Wednesday, February 18, 2009

ဖိတ်စာ

ယနေ့ ရာသီဥတု
သာယာချင်ယောင်ဆောင်နေသည်။
စိတ်အလိုမလိုက်ပါနှင့်
ဖြန့်လှန်းထားသော
ဝတ်လစ်စလစ် နှလုံးသားတွေကို
ပြန်ရုတ်လိုက်ပါ။

အချိန်ရ၊ လမ်းကြုံလို့
အိမ်ခဏ ဝင်လည်ဖြစ်မယ်ဆိုရင်
မြင်နေကျ စေ့ထားတဲ့ တံခါးတစ်ချပ်နောက်မှာ
ဝါးခနဲ အသံတစ်ခု ပုန်းမနေပါဘူး။
ဖွင့်ဝင်ခဲ့ပါ မိတ်ဆွေ..
ဂျိုရာတွေကို ရှောင်ကြဉ်နေဆဲ
ခတ်နွားတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ
၂၃ဒီဂရီခွဲ လိုက်မစောင်းနိုင်သေးတဲ့
ပင်တိုင် နှလုံးသားတစ်ခုကို
တွေ့ကောင်းတွေ့ရလိမ့်မယ်။

တံခါးကိုဖွင့်၊ ရဲရဲဆွဲဖွင့်
နောက်ပြီး ရင်ဘတ်ကိုတော့
အင်း..
မရဲတရဲလေးဖြစ်ဖြစ် ဟချင်ဟထားပေါ့။

မိုးတွေ မယိုပါဘူး။
ဂိုးတွေ မလိုပါဘူး။
အနိုင်ယူလိုစိတ်ပြင်းပြတဲ့ အခါသမယမှာလည်း
အယားပြေ ဗိုလ်စွဲခွင့်တွေကို
နှစ်ဦးသဘောတူ လိုက်ပွဲအသင့်နဲ့
ကျွန်တော်က လက်ဆောင်ပေးလိုက်ချင်သေးတယ်။

ကျောင်းရှိသည်၊ ဖြည်းဖြည်း ပြောင်း..
အဲလေ.. ဖြည်းဖြည်းမောင်းပြီး ဝင်ခဲ့ပါ
ဒီနေ့တော့ ကျွန်တော် ရှိနေပါမယ်
ခင်များနဲ့ ကျွန်တော်လည်း
နှစ်ယောက်ထဲ ကပ်ဝေးနေတာ ကြာပေါ့။

၉၈ကတည်းက အသိမ်းလွန်နေတဲ့
ကိုသန်းထိုက်လည်း ပြန်လာလိမ့်မယ်..
ဒီနေ့တော့ ဝင်ခဲ့လေဗျာ..
နေ့ရက်တွေ သစ်ပြီး၊
ကျုပ်တို့ ဟောင်းမသွားခင်လေးမှာ
နေ့ဟောင်းတွေထဲ
ကျုပ်တို့ သစ်ခဲ့ကြစို့ရဲ့..

သာယာချင်ယောင်နေတဲ့ ရာသီဥတုကို
နောက်ခံထားပြီးတော့..
ပါရီမဟုတ်တဲ့ အရင်နေရာမှာပဲ
အလကားတွေအကြောင်း
အလကား ထိုင်ပြောရအောင်..


ခန့်နေ

4 comments:

ညိမ်းညို said...

ညီရေ
စောင့်ရကျိုးနပ်ပီဝေ့
ကဗျာကောင်းတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါတယ် :) :)

သံလွင် HeRo said...

အော်...ဘာများလဲလို့...
ဖိတ်စာဆိုတော့ ဦးကင်းတစ်ယောက်
ကျောင်းပိတ်ရက်ကို ပြည်တော်ပြန်ပြီး
ရွာက ပုဆွဲမိနဲ့များ စေ့စပ်တော့မလား
ဒီက ဘောဒါတွေကို silk air တစ်စီးလုံး
ငှါးပြီးများ ခေါ်သွားတော့မလားလို့
အသည်းအသန်လာကြည့်တာ...
ဟားဟားနောက်ဆုံးတော့
ကဗျာလေးဖတ်ပြီးပဲပြန်သွားတယ်
ကောင်း၏...ဆက်လုပ်...ပြန်ပြီ...တာ့တာ့

Unknown said...

ဒေါက်ဒေါက် ၀င်လာခဲ့မယ်နော ကဗျာလေး ခံစားသွားတယ်
ဗျာ ကြိုက်တယ် အရေးသားတွေ :) ကောင်းသောနေ့ပါ
ကိုခန့် :)

Eduking said...

ကျေးဇူးတင်ပါတယ် ကိုညိမ်းရေ..

ဦးသံ.. ဖိတ်စာကတော့ တခြမ်းတောင် မသေချာချင်ဘူးဗျို့.. ဟက်ဟက်

ကောင်းသောနေ့ပါ မောင်ခင်လေးရေ.. အစ်ကို့ ကဗျာတွေလည်း လာဖတ်ဖြစ်တယ်ဗျ..း)

Free counter and web stats