ငါးမျှားရင်းက အမှတ်မထင်တခြားအရာတွေကို
မိသွားတာမျိုး ကြုံဖူးသလား
(ဆရာချောကတော့ စင်္ကြာဝဠာကြီးကို မိခဲ့ပါတယ်တဲ့)
ငါးစာကို ရေထဲချတဲ့အခါ ငါးကိုမိတယ်
ပင်လယ်စာတွေချမိတဲ့အခါ ပင်လယ်ကို မိမယ်..
လူစာကို ချမိရင်တော့
အဲဒါ ကိုယ့်ကိုယ်ကို ပြန်မိတဲ့နေ့ပဲဖြစ်မယ်။
အဲဒီအခါမျိုးကျရင်
ကိုယ်ဘယ်ကို ပြေးနိုင်ခြေရှိသလဲ
ကိုယ်ကိုယ်တိုင်သိနေတော့
ကိုယ့်ဆီက ကိုယ်လွတ်အောင်
ကိုယ်ဘယ်လိုရုန်းမလဲ
ဒါပေမယ့်လို့
ကိုယ်ဘယ်ကိုပြေးမလဲဆိုတာ
ကိုယ်ကိုယ်တိုင် သိတာသေချာလား
ရည်ရွယ်ချက်တစ်ခုခုကြောင့်
ကိုယ်မဟပ်ခဲ့တာသေချာလား
ကိုယ်ဆွဲတင်လိုက်တဲ့ ချိတ်ရဲ့ထိပ်မှာ
ကိုယ်ကိုယ်တိုင် ပါလာတဲ့
ကိုယ်ရုပ်ကိုယ်ရော ကိုယ်မှတ်မိလား
မှတ်ပုံတင်နဲ့ တိုက်စစ်ကြည့်သေးလား
ကိုယ့်ထက် ကိုယ်ညံ့လို့ပဲဆိုပြီး
အေးအေးဆေးဆေးနဲ့ ငြိမ်ပါသွားတာမျိုးပဲလား
ပြန်လွတ်လိုလွတ်ညား
ရုပ်ပျက်ဆင်းပျက် ဖြစ်ပါစေ ရုန်းမလား
တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ကိုယ်ကို မိလို့ပျော်သွားတာလား
တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ချိတ်နဲ့ကိုယ်ဆူးတာ နာနေလို့လား
မမျှားခင်က အချိန်သတ်မှတ်ထားသလား
ဒါမှမဟုတ် မိချင်မိ၊ မမိချင်နေလား..
လိုအပ်ရင် O.T.(overtime) တွေပါ ဆင်းလား
တစ်ကြိမ်တစ်ခါပဲ မိရင်ရပြီလား
ဒါမှမဟုတ် ခဏခဏ ပြန်လွှတ်ပြီး ဖမ်းကြည့်သေးလား
ကိုယ်က ကိုယ့်အတွက် အနစ်နာခံဖို့ ကိုယ့်အစာကိုယ်ဟပ်ခဲ့တာလား
ကိုယ်က ကိုယ့်ကို ညှင်းဆဲဖို့ ကိုယ့်အစာကိုယ်တပ်ခဲ့တာလား
ကိုယ့်ကိုယ်ကို မိအောင် ဘယ်နည်းတွေ သုံးပြီးဖမ်းမလဲ
လေ့ကျင့်ခန်းတွေ ဆင်းရလား၊ အလုပ်သင်တွေ တက်ရသလား
Sponsor အထောက်အပံ့တွေယူသေးလား
ကိုယ့်လက်က ကိုယ်လွတ်အောင် ဘာတွေကြည့်ရှောင်မလဲ
ရာသီဥတုနဲ့ စိတ်အခြေအနေကို ထည့်စဉ်းစားဖို့လိုအပ်လား
ကံ၊ ဥာဏ်၊ ဝီရိယပဲလား
ကိုယ် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဆာမယ်ဆိုတာ
ကိုယ့်ကိုယ်ကို ကြိုသိနေလား..
ဒါမှမဟုတ် ကိုယ့်သဘာဝ ကိုယ်သိဖို့
အင်တာနက်တွေ၊ သုတေသနပြုကျမ်းတွေမှာ လေ့လာရသေးလား
သူငယ်ချင်းတွေကို အသုံးပြု စစ်တမ်းကောက်ကြည့်ဖူးလား..
ကိုယ့်ကိုယ်ကိုမျှားခံထိဖို့ ချိတ်ကို အဝေးကြီးပစ်ရလား၊
ဒါမှမဟုတ် ကိုယ့်အနီးအနားမှာပဲ ချလိုက်ရင်လည်း ဖြစ်သလား
ကလေးများ အလွယ်တကူမရောက်ရှိနိုင်တဲ့နေရာတွေမှာ ထားသလား
ကိုယ့်အစာ ကိုယ်သိဖို့ အလင်းရောင်ကောင်းမွန်စွာရရှိဖို့လိုအပ်သလား
ကိုယ့်အစာ ကိုယ်သိဖို့ အနံ့ခံကောင်းဖို့လိုသလား
ကိုယ့်အစာ ကိုယ်ဟပ်တဲ့အခါ
အမြဲတမ်း သမရိုးကျနည်းလမ်းကို သုံးလား
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို လှည့်စားကြည့်သေးလား..
