တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။
အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။
သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။
ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။
ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ်
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။
ခန့်နေ
ဒီကဗျာကို ၂၀၀၈၊ သြဂုတ်လလောက်မှာ ရေးပြီးခဲ့ပါတယ်။ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း ကို ပထမဆုံးပို့ဖြစ်ပြီး ဖော်ပြခံတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၀ မေလ(၂)ရက်၊ နာဂစ်ဖြစ်ခဲ့တာ နှစ်နှစ်မြောက်အဖြစ် ပြန်လည် မှတ်တမ်းတင်လိုက်ပါတယ်..
No comments:
Post a Comment