သူဝင်သွားတဲ့အချိန်မှာ အခြေအနေက သိပ်မဟန်တော့ဘူး.. ကော်ဖီခွက်ထဲမှာ နို့ဆီလျော့နေပြီ။ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီးတော့ အကြွေတွေကို ရေကြည့်နေတယ်.. အဝေးပြေးကားဂိတ်က မွေးနေ့ကိတ်ဟာ လက်သည်ပေါ်ပေါ် အလှီးခံနေရတယ်။
ဘာမှမတတ်နိုင်တော့ဘူး။ ပိုက်ဆံစုထားတာပြည့်ရင် သေကြောင်းကြံနည်း (၁၀၀)စာအုပ်ကို သူဝယ်ဖတ်ဖို့ စဉ်းစားထားတယ်.
သေကြောင်းကြံရန်အသင့်ဖြစ်ဖို့အတွက် ဟိုနေ့က ကျန်းမာရေးဒေါင်ဒေါင်မြည်ကြောင်း သူ့အစ်ကို ဆရာဝန်တစ်ယောက်ဆီမှာ သွားစစ်တယ်။ အားလုံး အိုကေပဲ။
ဆေးတွေကို လှုပ်မသောက်မိဖို့ ပြောတဲ့ဆရာဝန်ထဲမှာတော့ အဲဒီအစ်ကိုဟာ ပထမဆုံးဖြစ်မယ်။ ဟိုတစ်နေ့ကပဲ သူနဲ့ သူ့ကောင်မလေး စေ့စပ်လောင်ကျွမ်းခြင်း ပြီးစီးသွားတယ်။ (တကိုယ်လုံး ရစရာကိုမရှိခဲ့၊ ပေးစရာလည်း မရှိခဲ့)
“တကယ်တော့ နှစ်ယောက်လို့ပြောလို့ မရဘူး.. အမှန်က နှစ်စဗျ.. နှစ်စ.. မင်း တစ်စဟာ ဟိုတစ်စနဲ့ သွားသွားညိနေတာ..” သူ့ဦးလေးကဗျာဆရာပြောတဲ့ စကား နားထဲဝင်၊ လျှံ တက်သွားတယ်။
နှစ်ယောက်ရှိတာ သေချာပလားဆိုတဲ့ စကားကို သူ ရွံရှာမုန်းတီးခဲ့တယ်။ ဒီလိုနဲ့ ရှူနေကျ ရှူဆေးဘူးကို သူလိုက်ရှာကြည့်တယ်။ မီးခိုးရောင် မီးခိုးတွေဟာ ကောင်းကင်ပေါ်လိမ့်လိမ့်/လိမ်လိမ် တက်လာတယ်။
ဘယ်ဆီ ဘယ်ဝယ်မှန်း သူမသိချင်ဘူး။ ဓါတ်မီးတစ်လက်နဲ့ ဟိုရှာ ဒီရှာလုပ်ကြည့်တယ်.. သူ့ကိုယ်သူလည်း တွေ့လိုတွေ့ညား..။ အိပ်နောက်ဖေးက ဂိုဒေါင်မှာ လူတစ်ယောက်ကို လှမ်းတွေ့တယ်။ အချိန်အတော်ကြာ သူနဲ့ စကားတွေပြောဖြစ်ကြတယ်။
ဟိုလူက အဆိပ်သုံးတဲ့အခါ ကိုယ်နဲ့တည့်တဲ့ အဆိပ်ကို ရွေးသုံးသင့်ကြောင်း.. ဒါမှသာ သေခြင်းဟာ ကြာရှည်ခံမှာဖြစ်ကြောင်း.. အလာ့ဂျစ်ဖြစ်မဖြစ်လည်း အရင် နည်းနည်းစီ စမ်းသုံးကြည့်သင့်ကြောင်း။
သူက သူသေကြောင်းကြံစည်ဖို့လျှောက်လွှာတင်ထားတာ အခုထိမကျသေးကြောင်း.. အင်တာဗျူးတစ်ခု၊ နှစ်ခု ဖြေပြီးသော်လည်း သေချာပေါက်သေဖို့မှာ မသေချာသေးကြောင်း.. ခန့်မှန်းရန်ခက်ကြောင်း..
နှစ်ပတ်၊ သုံးပတ်လောက် ထပ်စောင့်ရမှာဖြစ်ကြောင်း.. စသဖြင့်ပေါ့.. သူ့ကိစ္စကို ဟိုရောက် ဒီရောက် လျှောက်ပြောနေမိတယ်..
သူ့မှာ (ကျန်းမာရေးစစ်ဆေး/ဆေးစစ်ချက်အရရော၊ စိတ်ဓါတ်၊ ကံဇာတာ၊ ပညာအရည်အချင်းအရပါ) သေဖို့အရည်အချင်းပြည့်မှီနေတာပဲ..
