ကျွန်တော့်ဇာတိချက်ချွေမွေးရပ်မြေကတော့ ပြည်မြို့ပေါ့ဗျာ.. ရှေးတုန်းကတော့ သရေခေတ္တရာ လို့သမုတ်ပါတယ်… ဗြိတိသျှ ကိုလိုနီခေတ်က အင်္ဂလိပ်လို Prown လို့လည်းခေါ်ခဲ့ကြသတဲ့.. ပဲခူးတိုင်းအတွင်းမှာတည်ရှိပြီး ယခုအခါ ပဲခူးတိုင်းအနောက်ပိုင်းရဲ့ တရားဝင်မြို့တော်တစ်ခု ဖြစ်နေပါပြီ.. ရန်ကုန်ကနေ bus ကားဖြင့် ၆နာရီလောက် စီးရပါတယ်.. ကျွန်တော်တို့မြို့ရဲ့ အထင်ကရနေရာတွေကတော့ ရွှေဆံတော်ဘုရား၊ မင်းကြီးတောင်၊ န၀ဒေးတံတား တို့ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားကြီးရဲ့ ထူးခြားမှုကတော့ မြတ်စွာဘုရားရှင်တော်ရဲ့ ဆံတော်ကို ကိန်းဝပ်တည်ထားကိုယ်ကွယ်ထားခြင်းဖြစ်ပါတယ်.. ဘုရားကြီးရဲ့ရင်ပြင်တော်မှာ စွယ်တော်တိုက်တစ်ခုရှိပြီး သုံးနှစ်ကိုတစ်ကြိမ် တန်ဆောင်တိုင်လမှာ စွယ်တော်မြတ်ကို မြို့တွင်းလှည့်လည်အပူဇော်ခံလေ့ရှိပါတယ်.. မင်းကြီးတောင်ကတော့ ရွှေဆံတော်ဘုရား တည်ရှိရာအနီးမှ သမိုင်းဝင်တောင်တစ်ခုဖြစ်ပြီး ယခုအခါ န၀ဒေးတံတားကြီးဖြင့် ဧရာဝတီအနောက်ဖက်ကမ်းသို့ ဆက်သွယ်ထားပါတယ်…
ကျွန်တော့်ဆရာတစ်ယောက်က ပြည်မြို့ဟာ လူနေထိုင်မှုစရိတ်(living cost)သက်သာသောကြောင့် ပင်စင်စားများ ပြောင်းရွှေ့နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်.. ကျွန်တော့်အနေနဲ့တော့ ပြည်ဟာ တခြားမြို့ကြီးတွေနှင့်ယှဉ်လျှင် ခေတ်မှီဖွင့်ဖြိုးတိုးတက်မှု မမြင့်သော်လည်း အေးချမ်းတဲ့မြို့လေးတစ်မြို့လို့ ဆိုနိုင်ပါတယ်.. ညဘက်ပိုင်းများမှာ ပြည်တက္ကသိုလ်အနီးတ၀ိုက် ကျောင်းသားများဖြင့် စည်ကားလေ့ရှိပါတယ်..
ပြည်ရဲ့နာမည်ကြီးအစားအစာတွေကတော့ ထမင်းသုတ်၊ မုန့်ပစ်သလတ် (မုန့်ပြားသလတ်)၊ ကောက်ညှင်းပေါင်းနဲ့ ပလာတာပေါ့ဗျာ… ရာသီအသီးအနှံအဖြစ် သြဇာသီးကလည်း trade mark တစ်ခုပေါ့.. မြို့ဧရိယာ အကျယ်ကြီးမဟုတ်တဲ့အတွက် တစ်ပတ်လောက်အချိန်ယူ လည်ပတ်လျှင်ကို နေရာတော်တော်စုံနိုင်ပါတယ်.. မြို့ရဲ့ အလည်မှာတော့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်ရဲ့ကြေးရုပ်ကြီးကို ခန့်ညားထယ်ဝါစွာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်.. အဲ..နောက်တစ်ခု.. မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့တစ်မြို့တည်းသာကျင်းပတဲ့ ဥာဏ်ရိုးရှို့ ပွဲတော်ကလည်း နှစ်စဉ်နှစ်တိုင်းကျွန်တော်ဆင်နွှဲနေကျ ပွဲတစ်ခုပေါ့… ၀ါးအမျိုးအစားတစ်မျိုးဖြစ်တဲ့ ဥာဏ်ရိုးကို တပို့တွဲလပြည့်နေ့မနက်စောစောအချိန်မှာ ဘုရားတစ်ချို့ရှိ ရင်ပြင်ပေါ်၌ မီးပုံပွဲသဏ္ဌာန်ပြုလုပ်ပြီး မီးရှို့ပူဇော်ကြချင်း ဖြစ်ပါတယ်.. ရာသီဥတုအေးတဲ့ အချိန်အခါမှာ.. ဥာဏ်ရှိုးရှို့ပူဇော်ခြင်းဖြင့် မြတ်စွာဘုရားကို အနွေးဓါတ်ရစေသည်ဟု ယူဆပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်… လာရောက်ဆင်နွှဲသူများအတွက် လှူဒါန်းသော ထမင်းနှဲကလည်း ပူပူနွေးနွေးနဲ့ ပွဲတော်ရဲ့သဏ္ဌာန်ကိုပိုမို ပီပြင်စေပါတယ်..
ပြည်မြို့မှာ စုစုပေါင်း ဘုရား ၈ ဆူခန့်လောက်ရှိပါတယ်.. ဘုရားတော်တော်များများဟာ မြို့တွင်းမှာ တည်ရှိကြပြီး သွားရောက်ဖူးမျှော်ဖို့ အလွန်လွယ်ကူပါတယ်.. မြို့တစ်ဖက် အ၀င်ရှိ “ဘုရားကြီး” ဘုရားမှာလည်း ထုထည်ကြီးမှာသောသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါတယ်… သားငါးဈေးပေါင်း ခန့်မှန်းချေ ၃၊ ၄ ခုလောက်ရှိပါတယ်… ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ညဈေးတန်းမှာလည်း ညအခါ လည်ပတ်ဖို့ကောင်းတဲ့ အစားအစာဈေးတစ်ခုဖြစ်ပါတယ်… ဆက်သွယ်ရေးနှင့်ပတ်သတ်ပြီး GSM ဖုန်းများအသုံးပြုနိုင်ပြီး.. Internet မှာတော့ ယခုအချိန်ထိ Dial-upအဆင့် ဆိုင်များသာရှိပါသေးတယ်..
တကယ်တော့ပြည်အကြောင်းကို ကျွန်တော်ပြန်ရောက်တဲ့အချိန်ရေးရင် ပိုပြည့်စုံမယ်လို့ထင်ပါတယ်.. အခုတော့အဝေးကပဲ မြင်ယောင်ရင်း ရေးနိုင်ပါတော့တယ်… ကျွန်တော်လွမ်းတဲ့ မိသားစုထမင်းဝိုင်းလေးကိုမြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ ထမင်းသုတ်တစ်ပွဲကိုမြင်ယောင်ရင်း… ကျွန်တော်လွမ်းတဲ့ သူငယ်ချင်းတွေကို မြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ မီးပျက်ညတွေကိုမြင်ယောင်ရင်း… ကျွန်တော်သိပ်လွမ်းတဲ့ #$&#!! ကိုမြင်ယောင်ရင်း… အင်း…တစ်နေ့တော့ အရောက်ပြန်ရမှာပေါ့…..
Thursday, September 6, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment