Thursday, April 22, 2010

အဲလိယစ်တ်ပြောတဲ့ Sensibility (ဇေယျာလင်း)

ဆရာဇေယျာလင်းရဲ့ ကဗျာဘဝရှာတော်ပုံ ဆောင်းပါးချုပ်စာအုပ်ထဲက ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို အရင်က တင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဆောင်းပါးတွေကို ကျွန်တော်လက်လှမ်းမှီသလောက်တင်ပြရတာဟာ ဒီနေ့ ခေတ်ပြိုင်ကဗျာတွေကို ထဲထဲဝင်ဝင်မရှိသူတွေအတွက် မိတ်ဆက်သဘောနဲ့ ရှိပြီးသားသူတွေအတွက်တော့ အထောက်အကူ (ပြန်နွေး)ဖြစ်လိုဖြစ်ညား သဘောသက်သက်သာဖြစ်ပါတယ်။ ကဗျာအမြင်မတူသူတွေအတွက်တော့ ရှုထောင့်သစ်တွေကို အကဲခတ်ရန်ပေါ့။ သူ့ကဗျာတွေဟာ ရှုပ်ထွေးအောင် တမင်ပြုလုပ်ထားတယ်လို့ ထင်ရသလောက် ဆောင်းပါးတွေမှာတော့ ရှင်းခနဲ၊ လင်းခနဲတွေ ဖြစ်နေတာမျိုး ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါတယ်။ အခု ဆောင်းပါးကတော့ အဲဒီစာအုပ်ထဲကပဲ စာမျက်နှာ ၁၆၄မှာပါတဲ့ "အဲလိယစ်တ်ပြောတဲ့ Sensibility" ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ (အဲလိယစ်တ် = T.S.Eliot)
အချိန်ရရင် ရသလို ကျန်တဲ့ ဆောင်းပါးများကိုလည်း တင်ပေးချင်ပါတယ်။..
...........................................................

အဲလိယစ်တ်ပြောတဲ့ Sensibility

ကျွန်တော်တို့ မြန်မာကဗျာလောကမှာ sensibilityကို “အာရုံခံစားမှု”လို့ ပြောကြတာရှိပါတယ်။ ခေတ်ပေါ်ကဗျာဆိုတော့ ခေတ်ပေါ်အာရုံခံစားမှုပေါ့။ modern sensibility လို့ သုံးကြတာလည်း တွေ့ရပါတယ်။ ခက်တာက ဒီ “ခေတ်ပေါ်အာရုံခံစားမှု”မှာ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိတာပဲ။ ခေတ်မှာပေါ်လာတဲ့ အာရုံခံစားမှုလို့လည်း အလွယ်တကူပြောမရ၊ ဘာကို အာရုံခံစားတာလဲ ဆိုတာလည်း ပြောရခက်။ ပြည်သူ့ဘဝသရုပ်ဖော်လိုလို၊ ပြည်သူ့ကိုယ်စားကဗျာရေးသူရဲ့ ခံစားချက်လိုလို၊ ကဗျာရေးသူရဲ့ တသီးပုဂ္ဂလခံစားချက်လိုလို၊ “ခေတ်ကိုထင်ဟပ်တဲ့” အာရုံခံစားမှုလိုလို၊ အားလုံးလည်း ပါဝင်ကောင်း ပါဝင်ကြပါလိမ့်မယ်။အသေအချာပြေကြတာကတော့ ခေတ်ပေါ်ကဗျာကို ခေတ်ပေါ်အာရုံခံစားမှုနဲ့ ရေးရတယ်ဆိုတာပါပဲ။ အဲဒီခေတ်ပေါ်အာရုံခံစားမှုဆိုတာ နေ့စဉ်ဘဝရဲ့ အဖြစ်သနစ်တွေ၊ ရိုက်ခတ်မှုတွေ၊ တွေ့ကြုံရင်ဆိုင်ရမှုတွေပေါ် တုန့်ပြန်မှုတွေချည်းသက်သက်လား။ ဘာသာစကားပေါ်မှာ၊ မီဒီယာတွေပေါ်မှာ၊ လူထုဆက်သွယ်ရေးစနစ်တွေပေါ်မှာကော အာရုံခံစားမှုမရှိနိုင်ဘူးလား။ မရှိဘူးလား။ အာရုံခံစားမှုပေါ်မှာ ပြန်အာရုံခံစားမှုမျိုးကော မရှိနိုင်ဘူးလား။ အာရုံခံစားမှုထဲမှာ အတွေးကော မပါဘူးလား။ အာရုံခံစားမှုနဲ့ အာရုံသိမှုဟာ အတူတူပဲလား။ ကွဲပြားမှုရှိသလား။ “အာရုံ”ဆိုတဲ့ စကားကို ဘုံထုတ်လိုက်ပြီး “ခံစားမှု”နဲ့ “သိမှု”ကို ဘယ်လိုခွဲခြားမလဲ၊ ဘယ်လို ဆက်စပ်မလဲ။

