Wednesday, December 31, 2008

Diary 01.01.09

ဇန်နဝါရီ (၁)ရောက်တိုင်း
နှစ်ဟောင်းတွေဟာ
အင်္ကျီအသစ်ကို ကောက်စွပ်ကြ
မဝတ်ချင်လည်း ဝတ်
ဝတ်ချင်လည်း ဝတ်..
ခန္ဓာအဟောင်းနဲ့ နှစ်သစ်တွေ။

လူတွေက မျက်နှာတွေ
ကောက်သစ်ကြ
မသစ်ချင်လည်း သစ်၊
သစ်ချင်လည်း သစ်
မျက်နှာအဟောင်းနဲ့
လူ __ တွေ။

နှလုံးသားတွေကို
နှလုံးသားတွေနဲ့ ဖာထေး..
နှစ်သစ်မှာ
နားလည်မှုတွေ လျှော့ဈေးရနေ..
ငြိမ်းချမ်းရေး (၁)ခုယူရင်
(၂)ခု အလကား ပေး....

ကမ္ဘာသစ်မှာ
ဗမာဖြစ် ကဗျာအစစ်တွေရော
ပါရဲ့လား ?

မိသားစု

အခုတလောမှတင် မဟုတ်ဘူး.. ကျွန်တော် ရှေ့အကြောင်း စဉ်းစားမိနေတာ ခဏခဏပဲ..
အနီးကပ်ဆုံးက ကျောင်းပြီးသွားရင် ဘာလုပ်မလဲ၊ ဘာဖြစ်မလဲပေါ့.. ပုံမှန်လို အလုပ်ရ၊ Perment Resident ယူပြီးသွားမလား.. ဒါမှမဟုတ် အမှတ်မှီပြီး တက္ကသိုလ်ဆက်တက်မလား.. တစ်ခါတစ်လေလည်း ကျောင်းပြီးသွားရင် မြန်မာပြည်ပြန်ဖို့အတွက် ကျွန်တော် စဉ်းစားမိတယ်... ဒီမှာ မပျော်ဘူးဆိုတာထက် ငြီးငွေ့လာတယ်.. သူတို့သတ်မှတ်ချက်ထားတဲ့ စံချိန်၊ စံညွှန်းတွေကို ကျွန်တော် မကိုက်ညီချင်ဘူး.. ကိုယ့်ကိုယ်ကို ရင့်ကျက်ချင်ယောင်ဆောင်နေရတာ.. ကိုယ့်ကိုယ်ကို ပြန်ဖွက်နေရတာနဲ့တင်.. နောက်ဆုံး ကိုယ်ဘယ်နားမှာ ကျကျန်ခဲ့မှန်းတောင် မသိတော့ဘူး.. အားလုံးဟာ ကျွန်တော် ထင်ထားသလို လေးနက်မှုတွေမရှိဘူး.. ကျွန်တော်တစ်ယောက်ထဲရဲ့ စိတ်ကပဲ ပုံမှန် အရောင် ရှိမနေတာ ဖြစ်ချင်ဖြစ်မှာပေါ့လေ...

လမ်းအိုလေးကနေ ဒေါင်းထားတဲ့ ကဗျာတွေ တစ်ချို့ပြန်ဖတ်နေမိတယ်.. အဲဒီအထဲမှာ ဆရာစိုင်းဝင်းမြင့်ရဲ့ မိသားစုကဗျာလေးက အခုတလော ကျွန်တော် ဖြစ်နေတဲ့ စိတ်တွေနဲ့ တိုက်ဆိုင်နေလို့လားတော့မသိဘူး.. ကျွန်တော့် စိတ်ထဲ တော်တော်လေး စွဲနေတယ်.. အထူးသဖြင့် ကဗျာအဦးက စာကြောင်းတစ်ချို့ပေါ့..

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။

မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေးဝင်ခဲ့တယ်
မိသားစုကို ငါမပြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်
သားသမီးဆိုတာ သီးခြားရှင်သန်ရမယ့် ဘဝတစ်ခု

ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ မိုးယိုပေါက်လေးတစ်ပေါက် ရှိနေတယ်ဆိုရင်လည်း
ငါပဲဖြစ်မှာပါ။

ငါ့မိသားစုမှာ
ကြမ်းခင်တစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်
[ရွှေမော်ကွန်း - ဇန်နဝါရီ၊ ၂၀၀၃]

စာမျက်နှာပါအရဆို ၂၀၀၃ ဇန်နဝါရီက ရွှေမော်ကွန်းမှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပေါ့..
အခုနောက်ပိုင်း ဆရာ့ရေးဟန်တွေက အဲဒီတုန်းကနဲ့တော့ မတူတော့ပါဘူး..
အထူးသဖြင့် နောက်ဆုံးထွက်ထားတဲ့ "များများမြန်မြန်" ကဗျာစာအုပ်မှာ တွေ့နိုင်ပါတယ်..

Saturday, December 27, 2008

ဟိုရောက် ဒီရောက် ဒီဇင်ဘာ ၂၇ ဒိုင်ယာရီ

Dဇင်ဘာ.. ဒီဇင်ဘာဟာ ကျွန်တော့်အတွက်တော့ ဘာမှထူးထူးခြားခြား မရှိခဲ့ပါဘူး..
နှစ်တိုင်းလိုလိုပဲပေါ့။ Stage ကျောင်းတုန်းကတော့ အားကစားပွဲတွေနဲ့ လူထုလမ်းလျှောက်ပွဲတွေ ရှိလို့ ပျော်ခဲ့ဖူးတယ်.. ခရစ်စမတ်မှာ ကျောင်းပိတ်ရက် (၁)ပတ်လောက် ရတယ်လေ..
New Year ကိုတော့ နှစ်တိုင်းလိုလို မကျင်းပဖြစ်တာ များတယ်။ မြန်မာပြည်မှာတုန်းက အိမ်အနီးအနားမှာ မီးပုံပွဲတွေ လုပ်ဖြစ်ကြပေမယ့် ကျွန်တော့် အိမ်က ပုံမှန်အချိန်အတိုင်းပဲ တံခါးပိတ်တာကြောင့် (၁၂)နာရီအထိမနေရခင် ပြန်အိပ်ရပြီ... တခြားအိမ်မှာ အိပ်တဲ့အကျင့်လည်း အဲဒီတုန်းက မရှိခဲ့ဘူးလေ..
အခု စလုံးရောက်တော့တော့ ပြီးခဲ့တဲ့နှစ်က Singapore poly က သူငယ်ချင်းတွေနဲ့ အတူတူရှိနေခဲ့တယ်..
တစ်ယောက်နဲ့ တစ်ယောက် စရင်း နောက်ရင်း ပုံပြင်တွေပြောပြလိုက်၊ ကစားနည်းတွေ ကစားလိုက်နဲ့ မိုးလင်းပေါက် west coast မှာ ထိုင်ခဲ့ကြတယ်.. အခုနှစ်တော့ ဘာတွေ လုပ်ဖြစ်မလဲ မသိသေးဘူး...

လောလောဆယ် ကျောင်းပိတ်ရက်အတွင်းတော့ ကျွန်တော်လုပ်ချင်တာလေးတွေ လုပ်နေရလို့ လုပ်သင့်တာတွေတောင် မလုပ် ဖြစ်လိုက်ဘူး။ စာပေနဲ့ ပတ်သတ်ပြီး ကျွန်တော် ပိုလေ့လာဖြစ်တယ်။ စိတ်ဝင်စားတဲ့ မော်ဒန်စာပေအပိုင်းပေါ့။ ပြည်ပမှာဆိုတော့ စာအုပ်တွေက ရန်ကုန်မှာလောက်တော့ ရှာရမလွယ်ဘူး။ ဒါတောင် e-books တွေ လုပ်ပေးထားတာရှိနေလို့၊ လက်လှမ်းမှီသလောက် ကြည့်နိုင်တာ..
တလောက ကိုညိမ်းညိုကျေးဇူးကြောင့် ဆရာဇော်ဇော်အောင်နဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်။ e-books တွေ ဆိုတော့ Print out ပြန်လုပ်ရတာတော့ ရှိတယ်။ ကွန်ပြူတာနဲ့ဆို ကျွန်တော်လည်း ဘယ်လိုမှ ဖတ်မရလို့။ နောက်တော့ သူငယ်ချင်း နတ်ကလေး အိမ်ရောက်ရင်း.. သူနဲ့ မော်ဒန်အကြောင်း တော်တော် ပြောဖြစ်လိုက်တာ.. မနက်(၄)နာရီလောက် အထိ ဖြစ်သွားတယ်.. ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးထားတာလေးတွေနဲ့ သူ့ရဲ့ အမြင်လေးတွေ ဖလှယ်ဖြစ်တယ်.. မော်ဒန်ကို ကျွန်တော်တို့တွေ အရမ်းကြီး နားလည်နေလို့တော့ မဟုတ်ပါဘူး.. တကယ်ကြည့်မယ်ဆိုရင် အပေါ်ယံသက်သက်ပဲ ဖြစ်ကောင်းဖြစ်မယ်.. ကြားဖူးနာဝလေးတွေပေါ့.. ဒါပေမယ့် အဲဒီလို ပြောဆို ဆွေးနွေးရတာလေးကို ကျေနပ်မိတယ်.. (အနုပညာနဲ့ ပတ်သတ်လို့ ကျွန်တော့်မှာ သူငယ်ချင်းသိပ်မရှိပါဘူး) နတ်ကတော့ သူလုပ်ဖြစ်နေတဲ့ ခဲချစ်ပန်းချီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ပြောတယ်.. အနုပညာဟာ တစ်ခုနဲ့ တစ်ခု ထိစပ်နေတယ်ဆိုတာကို ကျွန်တော်တို့ ပိုပြီးသဘောပေါက်လာကြတယ်..

အခုနောက်ပိုင်း ကျွန်တော့် ကဗျာတွေကတော့ (အရင်ကလို အလွတ်ကာရံသဘောထက်စာရင်) မော်ဒန်ပုံစံတွေ ဖြစ်ဖို့များမယ်ထင်တယ်.. ကျွန်တော် တမင်ဖန်တီးယူပစ်လိုက်တာတော့ မဟုတ်ပါဘူး။
ကျွန်တော့် စိတ်၊ ကျွန်တော့် mood ပေါ့.. လောလောဆယ် မော်ဒန်စာပေမှာ သက်ဝင်နေလို့..
အတိုင်းအတာတစ်ခုအထိ ကျွန်တော် အရေးကျဲကောင်းလည်း ကျဲသွားနိုင်တယ်..
တချို့ သဘောတရား၊ အယူအဆ၊ ရေးပုံရေးနည်း စနစ်တွေနဲ့ ပတ်သတ်လို့ ကျွန်တော် နားမလည်တာ၊ သဘောမပေါက်တာတွေ အများကြီးရှိနေလို့.. ရတဲ့ အချိန်လေးတွေဖဲ့ပြီး စာအုပ်တွေဖက်လှည့်ချင်တယ်.. တစ်ခါတစ်လေလည်း အကြောင်းအရာ အပြောင်းအလဲအနေနဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ်.. ဆရာကြီးရဲ့ စာတွေကို အရင်က မဖတ်ဖူးပါဘူး။ အခုလက်ရှိတော့ "မြန်မာပြည်အုပ်ချုပ်ရေး" ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်နေတယ်.. ဆရာကြီးရဲ့ စာတွေထဲမှာ သူ့ရဲ့ တိတိကျကျလေ့လာထားမှုကို စာအရေးအသားမှာ ကြည့်ရင် သိနိုင်ပါတယ်.. ဖတ်တဲ့သူကိုလည်း ရှင်းအောင်၊ နားလည်လွယ်အောင် ရေးပြတတ်တယ်..

ဒါတွေကတော့ ၂၀၀၈ ဒီဇင်ဘာထဲ ကျွန်တော် လုပ်ဖြစ်နေတဲ့ အရာတွေပေါ့.. တချို့ရက်တွေမှာ ရန်ကုန်ကနေ အလည်ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ စလုံးမြေတစ်လျှောက် လျှောက်သွားဖြစ်တယ်။ ခရစ်စမတ်ရက်ကတော့ ကျောင်းက သူငယ်ချင်းတစ်ချို့နဲ့ နည်းနည်းသောက်လိုက်တာ.. ဗိုက်က ဘယ်လို ဖြစ်သွားတယ် မသိဘူး.. (၂)ရက်လောက် နေလို့ မကောင်းတော့ဘူး။ ညီလေး ကိစ္စတွေတော့ အားလုံးအဆင်ပြေပြီး ကျောင်းတက်ဖို့ပဲ ကျန်တော့တယ်။ အဖွားလည်း ဆေးရုံက ဆင်းလို့ ရပြီး အဒေါ့်အိမ်မှာ နားနေတယ်။ လမ်းလျှောက်နိုင်ပေမဲ့ ကြာကြာထိုင်လို့တော့ မရဘူးပြောတယ်.. ဘာပဲဖြစ်ဖြစ် အသက်အရွယ်အရ အရမ်း အဆိုးကြီးဖြစ်မသွားတာလို့ တော်သေးတယ်။

အင်း.. ဒါနဲ့ ခင်များတို့ရော နယူးကလီးယား.. အဲလေ.. new year မှာ ဘာတွေလုပ်ဖြစ်မလဲဗျ။
ထူးထူးခြားခြား အစီအစဉ်လေးတွေရှိရင် ရှယ်ခဲ့ပေါ့။ ကျွန်တော်တော့ new year ရယ်၊ အိပ်မက်ရယ်ကို (၁၂)နာရီတိတိ၊ အိမ်မှာ ဆုံဖို့ ချိန်းလိုက်ပြီ..။

အားလုံးပဲ ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ ခင်မျာ..း)

Friday, December 26, 2008

Myanmar Blog Academy by mmblogpress

တစ်နေ့က ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်ကနေ သတင်းထူးတစ်ပုဒ် တွေ့ခဲ့ရတယ်..
အဲဒါကတော့ မြန်မာ Blog Academy ပေးပွဲဖြစ်ပါတယ်.. မြန်မာဘလော့ဂ်တွေထဲကနေပြီးတော့ အမျိုးအစားလိုက် အကောင်းဆုံးတွေကို စည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်မယ့် အစီအစဉ်လေးပါ.. သတင်းလေးကို ဖတ်ပြီး စီစဉ်နိုင်သူတွေကို လေးစားမိတယ်.. ကျွန်တော်လည်း အဲဒီလို idea လေးတွေ အရင်က (စိတ်ကူးယဉ်သက်သက်) ဖြစ်ခဲ့ဖူးတယ်..
ချီးမြင့်မယ့်ဆုအမျိုးအစားတွေကတော့ ..

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာစာပေ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )

သတ္တမနည်းပညာ ရပ်ဝန်း (Technical 7) ရဲ့ ကြိုးပမ်းမှုပါ။ အသေးစိတ်အချက်အလက်နဲ့ မဲ(vote) ထည့်သွင်း ပါဝင်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်မျာ.. Results တွေကိုတော့ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိမှာ ဖွင့်လှစ်ကြေညာမှာ ဖြစ်ပါတယ်.. ကျွန်တော်တော့ ရုံကြီးကားတွေ သိပ်မရိုက်ဖြစ်တာကြောင့် မပါဖြစ်တော့ဘူး.. :P ဆုရမယ့် သူတွေကိုယ်စားတော့ တင်ကြို ရင်ခုံမိနေတယ်..း)



Saturday, December 20, 2008

ခေါင်းစဉ်မရှိ စောင့်စားခြင်း

ခေါင်းစဉ်မရှိ စောင့်စားခြင်း

ဒါနဲ့ပဲ
သာမာန်လူနဲ့ မတူအောင် ကြိုးစားချင်နေတဲ့
ခင်များရဲ့ စိတ်ကိုက
သာမာန်လူတစ်ယောက်နဲ့ တူနေတာ
မဟုတ်ဘူးလား...

မနက်ဖြန်ထဲမှာ ဘာတွေ ရှိမလဲ ကြည့်လိုက်တော့
ရုပ်နဲ့ နာမ်တွေက
ခင်များကို စောင့်နေကြတယ်..
မပြုရသေးတဲ့ အိမ်ထောင်နဲ့ သားသမီးတွေ
ခင်များကို စောင့်နေကြတယ်..

