Monday, January 26, 2009

အထွေထွေ စမ်းသပ် ဥသြသံများ (ကျယ်လောင်သွားလျှင် သည်းခံပါ)

ချစ်သူရေ..
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.. ဒါပေမယ့်ကွယ် အောက်စီဂျင်ကို အချိန်မလပ် အခမဲ့ပေးနေကျ စိမ်းပုတ်ရောင် တောအုပ်တွေ၊ မျက်စိပသာဒ ဖြစ်စေတဲ့ ရောင်စုံပန်းလေးတွေနဲ့ ပင်လယ်ထဲက အသဲကွဲနေတဲ့ ငါးလေးတွေ.. သူတို့ဟာ ယောင်လို့တောင် မင်းရော၊ ကိုယ်ရောကို အပြစ်ရှိသူတွေအဖြစ် မမြင်ခဲ့ကြပါဘူး။ တန်းဖိုးမဖြတ်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေများစွာရဲ့အလယ် ကိုယ်တို့နေထိုင်နေကြတယ်။ ရိုးသားမှုကိုတော့ဖြင့် ယဉ်ကျေးမှုရဲ့ အရေခွံလို့ ကိုယ် မပြောလိုဘူး။
*
ကျွန်တော်တို့တွေ “လူ”ဆိုတာကို ရွေးချယ်ခွင့်မရခဲ့ဘဲ ဖြစ်လာခဲ့တယ်။ ဒီစာကို ကျွန်တော်ရေးတယ်၊ ခင်များ ဖတ်တယ်။ ကျွန်တော်တို့တွေ အမြီးမဲ့မျောက်တွေအဖြစ် ကိုယ့်ကိုယ်ကိုတွေ့ရှိခဲ့ကြတယ်။ သမ္မာကျမ်းစာလည်း ငါ့တို့သမိုင်းမှာ ရှိခဲ့ပြီ။ ငါတို့ နှလုံးသွေးကြောတွေဟာ ကွန်ပြူတာ ဝိုင်ယာကြိုးတွေလည်း ဖြစ်ခဲ့ဖူးပြီ၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့လည်း ဖြစ်တယ်။ ငါတို့ အမြီးမဲ့မျောက်တွေ အချင်းချင်းလည်း သေရာပါ တစ်ကောင်နဲ့ တစ်ကောင် ဆွဲဆောင်မှုတွေတောင် ပြုတတ်နေတာလည်း ကြာပေါ့။ “လူဆိုတာ” ၊ “လူဆန်ဆန်” ဆိုတဲ့ စကားအကာတွေနဲ့ အနှစ် အကုသိုလ်ကိုလည်း အနံ့မထွက်အောင် ဖုံးတတ်နေကြပြီ။ မျောက်နေမှု အဆင့်အတန်းတွေ မြင့်တက်၊ မျောက်နေမှုစရိုက်တွေ သတ်မှတ်၊ မျောက်ထုအော်သံ၊ မျောက်ဘောင် အဖွဲ့အစည်း၏ အရေးပါပုံ၊ စသဖြင့်.. စသဖြင့်..။ (သို့သော် ဤစာပိုဒ်အား လူနှင့်မျောက် မကွဲမီ အမှတ်၏ ဒဿမတစ်နေရာ လျော့လျက်ရှိသောနေရာမှစ၍ ဆက်လက်အတည်ပြုခြင်းမပြုပါရန်။)
ဓါတုဗေဒပညာအရ လူ့ခန္ဓာကိုယ်ရှိ နှာသီးဖျားလေးနှင့် ကမ္ဘာ့လေထုတို့ ဓါတ်ပြုသောအခါ ပစ္စုပ္ပန်များထွက်ပေါ်လာစေရန် မည်သူဖန်တီးခဲ့ပါသနည်း။ နောက်ဆက်တွဲ လေ့လာတွေ့ရှိချက်များတွင် ထိုလေတို့သည် ပစ္စုပ္ပန်မဖြစ်မှီက အနာဂတ်အမည်နှင့် နှာခေါင်းဝတစ်ဝိုက်တွင် အခြေချနေထိုင်လေ့ရှိကြောင်းနှင့် ပစ္စုပ္ပန်ဖြစ်ပြီးသော ကာလတွင် မေ့လျော့အတိတ်အဖြစ် ထွက်သက်အခြေအနေသို့ ရောက်ရှိသွားလေ့ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သုံးသပ်ချက်များအရ အမှာစကားမှာ “အသုံးမဝင်တော့တဲ့ စိတ်ဒဏ်ရာအဟောင်းတွေနဲ့ အမည်းစက်ဆိုတာတွေထဲက သင်ခန်းစာတစ်ချို့လောက် ထုတ်ထားပြီး ကျန်တာကို ထွက်သက်တွေနဲ့အတူ ရှူထုတ်လိုက်နိုင်ရင် သိပ်ကောင်းတာပေါ့ဗျာ၊…..” ဒီလိုနဲ့ ငါတို့ကိုယ် ငါတို့ တူးဆွချက်တွေဟာ ပိုနက်သထက် နက်လာခဲ့တာပေါ့။ အာရုံခံစားမှုတွေဟာ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ညနဲ့ မနက် ကောင်းကင်မှာ ဒီနေတစ်စင်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ရာသီတွေလည်း ဒီလိုပဲ အလုပ်ရှုပ်၊ ငါတို့အားလုံးလည်း ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်။

