိမ်ဖို့ကောင်းတယ်.. အခုနေ ကလေးအရွယ်တွေဟာ ဒါတွေကို မြင်မယ်၊ လိုက်ပြီး အတုခိုးလာကြမယ်ဆိုရင် နောက်ပိုင်းမှာ သင်္ကြန်ရဲ့ရည်ရွယ်ချက်ဟာ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲ(လွဲ)သွားလိမ့်မယ်။ “နှစ်ဟောင်းအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြော၊ မင်္ဂလာယူတယ်ဆိုတာ”တွေဟာ စာအုပ်တွေထဲမှာဖတ်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းအောင် ချရေးပြဖို့လောက်ပဲ ကျန်ခဲ့တော့မှာလား.. ကျွန်တော် ဆိုလိုချင်တာ တိုက်ပုံဝတ်ပြီး၊ ငွေဖလားနဲ့ နံ့သာရေလောင်းဖို့ကို မဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်မှီတယ်လို့ဆိုလိုက်တိုင်းမှာ ဘောင်းဘီတိုဝတ်တာပဲ ပြေးပြေးမြင်နေတဲ့ စိတ်တွေ.. ကျွန်တော်တို့ဘယ်လို ရှေ့ဆက်မလဲ။
No comments:
Post a Comment