ဒါတွေဟာ ဘာသာစကားကို စိတ်ဝင်စားတဲ့ ကျွန်တော့်ဝသီကြောင့် ကျွန်တော်လျှောက်တွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေ မတွေးဘဲ၊ မစဉ်းစားဘဲ၊ သိစရာမလိုဘဲ ကဗျာတွေ ရေးနေလို့လည်း ရတာပဲမဟုတ်လား။ အဲဒါတွေ မပါဘဲ ဆုရကဗျာတွေတောင် ရေးလို့ရတာပဲ မဟုတ်လား။ “ကဗျာဆိုတာ ခံစားမှုကလာတာ၊ သိမှုတတ်မှုတွေဟာ ကဗျာကို ဖျက်စီးတယ်”ဆိုတဲ့ ရောမန္တိက အယူအဆကလည်း အခြေခိုင်နေသေးတယ် မဟုတ်လား။ ဒါတွေဟာလည်း အယူအဆကိစ္စတွေပါ။ အတ္တနောမတိတွေနဲ့လည်း ယှက်နွယ်လာတော့ ကိုယ်မှန်တယ်ထင်တာ ကိုယ့်အမှန်တရားပေါ့။ ဒါပေမယ့် ကဗျာဗေဒဆိုတာ ရှိသေးတယ်လေ။ ကဗျာဆိုတာ အနုပညာဖြစ်တယ်ဆိုရင် “အနုပညာ”မှာ “ပညာ”ဆိုတဲ့ စကားလုံးနဲ့ အဲဒီစကားရဲ့ အနက်အဓိပ္ပာယ်ရှိသေးတယ်ဆိုတာ မမေ့အပ်ဘူးလို့ ထင်ပါတယ်။ ပညာဆိုတာကလည်း လေ့လာလိုက်စားသူအတွက် ကြိုက်နှစ်သက်စရာ တန်ဖိုးရှိတဲ့ ကြိုက်နှစ်သက်စရာလည်း ဖြစ်ပါတယ်။ ကဗျာဗေဒလည်း ထိုနည်းတူပေါ့။

အဲဒီတော့.. တီ၊ အက်စ်၊ အဲလိယစ်တ်ရဲ့ sensibility။ ဒီ sensibility ကိစ္စကို အဲလိယစ်တ်က The Metaphysical Poets ခေါင်းစဉ်တပ် essays ထဲမှာ ရေးသားဖော်ပြခဲ့တာရှိပါတယ်။ ၁၉၂၀လောက်ကပါ။ ဗြိတိသျှနိုင်ငံ၊ ပထမအလစ်ဇ်ဘက်သ်ဘုရင်မခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာဆရာတွေရဲ့ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ဦးဆောင်သူတွေထဲမှာ ထင်ရှားကျော်ကြားခဲ့တာကတော့ John Donne ဖြစ်ပါတယ်။ ဒီကဗျာဆရာတွေနဲ့ ဆက်နွယ်ပြီး အဲလိယစ်တ်ထွင်လိုက်တဲ့ စကားနှစ်ခွန်းကတော့ “Unification of sensibility” (အာရုံခံစားမှု ဆက်စပ်စည်းလုံးခြင်း)နဲ့ “Dissociation of sensibility” (အာရုံခံစားမှု အဆက်အစပ်ပြတ်တောက်ခြင်း)လို့ ကျွန်တော် ဘာသာပြန်ကြည့်လိုက်ပါတယ်။

