Friday, January 2, 2009

ကြိုးတပ်ထားသော ပန်လိုစိတ်

"မနက်ဖြန်" အား
"ဒီနေ့" အဖြစ်
အမည်ပြောင်း ကင်ပွန်းတပ်ပွဲတွေနဲ့အတူ
သစ်ပင်တွေ
အလိုက်အထိုက် ဆံပင်ရှည်လာကြတယ်..
(ငါ့ စိတ်တွေ မဟုတ်လို့နဲ့ ထင်တယ်)

သောင်းကျန်းနေတဲ့ စွဲလမ်းစိတ်တွေဟာ
လှည်းနေ လှေအောင်း
မြင်းဇောင်းမကျန်ကို
ချဉ်းနင်း ဝင်ရောက်နေကြလို့..
ဒီအချိန်မှ မျဉ်းကြားခင်းလည်း
ဒီသူရဲကောင်းမှာ
ဖြတ်ကူးစရာ ခြေထောက်မှ မကျန်တော့တာ။

အလွတ်ကျက်ထားတဲ့ နင့်ရဲ့ကောက်ကြောင်းတွေ
ချရေးလိုက်တဲ့ နေ့ကများ
ငါ တစ်ယောက်ထဲ လူကျွံနေခဲ့သလား...
မသေချာဘူး။

ချုပ်ရိုးတွေ မကျပ်ခင်
အဲဒီ နေဝင်မယ့်လမ်းကို
နေရာဖယ်ပေးခဲ့တာကိုက
ငါတို့ မှားတယ်။

နောက်ထပ်..
နာရီတွေကို လည်ဖို့
အချိန်ထပ်ပေးခဲ့တာလည်း
ငါတို့ မှားတယ်
ဆက်ပြီး မှားတယ်...
ဆက်ပြီး မှားတယ်...
တောင်းတဲ့ဆုဆိုတာ
အခွန်မဲ့တိုင်း မချဲ့ကောင်းဘူး..

နွေရောက်တော့မှာမို့
ရေတစ်ပေါက်လောက်ကို
သေမလောက်အောင် လိုနေသူဆိုတာ
စကားလုံးတိုင်းရဲ့
အကြောအချဉ်၊
အရိုးအမျှင် တစ်ခုချင်းစီမှာ
ခွဲ-စိတ်-ဖြတ်တောက် အဖြေရှာကြည့်လို့ရတယ်။

ဘာပဲဖြစ်ဖြစ်
လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်လေးတစ်ခု
အစပြုလို့
(၁) ရေပူရေချမ်း ကမ်းလှမ်းခွင့်
(၂) ငါ တစ်ထမ်း၊ နင် တစ်ရွက်ခွင့်
(၃) အာရုံ ငါးကြိုးမှာ
တစ်ယောက်နဲ့ တစ်ယောက်
လူဆန်ဆန်လေး ချည်ပေးခွင့်တွေလောက်
ရည်ရွယ် ဖြစ်မိတယ်။

" နှံကောင်မလေးရေ..
......အစာနဲ့ ရေတွေ စုဆောင်းလို့
......ဒီမိုးတွေကို
......တို့နှစ်ယောက်အတူ ဖြတ်သန်းကြမယ်လေ

ဒီမှာ..
ကြွပ်ဆတ်ဆတ်နဲ့
ကျောက်ခေတ်ရင်ခွင်ကြီးတစ်ခုက
အရေးပေါ် အခြေအနေထိတိုင်အောင်
ယဉ်ကျေးနေတုန်းပါပဲ "


1 comment:

Kaung Kin Ko said...

ကောင်းတယ် ညီလေးရ။
ဒီအပိုဒ်လေးတော့ အကြိုက်ဆုံးပဲ။

ဘာပဲဖြစ်ဖြစ်
လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်လေးတစ်ခု
အစပြုလို့
(၁) ရေပူရေချမ်း ကမ်းလှမ်းခွင့်
(၂) ငါ တစ်ထမ်း၊ နင် တစ်ရွက်ခွင့်
(၃) အာရုံ ငါးကြိုးမှာ
တစ်ယောက်နဲ့ တစ်ယောက်
လူဆန်ဆန်လေး ချည်ပေးခွင့်တွေလောက်
ရည်ရွယ် ဖြစ်မိတယ်။

နှံကောင်မလေး ဆိုတာ အစ်ကိုသိတဲ့ တစ်ယောက်များဖြစ်နေမလား။ သူဟုတ်ဟုတ် မဟုတ်ဟုတ် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Free counter and web stats