ပထမဆုံးအနေနဲ့ ကျွန်တော် ကိုးတန်းလောက်က ဖတ်ခဲ့တဲ့ ၀ထ္ထုလေးတစ်ပုဒ်အကြောင်း ပေါ့။ ဆရာတင့်တယ်ရဲ့ ကမ္မဖလ ဆိုတဲ့ ၀ထ္ထုလေးဖြစ်ပါတယ်.. အဓိပ္ပါယ်ကတော့ ကံ ကံ၏ အကျိုး လို့ဆိုလိုပါတယ်။
ကိုလိုနီခေတ်နဲ့ ဂျပန်ဝင်ကာစ အချိန်ကို နောက်ခံထားတာဖြစ်ပြီး ရေးသားခဲ့တဲ့ခုနှစ်ကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ တော်တော်တော့ ကြာခဲ့ပါပြီ။ သာမာန်စာအုပ်ဆိုင်ကြီးတွေမှာတော့ တွေ့ရခဲပါတယ်။ အဲဒီ စာအုပ်ရဲ့ ဇာတ်လမ်းဆင်ထားပုံဟာ အခုခေတ်အထိ ပေါ်ခဲ့တဲ့ ၀ထ္ထုတွေထဲမှာ တော်တော်လေး ဆန်းပြားတဲ့ ၀ထ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဲဒီ့အချိန်က စာပေဗိမာန်ဆုအတွက် လျာထားခံခဲ့ရသော်လည်း ဇာတ်လမ်းမှာ လူသတ်တာတွေများနေတဲ့အတွက် ပယ်ချခံခဲ့ရတယ်လို့ ဆရာတင့်တယ်က ဆိုထားပါတယ်။ တကယ်လည်း ၀ထ္ထုတစ်ပုဒ်လုံးရဲ့ ကျောရိုးဟာ ကလဲ့စားချေ တဲ့အကြောင်းဖြစ်ပါတယ်.. ဒီအချက်ကြောင့်လည်း နောက်ပိုင်း ထုတ်ဝေခွင့် မပြုသလားဟု ထင်ကောင်းထင်ရပါတယ်။ ဇာတ်ကောင်ရဲ့ ရည်မှန်းချက်က ကောင်းသည်ဟု မဆိုနိုင်သော်လည်း ထိုရည်မှန်းချက်ကို အောင်မြင်ဖို့ သူ့ရဲ့ အကွက်ဆင်ပုံ၊ စဉ်းစားဥာဏ် နဲ့ စတေးခဲ့တာတွေဟာ ပီပြင်ပြီး လက်တွေ့ကျလှပါတယ်။ ကျွန်တော်ကို အဓိက ဆွဲဆောင်ခဲ့တဲ့ ဇာတ်လမ်း အဆင်၊ စာရေးဆရာ ရဲ့ တင်ပြပုံနဲ့ ၀ထ္ထုထဲမှာ ဇာတ်ကောင်ရဲ့ psychological(စိတ်ပညာ) အရ စဉ်းစားသွားပုံတွေဟာ တကယ့်ဝထ္ထုကောင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေလို့ ကျွန်တော်မြင်မိပါတယ်။ အထူးသဖြင့် ဆရာတင့်တယ်ရဲ့ ဥပမာပေး ခိုင်းနှိုင်းပုံတွေဟာ မြင်လွယ်သိလွယ်ပြီး ဆိုလိုရင်းကို ခြွင်းချက်မရှိ ထိရောက်စေပါတယ်။ ကျွန်တော် စာမြည်း အနေနဲ့ ပေးချင်သော်လည်း လောလောဆယ် ၀ထ္ထုမှာ ကျွန်တော်နဲ့ အတူ မရှိတဲ့အတွက်ကြောင့် စာညွှန်းကိုပဲပြုစုပေးလိုက်ပါတယ်။ အားလုံးကိုလည်း ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ ခင်မျာ….
No comments:
Post a Comment