အဲလိယစ်တ်ရဲ့ sensibility ဟာ ကျွန်တော့်တို့ သာမန်သုံးစွဲနေကြတဲ့ “အာရုံခံစားမှု/ အာရုံခံစားနိုင်စွမ်း” ဆိုတဲ့ အဓိပ္ပာယ်ထက် ကျယ်ဝန်းနက်ရှိုင်းတာကို တွေ့ရပါတယ်။ အဲလိယစ်တ်ပြောခဲ့တဲ့ sensibility ဆိုတာ သူကိုယ်တိုင်ရှင်းပြတဲ့ “synthetic faculty” ဖြစ်ပါတယ်။ “ပေါင်းစပ်နိုင်တဲ့ စွမ်းရည်”လို့ အဓိပ္ပာယ်ယူလို့ ရပါတယ်။ အဲဒီတော့ အဲလိယစ်တ်ရဲ့ sensibility ဟာ အာရုံခံစားမှုဆိုတာထက် “အာရုံများပေါင်းစပ်နိုင်တဲ့ စွမ်းရည်”၊ သို့မဟုတ် “အာရုံခံစားမှုများ ပေါင်းစပ်နိုင်တဲ့ စွမ်းရည်” ဖြစ်ပါတယ်။ ကဗျာရေးသူတွေမှာ ရှိ(သင့်)တဲ့ စွမ်းရည်လို့ အဲလိယစ်တ်က ဆိုပါတယ်။ အဲလိယစ်တ်ရဲ့ အလိုအရ ဒီMP ကဗျာဆရာတွေဟာ ပညာရပ်တွေကို အထူးလိုက်စားကြတယ်။ ဗဟုသုတအမျိုးမျိုးကို ရှာမှီးကြတယ်။ စာတွေအများကြီး ဖတ်ကြတယ်။ ဖတ်ပြီး ကြေကြေညက်ညက် စဉ်းစားကြတယ်။ ဒီလိုပညာတွေ၊ ဗဟုသုတတွေ ရှာမှီးစုဆောင်းခြင်းအားဖြင့် သူတို့ရဲ့ (အာရုံ)ခံစားပုံဟာ တစ်နည်းတစ်ဖုံပြောင်းလဲသွားကြတယ်။ သူတို့ဟာ အတွေးနဲ့ ခံစားမှုကို ပေါင်းစပ်လိုက်ကြတယ်။ နှင်းဆီတစ်ပွင့်ရဲ့ ရနံ့ကို တိုက်ရိုက်ခံစားသလို အတွေးတစ်ခုကိုလည်း တိုက်ရိုက်အာရုံခံစားဖို့ ကြိုးစားတယ်။ အတွေးနဲ့ (အာရုံ) ခံစားမှုကို မခွဲခြားတော့ဘူး။ အတွေးကို အာရုံခံစားပြီး အာရုံခံစားမှုကို တွေးကြတယ်။ တွေးခြင်းဟာ အာရုံခံစားခြင်းဖြစ်တဲ့အထိ။ အတွေးနဲ့ အာရုံခံစားခြင်ဟာ တစ်သားတည်းဖြစ်တဲ့အထိ။