ခွင့်လွှတ်ပါ ချစ်သူရယ်.. တကယ်တော့ အဲဒီနေ့က ကိုယ်ပြောချင်ခဲ့တာက “အချစ်ဆိုတာ…” အစပြုလို့ တစ်စုံတစ်ခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အဲဒီလျှာပေါ်ကို မင်း ခတ်ခဲ့တဲ့ အခါးတွေဟာ တစ်ရက်ပြီးတစ်ရက် တစ်စက်ပြီး တစ်စက်နဲ့.. ကိုယ်ထင်သလို ခါးသက်ခြင်းတွေမဟုတ်ဘဲ၊ ခါးသီးခြင်းတွေဖြစ်ကြောင်း တွေ့ရှိချိန်မှာ အားလုံးဟာ အနာသိပေမယ့် ဆေးမရှိတဲ့ နာကျင်စရာတွေတောင် ဖြစ်ကုန်ပေါ့။ (ထိုခါးသီးခြင်းတို့ကို ဓါတ်ခွဲကြည့်သောအခါ အလွမ်း ၇၄% နှင့် အသဲကွဲစေသော elements ၂၅% ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။) အချိန်တန်ရင် ဆယ်စားလို့ရမယ့် ဘဲဥတစ်လုံးဟာ အချစ်မဟုတ်တာတော့ သိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ အချစ်ဟာ ကိုယ့်အတွက် အစရှာမရပုံချင်း တူနေသလားလို့။ ဒါကို အကြောင်းပြုပြီး သူတို့ (၂)ခုဟာ Hyperspace သီအိုရီထဲက wormholes တွေလိုများ ဆက်စပ်နေမှာလား။ ဥာဏ်မမှီဘူး ချစ်သူ။ ဒါမှမဟုတ်လည်း အမြဲလှနေတဲ့ မင်းရဲ့ နဖူးပေါ်က လတ္တီကျု အမျှင်အတန်း ဆံစလေးများလား.. (ကိုယ် သိပ်တက်မက်ခဲ့ပေါ့)
*
တစ်ခါတစ်လေလည်း ဘဝမှာက အရသာတင်မကပဲ၊ အဓိပ္ပါယ်လေးပါ ရှိချင်သေးတာကိုး။ ဒီလောက်တော့ တွေးမိခဲ့ရဲ့။ ခက်တာက ရိုးသားမှတ်ကို ကျော်လွန်ပြီး ‘အ’အ သွားတာကို ထိန်းမရဖြစ်နေတယ်။ ဦးခေါင်းဆိုတာ လက်ကကုပ်ဖို့သက်သက် ပုံခုံးနှစ်ဖက်ပေါ် ပေါက်နေတာ မဟုတ်ဘူးလေ။ မဖြစ်နိုင်တာတွေကို သူကောင်းပြုထားတာ ကျွန်တော်တို့အတွက် သိပ်များနေလို့လား။ ဥပမာ. လုံ့လရှိခိုက် အချိန်စိုက်ပေးပါ၊ ရေခံလိုချိန် မိုးရွာပါ၊ ဗိုင်းထုတ်မှ လသာပါတို့။ အခါအားလျော်စွာ ကျွန်တော်တို့ အချိန်နဲ့ ဒီရေကို ယောင်ပြီး စောင့်နေတတ်ကြတယ် မဟုတ်လား။ ဖြစ်ရင်ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ လက်ခံဝေမျှကြပါစို့။ မိတ်ဆွေဆိုတာ သေတော့မှ ဝမ်းနည်းဖို့သက်သက် ခင်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်သူငယ်ချင်တစ်ယောက်က သူ့အမျိုးသမီးနဲ့ ပြတ်စဲပြီးနောက် ကျွန်တော့်ကို ပြောခဲ့ဖူးတယ်..

