သက်ဆိုင်ရာလူငယ်တွေဟာ ကျွန်တော်တို့ကို နိစ္စဓူဝ မျက်လုံးဒေါက်ဖြုတ်ကြည့်နေကြတာပဲ.. ကျွန်တော်တို့ကတော့ မမူးတဲ့အပြင် နောက်ဆုံးမိနစ်မှ ကပ်ဝင်သွားတဲ့ စည်းချက်တွေကိုတောင် အိပ်ယာဝင်တိုင်း အာရုံပြုနိုင်ကြသေးတယ်.. မိုးလင်းတိုင်း တစ်ယောက်ကို တစ်ယောက် အသက်ရှင်နေတာကို တွေ့ရရင် ယူကြုံးမရဖက်ငိုကြ။ ဘဝနေနည်းတွေကို ပြန်လည်ပြုပြင်ကြ၊ ဖြည့်စွက်ကြ.. အလိုလျောက် ဖွင့်၊ပိတ် တံခါးတွေမှာ ကပ်ထားတဲ့ “တာဝန်ရှိသူမှအပ အပြင်လူမဝင်ရ” စာရွက်တွေကို ကျွန်တော်တို့ ပြိုင်တူ စုတ်ဖြဲကြ၊ တချို့လည်း ဆေးတွေနဲ့ ပက်ဖြန်း.. ရာသီချိန်ပြန်ရောက်တဲ့အခါ ရန်သူ့နယ်မြေထဲက တခမ်းတနား အရိပ်ပြပွဲတော်များဆီ ပါဝင်ဆင်နွှဲလိုက်နဲ့ ကျွန်တော်တို့တတွေအတွက်တော့ ဒါဟာ တကယ့်ကို ခုံမင်ဖွယ်အတိနဲ့ ပျော်စရာတွေပါပဲ။ ရှင်ကြောင်းကြံစည်မှုနဲ့ တရားစွဲမယ့် ဝတ်လုံတော်ရများဆိုတာလည်း မတွေ့မိပါဘူး။ ရာထူးတိုးစရာမလို၊ တဘောင်တွေမလို၊ လုယက်စရာမလို၊ တဒင်္ဂ တံတားခင်းအိပ်မက်တွေမလို၊ ဇွန်း ခက်ရင်းချင်း ထိခတ်သံတွေမလိုဘူးဗျာ.. ချစ်သူခင်စ ကုထ္ထိယ၊ ပုရိသကိုတွေ့တဲ့အခါများမှာလေ သူ့ထံပါး ခေါင်းပုံဖြတ် အသက်ပေးရတာကိုပဲ ဆုလာဘ်ကြီးတစ်ခုလို ခံယူရင်း “ဒီဘဝအတွက် နောက်တစ်ယောက် မရှိနိုင်ဘူးဆိုတဲ့အခါ.. ဒါဟာ အကောင်းဆုံး သက်သေ/သတ်သေ ပြချက်သာလျှင် မဟုတ်ပေဘူးလား..”
ရွှပ် (ဓါးနှင့် အရေပြား ငြိသွားသံ)ခန့်နေ
No comments:
Post a Comment