နောက်တစ်ခုက ကွဲပြားခြားနားပြီး အဆက်အစပ်မရှိတဲ့၊ သာမာန်အားဖြင့် ဆက်စပ်လို့မရတဲ့၊ ဆန့်ကျင်ဘက်တွေတောင်ဖြစ်နေကြတဲ့ တွေ့ကြုံခံစားမှုတွေ၊ အတွေးတွေကို ပေါင်းစပ်ယူလိုက်ကြတာ ဖြစ်တယ်။ သိမှု၊ စဉ်းစားမှု၊ ယုတ္တိနဲ့ ယှဉ်ကြည့်ရင် ကွဲပြားခြားနားကြပေမယ့် အာရုံခံစားမှုမှာ သွားတူတာတွေကို ပေါင်းစပ်လိုက်တာဖြစ်တယ်။ ဂျွန်ဒေါန်ရဲ့ အချစ်ကဗျာတစ်ပုဒ်မှာဆိုရင် သန်းတစ်ကောင်ကို ပင်မဇာတ်လိုက် လုပ်ထားတာတွေ့ရပါတယ်။ အချစ်ကဗျာဆိုမှတော့ အချစ်ခံစားမှုအကြောင်း ရေးဖွဲရမှာပေါ့။ ဘာဖြစ်လို့ ဒီရွံ့မုန်းစရာကောင်းတဲ့ သန်းက ဇာတ်လိုက်ဖြစ်နေရတာလဲ။ ကဗျာထဲမှာ အမျိုးသားဇာတ်ဆောင်ဟာ သူချစ်ရတဲ့ အမျိုးသမီးဇာတ်ဆောင်ကို ပြောနေတာဖြစ်ပါတယ်။ မင်းနဲ့ငါ ချစ်ကြလျက်သားနဲ့ မပေါင်းစပ်နိုင်ကြ၊ မစပ်ယှက်နိုင်ကြတာဟာ သန်းတစ်ကောင်ရဲ့ ဘဝလောက်တောင် မကောင်းရှာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသန်းဟာ မင်းကိုကိုက်ပြီး မင်းရဲ့သွေးကို စုပ်ယူတယ်။ ပြီး ငါ့ကို ကိုက်ပြီး ငါ့ရဲ့သွေးကို စုပ်ယူတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ မင်းရဲ့သွေးနဲ့ ငါ့ရဲ့သွေးတွေရောနှောခွင့်ရကြတယ်။ မင်းနဲ့ ငါကျတော့.. ။ နောက်တစ်ပုဒ်မှာ သူနဲ့ သူ့ချစ်သူကို ကွန်ပါချွန်ရဲ့ ထောက်နှစ်ဖက်နဲ့ နှိုင်းထားတာ တွေ့ရပါတယ်။ အဲသလို မဆက်စပ်အပ်ရာတွေကို ဆက်စပ်ပြီး ရေးသားကြတဲ့အတွက် အဲဒီ MP ကဗျာတွေကို မဆီမဆိုင်တာတွေကို အတင်းအဓမ္မဆက်စပ်ရေးသားကြတဲ့ ကဗျာတွေကို ဝေဖန်ပုတ်ခတ်ခဲ့ကြပါတယ်။ အဲလိယစ်တ်ကတော့ အဲဒါကိုပဲ အထူးနှစ်သက်ခဲ့ပါတယ်။ အဲဒီကဗျာတွေမှာ Unification of sensibility ကို တွေ့ရှိရပြီး နောက်ပိုင်းကဗျာတွေမှာ အဲဒီ sensibility မျိုး ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ အဲလိယစ်တ်ရဲ့ modern sensibility ဆိုတာ အဲဒီ sensibility ကို ၂၀ရာစုဦးပိုင်း modern သမိုင်းကာလမှာ ပြန်ပျိုးထောင်လေ့ကျင့် သင်ယူသုံးစွဲနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။