လေပြေတွေက
ခင်များကို ဝင်တိုက်ဖို့ စောင့်နေတယ်
(ယာဉ်တစ်ချို့လည်း ပါကောင်းပါမှာပေါ့)

နောက်ဆုံးပိတ် ဝင်အိပ်ရမယ့်
အလုံပိတ် ခုတင်တစ်လုံးကလည်း စောင့်နေတယ်

အတက်လား၊ အဆင်းလား.. တဲ့
လှေကားထစ်တွေက
ခင်များရဲ့ ခြေလှမ်းကို စောင့်နေတယ်

ကွက်လပ်တွေက ခင်များကို စောင့်နေတယ်
(မဖြည့်နိုင်ကြောင်း မေတ္တာရပ်ခံချက်ကိုလည်း
ဖြစ်ကောင်းဖြစ်မှာပေါ့)
သူတို့ အထဲမှာတော့
ပါရာဒိုကားပေါ်က မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေ၊
စင်ပေါ် စင်အောက် ခွဲခြားမှုတွေ၊
ခန္ဓာကိုယ် အရှေ့မြောက်ဘက်ခြမ်းထဲက အရာတွေ..
ရှိနေတယ်ဆိုတာ
ဖွင့်မကြည့်ဘဲလည်း ခင်များ သိနေတာပဲ..

မရပ်သေးတဲ့ ရင်ခုံသံနဲ့
နာရီတွေလည်း ပါမယ်..

အမောပြေနေတဲ့ စစ်ပွဲတွေက
ဒုတိယပိုင်း ဆက်ကစားဖို့ စောင့်နေတယ်..

ဒါကိုတော့ ခင်များ ဘဝင်ကျဟန် ပုံမပေါ်ဘူး..

နောက်ပြီး
အဖြေရှာတိုင်း မေးခွန်းတွေပဲ တွေ့နေတာ
ဘောင်ခတ်ထားတဲ့ အကြည့်တွေရဲ့ နယ်နိမိတ်ကနေ
မဆိုသလောက်ကလေး အပြင်ထွက်နေတာ..
စာအုပ်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့
ဦးနှောက်တွေက မူမမှန်ဘဲ ဖွံ့ဖြိုးနေတာ..
.. တွေအတွက်တော့
ရှင်းလင်းချက်ဆိုတာ မတောင်းကောင်းပါဘူး။

အဖြေဘာထွက်သလဲ မေးလာရင်
အနီးစပ်ဆုံးက "သုည"ပဲလို့ ဖြေမိမှာ..

လူတစ်ချို့က
ငရဲကို အဆီထုတ်ပြီး
မီးအပူတိုက်ထားတဲ့ အနံလေးကိုတောင်
မခံနိုင်ကြပါဘူးတဲ့..

လောလောဆယ်တော့
ကဗျာတစ်ပုဒ်က
ခင်များကို ပြီးအောင်ဖတ်ဖို့ စောင့်နေတယ်။

Wednesday, December 17, 2008

Diary 18.12.08

ဒီရက်ပိုင်း ညီလေး ကျောင်းလာတက်ဖို့ ရောက်လာလို့ သူ့ကိစ္စတွေ လုပ်ပေးနေရတယ်..
အရင်လို ကွန်ပြူတာကို ကျွန်တော် တစ်ယောက်ထဲ သုံးလို့ မရတော့ဘူး.. ကျောင်းပိတ်ရက်ပေမယ့် project တစ်ချို့နဲ့ လူမှုရေးကိစ္စတွေကြောင့် အလုပ်လည်းမဝင်ဖြစ်သေးဘူး။ ညီလေးပြောလို့ ပြည်မှာ အင်တာနက်ဆိုင်တွေ (၁၀)ဆိုင်လောက် တိုးလာတာ သိရတယ်.. ဒီကောင်ကတော့ လောလောဆယ် full-time chatter ဖြစ်နေတယ်.. ADSL connection နဲ့ member ဝင်လို့ရကြောင်း၊ အင်တာနက်ကို ၂၀၀၀ကျပ်နဲ့ အပြီးသင်ပေးကြောင်းပြောတယ်.. ဘာတွေ သင်ပေးတာလဲလို့ မေးတော့ gtalk account တစ်ခုရယ်၊ website ဝင်တာရယ်၊ ဘယ်လို chat ရတယ်ဆိုတာ သင်ပေးတယ်တဲ့.. တစ်နာရီကို ၁၀၀၀လောက်တော့ ပေးရတယ်.. ကျွန်တော်နောက်ဆုံးပြန်တုန်းပေါ့.. နှစ်ဆိုင်လားပဲ ရှိသေးတယ်.. ဒါပေမယ့် ကော်နက် မဆိုးဘူး.. Blogspot တောင် ဝင်လို့ရလို့ အံ့သြနေတယ်.. ကျွန်တော်ထင်တာ MPT (ဆက်သွယ်ရေး) လိုင်းက ယူထားလို့ ဖြစ်မယ်..
အခုလိုဖြစ်လာတော့ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်ရတယ်.. ဒါပေမယ့် မသိတဲ့ သူတွေလည်း လာ add ကြတယ်.. ကျွန်တော့် Full nameကို ယူသုံးထားတဲ့ accounts တစ်ချို့လည်း တွေ့ရတယ်.. ဘာပဲဖြစ်ဖြစ်မကောင်းဘူးပေါ့.. ကျွန်တော်က ပြောင်းပေးဖို့ပြောတော့.. Block လုပ်လိုက်လားတော့ မသိဘူး.. နောက်မတွေ့ရတော့ဘူး... အဖွားကတော့ ချော်လဲကျလို့ ဆေးရုံတက်နေရတယ်တဲ့... အရိုးပြားသွားပြီး လမ်းမလျှောက်နိုင်သေးဘူး ပြောတယ်...

အစကတော့ နောက်နှစ် final year projectကို တခြားနိုင်ငံတစ်ခုမှာ သွားလုပ်မလို့.. အခုတော့ ညီလေးရောက်လာတာနဲ့ မသွားဖြစ်လောက်တော့ဘူး.. အဖေ့ကို ဖုန်းထဲမှာ စရင်းနဲ့ တရုတ်ပြည်သွားရင် ကောင်းမလားမေးတော့ ကျွန်တော့်ကို ခနဲ့တဲ့တဲ့နဲ့.. ငြင်းတော့ မငြင်းရှာဘူး..း) ကိုလေးကြီးရဲ့ BOB သီချင်းတွေလည်း ဒီရက်ပိုင်း ကျွန်တော့်ကို ငွေ့ငွေ့လေး ပြန်လောင်နေတယ်.. (အချိန်ရရင်တော့ reviewလေးလည်း ရေးချင်သေးတယ်)
ပြက္ခဒိန်ပေါ် နံပါတ်တွေကို ထုတ်ရေရင်းက.. စိတ်တွေလည်း တရုတ်ပြည်ရဲ့ ခြေရင်းက ခွာနိုင်ပါ့မလား...

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများသည် ဒြပ်ရှိပြီး၊ သက်မဲ့သောပစ္စည်များ ဖြစ်ကြသည်။

ရုပ်ရှင်ရုံရောက်တိုင်း အောင်လင်း အမြင်ကတ်လေ့ရှိသည့် ထိုင်ခုံများ ရှိသည်။

မောင်မြင့်၏ လက်သုပ်ဆိုင်တွင် ထိုင်ခုံတစ်ချို့မှာ လက်ရာနှင့်အတူ ဟောင်းလျက်ရှိသည်။

လူအမျိုးမျိုး၊ ထိုင်ခုံအထွေထွေ။

ထိုင်ခုံအမျိုးအားကို ကြည့်၍ လူတစ်ဦး၏ အဆင့်အတန်းကို ခွဲခြားနိုင်ပါသလား။

အင်္ဂလိပ်စာ၏ chairman ဆိုသော အသုံးအနှုန်းကို တိုက်ရိုက်ဘာသာပြန်လျှင် ထိုင်ခုံလူကြီးဟု အဓိပ္ပါယ်ရလေသည်။

ထိုင်ခုံတို့ကို လူသတ္တဝါများက ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ထီထွင်ခဲ့ခြင်းဖြစ်လေသည်။ သစ်ပင်များသည်လည်း လူတို့အတွက် ကျောက်ခေတ်မှသည် ယနေ့အထိ မူလလက်ဟောင်း အကျိုးပြု ထိုင်ခုံများ ဖြစ်ခဲ့ကြသည်။ ရုပ်ရှင်ရုံတွင် အောင်လင်း ကြည့်မရသော ထိုင်ခုံများမှာ couple seats ဟု ခေါ်သည့် အတွဲထိုင်ခုံများ ဖြစ်သည်။ အဆင့်အတန်းကို ထိုင်ခုံပေါ်ကြည့်၍ ခွဲခြားမည်ဆိုလျှင် လောကကြီးက သင့်ကို ဝါးလုံးခေါင်းထဲ ဟန်ပါပါပြုံးပြနေသည့် အဆင့်အတန်းတစ်ခုကို လက်ဆောင်ပေးလိမ့်မည်။ ဆိုင်တွင် လက်သုပ်လာစားသော ကျောင်းသူလေးများ ခုံပြောင်းထိုင်ကြသည်ကိုမြင်တိုင်း မောင်မြင့်သည် သူ ငယ်စဉ်က စာသင်ခန်းထဲတွင် ထိုင်လေ့ရှိသည့် တင်ပါးညပ်သော ခုံကလေးကို သတိရမိ၏။

ကမ္ဘာကျော် ဘီလျံနာကြီးမှသည် ပညာရှင်၊ ကုန်သည်ပွဲစား အလယ် ခေါင်းထိုးရွက်ဖျင်ဈေးသည်နှင့် သူဖုန်းစားအဆုံး ထိုင်ခုံတစ်လုံးကိုတော့ ထိုင်ခဲ့ဖူးကြသည်။ အနော်ရထာထိုင်သော ထိုင်ခုံကို ပလ္လင်ဟု ခေါ်တွင်၍ ကျွန်တော်ထိုင်သော ခုံကိုမူ ကုလားထိုင်ဟု ခွဲခြား ခေါ်ခံခြင်းအတွက် ကျွန်တော် ဝမ်းမနည်းဖူးပါ။ ထိုင်ခုံများပေါ်ပေါက်ရာသမိုင်းတွင် ကျောက်တုံးများသည် ပထမဆုံး ထိုင်ခုံလုပ်နည်း အတွေးကို ပေးခဲ့ဟန် ရှိသည်။ အောင်လင်း မုန်းသော couple seatsများမှာ သူ မနှစ်မြို့သလောက် သူ့ဘဝတွင် အထိုင်ချင်ဆုံးနှင့် တစ်ခါမှ မထိုင်ဖူးသေးသော ထိုင်ခုံအမျိုးအစားတစ်ခုဆိုလျှင်လည်း မမှားပေ။ ထိုရည်မှန်းချက်၏ အကောင်အထည်အဖြစ် တစ်လတိတိ အချိန်ယူရေးလျက်ရှိသော မယ်လေးခင်ကို ပေးဖတ်မည့် ရည်းစားစာတစ်စောင် ဒိုင်ယာရီထဲတွင် ခေါက်လျက် ရှိနေပြီဖြစ်သည်။ ဆရာဝန်မလေး မသန္တာသည် သူ့မ၏ ဆေးခန်းရှိ လူနာစောင့် ခုံတန်းရှည်လေးကို ပြန်ပြင်ရန် ဈေးသွားခါနီး အဒေါ်အား လိုအပ်သည့် ပစ္စည်းများ (သို့မဟုတ်) လိုအပ်သည်များ မှာကြားနေ၏။

သမိုင်းဦးခေတ် မူလအသုံးပြုရာ ကျောက်တုံးများမှစ၍ သံ၊ သစ်သား၊ ပလတ်စတစ်၊ ဝါး၊ ကြိမ်၊ ဆိုဖာ၊ သားရေများအထိ ထိုင်ခုံတစ်လုံး၏ ဖွဲ့စည်းရာ၌ အဓိကပစ္စည်းများအဖြစ် ပါဝင်လာခဲ့ကြသည်။ နည်းပညာသစ်များဖြင့် ပေါင်းစပ်ကာ နတ်တို့ မလိုက်နိုင်သော လူ့အလိုကို လူအချင်းချင်းလိုက်ရန် ကြိုးစားနေကြသည်။ အောင်လင်းသည်လည်း သူ၏ ရည်းစားစာ project သို့ သူငယ်ချင်း ကဗျာဆရာ ဇော်မိုးကို အကူအညီအဖြစ် ဖိတ်ခေါ်ကာ due date သတ်ရန် ကြိုးစားနေလေသည်။ မောင်မြင့်၏ စာသင်ခန်းတွင် ထိုင်ခဲ့သော ခုံလေး၏ မျက်နှာပြင်မှာ နဂိုက သစ်သား သုံးပြား ဆက်ထားသော မျက်နှာပြင်တစ်ခု ဖြစ်၍ အချိန်ကြာလာသောအခါတွင်မူ သံများလျော့ရဲကာ အဆက်နေရာများက ပိုဟလာပြီး တင်ပါးကို ညှပ်မိနေခြင်းဖြစ်သည်။ ထို့ကြောင့် သတိထား ထိုင်နေရသည်။ ဒေါက်တာသန္တာ၏ ခုံတန်းရှည်လေးမှာ နောက်တစ်နေ့ နံနက်တွင် တစ်ဦးတည်းသော သမီးရှင် ဦးဘဝင်း၏ အိမ်ရှေ့၌ စာနှင့်တကွ ရောက်လျက်ရှိသည်။ ထိုစာမှာ “တုံကင်ယူ၍ တန်းစီပါ” ဟူ၍ ဖြစ်လေသည်။

ထိုနေ့က အောင်လင်း၏ တစ်လေကျော်ကြာ couple seat စီမံကိန်းကြီးလည်း ဆုတ်ဖြဲခံခဲ့ရသော ရေမွှေးစက္ကူစများနှင့်အတူ မယ်လေးခင်၏ ဖိနပ်အောက်တွင် ကျိုးကြေ ကြေမွ ပျက်စီးခဲ့လေသည်။ တရားခံမှာ ရည်းစားစာ စကားလုံးများကို rap သီချင်း စာသားများမှ ဇော်မိုးက ကူးယူခဲ့ခြင်းကို
hip-hop ဂီတ ပရိတ်သတ်တစ်ယောက်ဖြစ်သော မယ်လေးခင် သိနေခြင်းကြောင့် ဖြစ်လေသည်။ ထိုင်ခုံများ ဖန်တီးရာ ပုံစံနှင့် ဒီဇိုင်းတွင်လည်း အစက ရိုးရှင်သော ခြေလေးချောင်းထောက် ခွေးခြေများမှသည် ဆုံလည်ကုလားထိုင်များ၊ ခြေထောက်တင်နိုင်သော၊ ကျောခင်း နောက်မှီနိုင်သော၊ ကြွက်သားများကိုပင် အလိုလျောက် နှိပ်ပေးနိုင်သော နောက်ဆုံးပေါ် ထိုင်ခုံများအထိ နည်းပညာသစ်များ၏ စွမ်းပကားဖြင့် ပေါင်းစပ်တီထွင်မှုများ ရှိလာခဲ့သည်။ ဘီလျံနာကြီးသည် အလုပ်စားပွဲရှိ ထိုင်ခုံကို အနည်းဆုံး တစ်လတစ်ခါမှသာလျင် အသစ်လဲနိုင်သော်လည်း လမ်းဘေး ဈေးသည်များမှာ တစ်ရက်တစ်ခါ ထည်လဲ ပြောင်းနိုင် နေသည်ကို တွေ့ရသည်။ သူတို့၏ ထိုင်ခုံများမှာ တစ်ခါတစ်လေ ခွေးခြေအပု၊ တစ်ခါတစ်ရံ ဖက်ရွက်ခင်း၊ တစ်ခါတစ်လေ ဂုန်နီအိတ်၊ တစ်ခါတစ်ခါ ကတ်ထူပြား၊ တစ်ခါတစ်လေ ဖိနပ်ခုနှင့် သံမံတလင်း၊ ပလက်ဖောင်း အစသဖြင့် တစ်နေ့တစ်မျိုး မရိုးအောင် လဲနိုင်ကြပေသည်။

သူများတွေလို အတန်းမစမီ ခုံအကောင်းနှင့် လဲထားရန်မှာလည်း ကျောင်းပုံမှန် နောက်ကျလေ့ရှိသော မောင်မြင့်အဖို့ မဖြစ်နိုင်။ မျက်မှန်ဝယ်ရန် မတတ်နိုင်သော သူ့အတွက် အတန်းရှေ့က ထိုခုံနေရာလေးသည် တကျီကျီ (သို့မဟုတ်) တကျွီကျွီမြည်သံနှင့် မြေဖြူမှုန့်ရှူ၊ သင်ပုန်းဖျက်၊ တင်ပါးညပ်ရုံမှလွဲ၍ အားလုံး အဆင်ပြေ၏။ ၂၀၁၀ခုနှစ်တွင် သိပ္ပံပညာရှင်များက မည်ကဲ့သို့သော ထိုင်ခုံအသစ်အဆန်းများကို တီထွင်အုံးမည်နည်း။ ဦးဘဝင်းလည်း ခုံနှင့်စာကို မြင်လျှင်မြင်ချင်းပင် ဒေါသထွက်လျက် အနီးရှိ ခွေးခြေအပုလေးကို ပိတ်ကန်လိုက်ရာ အစထွက်နေသော သံစနှင့် ခြေထောက် ခြစ်မိပြီး ထိုနေ့အဖို့ မသန္တာ၏ ဈေးဦးပေါက်လူနာ ဖြစ်ခဲ့လေသည်။ (ဆေးထိုးအပ်ထဲမှ ဆေးရည်မှာ မေးခိုင်ကာကွယ်ဆေးဟု ဖော်ပြရန် လိုအပ်မည် မထင်ပါ၊ သို့သော် အစစ်ဖြစ်ကြောင်း အာမ မခံ။)

သေချာကြည့်လျှင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည်လည်း တိုက်တာ အဆောက်အဦး၊ မြစ်ပင်လယ်နှင့် တောင်တန်းများ စုပြုံနေထိုင်ရာ ထိုင်ခုံကြီးတစ်လုံး ဖြစ်လေသည်။ ကျွန်တော့်အဖို့ မြင်းများမှာမူ ဒြပ်လည်းရှိ၊ အသက်လည်းရှိ၍ လိုက်ပါစီးနင်း ရွေ့လျားနိုင်သော ထိုင်ခုံများနှင့် တူသည်။

သူတောင်းစားတို့အတွက် အလုပ်ချိန်အတွင်း လိုက်ဖက်သော ထိုင်ခုံမှာ မပြောင်းလဲသော မြေကြီး ဖြစ်လေသည်။ သို့သော် ထိုင်ခုံတစ်ချို့ပေါ်တွင် ထိုင်နေသော သူတောင်းစား တစ်ချို့လည်း ရှိသည်။

Saturday, December 13, 2008

Diary 14.12.08

မနေ့ကတော့ mid-term စာမေးပွဲတစ်ခု ပြီးသွားလို့ အခု break (၂)ပတ် ရထားတယ်.. ဒီတစ်ခါ စာမေးပွဲက မေးခွန်းတွေ အများကြီး လှည့်တာ မပါလို့.. မဟုတ်ရင် ကျွန်တော်တော့ မဖြေနိုင်တာနဲ့တင် holiday လည်း ဘယ်လိုပြီးသွားမှန်း သိမှာမဟုတ်ဘူး.. ဒီ semester လောက် ကျွန်တော် စာမလုပ်တာ ဒီ semester ပဲ ရှိမယ်.. စာမေးပွဲအနားနီးတော့မှ ကပ်ကြည့်ရတာတွေချည်းပဲ.. ကျွန်တော် စာဖက်မှာ တော်တော်လေး လျော့နေပြီ.. ကိုယ့်ဟာကိုလည်း သိနေရက်နဲ့.. ဒါတောင် သူငယ်ချင်းတစ်ယောက်နဲ့ စာအုပ်လဲထားတော့ သူရဲ့ သေချာလိုက်မှတ်ထားတဲ့ notesတွေနဲ့ မေးခွန်းဟောင်းတွေ လေ့လာဖို့ ရှိနေလို့.. သူ့ကို ကျေးဇူးတင်ရမယ်..ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ရတယ်.. မဟုတ်ရင် ကျွန်တော် အောင်ဖို့တောင် မျှော်လင့်ရဲမှာ မဟုတ်ဘူး.. နောက်ပြီး ဒီလ အကုန်ပိုင်းလောက်မှာ နောက်ဆုံးနှစ်အတွက် အထူးပြု ဘာသာရပ်တစ်ခုလည်း ရွေးရမယ်.. လေကြောင်းနဲ့ ပတ်သက်တာ ယူဖြစ်ဖို့များနေတယ်.. လောလောဆယ် ကျွန်တော့်ကို ဆွဲဆောင်နေတာတော့ အဲဒီတစ်ခုနဲ့ Automation ပဲ.. ဒါနဲ့ စာမေးပွဲရက်အတောအတွင်းက ဝထ္ထုတစ်ပုဒ်ရေးဖို့ idea ရခဲ့တယ်.. အခုတော့ စရေးဖြစ်နေပြီ.. ဒါပေမယ့် ကျွန်တော် နိုင်မနိုင်မသေချာသေးဘူး.. အကြောင်းအရာရှိပေမဲ့ ဆင်ပြီးရေးရတာ ကျွန်တော့်အတွက် တော်တော် ခက်တယ်..

ဒါနဲ့ စကားမစပ်.. Html မှာ ကျွန်တော် ရှာနေတဲ့ coding လေးတစ်ခုကို ဒီနေ့ တွေ့ခဲ့တယ်.. အဲဒီကောင်က ဘယ်လို အလုပ်လုပ်လဲဆိုတော့ ပုံမှန် URLတွေကို လင့်ခ်ချိတ်ပြီး တက်လာတဲ့အခါ New Pageက နဂို page ပေါ်မှာ ထပ်မသွားဘဲနဲ့ browser အသစ် ဒါမှမဟုတ် tab အသစ် တစ်ခုအနေနဲ့ တက်လာတာပါ.. ဒါကို ကျွန်တော့် side barက Blogs တွေကို လင့်ခ်ထားတဲ့နေရာမှာ တွေ့နိုင်ပါတယ်.. ပုံမှန်အတိုင်းဆို click နှိပ်လိုက်တဲ့အခါ ကျွန်တော့် pageကို ဖုံးသွားပြီး အသစ်စာမျက်နှာတစ်ခု တက်မှာပါ.. အခုတော့ နောက် tab တစ်ခု အနေနဲ့ တက်ပါတယ်.. ဒီကုဒ်ဒင်း မသုံးဘဲ အရင်အဟောင်း ကုဒ်ဒင်းကိုပဲ right click နှိပ်ပြီး new window/tab ရွေးရင်လည်း အတူတူပါပဲ.. အဲဒီ ထပ်ဖြည့်ပေးရမယ့် ကုဒ်ဒင်းလေးကတော့ target="_blank" ။ သူ့ကို ကူးယူပြီး ပုံမှန် ချိတ်နေကျ ကုဒ်ဒင်းရဲ့ URL အနောက်မှာ ကပ်ထည့်ပေးရုံပါပဲ.. အောက်ပါအတိုင်းပါ..

Normal coding

[a href="http://www.eduking.blogspot.com/"]eduking[/a]


Modified coding

[a href="http://www.eduking.blogspot.com/"target="_blank"]eduking[/a]

ဒီနေရာမှာ “<” နဲ့ “>” နေရာမှာ “[” နဲ့ “]” အသုံးပြုထားပါတယ်.. ဒါကြောင့် ကူးယူတဲ့အခါ ဒီ signs လေးတွေကို ပြန်ပြောင်းပေးဖို့တော့ လိုအပ်ပါတယ်..

ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ လင့်ခ်ကင်းနိုင်ကြပါစေ..း)

Friday, December 5, 2008

Poem part- 17

ဒီကဗျာလေးကို ကျွန်တော် မေလ (၁၂)ရက်နေ့လောက်က ရေးခဲ့တာ.. လက်ရှိ IT Age မင်းခယောက်ျားတွေအတွက် ကိုယ်စားပြုပေါ့.. ကျွန်တော်ကတော့ အခု အဲဒီအထဲက နှုတ်ထွက်တော့မလို့.. :D

အဝေးရောက် ဝန်ခံချက်

အနေတွေ ဝေးပေမယ့်
သွေးတွေတော့ နွေးနေဆဲပဲ..

တင်ပို့ရန် ကဗျာတွေ
ဘယ်လို ရေးရမလဲ..

အခုလိုအချိန်…
နှစ်ကိုယ်ဝေးကြဆဲ..
(ရကောက် ဆိုသော
အပျိုလေးက မရှိ)
ဒဏ်ရာတွေက
ကြိုးဘယ်လိုပေးကြမလဲ
မသိရပေမယ့်
သတိရခြင်းတွေ အတွက်
အဆာဖြေရာ

နင်တစ်ယောက်ထဲပဲ
ဒီကမ္ဘာမြေမှာ ရှိပါတယ်…

တယ်လီဖုန်းတွေ ပျက်၊
chatting တွေလည်း မတက်ဖြစ်တဲ့အခါ
အိပ်မက်တွေကို တံခါးခေါက်ခွင့်တော့ပြုပါ၊
မိန်းကလေး...

အထိအတွေ့လေးတွေနဲ့ ဝေးလို့
သတိမေ့ဆေးတွေလည်း ပေးဖို့
ည တစ်ကောင်ဟာ
ငါ့ကို ကြိုးစားနေလေရဲ့ ။



Tuesday, December 2, 2008

မယ်Ting

အခုတလော.. ဘာရယ် မဟုတ်ဘူး.. ကျွန်တော် ဟာသပိုစ့်တွေ ရေးဖြစ်နေတယ်.. (အကြောင်းကြောင်းကြောင့် ဒီBlogမှာ မတင်ဖြစ်ပေမဲ့လို့) တနေ့ကပဲ.. မယ်တင်ဆိုတဲ့ သီချင်းလေး ပြန်နားထောင်ရင်းနဲ့ စိတ်ထဲ ဟာသဆန်ဆန် idea လေးတွေ ပေါ်လာတယ်.. အဲဒါနဲ့ သီချင်းအလိုက်ကို ကျွန်တော် စဉ်းစားမိတာလေးတွေနဲ့ လိုက်ဖြည့်ရေးလိုက်တယ်.. သံဇဉ်မသိဘဲ ဖတ်ကြည့်ရင်လည်း သူက ကဗျာလေးတစ်ပုဒ်လိုပါပဲ.. ပြင်ထားတဲ့အကြောင်းအရာကိုတော့ စင်္ကာပူမှုပြုထားတယ်ပေါ့ဗျာ..
နာမည်ကိုတော့ မယ်Tingလို့ ပြင်ပေးလိုက်တယ်.. စင်္ကာပူနဲ့ မရင်းနှီးတဲ့ သူတွေအတွက်ကိုတော့ နောက်ဆုံးမှာ ကျွန်တော် တတ်နိုင်သလောက် ပြန်ရှင်းပေးထားပါတယ်..
ပေါ့ပေါ့ပါးပါးပေါ့ဗျာ...း)

မယ်Ting
အရင်လိုပါပဲ.. လူတွေကြားထဲ
MRT တိုးဝှေ့စီးရင်းနဲ့
အရင်လိုပါပဲ.. အသံကြောင်တတ်တဲ့
Nokia Ringtone စမ်းနေတယ်..

အရင်လိုပါပဲ.. Yong Tau Fu ထဲ
ကြုံရာ ငါ ပစ်ထည့် ဝါးရင်းနဲ့
အဆင်ပြေတော့လည်း
ငါထွေနေရင်းနဲ့ ..
မယ်ting.. ငါ နင့်ကို လွမ်းပါရဲ့..

ရောင်နီလာတဲ့
Game ကစားအပြီးမှာ လွမ်းတယ်..
နေညိုရင်လည်း
Orchard road က လွမ်းတယ်..
Burger ကိုက်ရင်း
Coke သောက်ရင်း.. ငါ လွမ်းတယ်..
မယ် ting.. ငါလည်း နင့်ကို လွမ်းပါတယ်..

အရင်လိုပါပဲ..
Maria Bayလည်း
Weather အစုံ.. လင်းလက်တောက်ပဆဲ..
အိမ်ပေါ်မှာလည်း
ငါ ကောက်ထားတဲ့
အိမ်အပြင်က ခုံတွေ ရောက်နေတယ်..

မရည်ရွယ်ပါဘဲ.. ငါ ပေါင်ဖြစ်သွားတဲ့
နင်မှန်မှန် chat တဲ့ MacBookလည်း..
အဆင်ပြေမှပဲ.. ငါ ပြန်ရွေးမယ်..
မယ်ting.. နင် ငါ့ကို စိတ်မကုန်နဲ့...

Battery ကုန်နေတဲ့
Handphone ကြီးက လွမ်းတယ်..
ယောင်ချာချာပဲ
'ရသ' သီချင်းနဲ့ လွမ်းမယ်..
Lecture လိုက်ရင်း
အိပ်ငိုက်ရင်း.. ငါ လွမ်းမယ်..
မယ်ting.. ငါလည်း နင့်ကို လွမ်းပါရဲ့..

ဒီလိုနဲ့ပဲ..
Bills တွေပို့တဲ့
Companyက မေးငေါ့ နှာခေါင်းရှုံ့တယ်..
နင်ပြန်လာမှ.. အကုန်လိုက်တောင်းမယ့်
ငါယူတဲ့ အကြွေးတွေ
ဝိုင်းနေတယ်...

အရင်လိုပါပဲ..
Terminal one ထဲ
ငါ မှိုင်တွေ ငေးမောရင်းနဲ့ပဲ..
အဆင်ပြေရင်တော့
ငါ သိပ်လွမ်းလို့..
Changi အပြန်..
နင့်ကို တွေ့ချင်တယ်..

UOBလည်း
အကြွေးတောင်းရအောင် လွမ်းမယ်..
Cinemaက hot dog ကြီးလည်း လွမ်းမယ်..
Bloggerတွေလည်း အတင်းပြောရအောင် လွမ်းမယ်...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...

Battery ကုန်နေတဲ့
Handphone ကြီးက လွမ်းတယ်..
ယောင်ချာချာပဲ
ရသ သီချင်းနဲ့ လွမ်းမယ်..
ဖုန်တင်နေတဲ့
Lotionဘူးတွေ လွမ်းမယ်..
မယ်ting.. ငါလည်း နင့်ကို လွမ်းပါရဲ့..

မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...

အရှင်း
MRT = စင်္ကာပူမှာ သုံးတဲ့ မီးရထားအမျိုးအစားပါ (Massive Rapid Train)
Yong Tau Fu = ကိုယ်နှစ်သက်ရာ အသားတို့၊ အရွက်တို့ကို ရွေးပြီး အသုပ်(သို့) ဟင်းရည်အဖြစ် စားကြတဲ့ အစားအစာ နာမည်တစ်ခုပေါ့..
Marina Bay = စင်္ကာပူရဲ့ အထင်ကရ နေရာတစ်ခုပါ..
Changi = စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်

သြော်.. ဒါနဲ့ ကျွန်တော် စာမေးပွဲတစ်ချို့ရှိနေလို့ ဒီဇင်ဘာ(၁၃)လောက်အထိ ခွင့်ယူချင်တယ်ဗျာ..
အဲဒီမတိုင်ခင်.. ကဗျာတစ်ပုဒ်တော့ အပြီးသတ်ဖြစ်ရင်.. တင်ဖြစ်ပါမယ်..

Wednesday, November 26, 2008

Diary 26.11.08

ဒီနေ့ စင်္ကာပူမှာရှိတဲ့ Alliance Francais (ပြင်သစ်အဖွဲ့အစည်း) ဆီ အလည်ရောက်ခဲ့တယ်.. ညနေ အတန်းပြီး (၃)နာရီလောက်ကနေ ည(၁၀)နာရီလောက်မှ အိမ်ပြန်ရောက်တယ်.. ပြင်သစ်ယဉ်ကျေးမှု၊ ပြင်သစ်ဘာသာရပ်နဲ့ ပတ်သက်ပြီး အသိတွေ ပေးတဲ့နေရာပေါ့။ အဲဒီမှာ စာကြည့်တိုက်ရယ်၊ စာသင်ခန်းတွေရယ်၊ ကော်ဖီဆိုင်ရယ် ရှိတယ်။ စာကြည့်တိုက်ထဲ ဝင်ကြည့်တော့ ကျွန်တော်တို့ ဗမာပြည်အကြောင်း စာအုပ်တွေလည်း တွေ့ခဲ့ရလို့ ဝမ်းမြောက်မိတယ်... ဓါတ်ပုံတွေလည်း ဝေဝေဆာဆာနဲ့.. ကျွန်တော်တော့ ပြင်သစ်ဘာသာ မဖတ်တတ်တာနဲ့ ဓါတ်ပုံတွေ အဝကြည့်ခဲ့တယ်.. တချို့ပုံတွေဆို ရှားပါးစာရင်းတောင် ဝင်ကောင်းဝင်နိုင်တယ်..ခေတ်ဟောင်း မြင်းလှည်းပုံတွေ၊ ဘစ်ကားအိုကြီးတွေ၊ အနယ်နယ် အရပ်ရပ်က ဘုရားပုထိုးတွေနဲ့ မြင်နေကျမဟုတ်တဲ့ ရှေးခတ် နန်းတွင်း ဓါတ်ပုံတစ်ချို့တောင် တွေ့ခဲ့ရပါတယ်.. ညနေ(၆)နာရီလောက်ကျတော့ ကျွန်တော်တို့ကျောင်းက အဖွဲ့ကို အခမဲ့ အတန်းတစ်ချိန် တက်ခွင့်ပေးပါတယ်.. နည်းနည်းတော့ ပျင်းဖို့ကောင်းခဲ့တယ်..
သူတို့သင်နေတဲ့အဆင့်က ကျွန်တော့် level နဲ့ မလိုက်နိုင်သေးဘူး.. ပုံမှန် အဲဒီမှာ အတန်းတက်မယ်ဆိုရင်တော့ သင်တန်းကြေးက မနည်းပါဘူး။(၁)ပတ် တစ်ချိန်(၂)နာရီနဲ့ (၂)လစာ အတန်းတစ်ခုကို စင်္ကာပူဒေါ်လာ (၂၄၀) ပေးရပါတယ်.. နှစ်ချိန်စာဆိုရင်တော့ (၃၄၀)ပါတဲ့.. ဒါနဲ့ ကျွန်တော်တို့ ဗမာပြည်မှာလည်း အဲဒီအဖွဲ့အစည်း ရန်ကုန်မှာ ရှိတယ်လို့ သိရတယ်.. သင်တန်းကြေးတွေတော့ ဘယ်လောက် ရှိတယ်မသိ..

အိမ်ပြန်ရောက်တော့ ည(၁၀)နာရီထိုးနေပြီ... ကွန်ပြူတာနဲ့ (၂)ရက်လောက် ဒေါင်းထားတဲ့ ရုပ်ရှင်လေးတစ်ခု ပြီးနေတာနဲ့ အားရဝမ်းသာ ဖွင့်ကြည့်လိုက်တော့ ဖိုင်က ဖွင့်မရ ဖြစ်နေတယ်..
အခုတလောမှ ရုံတင်တဲ့ ကျွန်တော် အရမ်းကြည့်ချင်နေတဲ့ actionကားတစ်ကားပေါ့.. ကျွန်တော်ကြိုက်တဲ့ Leonardo ပါလို့ပါ.. သူ့ရဲ့ actingတွေကို Blood Diamond မှာ စလို့ တော်တော်လေး သတိထားမိတယ်.. The Departedမှာလည်း မိုက်တယ်.. ဒီကောင်က လူလည်လုပ်တဲ့ နေရာတွေမှာ သရုပ်ဆောင်ရတာ သိပ်ပိုင်တယ်.. ရုပ်ရှင်ကို ဖွတ်ကလိဒေါ်လာမကုန်ဘဲ အိမ်မှာများကြည့်ရမလားလို့...ပိုက်ဆံက အခုတလော တော်တော်ကုန်နေတယ်.. ကျွန်တော် အစားကြီးတာရယ်၊ နောက် စိစိစစ်စ်သုံးတဲ့ အကျင့်မရှိတာရယ်ကြောင့်..
အခုလာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက်တောင် ပြန်ချင်ပေမယ့်၊ ဒီပုံစံအတိုင်းဆို မပြန်ဖြစ်လောက်တော့ဘူး.. လေယာဉ်ခရီးကလည်း သိပ်ဈေးကြီးနေတယ်.. ပြန်ချင်ရတဲ့ ရည်ရွယ်ချက်က ဒီဇင်ဘာဆို ဟိုမှာ (ရာသီဥတုအရ) နေလို့ကောင်းမယ် ထင်တာရယ်၊ ရှုပ်နေတဲ့ စိတ်တွေကို ခဏလောက်ပဲ ဖြစ်ဖြစ် အပန်းဖြေချင်တာရယ်ကြောင့်ပါ..

ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ "ပြည်မှာ.. ဆောင်း" အိပ်မက်လေး ပျက်ပြယ်ခဲ့ပေါ့..
ဒီဇင်ဘာ (၁၃)နောက်ပိုင်း စင်္ကာပူ-မြန်မာ လေယာဉ်လက်မှတ်အပိုလေးများ ကောက်ရရင် ကျွန်ုပ် edukingထံ အကြောင်းကြားနိုင်ပါကြောင်း...

Tuesday, November 18, 2008

Poem part- 16

စရေးခဲ့တဲအချိန်က တွက်ရင် ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တာ ကြာပါပြီ..
မကြိုက်တာတွေဖြုတ်လိုက်၊ အိုင်ဒီယာ မထွက်လိုက်နဲ့ အချိန်တော်တော် ယူသွားတယ်..
တစ်နေ့ကမှ project လုပ်နေရင်းနဲ့ ပြန်ရေးဖြစ်တာ..
စလုံးသူငယ်ချင်းရှေ့မှာ ခပ်တည်တည်နဲ့.. ဘာလုပ်နေတာလဲ မေးတော့ research လုပ်နေတာပါဆိုပြီး..

Virus တိုက်ပွဲ


ဒီပြဿနာဟာ
လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကပေါ့..


လွတ်လပ်ရေး Hard disk ပေါ်က
နယ်ချဲ့ယန္တရားကို remove လုပ်ပြီးမှ
local virus ဝင်ကိုက်ခံရတဲ့ အဖြစ်လိုမျိုး


မညီတဲ့ အသံတွေ
မမှီတဲ့ ဥာဏ်တွေကြားက
errorတွေကို ဖယ်ရှာနေဆဲ..
အောင်မြင်မှုအတွက်
တော်လှန်ရေး program တစ်ခု ရှိတယ်။

အနီးကပ်နဲ့ အဝေးပစ်
သံတိုင်.. အတွင်း/အပြင်
သက်ရှိရော သက်မဲ့အဖြစ်ပါ
နှုတ်မထွက်သေးတဲ့
programmer တွေလည်း ရှိတယ်။


ပျက်နေတဲ့ မီးတွေကြောင့်
ရပ်ခဲ့ရတဲ့ ခရီးများစွာ ရှိတယ်


ကောက်မကုန်တဲ့ အလောင်းတွေကြား
ပြန်မဆက်နိုင်တဲ့ လှော်တက်တွေနဲ့
ဆန်တက်ရတဲ့ မြစ်တစ်စင်း ရှိတယ်


ထောင်ပစ်လိုက်တဲ့ ကျည်ဆံတွေကြောင့်
ကြွေကျသွားတဲ့ ကြယ်တွေရဲ့
တရားမဲ့ နိဂုံးနဲ့
ပစ္စုပ္ပန်တွေ ရှိတယ်


တိုက်စားခံ motherboard ပေါ်က
နှိုက်သွားတဲ့
လွတ်လပ်ရေး spaceတွေအတွက်
ပြန်လည် ရယူပိုင်ခွင့်တွေလည်း
အပြည့်ရှိတယ်


programmer နဲ့ virus ကြား
စွန့်လွှတ်မှုနဲ့ ယုတ်မာမှုတွေ
အစွန်းရောက်
နှိုင်းစရာ..
အတိုင်းအတာတွေ မဲ့နေချက်က..


တရားစကားနဲ့ မလုံလောက်လို့
ဓါးသွားနဲ့ အကုန်ကြောက်အောင်
ခြောက်ရတော့မယ့်...


မိုက်မဲမဲ..
ဗိုက်ရွဲရွဲ virus တွေနဲ့
မစဲသေးတဲ့ တိုက်ပွဲတစ်ပွဲ... ။

Friday, November 7, 2008

Diary 7 Nov

အခုရက်ပိုင်းမှာ ကျွန်တော် စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ရှိတယ်။ အဲဒါကတော့ မှန်ပေါက်ကလေးထဲကနေပြီး မြင်ကွင်းတွေကို ချောင်းကြည့်ရတဲ့ ဓါတ်ပုံပညာ ပေါ့။ အဓိကတော့ ကင်မရာတွေနဲ့တွဲပြီး ဓါတ်ပုံဘက်ကို စိတ်ပါလာတာ.. အရင်လက လုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်ထဲမှာ ကျွန်တော့်နေရာက ကင်မရာတွေ ရောင်းတဲ့ station နဲ့ နီးတော့ အဲဒီကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့ဆီကနေ နည်းနည်းပါးပါး တီးမိ ခေါက်မိလာတယ်.. ဓါတ်ပုံပညာအကြောင်းတော့ လုံးဝကို မသိသေးဘူး.. အဲဒါကြောင့် လက်ဆော့ရင်း သင်ဖို့ ကင်မရာလေးတစ်လုံးလောက် ဝယ်မလား စဉ်းစားမိတော့.. ဈေးက စင်္ကာပူဒေါ်လာနဲ့ဆို ၃၉၉တဲ့.. ကျွန်တော် ခိုက်နေတဲ့ ကင်မရာလေးလေ.. (DSLR (digital Single Lens Reflex) ဆိုတာ Professional ကင်မရာသမားတွေ အများစု အသုံးပြုတဲ့ (အလွယ်ပြောရရင်) မှန်ပြောင်းတွေ တပ်ပြီး သုံးလို့ရတဲ့ ကင်မရာပေါ့..) သူက DSLR တော့ မဟုတ်ပါဘူး.. Zoom 12x အထိရပြီး.. Mega pix 10 နဲ့ ISOကတော့ 3200..ပေါ့ ။

လောလောဆယ်တော့ ဝယ်နိုင်ဖို့ ဝေးနေသေးတယ်.. ဒါပေမယ့် ကင်မရာနဲ့ ဓါတ်ပုံပညာအကြောင်းတော့ လေ့လာဖြစ်မယ်ထင်တယ်.. နောက်ပြီး အနုပညာဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကို အခုနောက်ပိုင်း ပိုမြင်လာတယ်.. တကယ်တမ်းတော့ အားလုံးဟာ Presentation တွေပါပဲ.. ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ဖန်တီးပြသနိုင်သလို ရုပ်ရှင်နည်းပညာတွေ အသုံးပြုပြီး ကဗျာတွေကို ခြယ်မှုန်းနိုင်လာတော့ တွေ့ရတယ်.. နောက်ပိုင်း ကျွန်တော် ကဗျာတွေရေးဖြစ်တဲ့ အခါမှာလည်း စကားလုံးအလှအပထက် သဘာဝကျမှုကို ဦးစားပေးလုပ်ဖို့ စဉ်းစားထားတယ်.. ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျွန်တော့်ကဗျာထဲက သရုပ်ဆောင်တွေကို over-acting တွေ ပေးမလုပ်တော့ဘူး.. လေ့လာမှုအပိုင်းမှာ ကျွန်တော် အားနည်းနေပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်တယ်.. ဆရာဇေယျာလင်းရဲ့ ဘာသာပြန်စာအုပ်တစ်ခုမှာ ဖတ်ဖူးတာတော့ တရုတ်လူမျိုး နာမည်ကျော် ကဗျာဆရာတစ်ဦးဖြစ်တဲ့ Bei Daoက သူရဲ့ ကဗျာတွေထဲမှာ ရုပ်ရှင်တက္ကနိဖြစ်တဲ့ Montage (ပြကွက်တစ်ခုတွင် အခြားပြကွက် (သို့မဟုတ်) အခြားပြကွက် အစိတ်အပိုင်းကို ပေါင်းစပ်ထည့်သွင်းခြင်း) ကို တွင်တွင်သုံးပါတယ်တဲ့။

သြော်.. ဒါနဲ့ စကားမစပ်.. ကျွန်တော်တို့ စင်္ကာပူမှာရှိတဲ့ Polyကျောင်းပေါင်းစုံက မြန်မာကျောင်းသားတွေ စုပြီး Interpoly ဘောလုံးပွဲ Leagueလေးတစ်ခုကို အခု နိုဝင်ဘာလထဲမှာ လုပ်ဖြစ်တယ်.. စုစုပေါင်း အသင်း (၅)သင်းပါဝင်တယ်.. ကျောင်းတွေကတော့ Singapore Poly, Ngee Ann Poly, Temasek Poly, ကျွန်တော်တို့ Nanyang Polyနဲ့ Nanyang Technological Universtiy တွေပေါ့။ ကျွန်တော်တို့ ကျောင်းကတော့ Singapore Poly နဲ့ အဖွင့်ပွဲမှာ ၇ဂိုး ၁ဂိုးနဲ့ ရှုံးသွားတယ်.. ဒါပေမယ့် အသင်းသားတွေ အားလုံး စိတ်မပြတ်ကြဘူး.. အားလုံးဟာ ကြိုးစားလိုစိတ်တွေ ပိုတက်လာကိုတောင် တွေ့ရတယ်.. ကျွန်တော်တို့ ကိုယ်တိုင်ဖွဲ့ခဲ့ရတဲ့ အသင်းအတွက် ကျွန်တော် အရမ်းဝမ်းသာတယ်.. ဒီအသင်းကြောင့် ကျွန်တော်တို့တွေကြား တစ်ဦးနဲ့ တစ်ဦး အသင်းစိတ်ဓါတ်တွေ၊ နားလည်မှုတွေ ပိုရလာတယ်..အဲဒီနေ့က လာအားပေးတဲ့ ပရိတ်သတ် အင်အား အဲဒီလောက်ထိ ကျွန်တော် ထင်တောင် ထင်မထားမိတာ အမှန်ပဲ.. ရှုံးပေမယ့်လည်း လာအားပေးကြတဲ့ သူငယ်ချင်း ပရိတ်သတ်တွေ၊ ကစားသမားတွေ အချင်းချင်းကြား အပြစ်တင် ပြောတာမျိုး မရှိခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်.. တကယ်တော့ ကျွန်တော်တို့ အသင်းဟာ ဒီleagueဖြစ်ပြီဆိုမှ စဖွဲ့ခဲ့တဲ့ အသင်းပါ။ အဲဒီအတွက်ကြောင့် နည်းစနစ်ပိုင်း၊ training ပိုင်းမှာ တခြားအသင်းတွေထက် အားနည်းခဲ့တာ အမှန်ပဲ.. ကစားသမားအများစုက ကိုယ့်ကျောင်းဆိုတဲ့ စိတ်ဓါတ်ကလေးတစ်ခုနဲ့ ဝင်ကစားပေးကြတာပါ.. ပွဲမစခင် တစ်ပတ်အလိုထိတောင် ကျွန်တော်တို့ဟာ ကွင်းထဲဝင်ဖို့ ပြဿနာတွေနဲ့ ဝတ်စုံတောင် အပြည့်မရှိတဲ့ အသင်းတစ်သင်းပေါ့.. သူငယ်ချင်းတွေရဲ့ လက်ခုပ်သံတွေ.. မခံချင်စိတ်တွေနဲ့ ကျွန်တော်တို့ စည်းလုံးတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါပြီ..

တကယ်တော့ နိုင်ရဲတာမှ မဟုတ်ပါဘူး.. တစ်ခါတစ်လေ ရှုံးဝံ့တာလည်း သတ္တိပါပဲ..

Sunday, November 2, 2008

Tag from သံလွင်Hero

အရှေ့ကခေါင်းစဉ်နဲ့ အတူတူပဲဖြစ်ပြီး.. ဒီတစ်ခုကတော့ သူငယ်ချင်း သံလွင်က heroကြီးဆီက ဒုတိယမြောက် အtag ခံလိုက်ရတဲ့ tagပါ..

(1) Your relationship with him/her is:

Friend who is honest and friendly.


(2) Your five impressions of him/her:

free in lifestyle, honesty, helpful.


(3) The most memorable thing that he/she had done for you:

helping me out when i gotta b homeless


(4) The most memorable thing that he/she had said to you:

I m not sure, man..


(5) If he/she becomes your lover, you will:

kiss him on the cheeks (hahaxx)


(6) If he/she becomes your lover, thing he/she has to improve on will be:

save more money


(7) If he/she becomes your enemy, you will:

keep away from him, lolz


(8) If he/she becomes your enemy, the reason will be:

showing me off the things :D


(9) The most desired thing you want to do for him/her now is:

getting a girlfriend


(10) Your overall impression of him/her is:

Great! he can use his luckiness well..


(11) How you think people around you will feel about you?

quite for some, funny for some, dust for some..


(12) The characteristics you love of yourself are:

good-natured & understandable. Lolz


(13) On the contrary, the characteristics you hate of yourself are:

sometimes introvert, & too flexible


(14) The most ideal person you want to be is:

a contented and positive person


(15) For people who care for and like you, say something to them:

are you sure ?


(16) Pass this quiz to 10 persons that you wish to know how they feel about you?

ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုလည်း ချမ်းသာပေးနော်…း)



Tag from aunty bunny

သူငယ်ချင်းတွေအတွက် tag ရှင်းတမ်းလေးပါ.. ရေးဖို့လုပ်နေတာ တော်တော်ကြာသွားတယ်.. ပထမဆုံးကတော့ bunny လို့ ခေါ်တဲ့ ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်အတွက်ပါ..

(1) Your relationship with him/her is:

Just a friend who have weird understanding with me.


(2) Your five impressions of him/her:

cute height, independence, self-esteem, helpful.


(3) The most memorable thing that he/she had done for you:

cheering me up everytime I am down


(4) The most memorable thing that he/she had said to you:

"i like ur poems" (not exactly, something like that pop)


(5) If he/she becomes your lover, you will:

gotta talk a lots


(6) If he/she becomes your lover, thing he/she has to improve on will be:

fashioning me lolz.


(7) If he/she becomes your enemy, you will:

neglect her.


(8) If he/she becomes your enemy, the reason will be:

misunderstanding (talking me bad behind)


(9) The most desired thing you want to do for him/her now is:

full-filling her wishes like taller height, buying harry poter things.. hahax

sharing opinions on people, things, abstracts


(10) Your overall impression of him/her is:

(I don't wanna comment people, girl..) for her, she is like kind of durian (soft in inner mind, covered with hardness on the surface)


(11) How you think people around you will feel about you?

quite for some, funny for some, dust for some..


(12) The characteristics you love of yourself are:

good-natured & understandable. Lolz


(13) On the contrary, the characteristics you hate of yourself are:

sometimes introvert, & too flexible


(14) The most ideal person you want to be is:

a contented and positive person


(15) For people who care for and like you, say something to them:

are you sure ?


(16) Pass this quiz to 10 persons that you wish to know how they feel about you?

ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုတော့ ချမ်းသာပေးနော်…း)

Monday, October 20, 2008

သံလွင်အိပ်မက်မဂ္ဂဇင်းရဲ့ အမှတ်(၂) အတွဲ (၃) မှာ ဖော်ပြခံရတဲ့ ကျွန်တော့်ကဗျာလေးပါ။ အသစ်တော့မဟုတ်ဘူးခင်မျ။ ကျွန်တော့် Blogမှာ Juneလလောက်က“မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်” အမည်နဲ့ တင်ခဲ့ဖူးပါတယ်။ မူရင်းကဗျာမှာပဲ နေရာတချို့ပြန်ပြင်ထားတာပါ။

(သံလွင်အိပ်မက်ဆိုတာကတော့ January, April, July နဲ့ October စသဖြင့် တစ်နှစ်ကို ၄ကြိမ်ထုတ်ဝေတဲ့ အင်တာနက်မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်) (http://www.thanlwin.com/new/) သုံးထားတဲ့ ကလောင်နာမည်ကတော့ “ခန့်နေ” ပါ။ ဓါတ်ပုံလေးကိုတော့ သံလွင်က ပံ့ပိုးထားတာဖြစ်ပြီး ကျွန်တော့်အတွက် မဂ္ဂဇင်းမှာ ပထမဦးဆုံးဖော်ပြခံရတဲ့ ကဗျာဖြစ်ပါတယ်။ ကျေးဇူးအထူးပါ.. ကိုသံလွင်ရေ..


“မာရ်နတ်ရေးတဲ့ နာဂစ်ဇာတ် (သို့မဟုတ်) ပြာပုံထဲက ကဗျာ”



တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။

အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။

သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။

ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။

ငါ့အတွက်
ခေါ်စရာ အဖေလည်း မကျန်၊
တော်စရာ အမေလည်း
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။

ခန့်နေ




Wednesday, October 15, 2008

Poem part- 15

ရင်ခုံသံ Keyboard သွေးကြော

လူတွေ အပြောများလို့

အပေါစား တစ်ခွန်းပဲဆိုဆို

တစ်ယောက်ထဲသော ဆိုင်တဲ့သူသို့

ထပ်ပြောပါရစေ..

“I love you” လို့ ။


Idle ဖြစ်နေတဲ့ ရင်ခွင်ကို

Available ဖြစ်အောင် လာလုပ်ပြီးမှ

Busy ပြပြီး ပြန်မchat တဲ့အခါ

ခံခဲ့ရတဲ့ ရင်ဘတ်အနှံ့မှာလည်း

လှံချက်တွေနဲ့ ပြန့်ကျဲနေပါပြီ..။


စက္ကန့်တွေကို မျက်ခြေမပြတ်

တွက်ရေရင်း..

ဖန်သားပြင်ရဲ့ ထောင့်တစ်နေရာကို

စောင့်နေကျနေရာတစ်ခုလို

သဘောထားတတ်လာတာလည်း

Offline message တွေထဲက

မျက်ရိပ်တွေရဲ့ ဆွဲဆောင်မှုကြောင့်ပါ..။


နေကောင်းကြောင်း သူ စမေးပြီး

အဖြေတောင်းတော့ သူ ထပြေးတယ်..

စာတွေ long လို့

မျက်လုံးတွေက ညောင်းလာပါပြီတဲ့..။


အင်္သချေမကပေမဲ့လည်း

Keyboard ပေါ်က

မြင်နေကျ၊ သင်္ကေတတွေနဲ့ပဲ

နားလည်မှုဘာသာရပ်ကို ပီပြင်ဖို့

အခါခါ စပ်လို့ တီထွင်နေမိတယ်..။


သတိတရနဲ့ Mail တွေကို

ကြည့်မရတာတစ်ခုထဲနဲ့

ကွယ်ရာမှာ Delete ချလိုက်တာ

မသိသာပေမယ့်..


အသံမဲ့ ကမ္ဘာက

ပြန်တက်လာတဲ့

Enter တစ်ခေါက်

Chat တစ်ကြောင်းက

ဒဏ်ရာတွေအတွက်..

ထုံဆေးတစ်စက်ဆိုတာ

ဆိုင်သူ… တွေးမိရဲ့လား ?

Friday, October 10, 2008

Tag

ကျွန်တော်ရဲ့ အားလပ်ရက် ကျောင်းပိတ်ချိန်လေးတွေ မပြီးဆုံးခင်အမှီ ဘလော့ templateကို စိတ်တိုင်းတကျ ပြင်ဆင်ပြီးသကာလမှာပဲ သူငယ်ချင်း သံလွင်ဟီးနိုး.. အဲလေ.. သံလွင် heroရဲ့ tagနဲ့ ထိပ်တိုက် စတင် ရင်ဆိုင်တွေ့ရပါတော့တယ်။ ရေးပေးချင်ပါတယ်ဗျာ.. အချိန်နည်းနည်းကြာသွားတာတော့ ခွင့်လွှတ်.. ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဘလော့ဂ်ရဲ့ ပထမဆုံးရေးမိတဲ့ tagging လေးပါ.. နောက်လည်း ကြုံရင်ကြုံသလို tag ပါလို့.. ကျွန်တော်လည်း ကြုံရင်ကြုံသလို ရေးပေးပါ့မယ်.. အားမနာတမ်းလည်း ပြန် tag ပါမယ်..
အခု ခေါင်းစဉ်ကတော့ ဖြစ်သလိုလေးပဲ တီးလိုက်မယ်တဲ့… ကဲ တီးလိုက်ကြရအောင်..

စကားခံချင်တာကတော့ ကျွန်တော့် အသက် ၁၀နှစ် ၁၅နှစ်လောက်က အစာအိမ်ရောဂါ တစ်ခါဖြစ်ခဲ့ဖူးတယ်.. အဲဒီနောက်ပိုင်း အစာနဲ့ (အထူးသဖြင့် အစာစားချိန်နဲ့) ပတ်သက်ပြီး ဂရုတစိုက်နေလာခဲ့တဲ့အတွက်ကြောင့် ဖြစ်သလိုဆိုတာ သိပ်မရှိခဲ့တော့ နည်းနည်းတော့ စဉ်းစားရကျပ်တယ်ဗျ.. အစာခံလို့မရတာကြောင့် အမြဲတမ်းအစာကို အချိန်မှန် စားဖို့ ကြိုစဉ်းစားတဲ့ အကျင့်လေးဖြစ်လာခဲ့တယ်.။
လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကျော်လောက်က camping တစ်ခုမှာ သူငယ်ချင်းတွေနဲ့အတူတူ ချက်စားခဲ့ဖူးတဲ့ ပင်လယ်ဘေးက ညစာလေးတစ်ခုအကြောင်း ပြောပြမယ်လေ..

စက်တင်ဘာ ၂၄… နေ့ခင်း ၂နာရီလောက်ကနေ စပြီး စင်္ကာပူ Pulau Ubin ကျွန်းက (kayak လို့ခေါ်တဲ့) လှေလှော်ပြီး ထွက်လာခဲ့တဲ့ ကျွန်တော်တို့တွေဟာ ၁၂ကီလိုမီတာ အကွာအဝေးတောက်လျှောက် ဖြတ်အပြီးမှာတော့ Sembaweng ကမ်းခြေ camp site ကို ည ၇နာရီလောက်မှာ ရောက်ခဲ့ပါတယ်.။ ကျောင်းသား စုစုပေါင်း အယောက် ၅၀လောက်ထဲက ကျွန်တော့်တို့ အဖွဲ့မှာ ၁၃ယောက်ပါပြီး လူမျိုးအားဖြင့်ဆိုရင်တော့ ဖီလစ်ပင်း တစ်ယောက်၊ (ကျွန်တော်) မြန်မာတစ်ယောက်နဲ့ တရုတ်ပြည်က ကောင်မလေးတစ်ယောက်ရယ်ကလွဲရင် ကျန်တာက စင်္ကာပူလူမျိုး (ကျောင်းသား) တွေပေါ့.. (ဒီ camp ဟာ ဘာကြောင့်ဖြစ်လာလဲဆိုရင်တော့ OBS (outward bound Singapore) လို့ ခေါ်တဲ့ အဖွဲ့အစည်းကနေ ပေးတဲ့ Leadership course ကနေ ကျွန်တော့်တို့အတွက် training တစ်ခုပါ.။)

ကမ်းခြေကို ရောက်ပြီးချင်းပဲ လှေတွေ ကုန်းပေါ်တင်၊ tent တွေ ထောင်ပြီး နေရာယူအပြီးမှာတော့ ညစာအတွက် စတင်ပါတော့တယ်။ ချက်ပြုတ်ဖို့ အစားအစာကိုတော့ OBSက ဝေစုနဲ့ လုံလုံလောက်လောက်ပေးထားပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း မီးမွှေးပြီး
ချက်တဲ့စခန်း စတင်ပါတော့တယ်.။ အရင်ဆုံး တိုင်ပင်ကြတယ်.. ဘာချက်မလဲပေါ့။ ရှိတာတွေက ကျွန်တော်မှတ်မိသလောက် ဆန်ကျွတ်ကျွတ်အိတ်နဲ့ တစ်အိတ်ရယ်၊ ဆီတစ်ဗူးရယ်၊ ကြက်သားအမှုန့်၊ အသား ready made နှစ်ဗူး၊ ဂေါ်ဖီထုပ်၊ ပဲသီးအရှည် တစ်စည်းနဲ့ ကြက်ဥတချို့။ ပထမတော့ ရိုးရိုးရှင်းရှင်း အားလုံးရောပြီး ထမင်းကြော်မယ်ပေါ့။ နောက်စဉ်စားရင်းနဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကြက်သားအမှုန့်နဲ့ ထမင်းကို ရောပြီး ရေခန်းချက်မယ့် idea ကို သဘောတူလိုက်ကြတယ်.။ ကျန်တာတွေကိုတော့ ဟင်းအဖြစ် ကြော်စားကြမယ်ပေါ့။

ဒါနဲ့ပဲ သူ ဦးဆောင်ပြီး စချက်ကြလေရော.. (ထမင်းချက်ဖို့ ပြင်နေချိန်တော့ ကျွန်တော်အနားမှာ မရှိတော့ သေချာမသိလိုက်ဘူးဗျ) ကျွန်တော် ပြန်ရောက်တဲ့ အချိန်ကျတော့ ထမင်းကျက်ပြီးသွားပြီး ဟင်းစချက်နေပြီ။ ဟင်းက အကြော်ချည်းပဲ နှစ်မျိုးပါ.။ အသား ready made ဗူးကို ပဲသီးနဲ့ ရောကြော်ပြီး ကြက်ဥနဲ့ ဂေါ်ဖီက တစ်ခွက်ပေါ့။

ဒါပေမယ့် ပြဿနာက ဆား ပါမလာတာပဲ။ (သင်တန်းကပဲ ပေးလိုက်ဖို့ မေ့သွားတာလား။ တမင်တကာပဲ မထည့်ပေးလိုက်တာလားတော့ မသိဘူးဗျ။) ပင်လယ်ဘေးမှာဆိုတော့ ပင်လယ်ရေကို ခပ်ထည့်ပြီး ဆားအဖြစ်သုံးဖို့တော့ ကျွန်တော် စဉ်းစားမိသေးတယ်။ ဟီးဟီး.. ဒါပေမယ့် အားလုံးက အဲဒီရေထဲက ပျော်ဝင်ပစ္စည်းတစ်ခုကို ဟင်းထဲ အဝင်ခံရမှာ ကြောက်နေလေရဲ့။ (Kayak လှေဆိုတာ အိမ်သာမှ မပါပဲကိုးဗျ) အဲဒါနဲ့ပဲ မဖြစ်စလောက်ထည့်ထားတဲ့ ဆီလေးထဲမှာ ပဲသီးနဲ့ အသားကို စကြော်ကြရော။ ပဲသီးမာမာကို ကျက်အောင်လည်း ရေတော့ ရောလိုက်ပါရဲ့.. ဒါပေမယ့် ဒယ်အိုးကို အုပ်စရာ အဖုံးက မရှိပြန်တော့ အချိန်နည်းနည်း ပိုယူပြီးပဲ ကျက်အောင် စောင့်လိုက်ခဲ့ကြတယ်။ ကြက်ဥနဲ့ ဂေါ်ဖီရယ်ကတော့ သိပ်ပြဿနာ မရှာကြ။ ရှောရှောရှူရှူနဲ့ ဟင်းနှစ်ခွက်လုံး ကျက်အပြီးမှာတော့ လူစုံအောင် စောင့်ပြီး စားကြရော။ ကိုယ့်ပန်းကန်နဲ့ ကိုယ် သက်သက်ခွဲမနေကြပဲ ထမင်းတစ်အိုးထဲကို ဝိုင်းဖွဲ့ပြီး ဇွန်းတွေနဲ့ အတူတူနှိုက်စားကြရင်း စကားပြောကြ၊ ဟင်းအရသာကို အကဲဖြတ်ကြပေါ့။ ဟင်းတွေကတော့ အပြင်ပန်းမှာ စားချင်စဖွယ်လေး ဖြစ်သား။ ဒါပေမယ့် ဆားမပါတဲ့ အရသာဆိုတော့ .. ဟက်ဟက်.. စဉ်းစားကြည့်ပေါ့ဗျာ.. ကျန်းမာရေးနဲ့ အညီပေါ့။ ထမင်းရဲ့ တူးတဲ့အနံ့လေးကလည်း အဲဒီညက တစ်မျိုးစားကောင်းနေတယ်။ ‘ဖြစ်သလို’ ဆိုတဲ့ အဓိပ္ပါယ်တော့ အပြည့်အစုံမရောက်ပေမယ့် ကျွန်တော့် ဘဝရဲ့ မှတ်မှတ်ရရ ဆားမပါတဲ့ ညစာပွဲလေးတစ်ပွဲပေါ့။

ငယ်ငယ်တုန်းကတော့ တစ်ခါ ညဘက် ဟင်းမကျန်တော့လို့ ထမင်းကို ငရုတ်ဆီနဲ့ နှယ် စားဖူးခဲ့တယ်.။ နောက် အဖွားတီထွင်ထားတဲ့ ထမင်းကို ရေရယ်၊ သကြားရယ်နဲ့ ရောခေါက်ပြီး စားတဲ့နည်းလည်း ရှိခဲ့တယ်။ ရေခဲ ခဲရင်တော့ ရေခဲလည်း ပါမယ်ပေါ့။

အဲဒါတွေကတော့ ကျွန်တော်ရဲ့ မှတ်မိသလောက် ဖြစ်သလို တီးခဲ့ပုံလေးတွေပါ

ကဲ.. ဖြစ်သလို တီးလို့ ပြီးပါပြီ ခင်မျာ..

Tuesday, October 7, 2008

poem part- 14

အလွမ်း လက်ကျန်ရှင်းတမ်း

အဲဒီနေ့ကပေါ့

အရောင်ဆိုး မထားပေမယ့်

ကော်ဖီတွေ တစ်မျိုး ကြည့်လို့ကောင်းနေတယ်.

Global warming ကို ဂရုမစိုက်ဘဲ

သူတို့ အေးစက်ချင်တိုင်း အေးစက်ခဲ့ကြတယ်လေ


အဲဒီနေ့ကပေါ့

ပုံပြင်ထဲက မြွေကြီးတစ်ကောင်ရဲ့

မျက်လုံးတွေလို

အဲဒီ ပါးချိုင့်တွေနဲ့အတူ

သူ ကျွန်တော့်ကို ညှို့ငင်ခဲ့တာ…


ရင်ဘတ်ကြီးကတော့

သူ ခုံတတ်ကြောင်း

ထပ်လောင်း ပြသွားခဲ့လေရဲ့…


အဲဒီနေ့ကပေါ့..

ဘာရယ်လည်း မဟုတ်ဘူး..

သူနဲ့အတူတူ

လေတွေ ထိုင်ရှူနေရတာကိုပဲ

ကျေနပ်နေခဲ့တာ…


အဲဒီနေ့ကပေါ့

ပါးချိုင့်ကလေးနဲ့

ဆံပင်အရှည်လေးတွေရဲ့

ဆုံမှတ်မှာ

ကျွန်တော့် မေတ္တာတွေကိုလည်း

ပုံအပ်မိခဲ့တယ်..


အဲဒီနေ့ကပေါ့

အငြိမ်မနေတဲ့ တိမ်တွေကို

အရှိန်သေဖို့၊

ဘရိတ်ဖမ်း အအုပ်မှာ

အဆိပ်တန်းလန်းနဲ့

ကျွန်တော့် အိပ်မက်တစ်ထုပ်ပါ

အဲဒီအထဲ ရောပါသွားလို့..


အဲဒီနေ့ကစပြီး

တစ်ခန်းသော နှလုံးသားဆီက

တစ်သန်းသော ကဗျာတွေနဲ့တောင်

တစ်ခြမ်းသော အသည်းကို

ပြန်မဆက်နိုင်သေးတာ

အခုထက်ထိပဲ…


အိပ်မက်ဆိုတာ အပြင်ကမ္ဘာကနေ

တစ်ဆင့် မွေးဖွားလာတာပါ..

တစ်ရက်သောနေ့ရဲ့ အပြင်ကမ္ဘာတွေသာ

အိပ်မက်တွေ ပြန်ဖြစ်ကုန်မယ်မှန်းသိရင်...

အဲဒီနေ့က

ကျွန်တော် အိပ်ယာ မထခဲ့သင့်ဘူးထင်တယ်...




Friday, September 19, 2008

ဒိုင်ယာရီသက်သက် ၂၀.၉.၂၀၀၈

အခုတလော ဝင်ငွေနဲ့ ထွက်ငွေ မမျှတဖြစ်နေတယ်.. ကျောင်းပိတ်ရက်မှာ.. အချိန်ပိုင်း အလုပ်ဝင်ဖို့ ရည်ရွယ်ထားပေမဲ့ ထင်သလို အဆင်မပြေဘူး...နောက်တစ်ပတ်ထဲ Camp တစ်ခု ဝင်ဖို့ ရှိသေးတော့ အဲဒီအတွက် ပြင်ဆင်ရတာ အချိန်နဲ့ ငွေ တော်တော်လေး ထိနေပါပြီ..နောက်တစ်ခုက ကျောင်းဖွင့်ရက်တွေဆို ကျွန်တော် အလုပ်မလုပ်ဖြစ်ဘူး..အိမ်ကတော့ မငြိုငြင်ပေမဲ့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို အားမရဘူးဗျာ.. ပညာရေးဘက် ရလဒ်မှာ မဆိုးလှပေမဲ့၊ ရပ်တည်မှု အပိုင်းမှာတော့ ကျွန်တော် အများကြီးလိုနေသေးတယ်..စိတ်ထဲမှာတင် မိဘကို သိတတ်လို့မပြီးသေးဘဲ.. အပြင်မှာပါ သက်သာမှုပေးနှိုင်ဖို့လိုတယ်..

အမှန်တော့ ကျွန်တော်က တစ်ယောက်ထဲပဲ နေတတ်တဲ့ပုံစံရှိသူတစ်ယောက်ပါ..လောလောဆယ် အခြေအနေအရ တာဝန်တစ်ချို့ကြောင့် volunteer ကိစ္စဆန်ဆန် သဘောတွေ လုပ်နေရပေမဲ့ အဲဒီ အချိန်တွေကလွဲရင်တော့ ကျွန်တော် တစ်ယောက်ထဲပဲ နေလေ့ရှိတယ်..ဒါကို တစ်ချို့ကလည်း တစ်မျိုး ထင်ကောင်းထင်မယ်.. မာနကြီးတယ်၊ အဖက်မလုပ်ဘူး အစသဖြင့်ပေါ့.. တစ်ချို့ကျလည်း ဒီလို တစ်ယောက်ထဲ အူကြောင်ကြောင်နေတတ်တဲ့ ကောင်မျိုးကို စိတ်ကုန်ကောင်း ကုန်မယ်.. အဲဒါတွေကို ဂရုစိုက်မိနေပေမယ့် ဂရုမစိုက်ဖြစ်အောင် ကျွန်တော် သင်ယူနေတယ်.. ဥပေက္ခာပါရမီပေါ့.. ကျွန်တော်ငယ်ငယ်ကတည်းက အတိုက်အခံလုပ်ရတာကို ရှောင်တဲ့အကျင့်ရှိတယ်.. အဲဒါကြောင့် တော်ရုံတန်ရုံ ကိစ္စလောက်ဆို (မှန်နေအုံးတော့) ကျွန်တော် ပြန်ငြင်းလေ့မရှိဘူး...ဒါပေမဲ့ community တစ်ခုအတွက် အရေးပါလာပြီဆိုရင်တော့ အဲဒီလို ကိစ္စမျိုးတွေဟာ အနည်းနဲ့ အများ ဖြစ်လာတတ်ပါတယ်..အဲဒီ့အတွက် ကျွန်တော် သင်ခန်းစာတွေလို သင်ယူခဲ့ရတယ်.. လိုအပ်ရင် ကျွန်တော့် type ကို ပြင်သင့်တာတွေ ပြင်တယ်..တစ်ခါတစ်ခါ လူအများစုက ကျွန်တော့်အားနည်းချက်လို့ ထင်ထားတဲ့ အရာတွေဟာ ကျွန်တော် ပြုစုပျိုးထောင်ထားတဲ့ အကျင့် တစ်ချို့လည်း ဖြစ်နေတတ်တယ်..ဘာပဲဖြစ်ဖြစ် အလိုက်အထိုက်ပဲ ကျွန်တော် နေလိုက်တယ်.. ရုပ်ရှင်ကားတစ်ခုထဲကလိုပဲ.. သူများတွေဟာ မင်းကို နာကျင်စေလိမ့်မယ်တဲ့.. ဒါပေမယ့် မင်းကိုယ်မင်းတော့ နာကျင်အောင် မပြုမူမိစေနဲ့တဲ့.. အတွေးက ရိုးရိုးပေမယ့်လို့ အဓိပ္ပါယ်တော်တော်လေး တွင်တဲ့ စကားပါ..ကျွန်တော် ပြည်ပကို ရောက်နေတဲ့ အတောအတွင်း ရခဲ့တာတွေက ထိတွေ့လို့ရတဲ့ အရာဝထ္ထုတွေထက်၊ မမြင်နိုင်တဲ့ ဈေးနှုန်းကပ်လို့မရတဲ့ စိတ္တဇနာမ်သက်သက်တွေသာ ပိုများပါတယ်... အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကို မှားတယ်လို့ ကျွန်တော် မထင်မိဘူး.. ဒါပေမယ့် အတိုင်းတာတစ်ခုထိပေါ့.. အစွန်းမရောက်ဖို့တော့ ထိန်းသိမ်းရမယ်.. (ဆရာသစ္စာနီရေးခဲ့တာလေးနဲ့ ဆင်တူ) မေမေကတော့ ထင်ကောင်းထင်မယ်.. ငါ့သား မှာနေကျ စာအုပ်တွေကများ သူ့အတွေးတွေကို ဖျက်ဆီးလိုက်လေသလားပေါ့..

Friday, September 12, 2008

မင်္ဂလာပါ ခင်မျာ..

တစ်နေ့က သူငယ်ချင်းတစ်ယောက် မေးလ်နဲ့ အသိပေးလို့ မြန်မာ e-book များ ရှိတဲ့ ဘလော့တစ်ခုကို ရောက်ခဲ့တယ်.. မြန်မာ e-book site တစ်ခုအနေနဲ့ စာအုပ်တွေ တော်တော်လေး စုံလင်တာ တွေ့ရပါတယ်.. မိမိမှာ ရှိထားတဲ့ စာအုပ်များကိုလည်း ပေးပို့နိုင်သလို စာဖတ်သူတစ်ယောက်အနေနဲ့ဆိုရင်လည်း bookmark သင့်တဲ့ site တစ်ခုလို့ မြင်ပါတယ်.. နာမည်က ရွှေစကားတဲ့... စိတ်ဝင်စားဖြစ်ရင်
ဒီကနေတဆင့် သွားရောက်နိုင်ပါတယ်. ။

Sunday, September 7, 2008

ပုံမှန်တစ်ခု လိုအပ်သောနေ့

ပုံမှန်တစ်ခု လိုအပ်သောနေ့

စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း မနက်ဘက် လမ်းထလျှောက်သော ကောင်မလေးများကို လိုက်ငေးနေရ၍လော၊ နေမင်းသည် သူ့ကို အိပ်ယာနှိုးရန် မေ့လျော့ခဲ့လေသည်။ ဒါမှမဟုတ် ညက လူကြုံမှာလိုက်သော “လမင်း”မှာ အိမ်ပြန်ချိန် ကားမမှီမှာစိုးရိမ်ပြီး လောနေသောကြောင့်များ၊ ဂျူတီချိန်းချိန်မှာ မပြောဖြစ်တာလား။

‘ငါတို့ကို ချောင်းကြည့်နေတဲ့သူ ရှိတယ်၊ ငါ လစ်တော့မယ်’ ဟု အိပ်မက်က သတိပေးသောအခါမှ သူ နှိုးထပြီး ဘေးဘီကို ငဲ့ကြည့်မိလေသည်။ ထိုအရာမှာ ပြတင်းပေါက်ကြားမှ ထိုးထွက်နေသော ပိန်ညောင်ညောင် နေရောင် ဖြစ်လေ၏။ သိုဖြင့် သူ အိပ်ယာနိုးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ထိုတစ်နေ့တာကို ဝီရိယရှိသော နောက်ကျခြင်းတစ်ခုဖြင့် စတင်မိသည်။

သူ့အတွက် ပုံမှန်ထက် နောက်ကျနေသော အိပ်ယာထချိန်တစ်ခုဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ချိန်းထားပြီး နောက်ကျဟန်ဖြင့် သူ အိပ်ယာက ကမန်းကတန်းထလိုက်သည်။ ဒါပေမယ့် တလေးတစားနဲ့ အဖြူရောင် ယူနီဖောင်းနဲ့ ဘော်ဒါ သွားတွေကိုတော့ ဖြည်းဖြည်းချင်း သန့်ရှင်းပေးလိုက်သေးသည်။ စာရေးရန်၊ တယ်လီဖုန်းဆက်ရန်၊ ဘတ်စ်ကားစီးရန်၊ နေကောင်းရန် စသော ကိစ္စများလည်း ရုတ်တရက်ဆိုသလို ခေါင်းထဲသို့ ဝင်ရောက်၊ နေရာယူ၊ အသင့်ပြင် နေကြသည်။ အမိန့်ပေးနေသော ဦးနှောက်မှာလည်း တပ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင်။ (ထိုဦးနှောက်ပေါ်မှ အမာရွတ်နဲ့ ဒဏ်ရာများက အတွေ့အကြုံတစ်ချို့ကို ဖော်ပြနေပြီး ထိုဒဏ်ရာများ၏ အောက်တွင်မူ သူ၏ အနှိမ်ခံနေ့ရက်တစ်ချို့နှင့်အတူ အိမ်ပြန်ချိန် မပေးနိုင်ခဲ့သော ကားခတစ်ချို့ ရှိမည်ထင်သည်။)

သူ့အပေါ်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ တစ်ယောက်နှင့် တစ်ယောက် သဘောထားခြင်းမတူ။ တချို့က သူ့ကို စာရေးဆရာဟု သတ်မှတ်သော်လည်း တချို့ကမူ ဖြစ်ရန် ကြိုးစားဆဲ အဆင့်လောက်သာ အသိအမှတ်ပြုသည်။ ဝထ္ထုတို နှင့် ကဗျာ အများစု ရေးလေ့ရှိသည်။

ထို့နောက် စာရေးစားပွဲမှာ ထိုင်လိုက်သည်။ တကယ်တော့ သူသည် ဝထ္ထုတိုများနှင့် စာရွက်ပေါ်တွင် ချိန်းထားခြင်းဖြစ်သည်။ သို့သော် သူနောက်ကျပြီး ရောက်လာသည့်တိုင် ဝထ္ထုတိုများမှာ မရောက်သေး။ ထို့ကြောင့် စားပွဲတွင် ထိုင်စောင့်နေခိုက်.. သတိပြုမိသောအခါ အရေပြားပေါ်တွင် ညကမှ အိပ်မက်ထဲ “မေးခွန်းကောင်တွေ” အကိုက်ခံထားရသောကြောင့် အနီစက်တစ်ချို့ ကိုတွေ့လေသည်။ (သူတို့ကို ကုသရန် ‘အဖြေ’ တံဆိပ် မေးခွန်ပျောက်ဆေးတစ်ပုလင်းကို သူ ဝယ်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။)

