Tuesday, February 3, 2009

ဟာသစာ (ကိုကိုပေါ)

ဟာသစာလေးတစ်ခုပါ.. ကျွန်တော် ရေးခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ.. ရယ်ရမယ်လို့တော့ ထင်တာပဲ.. ဟီး.. ဒါပေမယ့် ဘာအဓိပ္ပါယ်ထွက်နေမှန်းတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိဘူးဗျ.. အပျော်ပေါ့ဗျာ..း)
သြော်.. ဒါနဲ့ ကျွန်တော့် blog လေးကို လာဖတ်ဖြစ်တယ်ဆိုတဲ့ ကိုATM နဲ့ Harryတို့ကိုလည်း (နောက်ကျ)ကျေးဇူးတင်ပါတယ်.. အဲဒီနေ့က စိတ်ထဲ ပျော်သွားတာနဲ့ ကျေးဇူးတင်စကားဆိုဖို့တောင် မေ့သွားတယ်.. :) စာမေးပွဲတွေလည်း ဖြေနိုင်ပါစေ..
....................................................................................................................
ချစ်လှစွာသော ပန်းကလေးရယ်..

ဒီ ဒဏ်ရာဟာ အနာသိပေမဲ့ ဆေးမရှိပါဘူး..
အိုးချင်းထားလို့ အိုးချင်းထိမိတဲ့သဘောတရားအရ ကိုယ့်မှာ စားရကန်ကြုံလို့ မုတ်ဆိတ်ပျားစွဲပြီ ထင်လိုက်တာ..
အစွဲခံရတာ ပျားမဟုတ်ဘဲ.. ကျားဖြစ်နေပါကောလား..
ဆက်ပြီးတော့ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ဖို့ကလည်း အဆီတဝင်းဝင်းနဲ့ ဖြစ်နေပြန်တော့..
စစ်မရောက်ခင် မြားကုန်တယ်ပဲပြောပြော.. ငါးစိမ်းကို မြင်လို့ ငါးကင်နဲ့တူတဲ့ မင်းလေးကို ပစ်တယ်ပဲ ပြောပြော..
သူကောင်းဖြစ်ဖို့အတွက် ကိုယ်တစ်ရွာပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဒါပေမယ့် မစားရတဲ့ မင်းလေးကို သဲနဲ့တော့ မပက်ခဲ့ဘူးနော်..
ကိုယ့်မှာက မိဘတွေ ဆုံးမထားသလို "ဘဲဥပေါ် ကျောက်ပြင်ကျလည်း ဘဲဥကွဲ၊ ကျောက်ပြင်ပေါ် ဘဲဥကျလည်း ဘဲဥပဲ ကွဲ"ရမယ့်အဖြစ်ကရှိနေတော့...
အားမတန်ဘူးထင်တာနဲ့ မာန်လည်း လျော့လိုက်တာပါ..
မညားသော ချစ်သူ၊ မသေသော ဆေးသမား ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ...
ဒီကြားထဲ မင်းမိဘတွေက စိန်ကောင်းကျောက်ကောင်း ရောင်းနေချိန်ဆို ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ပါလိုက်သေးတယ်..
တကယ်ဆို ရွာနားကမြက်ကို ရွာနွားပြန်မစားတတ်တာလည်း မင်းလေး နားလည်သင့်ပါတယ်.
ဒါကြောင့် နောင်ထပ်တွေ့ဖြစ်ရင် ဆင်ဖြူမျက်နှာ၊ ဆင်မဲ မကြည့်ဝံ့သလိုပဲ မဆိုင်သလိုနေပေးရင်း..
ကိုယ့်ရဲ့ လုပ်ရပ်ကို မွှေးတုန်းပန်ပြီး နံတော့ ပစ်လို့ ရိုးစွပ်ချင်လည်း ရိုးစွပ်လိုက်ပါ..
ဆုပ်လည်းဆူး စားလည်းရူးမယ့် အခြေအနေ မရောက်ခင် ကြာကြာဝါးမယ့် သွားဆိုတာ.. အရိုးတွေကိုတော့ ကြည့်ရှောင်တတ်ရမယ် မဟုတ်လား...
ချစ်ဖူးတဲ့..
ကိုကိုပေါ
....................................................................................................................

5 comments:

katloveshome said...

ဖတ်သွားတယ်. စကားပုံတွေတော်တော်သိတာပဲ. hehe. *salute* :P

katloveshome said...

a good sense of humor, u have too. hees XD

မောင် Harry said...

ဟားဟား... စကားပုံတွေကို ရှေ့နောက် တန်းဆီပြီး စဉ်ပြစ်လိုက်တာပါကလား။ စာဖတ်တာနဲ့ ပက်သတ်လို့တော့ ရပါတယ်ဗျာ။ အားပေးလျက်ပါ။

Anonymous said...

ဟီး နည်းနည်းတော့ ပေါပေမယ့် ရယ်ရတယ်။ XD

Kaung Khant Kyaw said...

စကားပုံတွေချည်း သုံးသွားတာ အရမ်းလန်းတယ်ဗျာ
မြန်မာစာကို အနေအထား မှန်မှန်သုံးနိုင်ဖို့ တော်ရုံအရည်အချင်းနဲ့ မရဘူး
ဂုဏ်ယူပါတယ်ဗျာ :-)

Free counter and web stats