ဘာ့ကြောင့်များပါလိမ့်.. သူစဉ်းစားမရဖြစ်နေတယ်။ ဟိုလူကတော့ ဆိတ်ဆိတ်နေပြီး တစ်နာရီလောက်ကြာမှ တစ်ခွန်းဟ၊ နှစ်ခွန်းဟ ပြန်ပြန်ပြောတယ်။ နောက်တော့ သူလည်း ပိုပြောလာတယ်။
သေဖို့ ကိစ္စမှာ သိပ်လောရင် မကောင်းကြောင်း.. အခုခေတ် သေဆုံးခွင့်နည်းလမ်းတွေဟာ အနည်းဆုံး (၂)နှစ် (၃)နှစ်လောက် သေဖူးတဲ့အတွေ့အကြုံရှိမှသာ တိုးပေါက်ကြောင်း။
သေချင်သူတွေများနေကြောင်း။
သူဟာ အခုမှ အစိမ်းသက်သက် သေရမှာဖြစ်တဲ့အတွက် အခွင့်အလမ်း မဆိုသလောက် နည်းပါးကြောင်း၊ ဖြစ်နိုင်ရင် လျှောက်လွှာတင်ထားချိန်တွေမှာ အချိန်ပိုင်း သေဆုံးခွင့် နည်းဗျူဟာ၊ သီအိုရီများကို လေ့လာနေသင့်ကြောင်း။
ဒါမှမဟုတ် အသက်ပေးလမ်းကြောင်းပညာဘွဲ့ကို နောက်ထပ် (၃)နှစ်လောက် ထပ်တက်လိုက်ရင်တော့ သေခွင့်ရဖို့ တပမ်းသာ၊ ပိုသေချာကြောင်း။
“နာရေးလျှောက်လွှာခေါ်ယူမှု မှန်သမျှ ကျွန်တော်လျှောက်ထားတာပဲ ခင်မျာ” ဒီလောက်ကြီးတော့လည်း မရှားပါးသင့်ဘူး ထင်တယ်။ သေဆုံးပြီးသူတချို့ဆီက ထောက်ခံချက်လည်း ပါတာပဲ.. တစ်ခုခုများ လွဲနေလို့လား..
လျှောက်လွှာတင်တုန်းက ဓါတ်ပုံတွေ ဘာတွေက ဟောင်းနေလို့များလား.. ဖောင်မှာ ဖြည့်တဲ့လက်ရေးက မလှလို့လား.. မှင်က သူတို့ လိုချင်တဲ့ကာလာ မဖြစ်လို့လား.. ထင်ရှားသည့် အမှတ်အသားကို မကြိုက်လို့လား..
ဒါမှမဟုတ်.. သူအိပ်မောကျနေတဲ့အချိန် တယ်လီဖုန်းတွေ ဘာတွေများ ဆက်လို့ မသိလိုက်ရတာများလား။ ဒါမှမဟုတ်.. အသက်ကြီးနေလို့ မသေသင့်တာများလား..
ဒါတော့ မဖြစ်နိုင်ကောင်းရဲ့.. သူ့သူငယ်ချင်းတွေ တော်တော်များများတောင် စသေရမယ့်ရက်ကို ရက်ချိန်းယူပြီးသွားကြပြီ.. တချို့ကလည်း မသေချင် သေချင်နဲ့သေရ။ တချို့ကျတော့ သေချင်လို့ တစ်ပိုင်းသေနေတာတောင် မသေရ။
သေခွင်တွေ ဘာတွေ သေချာတွက်ကြည့်ပြီး ယတြာလေးဘာလေးရော..
တော်.. တော်ပါဗျာ.. ရယ်စရာတွေ မပြောပါနဲ့..
နေပါအုံးကွာ.. မင်းက ဘာရည်ရွယ်ချက်နဲ့ သေချင်ရတာတုန်း.. သူများတွေ သေနေလို့ popping လိုက် သေချင်နေတာလား..
ဟာ.. ခင်များမို့ ပြောရက်တယ်ဗျာ.. ကျုပ်က သေခြင်းကို နက်နက်နဲနဲ လေ့လာလိုက်စားနေတဲ့ သူဗျ..
အေးလေ.. အဲဒါကြောင့်လည်း မင်းခံနေရတာပေါ့..
အွင်.. ဝါသနာ၊ စိတ်ပါရာဖြစ်လို့ သေခွင့် လျှောက်ပါတယ်.. ခင်များပြောမှပဲ ရှင်ချင်စော်ကို နံသွားတာပဲ..
အဲဒီအချိန်မှာပဲ ရုတ်တရက် ရဲတွေဝင်လာပြီး ပြောလိုက်တာကတော့..
“ဟေ့.. မင်းတို့ နှစ်ကောင်ကို အသက်ရှူသံအတုပြုလုပ်မှုနဲ့ ဖမ်းလိုက်ပြီ.. ဝရမ်းအမိန့်အရ.. လူ့ပြည်မှာ လူဒဏ် တစ်သက်တစ်ကျွန်းခံဖို့သာ ပြင်ထားပေတော့”
“ဟိုက်.. .. ... ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ”