အမြင်ကတ်စရာကောင်းအောင်
ပြောင်းလဲနေတဲ့ ရာသီတွေနဲ့
မြှောက်ထိုးပင့်ကော်
ကြံရာပါ နာရီတွေဆီကနေ
စာသင်ကျောင်းက ညီမလေးကို ပြန်ခေါ်ပေးဖို့
ကာလယန္တရားကို ငါ ပြန်ပေးဆွဲလာခဲ့တယ်..
အချိန်တွေကို စိတ်ကြိုက် ဘက်ဂီယာပေးပြီး
ချောင်းပြင်လို့ တစ်ချက်ဆိုးလိုက်တဲ့အခါ
ကျောင်းအပြင်ဘက်ရှိ ကောင်းကင်တစ်ချပ်မှလည်း
သူမ၏ အိမ်ပြန်ရာလမ်းကို
အချိန်အတန်ကြာ
တိမ်ဆိုင်တစ်ချို့ ဖျော်ချခဲ့ပေးပါ။
(ခပ်ပေါ့ပေါ့ ရုပ်ရှင်တွေထဲလောက်ပဲဖြစ်ဖြစ်
မိတ်ဆက်ခွင့်လေးပေးပေါ့)
ကာရံတွေ သတိစွဲကာ
တီထွင်မှုမဲ့တဲ့ ဖီလင်ထုတွေ
အထူးစီမံထားသော စာဖြူလွှာအားလည်း
အောင်သွယ်တော် လွယ်အိတ်နီနီမှတဆင့်
ရှောင်ဖယ်နေသူထံ အစီအရင်ခံခဲ့ရလိုပါ၏။
"ဒေသနာတော်အရ
သံသရာကို ဆွဲဆန့်မယ့် စကားလေးတစ်ခွန်း
ပြောပြမယ် ညီမလေးရေ..
နင့်ကို ချစ်တယ်"
ခေါင်းလောင်းသံ ခေါ်ဆောင်ရာတလျှောက်
နွေနေပူပူ၊ ဖိနပ်ဖြူဖြူလေးအောက်မှ
ကျောင်းသူလေး နင်းမယ့် လမ်းမှာလည်း
ကျောင်းသားလေး ခင်းမယ့် ပန်းတွေ ပွင့်ရပါလို၏။
အိပ်မက်ဆိုးတို့ရေ...
သင်တို့ထံ လက်နက်နဲ့ ငြိမ်းချမ်းရေးအားလည်း
စာဖြူနဲ့ ချစ်သူအဖြစ် အလင်းဝင်ပါရစေ..
ကမ္ဘာအဝေး မုန်တိုင်းတွေထန်လည်း
အရာရာဟာ ညီမလေးပဲ ဆန်နေလို့
တောင်းဆိုထားတဲ့ အချက်တွေအတိုင်း
လိုက်ရောညီထွေ ပြန်ဆုံချင်တယ်
အို.. အိပ်မောကျနေတဲ့ ရင်တွေတောင်
ပြန်ခုံနေပေါ့....
Wednesday, January 14, 2009
Subscribe to:
Post Comments (Atom)
1 comment:
ကဗျာလေး လှလိုက်တာ ညီလေးရာ။ နှစ်ခေါက်ဖတ်သွားတယ်
Post a Comment