စာရေးစားပွဲရှေ့ ကပ်လျက် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ ကျော်ကြည့်လိုက်သည်။ လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသော လူတစ်ချို့ကို သူ၏ ၄ထပ် အလွှာမှ လှမ်းမြင်နေရသည်။ သို့သော် သည်းသည်းကွဲကွဲမဟုတ်၊ သူ့မျက်လုံးမှာ အဝေးမှုန်နေသောကြောင့်ဖြစ်သည်။ မျက်မှန်မတပ်ချင်သောကြောင့် ဒီအတိုင်း သူ အသုံးပြုခဲ့သည်မှာ နှစ် အတန်ကြာ ရှိနေလေပြီ။ သူငယ်ချင်း ဆရာဝန်ကတော့ “မင်း ကာရံတွေမှာ ကိုလက်စတော ပါဝင်နှုန်း များနေလို့၊ အဲဒါ ကာရံတွေ ကြည့်တာ၊ သုံးတာလျော့၊ မဟုတ်ရင် မျက်လုံးထဲ ကိုလက်စထော စိမ့်ဝင်မှုများပြီး အခြေအနေပို ဆိုးနိုင်တယ်”။ တတ်နိုင်သလောက် ထိန်းရန်အတွက် သူ့ ဝထ္ထု၊ ကဗျာတွေထဲတွင် ကာရံတွေ သိပ်မထည့်ဖြစ်တော့။ သို့သော်လည်း တခါတရံ ဖတ်မိတာတော့ ရှိသည်။

ဝထ္ထုတိုများကို သူ ဆက်စောင့်နေသည်။ သူတို့သည် မျက်စိလည် လမ်းမှားနေသလား.. သူ့လိုပဲ အိပ်ယာထ နောက်ကျနေခြင်းကြောင့်လား.. ဒီနေ့မှ ခရီးစရိတ် ပြတ်နေတာကြောင့်လား.. နေမကောင်း၍များ မလာဖြစ်တာလား.. စာရွက်တစ်ရွက်နဲ့ ခဲတံတစ်လက်ကို ကြောက်နေရလို့လား... အချိန်အတော်ကြာအောင် ရောက်မလာသေးပါ။

သို့နှင့် ဆက်၍စောင့်လျက်ရှိစဉ် အိမ်ရှေ့က တံခါးခေါက်သံကြောင့် သူ ပျော်သွားသည်။ ဝထ္ထုတိုများသည် အိမ်ရှေ့ တံခါးခေါက်ဝင်သည် အထင်နှင့် သူ သွားဖွင့်ပေးလိုက်ရာ ဝထ္ထုတိုများမဟုတ်ဘဲ မျက်နှာဖုံးနှင့် လူရှစ်ယောက်ခန့်ကို တွေ့လေ၏။

သူ။ ။ ဘယ်သူတွေများလဲ ခင်မျာ

လူရှစ်ယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တစ်ယောက်က…

ခေါင်းဆောင်။ ။ ကျွန်တော်တို့က ဒုက္ခတွေပါ။

သူ။ ။ ဗျာ.. ဒုက္ခတွေ ?? ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး.. ဒီ အိမ်မှာတော့ ကျွန်တော် တစ်ယောက်ထဲနေတာပဲ.. အိမ်မှား ဝင်ပြီထင်ရဲ့…

ခေါင်းဆောင်။ ။ မမှားပါဘူး ခင်မျာ.. ကျွန်တော်တို့ ခင်များဆီပဲ လာတာပါ.. ကြိုတင် အကြောင်းမကြားနိုင်တာတော့ နားလည်စေချင်တယ်။ ကျွန်တော်တို့က တစ်ခါတစ်ခါ ဒီလိုပဲ ရောက်လာတတ်တယ်..

သူ။ ။ ဟက်ဟက်… ဟုတ်တာပေါ့… ဒုက္ခဆိုတာ ကြိုတင်မသိထားဘဲ ရောက်လာတတ်တာပဲလေ…

ခေါင်းဆောင်။ ။ ဟုတ်ပါတယ်.. ဒါပေမယ့်.. ဒီတစ်ခါတော့ ကျွန်တော်တို့ ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး..

သူ။ ။ အင်း.. ဘာပဲဖြစ်ဖြစ် အိမ်ထဲ ဝင်ထိုင်ပါအုံး…

………………………………………………………………………….

ခေါင်းဆောင်။ ။ တကယ်တော့ ကျွန်တော်တို့က လောကဓံ ရှစ်ပါးပါ။ ဒါပေမယ့် အခုလို လူတွေဆီကို လာတဲ့အခါ ဒုက္ခယောင်ဆောင်ပြီးလာလေ့ရှိတယ်။ ဒါကြောင့် ခင်များ ကျွန်တော်တို့ကို ဒုက္ခတွေ အဖြစ်ပဲ သိထားရင်ရပါပြီ..

သူ။ ။ ကောင်းပါပြီ.. ဒါဆို အခု လာရင်းကိစ္စက…

ခေါင်းဆောင်။ ။ ဒီလိုပါ.. ခင်များ အရင်က ပို့စ်တစ်ခုမှာပါတဲ့ စာတစ်ကြောင်းနဲ့ ပတ်သက်ပြီး ရှင်းစရာလေးတွေ ရှိလို့ပါ.. လောကဓံရဲ့ လက်သီးချက်တွေက ပြည်သူလေးရဲ့ မျက်စောင်းလောက် ထိုးချက်မပြင်းဘူး ဆိုတာလေ…

သူ။ ။ အင်း.. ဟုတ်ပါတယ်.. ကျွန်တော်ရေးခဲ့တာပါ..

ခေါင်းဆောင်။ ။ ကျွန်တော့်အထင်တော့ ခင်များ ကြုံခဲ့ဖူးတဲ့ လောကဓံဆိုတာ ဘာမှမဟုတ်သေးပါဘူးဗျာ… ဒါကြောင့်မို့လို့ ကျုပ်တို့ရဲ့ လက်သီးချက်တွေလို့ ခင်များက တင်စားပြီး အထင်သေးဟန်နဲ့ ရေးလိုက်တာ လို့ယူဆတယ်.

သူ။ ။ အင်း.. ဖြစ်နိုင်ပါတယ်... ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ လူတွေဟာ ပူဆွေးသောကရဖြစ်တာ၊ အဲဒီ ဒုက္ခကို ကျော်ဖြတ်လိုခြင်းဆိုတဲ့ စိတ်ရှိတာဟာ အတူတူပါပဲ… ဘယ်သူကဖြင့် ဒုက္ခပိုရောက်တယ်.. ဘယ်သူ့မှာတော့ လျော့ပြီးရောက်တယ်ဆိုတာကလည်း လူတွေရဲ့ နှိုင်းယှဉ်မှုသက်သက်ပါပဲ.. ခင်များရဲ့ သဘောကို နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးတဲ့ သူမရဲ့ မျက်စောင်းတစ်ချက်ကိုရော ခင်များက လျှော့တွက်ထားတယ်ထင်ရဲ့ …

ခေါင်းဆောင်။ ။ ဒါတော့ ကျုပ် မသိဘူး.. ကျုပ်တို့မှာ ခင်များတို့ လူတွေ ပြောပြောနေတဲ့ ခံစားချက်ဆိုတာမှ မရှိတာ.. အဓိက ဆိုလိုချင်တာက မတူညီတဲ့ အနေအထား ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထုတွေကို မနှိုင်းယှဉ်ချင်ပါနဲ့… ပတ်ဝန်းကျင်တူတဲ့ အခြေအနေတစ်ခုမှာတောင်.. ဆိုပါစို့.. ဆင်တစ်ကောင်ဟာ ဝက်တစ်ကောင်ထက်ပို ထွားတယ်၊ ဒါပေမယ့် သူ့ဟာနဲ့သူတော့ လူ့လောကကို ကောင်းကျိုး၊ ဆိုးကျိုးပြုနိုင်တာပဲ မဟုတ်လား.. တိုင်းတာလို့မှ မရနိုင်တာ… ဒါကြောင့် ပိုပြင်းတယ် မပြင်းဘူးဆိုပြီး အမြင်လွဲအောင် ခင်များအနေနဲ့ မရေးသင့်ဘူး…

သူ။ ။ ကျွန်တော့်အနေနဲ့ကတော့ တင်စားမှုတစ်ခုသက်သက်ပဲ ခင်များကို သဘောထားစေချင်တယ်.. အတိသရဝုတ္တိသဘောကို ခင်များ နားလည်ရင် သဘောပေါက်ပါလိမ့်မယ်..

ခေါင်းဆောင်။ ။ ထားပါလေ.. ဒါက ရေးတာက ခင်များကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတော့ မစွက်ဖက်ကောင်းပါဘူး နောက်ဆိုရင်တော့ ကျွန်တော်တို့ လောကဓံကိစ္စနဲ့ပတ်သက်တာတွေ တတ်နိုင်သလောက် ရှောင်ရေးပေးဗျာ.. ထိခိုက်ပြီး ဆက်ရေးချင်သပဆိုရင်လည်း ခွင့်တောင်းပေါ့…

သူ။ ။ ကောင်းပြီ.. ကျွန်တော်က လောကဓံရှစ်ပါးဆိုတာ အခုလို ဒြပ်ရှိမှန်း မသိလို့ပါ.. နောက်ဆိုရင်တော့ သတိထားပါ့မယ်.. ဒါမှမဟုတ်လည်း ကြိုအသိပေးတာပေါ့…

ဤသို့နှင့် ထိုရှစ်ဦးမှာ နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ ထို့နောက်တွင်မူ ဦးထုပ်ခပ်ငိုက်ငိုက် စောင်းထားသော ဝထ္ထုတိုတစ်ပုဒ် သူ့ဆီရောက်လာသည်။

သူ။ ။ ခင်များ ဘာလို့နောက်ကျနေတာလဲ

ဝထ္ထုတို။ ။ ဒီမယ် ကိုယ့်လူ ကျုပ်က ခပ်ခပ်ပေါပေါ ဝထ္ထုတိုတွေလို မဟုတ်ဘူးဗျ။ လိုချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့.. ကျုပ်က ခင်များဆီက တန်ရာတန်ကြေးကို စောင့်နေလို့..

သူ။ ။ ကျွန်တော်က အဲဒီအတွက် ဘာပေးရမှာတုန်း..

ဝထ္ထုတို။ ။ ခင်များ ပေးပြီးသွားပြီလေ၊ ထပ်ပေးစရာမလိုတော့ဘူး..

သူ။ ။ ပေးပြီးသွားပြီ ??

ဝထ္ထုတို။ ။ ဟုတ်တယ်.. ခင်များ ကျုပ် အတွက် ပေးပြီးသွားပြီ၊ အဲဒါ.. အချိန်ပဲ… ကျုပ်က ခင်များ ပေးနိုင်တဲ့ အချိန်ပမာဏရဲ့ တန်ရာတန်ကြေးပေါ့.. အခု ခင်များကျုပ်ကို ရေးနိုင်ပြီ…

သူ။ ။ အင်း.. ခင်များကို ကျွန်တော် နားလည်အောင်လုပ်ပြီးမှတော့ ရေးချင်တယ်… ဒါပေမယ့် အချိန်လည်း မယူချင်တော့ဘူး.. အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့.. မထူးပါဘူး.. အခုပဲ စရေးလိုက်တော့မယ်…

သို့နှင့် ခဲတံကို ကိုင်ကာ ထိုနေ့က ဝထ္ထုတိုတစ်ပုဒ်ကို သူ စတင်နိုင်လေတော့သည်..

“စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း ….. ”

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Wednesday, August 27, 2008

သူ့မြို့

သူ့မြို့


တစ်ခါတုန်းက တတိယကမ္ဘာတစ်ခုမှာ ဗမာစကားပြောတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီ လူတစ်ယောက်မှာ သူ မပိုင်ပေမယ့် ဆိုင်ခဲ့တဲ့ (ဆိုင်နေဆဲ) မြို့လေးတစ်ခု ရှိတယ်။ အဲဒီ မြို့လေးကို သူ တွယ်တာတယ်… သူ့ရဲ့ အောင်မြေလို့ မခေါ်ထိုက်ပေမယ့်လည်း ။ အဲဒီ မြို့လေးက သူ့ကို အဝေးကနေ သံယောဇဉ်တွေနဲ့ ကော်ကတ်ထားတယ်… သူ့ အဘိုး တည်ထောင်ခဲ့တာလည်း မဟုတ်ပါဘူး။ သူ ပြန်ရောက်တိုင်း မြို့လေးရဲ့အဝင် အဆင်သင့်ကြိုနေတတ်တဲ့ ကျွန်းပင်တွေ၊ ပြောစရာသတင်းတွေ အပြည့်နဲ့ စောင့်နေတတ်တဲ့ ပန်းကလေးတွေ၊ မြို့ရဲ့ အချက်အချာ ဝင့်ကြွားဟန်နဲ့ မမေ့အပ်တဲ့ ဗိုလ်ချုပ်ရဲ့ မြင်းစီးကြေးရုပ်၊ အဲဒါတွေကလည်း အခု သူ့ရဲ့ အဝေးရောက်နေ့ရက်တွေထဲက နာရီတစ်ချို့ မှာ ပျော်ဝင်လေ့ရှိတယ်။

သမိုင်းစာအုပ်တွေထဲမှာတော့ သရေခေတ္တရာ ဆိုတာ အဲဒီ မြို့လေးကို ကိုယ်စားပြုတယ်။ ပျူထီးနန်းရဲ့ မြို့တော်အဖြစ် အေဒီ ၆၃၈ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၁၀၅၇ မှာတော့ ပုဂံလက်အောက်ကျတဲ့အခါ “ပျူ” မြို့လို့ သမုတ်ခဲ့ရာက (ထုံးစံအတိုင်း) ကာလရွေ့လျောပြီး ဒီခေတ်မှာတော့ ပြည်မြို့လို့ လူသိများကြတယ်။ (ကာလ ထပ်မရွေ့လျောပါစေနဲ့လို့ သူ တစ်ခါတစ်ခါ တွေးမိတယ်… နောက်ဆိုရင် “ပ” မြို့တောင် ဖြစ်ကောင်းဖြစ်သွားနိုင်မယ်ပေါ့) မြို့ရဲ့အနောက်ဘက်တစ်လျှောက် ဧရာဝတီမြစ်ကြီး စီးဆင်းနေပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နဝဒေးတံတားနဲ့ ဘောဘောကြီးဘုရား အစရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားများစွာကလည်း ပြောမကုန်နိုင်တဲ့ မြို့ကလေးထဲက သမိုင်း သင်္ကေတတွေပါ။

ငယ်ငယ်တုန်းက ဆိုတဲ့ သူရဲ့ အတိတ်တွေရဲ့ တည်နေရာဟာ အဲဒီမြို့လေးမှာ ဖြစ်တယ်။ တချို့နေ့ရက်တွေမှာ အမေ့ရဲ့ နံနက်ခင်း ထမင်းကြော်နဲ့ အစပြု၊ အဖေ့ရဲ့ အငြိမ်းချမ်းဆုံးသော အသံသာနဲ့ မျက်လုံးပိတ် အိပ်ယာဝင် ပုံပြင်တွေကိုလည်း အခုရက်ပိုင်း အိပ်မပျော်ညတွေမှာ သတိရနေမယ်။ တစ်ခါတစ်လေ လောလောဆယ် သူ့ရှေ့ စားပွဲပေါ်က ကမ္ဘာကြီးကိုပစ်ပြီး မုန့်ပစ်သလက်တစ်ခြမ်း၊ ရေနွေးတစ်ဗန်းနဲ့ အဖွားပေးခဲ့တဲ့ အနမ်းတွေကို လွမ်းချင်လွမ်းနေတတ်တယ်။ သူ့အတွက် ကမ္ဘာပေါ်က တစ်လုံးတည်းသော “အိမ်” ဟာလည်း အဲဒီ မြို့လေးရဲ့ မဖြောင့်တန်းတဲ့ လမ်းတွေ ဘေးမှာ တည်ရှိနေဆဲပေါ့။

တစ်ခါတစ်ခါကျတော့လည်း သနပ်ခါးလှိုင်လှိုင်၊ ကလေးဘဝ ကိုယ်သင်းနံ့ကြိုင်ကြိုင်ကို ဖန်တီးပေးတဲ့ မေမေ့ရဲ့ ကျောက်ပြင်ကလေးက စလို့ နောက်တစ်ခါ ပြန်ခြုံခွင့် မရှိတော့တဲ့ အဖြူအစိမ်း ဝတ်ရုံတွေကို သူ့စိတ်ကူးထဲ ပြန်မြင်ယောင် ဝတ်ဆင်နေကြည့်မိတယ်။ မူကြို၊ အလယ်တန်းနဲ့ အထက်တန်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း မြို့လေးဆီမှာ သူတက်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ၊ တစ်ယောက်ပြီး တစ်ယောက်ပြောင်း၊ စိတ်ဝင်စားခဲ့တဲ့ ကောင်မလေးတွေ ဟောင်းသွားလည်း မြေပုံပေါ်က “ပင်တစ်အပ်စာ” မြို့လေးဟာ သူ့အတွက်တော့ အကောင်းစား မြို့တော်ကြီး တစ်ခုနဲ့တောင် မလဲနိုင်သလိုပင်။