“ဒီကိစ္စမှာ ကျွန်တော့်ဘက်ကစပြီး အပြစ်ရှာ ဖြတ်ပြစ်ခဲ့တာ၊ ဒီလိုဆို ခက်နေတာက ကျွန်တော်လို့ ခင်များ ထင်ကောင်းထင်နိုင်တယ်.. ကိုယ့်လူရယ်.. တစ်ခါတစ်လေကျတော့ ဘဝတစ်ခုထဲ ပျော်ရွှင်ဖို့တွေနဲ့ သားကျွန်၊ မယားကျွန်ဖြစ်ခြင်း ကိစ္စတွေမှာ ကျွန်တော့်စိတ် ကျွန်တော် သက်တမ်းတိုးနိုင်ဖို့ အရည်အချင်း မရှိတော့ဘူးဗျာ”။

“.. အနည်းဆုံးတော့လည်း ရေနစ်သူအချင်းချင်း လက်ကမ်းခွင့်လေးလောက်ပေါ့ဗျာ.. ”ဟု ကျွန်တော်ပြန်ပြောမိလိုက်သည် ထင်သည်။ သူ့အမျိုးသမီးနာမည်က မုသားမပါ လင်္ကာမချော တဲ့၊ ခင်များတို့ ကြားဖူးမလားတော့ မသိဘူး.. ။
*
ပြန်ဆက်ရရင်တော့ ချစ်သူရယ်.. သိပ္ပံပညာရပ်မှာ ပထမဦးဆုံး စမ်းသပ်ရှာဖွေတွေ့ရှိခံ ပစ္စည်းကို တွေ့ရှိသူရဲ့ နာမည် ဂုဏ်ပြုပေးသလိုမျိုးပဲ ကိုယ်တစ်ယောက်ထဲ စူးစမ်းလေ့လာရင်း ရှာတွေ့ခဲ့တဲ့ တည်နေရာ မင်းရဲ့ပါးပြင်ပေါ်က၊ ပါးချိုင့်လေးတွေကို “Eduking’s dimples” များအဖြစ် သတ်မှတ်ပေးစေလိုကြောင်း၊ ဒါပေမယ့်လည်း အတန်းဆင်းချိန်မှာ အဲဒီနာမည်အစား ကြိမ်လုံး (၂)ချက်ကိုပဲ ဆရာမဆီကနေ ကိုယ်ရရှိခဲ့ရတယ် မဟုတ်လား။ ကိုယ်ဟာ သူတို့ပြောသလိုမျိုး ခွေးလေးတစ်ကောင်ပမာ ကြိုးချည်ခံထားရတာ မဟုတ်ကြောင်းနဲ့ ကိုယ်တို့ရဲ့ သံယောဇဉ်တွေဟာ wireless(ကြိုးမဲ့) သက်သက်ဖြစ်ကြောင်းကိုတော့ မင်းပဲ သူငယ်ချင်းတွေကို ရှင်းပြပေးလိုက်ပါ။ မင်းရဲ့ မျက်ဝန်းလေးသက်သက်နဲ့ ဆက်ခဲ့ဖူးတဲ့ ကိုယ့်သမိုင်းစာမျက်နှာတွေကိုတော့ ကျောင်းတက်ရက်များလို့ သမုတ်ချင်တယ်ကွယ်။ အချိန်ဇယားတွေ စီးထားတဲ့အရာကို သဲကြိုးဖြတ်နိုင်ခဲ့ဖို့အတွက် ကိုယ် အများကြီးလိုအပ်ခဲ့ပါတယ်။

“ဒီနေ့အဖို့ အတန်းတွေကော ပြီးပြီးလား”

“သြော်.. ဒါနဲ့ ကမ္ဘာကြီးဟာ အရင်ကထက် အပူချိန်ပိုလာတယ်နော်.. ကိုယ်ကတော့ မင်းရဲ့ အေးစက်မှုတစ်သောင်းဆောင်ဆဲ အကြည့်တွေကြောင့် ရာသီမရွေး အနွေးထည်တွေ တပ်ထားရသူတစ်ယောက်ပေါ့”

နောက်တစ်ခုက ကိုယ်ဟာ ချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းပြဖို့ ချစ်သူတစ်ယောက် အမှန်တကယ်ရှိရမယ်လို့ အဲဒီလူသားအပေါင်းဟာ ယူဆနေကြတယ်။ မင်းရဲ့ အသက်ရှူချက်တိုင်းမှာ ကိုယ်တစ်ယောက်ထဲ စိတ်တွေ ဝင်သွားလိုက်၊ ထွက်သွားလိုက် လိုက်ဖြစ်နေတာကိုတော့ အချစ်လို့ပဲ လွှဲချရတော့မယ်ထင်တယ်။
*
ဖြစ်နိုင်ရင်.. လှလှပပ ကန်သွင်းချင်နေတဲ့ မျက်နှာတွေကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ချင်တယ်။