ကိုယ့်စိတ်ကိုယ်ဆွကြည့်သေးလား
ဒီလိုပဲ ကိုယ့်ကိုယ်ကို ပြန်မိဖို့အတွက်ရော
ဦးနှောက်နဲ့ ကိုယ်ကာယ ဘယ်ဟာကို ပိုသုံးရလဲ
ကိုယ့်ထက် ကိုယ် လည်ဖို့၊ သွက်ဖို့ လိုလား
ဒါမှမဟုတ် တစ်ခါလာလည်း သည်ဖော်မြူလာပဲလား..
ကိုယ့်ကိုယ်ကို မိချင်ပါတယ်ဆိုမှ
သူများတွေက လာဟပ်တာမျိုးရောဖြစ်တတ်လား
အဲဒီအခါမျိုးကျ ဘယ်လိုလုပ်ပစ်လေ့ရှိလဲ
ကိုယ့်လက်ခုပ်ထဲက ကိုယ့်ကို
ကိုယ်ကိုယ်တိုင် အသေမသတ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ပြုခဲ့တဲ့ ဒဏ်ရာကို ကျက်ဖို့
အချိန်ဘယ်လောက်ယူရလဲ
ကိုယ့်ကိုယ်ကို ပြန်လွှတ်ပေးချင်စိတ်များကော
ရှိသလား
တစ်လုပ်စားဖူး သူ့ကျေးဇူးကို ထောက်သလား
အမိခံခဲ့ရတဲ့ ကိုယ်ဟာ
ကိုယ့်ကိုယ်ကို ပြန်မြင်တဲ့အခါမှာရော
ကိုယ်ရုပ်ကိုယ် မှတ်မိလား..
သိသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်မလား
လမ်းတွေ့ရင် နောက်မခေါ်တော့ဘူးလား..
သစ္စာဖောက်တစ်ယောက်လို ဆက်ဆံမှာလား..
သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ သဘောပိုက်လိုက်သလား
တစ်ခါတစ်လေ (ဒါမှမဟုတ်) ဘယ်တော့မှ
ကိုယ့်ချိတ်ဟာ ကိုယ့်ဆီ ပြန်မရောက်လာတာမျိုး ဖြစ်ဖူးလား
ဒါနဲ့
ကိုယ့်ကိုယ်ကိုယ်ရော ပြန်မျှားကြည့်ရဲလား
ခန့်နေ
မှတ်ချက်။ ။တခြားကဗျာတွေမှာ မှတ်ချက်၊ ရှင်းလင်းချက်တွေ မရေးဖြစ်တာကြာပေမယ့်
ဒီကဗျာမှာတော့ အထူးတလည် ရေးလိုပါတယ်။ ဒီကဗျာမှာ နည်းနည်းပြောစရာရှိပါတယ်။ မပြောလည်း ဖြစ်လို့ရပါတယ်။ ဆရာချော(မောင်ချောနွယ်) ခရေဇီတွေနဲ့ အခြားသော သူ့ကဗျာဖတ်ဖူးသူတွေအတွက် ထင်စရာတစ်ခုဖြစ်နေပါလိမ့်မယ်။ ဘာလဲဆိုတော့ ဆရာ့ရဲ့ “ပြီးပါပြီ”ဆိုတဲ့ ကဗျာထဲမှာ နောက်ဆုံး
“ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး။
ငါ့ဘဝ ငါးစားကိုသာ ငါဟပ်ခဲ့တယ်။ ။”
ဆိုတဲ့ နှစ်ကြောင်းကို ဒီကဗျာဟာ ဆွဲဆန့်ရေးထားသယောင်ဖြစ်နေမယ်လို့ ကျွန်တော်ခံစားမိပါတယ်။
ဒါပေမယ့်လို့ ကျွန်တော် ဒီကဗျာကို စရေးတုန်းက အဲလို မရည်ရွယ်ခဲ့ရိုး အမှန်ပါ။
ကျွန်တော် အကြိုက်ဆုံး “ငါး”ထဲက တစ်ကြောင်းကိုသာ ရည်ညွှန်းအဖြစ်နဲ့ ပြန်သုံးခဲ့ပါတယ်။
ကဗျာအဆုံးသတ်ခါနီးကျမှ ကျွန်တော့်စိတ်ထဲ အဲ့အပေါ်က နှစ်ကြောင်းကို သွားသတိရမိလို့ အခုလို ရှင်းလင်းချက်ကလေး ထုတ်ဖြစ်ကြောင်းပါ။
ဆရာချောသို့ သတိတရ
ခန့်နေ