ချမ်းအေးတဲ့ရာသီတွေမှာ နွေးထွေးလုံခြုံခြင်းတွေ ဖန်ဆင်းထားပေးပြီး ပူအိုက်တဲ့အခါတွေမှာတော့ အေးမြသာယာခြင်းကို ဆောင်ကျဉ်းလေသတဲ့။ သူတို့ကတော့ နွေနေပူပူ ဖုန်ထူထူလော၊ မိုးဥတု ရွှံ့တွေထဲလော ဂရုမစိုက်ဘဲ တူညီကျောင်းဝတ်စုံတွေနဲ့ ဂိုးတွေလည်း အပြိုင်သွင်းခဲ့ကြတယ်။ မမေ့ရက်စရာ ဒီဇင်ဘာအားကစားပွဲတွေ၊ စာသင်ကျောင်းက သူ (အချိန်ခိုးပြီး) တီးခဲ့နေကျ ခေါင်းလောင်းသံတချို့နဲ့ ဘုရားပန်း အတူတူကပ်ခဲ့ဖူးတဲ့ ပုံရိပ်တစ်ချို့လည်း ရှိတယ်။ ဆောင်းညတွေကိုတော့ မီးလင်းဖိုမပါဘဲ မေမေ့ရင်ခွင်သက်သက်နဲ့ သူ ဖြတ်ဖူးခဲ့တယ်။

ဆယ့်နှစ်လရာသီတွေထဲက နှစ်စဉ်ပေမယ့် မရိုးနိုင်ဘဲ တန်ဆောင်တိုင် ခြေတိုအောင် လျှောက်ခဲ့ဖူးတဲ့ ပွဲတော်ဈေးရက်တွေ၊ သုံးနှစ် တစ်ကြိမ် မြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲက စွယ်တော် ပင့်ဆောင်တဲ့ သူ့ရပ်ကွက်ရဲ့ ယုဝသမဂ္ဂ လှေတော်ယိမ်းကြီး၊ ဗျောက်အိုးတွေနဲ့အတူ မီးပုံးပျံတွေ၊ စိတ်ကြည်နုးဖွယ် ဝါဆိုပန်းခူး တောလည်ထွက်တဲ့ အခါတွေ၊ ထမင်းနဲနံ့သင်းသင်း တပို့တွဲနဲ့အတူ မြို့လေးရဲ့ အထင်ကရ “ဉာဏ်ရိုးရှို့ပူဇော်ပွဲ” တွေကလည်း သူအပါအဝင် ပြည်သူပြည်သားတို့အတွက် ဂုဏ်ယူဖွယ်၊ အပန်းဖြေဖွယ်ရာ နှစ်တိုင်းရဲ့ ရက်စွဲတွေဖြစ်လေရဲ့။

အလှူအတန်းဆက် ခေါင်းလောင်းထိုးသံတွေ မပျက်တဲ့ အဲဒီ မြို့လေးမှာ အခုချိန်ဆို အဘိုးတစ်ယောက် သူပြန်လာမယ့်ရက်တွေကို အိမ်ရှေ့ကွက်ပစ်ကလေးပေါ်ထိုင်ပြီး ရေကြည့်နေမလား… ၊ ဒီအချိန်ဟာ နေခြည်ဆမ်းထားသော မြေညီလမ်းကလေးပေါ်မှာ ညစာရှောင်တဲ့ ပြည်သူကလေးတစ်ယောက် အဖော်အပေါင်းများနဲ့ ထွက်ကစားတဲ့အခိုက်အတန့်များလား… ပြည်တော်မပြန်နိုင်တဲ့ ပြည်သားတစ်ယောက်ရဲ့ အတွေးတွေလည်း အပြေး၊ ဘေးသို့ အငေးမှာ…. သူမြင်နေရတာဟာ လွတ်လပ်ရေးကျောက်တိုင်ကြီးမဟုတ်ဘဲ ငါးအမြီးနဲ့ ခြင်္သေ့ကြီးတစ်ကောင် ဖြစ်လေရဲ့။

Monday, August 25, 2008

Health Announcement 2

တလောက e-mail နဲ့ ပို့လိုက်တဲ့ ဆရာဝန်သူငယ်ချင်းတစ်ယောက်က mail လေးကို ပြန် ရှယ် ချင်လို့ပါ။ ကျွန်တော် ရေးချင်တဲ့ နေ့စဉ် ကျန်းမာရေးပုံစံမျိုး သဘောလေးလည်း ပါနေတော့..

နာမည်ကတော့ Amazing Water Therapy လို့ ပေးထားပြီး ရေးသားသူက Dr.Mahmoud Hussian (IBN SINA Company) ဖြစ်ပါတယ်။ ပျောက်ကင်းနိုင်တဲ့ ရောဂါများကတော့…


-Blood Pressure/ Hyper Tension (သွေးတိုး)

-Anemia (Blood Shortage) (သွေးနီဥနည်းခြင်း)

-Rheumatism (Pain in joints/ muscles) (လေးဘက်နာ)

-General Paralysis (လေဖြတ်ခြင်း)

-Obesity (အဝလွန်ခြင်း)

-Arthritis (အဆစ်အမြစ် နာကျင် ရောင်ရမ်းခြင်း)

-Sinusitis (နှာစေးခြင်း)

-Tachycardia (နှလုံးခုံမြန်ခြင်း)

-Giddiness (မူးဝေခြင်း)

-Cough (ချောင်းဆိုး)

-Leukemia (သွေးဖြူဥများခြင်း/ သွေးကင်ဆာ)

-Asthma (အသက်ရှူမဝခြင်း)

-Bronchitis (လေပြွန်ရောင်ခြင်း)

-Pulmonary Tuberculosis (တီဘီရောဂါ)

-Meningitis (ဦးနှောက်အမြေးရောင်)

-Kidney Stones (ကျောက်ကပ် ကျောက်တည်ခြင်း)

-Urogenital Diseases (ဆီးလမ်းကြောင်း ရောဂါများ)

-Hyper Acidity (အက်ဆစ်ဓါတ်များခြင်း)

-Dysentery (အူရောင်ငန်းဖျား)

-Gastroenteritis (အူရောင်ငန်းဖျား)

-Uterus Cancer (သားအိမ်ကင်ဆာ)

-Rectal Prolapse (လိပ်ခေါင်းရောဂါ)

-Constipation (ဝမ်းချုပ်ခြင်း)

-Hostorthobics

-Diabetes (ဆီးချိုရောဂါ)

-Eye Diseases (မျက်လုံးနှင့် ပတ်သတ်သောရောဂါများ)

-Ophthalmic Hermorrhage & Opthalmia (Reddish eye)

-Irregular Menstruation (ပုံမှန်မဟုတ်သည့် ဓမ္မတာလာခြင်း)

-Breast Cancer (ရင်သားကင်ဆာ)

-Laryngitis (အသံအိုး ရောင်ခြင်း)

-Headache (ခေါင်းမူး/ ခေါင်းကိုက်ခြင်း)


သူရဲ့နည်းလမ်းက အထူးအဆန်းတော့ မဟုတ်ပါဘူး။ မနက်အိပ်ယာ ထထခြင်း (သွားမတိုက်သေးခင်) ရေသောက်ပေးဖို့ပါ။ ပမာဏကတော့ ၁.၅လီတာ.. ဖန်ခွက် ၅ ခွက်ကနေ ၆ခွက်ကြားပါ။ (ကျွန်တော်ကတော့ အအေးဗူးခွံ ၁.၅လီတာ ဗူးထဲ ထည့်သောက်ပါတယ်) ပြီးမှ.. မျက်နှာသစ်၊ သွားတိုက် အလုပ်ကို စနိုင်ပါပြီတဲ့။

ဒီနေမှာ.. အရေးကြီးတဲ့ အချက်တစ်ချက် ဂရုပြုဖို့ကတော့ တခြားအရည်များ (ကော်ဖီ၊ လဘ္ကရည်စသည်..) နှင့် အစာများကို ဤရေပမာဏမသောက်သုံးခင်နဲ့ သောက်သုံးပြီး တစ်နာရီအတွင်းမှာ မစားမိဖို့ပါပဲ။

အစပိုင်းတော့ အဲဒီလောက်ရေပမာဏကို တစ်ခါတည်းနဲ့ သောက်ရတာ မလွယ်ကူဘူးခင်မျ.. ဒါပေမယ့် တဖြည်းဖြည်း အလေ့အကျင့်ရလာပါလိမ့်မယ်… (ကျွန်တော်လည်း ကျင့်နေဆဲ ကာလပေါ့..) လေ့ကျင့်ခါစမှာ ဖန်ခွက် ၂ ခွက်စီကို ၂မိနစ်လောက် ခွဲသောက်ကြည့်နိုင်ပါတယ်။ ၁နာရီအတွင်းမှာတော့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရှူရှူး ပေါက်ချင်မှာ ဖြစ်ပါတယ်။


လေ့လာချက်တွေအရ.. အောက်ပါရောဂါတွေကို ဖော်ပြထားတဲ့ ရက်တွေအတွင်းမှာပင် ကုသနိုင်တာတွေ့ရပါတယ်..


-Constipation - 1 day (ဝမ်းချုပ်ခြင်း၊ ၁ ရက်)

-Acidity - 2 days (အက်ဆစ်ဓါတ်များခြင်း၊ ၂ ရက်)

-Diabetes - 7 days (ဆီးချို၊ ၇ ရက်)

-Cancer - 4 weeks (ကင်ဆာ၊ ၄ပတ်)

-Pulminory TB - 3 months (တီဘီ၊ ၃လ)

-BP & Hypertension - 4 weeks (သွေးဖိအားများခြင်း၊ ၄ပတ်)


မှတ်ချက်။ ။ ကျွန်တော်တော့ ကုသနိုင်တယ်ဆိုတာ သက်သာနိုင်တဲ့ အခြေအနေလို့ပဲ ယူဆပါတယ်. လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပြီး ကွဲပြားနိုင်မယ် ထင်တယ်။

လေးဘက်နာနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း အစရှိတဲ့ ရောဂါ ခံစားနေရသူများအတွက်တော့ ဒီ နည်းလမ်းကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နဲ့ ညတစ်ကြိမ်၊ (သို့မဟုတ်) တစ်နေ့နှစ်ကြိမ်ဖြစ်စေ အစာမစားမီ တစ်နာရီခွာပြီး အသုံးပြုနိုင်တယ်..

ကုထုံးရဲ့ အလုပ်လုပ်ပုံကတော့

ထိုကဲ့သို့ ရေကို နည်းလမ်းမှန်ကန်စွာ သောက်သုံးခြင်းအားဖြင့် လူ၏ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်.. အစာအိမ်နဲ့ ဆက်စပ်နေတဲ့ အူမကြီးကနေ သွေးအသစ် ထုတ်လုပ်ခြင်းကို ပိုမိုအကျိုးပြုပေးပါတယ်. ဆေးပညာအရ “Heamatopaises” လိုခေါ်တွင်ပါသတဲ့။ အူများအတွင်းမှာရှိတဲ့ Mucousal fold လို့ခေါ်တဲ့ အကျိအချွဲများဟာ အဓိက သွေးအသစ်ကို ဖြစ်ပေါ်စေတာ ဖြစ်ပြီး (သီအိုရီအရ) သူတို့ကို ရေအလုံလောက်ပေးခြင်းအားဖြင့် အလုပ်ပိုမိုတွင်ကျယ်စေခြင်း ဖြစ်ပါတယ်။

အူမကြီးဟာ သန့်စင်နေမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ် အကြိမ်များစွာ စားသုံးနေသမျှကို ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီးတော့ သွေးအသစ်ဖြစ်ပေါ်မှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်.။ ခန္ဓာကိုယ်အတွင်း ရောဂါကုသခြင်းနဲ့ ကျန်းမာခြင်းအတွက် ထိုသွေးအသစ်ဖြစ်ပေါ်ခြင်းဟာ အလွန်အရေးပါတာကြောင့် ဤနည်းလမ်းကို နေ့စဉ်ပုံမှန် လိုက်နာသင့်ကြောင်းပါ.။

ဒါကတော့ ကျွန်တော် တတ်သလောက် ဘာသာပြန်လေးပေါ့။ တချို့ ဆေးပညာဆိုင်ရာ အသုံးအနှုန်းလေးတွေ (အထူးသဖြင့် ရောဂါနာမည်တွေ) ဘာသာပြန်ရာမှာ လွဲကောင်းလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အဓိက ဆိုလိုရင်း ရည်ရွယ်ချက်ကိုတော့ မထိခိုက်အောင် ဂရုစိုက်ထားပါတယ်။ အောက်မှာတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ပါ။

နေ့စဉ် အချိန်လေးနည်းနည်းစိုက်ပြီး ပိုက်ဆံလည်း အပိုမကုန်ဘဲ အကျိုးဖြစ်ထွန်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် လိုက်နာသင့်တယ်လို့ ထင်မိပါတယ်...

အားလုံး ကျန်းမာသုခ ရစေသောဝ်

……………………………………………………………………………………………………..


- Drink six (6) glasses of water (1.5 litres) everyday and avoid medicine, tablets, injections, diagnosis, doctor fees, etc.

- You can never believe before practicing.


List of Diseases that can be cured by water tharapy

-Blood Pressure/ Hyper Tension

-Anemia (Blood Shortage)

-Rheumatism (Pain in joints/ muscles)

-General Paralysis

-Obesity

-Arthritis

-Sinusitis

-Tachycardia

-Giddiness

-Cough

-Leukemia

-Asthma

-Bronchitis

-Pulmonary Tuberculosis

-Meningitis

-Kidney Stones

-Urogenital Diseases

-Hyper Acidity

-Dysentery

-Gastroenteritis

-Uterus Cancer

-Rectal Prolapse

-Constipation

-host orthobics Hostorthobics

-Diabetes

-Eye Diseases

-Ophthalmic Hermorrhage & Opthalmia (Reddish eye)

-Irregular Menstruation

-Breast Cancer

-Laryngitis

-Headache


Therapy Procedure

-Early morning, after you get up from bed, (without even brushing your teeth) drink 1.50 litres of water i.e., 5 to 6 glasses. You may wash you face thereafter.

-Here it is very essential to note that nothing else, neither drinks nor solid food of any sort should be taken within 1 hour before and after drinking these 1.5 litres of water.


-If required, boiled and filtered water may be used for this purpose.

-It is difficult to drink 1.5 litres of water at one time, but you will get used to it gradually.

-Initially, while practicing you may drink four glasses first and to balance two glasses after a gap of two minutes.

-You may find the necessity to urinate 2 to 3 times within an hour, but it will become normal after quite some time.


By Research and Experience

-The following diseases are observed to be cured within this therapy within the indicated days as below:

-Constipation - 1 day

-Acidity - 2 days

-Diabetes - 7 days

-Cancer - 4 weeks

-Pulminory TB - 3 months

-BP & Hypertension - 4 weeks


Note: It is advised that persons suffering from Artheritis or Rheumatism should practise this therary thrice a day, i.e. morning, midday and night, 1 hour before meals for one week; and twice a day subsequently until the disease disappears.


How does pure water act ?

- Consuming ordinary drinking water by the right method purifies human body. It renders the colon more effective by forming new fresh blood, known in medical terms as "Heamatopaises". That the mucousal folds of the colon and intestines are activated by this method. is an undisputed fact, just as the theory that new fresh blood is produced by the mucousal fold.

- If the colon is cleansed then the nutrients of the food taken several times a day will be absorbed and by the action of the mucousal folds they are turned into fresh blood. The blood is all important in curing ailments and restoring health and for this water should be consumed in a regular pattern.

……………………………………………………………………………………………………..

Free counter and web stats