ဖြစ်နိုင်ရင်.. တစ်ကိုယ်လုံးက အလွမ်းတွေကို လက်ထိုးပြီး အန်ထုတ်ပစ်လိုက်ချင်တယ် ဆရာ။

ဖြစ်နိုင်ရင်.. အဲဒီ “ဖြစ်နိုင်ရင်” ဆိုတဲ့ စကားလုံးတွေကို လက်ကနေ ထက်ပြီး ထွက်မကျနိုင်အောင်လည်း ရေရှည် ထိန်းသိမ်းထားလိုက်ချင်တယ်။

လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုတာ တစ်ပန်းကန်ထဲမှာပါတဲ့ ထမင်းနဲ့ ဟင်းလို.. မျှစားတတ်ရမယ် မဟုတ်လား။ အဖြေရှာဖို့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေချလိုက်တော့ ထင်ထားတဲ့ အရသာအတိုင်း လဘ္ကရည်တစ်ခွက်ဟာ ဖြစ်နေတဲ့အခါ ကျွန်တော့်နေ့ရက်တွေဟာ သောက်လို့သိပ်ကောင်းနေတာ တွေ့ရတယ်။ ပုံပြောသူနဲ့ ပဲများသူများမှအပ ဘယ်သူမဆို ဒီရင်ကို ငှားခွင့်ရှိပါတယ်။ လမ်းကြုံရင်ပေါ့။ ဝတ်ထားတဲ့ ခြေအိတ်နှစ်ဖက်တောင်မှ အရောင်တူပြနေစရာ မလိုဘူး။ ဤအကြောင်း မပါ၊ ထိုအကြောင်း မပြောဘူး။ ဤအကြောင်းနဲ့ ထိုအကြောင်းမှလွဲရင် ကျန်တာပြောစရာမလို။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကြိုက်သလောက် ပြောနိုင်ပါတယ်။ အနာဟောင်းတွေကိုတော့ ကဗျာစာကြောင်းတွေနဲ့ပဲ ကြိုးစားချုပ်လိုက်ပါ့မယ်။ တစ်ဆိတ်ဗျာ.. ကျွန်တော့်စိတ်တွေဟာ ဖိတ်ခေါ်ချိန်းဆိုမှုကို ငြင်းပယ်ရန် ခက်လှပါသောကြောင့် အနိမ့်ဆုံးတွေသို့ မနိမ့်ဆင်းမီ၊ အတောင်တွေလည်း မဆွေးမြေ့ မကုန်ခမ်းမီ၊ သံချေးတက်နေသော စကားလုံးထိန်း ခလုတ်တွေနဲ့အတူ သမိုင်းပေးတာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက်တော်မူပါအုံးမည်။

ချစ်သူရေ.. ဒီလူကို နေရောင်ခြည်နဲ့ စကားလုံးတွေ တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ ထားလိုက်ပါတော့။ (မြန်မြန်လေး)

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သစ်ပင်တွေဟာ လူတွေကို စိုက်လာခဲ့တာ ဟိုးရှေးရှေးတုန်း ကတည်းကဆိုတာ သိဖို့ပါပဲ။ (ဒါဟာ ပုံပြင်အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဖြစ်ခွင့်လည်းပေးပါတယ်)

ကျွန်တော့်ရဲ့ လက်တစ်ဖျစ်စာ နှာစေး၊ ချောင်းဆိုးသံများက သင်၏စိတ်ကို အနှောက်အယှက်ဖြစ်သွားလျှင်တော့ ခွင့်လွှတ်ပါ မိတ်ဆွေ။
.....................................................................................................

မှတ်ချက်။ ။ စာမေးပွဲတွေ ပြန်ရောက်လာလို့ဗျာ.. စာရေးတာကိုတော့ (တစ်လလောက်) ကျွန်တော် ခဏနားပါမယ်.. ဒီကြားထဲမှာ ရောဂါပြန်ထရင်တော့ တင်ဖြစ်ချင်တင်ဖြစ်ပါ့မယ်.. အနည်းအကျဉ်းပေါ့.. :D အားလုံးအဆင်ပြေကြပါစေး)

2 comments:

Kaung Kin Ko said...

အရေးအသားတွေ မိုက်တယ်ညီရာ

Kaung Kin Ko said...

ချစ်သူရေ..
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.

စဖွင့်ကတည်းကလှတယ်။

Free counter and web stats