ဘာဖြစ်လို့ modern sensibility လဲ။ ၂၀ရာစုဦးပိုင်း လူ့သမိုင်းမှာမကြုံစဖူး အဖြစ်ထူးတွေပေါ်ပေါက်လာခဲ့ပါတယ်။ စက်မှုထွန်းကားပြီး တီထွင်မှုတွေများပြားလာတဲ့အလျောက် လူနေမှုဘဝပုံစံတွေ ပြောင်းလဲသွားကြပါတယ်။ အာရုံတွေများလာတယ်။ မြန်လာတယ်။ ပြိုကွဲလာတယ်။ ယဉ်ကျေးမှုမြင်မားလှချည်ရဲ့ဆိုတဲ့ အနောက်တိုင်းသားတွေဟာ ဥရောပမှာ ကမ္ဘာ့စစ်ကြီး ဖန်တီးပြီး လူသတ်ပွဲကြီး ကျင်းကကြပါတယ်။ ဘယ်မှာလဲ၊ ဆင်ခြင်ယုတ္တိမြင့်မားမှု။ ဘယ်မှာလဲ၊ အသိတရားနဲ့ မေတ္တာရှေ့ထားမှု။ ဘယ်မှာလဲ၊ သိပ္ပံနဲ့ နည်းပညာက တကြော်ကြော်အော်လာခဲ့တဲ့ လူနေမှုဘဝမြှင့်တင်မှု။ ဘယ်မှာလဲ သမိုင်းရဲ့စဉ်ဆက်မပြတ်တိုးတက်မှု။ ဘယ်မှာလဲ၊ အမှန်တရား။ ဘာလဲ၊ အနုပညာ။ အကုန်လုံးပြိုကွဲသွားခဲ့ပြီ။ အဲဒီလို အပိုင်းပိုင်းအစစ၊ သမိုင်းခေတ်ရဲ့ ရလဒ်၊ modern သမိုင်းခေတ်ရဲ့ စရိုက်လက္ခဏာ၊ modern သမိုင်းခေတ်ရဲ့ ရလဒ်၊ modern သမိုင်းခေတ်ရဲ့ အာရုံခံစားမှု။ အဲဒီလို အပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမွှာမွှာပြိုကွဲသွားခဲ့ပြီဖြစ်တဲ့အတွက် အဲဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာ fragments တွေနဲ့ပဲ ဖန်တီး၊ ဖွဲ့စည်း၊ တည်ဆောက်ယူရတော့မှာပဲ ဖြစ်တော့တယ်။
အဲလိယစ်တ်ရဲ့ The Wasteland ကဗျာမှာပါတဲ့တစ်ကြောင်းက ‘These fragments I have shored against my ruin’ ‘ငါ့ ပျက်ဆီးခြင်းကို ဟောဒီအပိုင်းပိုင်း အစစ၊ အစိပ်စိပ်အမြွှာမြွှာတွေနဲ့ပဲ ငါ ကျားကန်ခဲ့ရပြီ’ ။
အဲလိယစ်တ်ရဲ့ modern ခေတ်မှာ ဘယ်ဟာကိုမှ သူ့ချည့်သက်သက် တစ်လုံးတစ်ဝန်းတည်း အာရုံခံစားလို့ မရတော့ဘူး။ အာရုံ ခံစားမှုကိုယ်တိုင်ဟာ ပြိုကွဲခဲ့ပြီ။ ဘယ်အရာကိုမဆို အပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာသာ အာရုံခံစားလို့ ရတော့တယ်။ အဲဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာအာရုံတွေဟာလည်း အဆက်အစပ်မရှိ၊ ဆက်စပ်လို့မရ၊ ဖရိုဖရဲ။ modern သမိုင်းခေတ်ကာလမှာ ကဗျာရေးသူရဲ့ sensibility ဟာ အဲသလိုဖြစ်သွားတော့တယ်။ အဲသလိုပဲ အာရုံခံစားရတော့တယ်။ အဲဒီ အဆက်အစပ်မရှိတဲ့ အပိုင်းပိုင်းအစစ၊ အစိပ်စိပ် အမြွှာမြွှာအာရုံတွေနဲ့ပဲ ကဗျာရေးကြရတော့တာပဲပေါ့။ အဲဒါကြောင့် အဲလိယစ်တ် နှစ်သက်ခဲ့တဲ့ Metaphysical Poetry ။ အဲဒါဟာ အဲလိယစ်တ်ရဲ့ modern sensibility ။ အဲဒါဟာ အဲလိယစ်တ်ရဲ့ modern poetry ။ အဲဒီနည်းနဲ့ပဲ အက်ဇရာပေါင်းန်ဒ် ဆော်သြလိုက်တဲ့ ‘Make it new’ (အသစ်ဖြစ်အောင် ပြုလုပ်ကြ)။ အဲဒါကြောင့် အပေါ်ယံကြည့်ရင် အဆက်အစပ်မရှိတဲ့ နိမိတ်ပုံတွေ၊ အဲဒါကြောင့် “မျဉ်းသဘော မဆောင်၊ အကွက်သဘောဆောင်”တွေ။ အဲဒါကြောင့် “ဝေ့ကာ၊ ဝိုက်ကာ”တွေ။ အဲဒါကြောင့် . . . ။

ဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာအာရုံတွေနဲ့ပဲ နိမိတ်ပုံတွေဖွဲ့စည်းရေးသားနိုင်တာ modern sensibility ရှိလို့ ဖြစ်တယ်။ အဲလိယစ်တ်ရဲ့ အလိုအရ ကဗျာရေးနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေတဲ့ ကဗျာဆရာရဲ့ စိတ်ထဲမှာ အဲဒီလို ဆက်စပ်မှုမရှိတဲ့ အပိုင်းအစ၊ အစိပ်အမြွှာတွေဟာ အပေါင်းအစည်းသစ်တစ်ခုအဖြစ် လာရောက်စုစည်းတာဖြစ်တယ်။ တစ်နည်းပြောရရင် ဒီအပိုင်းအစတွေနဲ့ အပေါင်းအစည်းသစ်တစ်ခုကို ပြုလုပ်ယူတာဖြစ်တယ်။ သာမာန်လူဟာ ချစ်စိတ်ဝင်နေမယ်၊ စပီနိုဇာရဲ့ ဒဿနကျမ်းကို ဖတ်နေမယ်၊ လက်နှိပ်စက် ရိုက်သံကြားနေမယ်၊ မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ ဟင်းရနံ့တွေ ရနေမယ်။ ဒါပေမယ့် ဒါတွေဟာ ဆက်စပ်မှုမရှိတဲ့ သီးခြားကိစ္စတွေ ဖြစ်နေတယ်။ ကဗျာဆရာမှာတော့ ဒီအာရုံတွေရောက်လာပြီး ဒီအာရုံတွေကိုပဲ ဆက်စပ်ဖွဲ့စည်းပြီး ကဗျာဖြစ်စေတာ၊ ကဗျာပြုလုပ်တာ ဖြစ်တယ်။ အဲသလို ဖရိုဖရဲအာရုံတွေကို စုစည်းဆက်စပ်နိုင်တာဟာလည်း modern sensibility ရှိလို့ ဖြစ်တယ်။ ဒီလို modern sensibility နဲ့ ရေးမှ modern poetry ဖြစ်တယ်။ modernism (အထူးသဖြင့် အနောက်တိုင်း modernism) ရဲ့ အမြင်၊ အယူအဆ၊ ဝါဒ၊ အာရုံခံစားမှု၊ အာရုံခံစားမှုပေါင်းစပ်ယူမှုတို့နဲ့ ရေးသားဖွဲ့စပ်ထားတဲ့အတွက် ဒီကဗျာတွေကို modernist poetry လို့ သုံးနှုန်းတာလည်း ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ modern ဆိုတာ “ခေတ်ပေါ်”လို့လည်း အဓိပ္ပာယ်ထွက်တဲ့အတွက် ခေတ်ပေါ် modern ကဗျာနဲ့ modernistရဲ့ modern sensibility နဲ့ ရေးသားတဲ့ modernist ကဗျာ ကွဲပြားစေလိုတဲ့သဘောလို့လည်း ယူလို့ရပါတယ်။ ဥပမာ၊ ဒီနေ့ အိန္ဒိယမှာ ရေးနေတဲ့ ကဗျာကို Modern India Poetry လို့ ခေါ်ကြပေမယ့် modernist ဟုတ်ချင်မှ ဟုတ်မှာဆိုတဲ့ သဘောပါပဲ။ အဲဒါကြောင့်လည်း modern၊ modernist စတဲ့ label မတတ်တော့ဘဲ Contemporary ခေတ်ပြိုင်လို့ပဲ သုံးလာကြတာလည်း တွေ့ရပါတယ်။

အဲဒီတော့ အဲလိစ်တ်ရဲ့ ‘modern sensibility’ နဲ့ မြန်မာကဗျာလောကမှာ သုံးနေတဲ့ “ခေတ်ပေါ်အာရုံခံစားမှု”တို့ တူ၊ မတူ စဉ်းစားလို့က စဉ်းစားနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ၁၉၆၈ လောက်က စခဲ့တဲ့ “မော်ဒန် ပေါ်ယဲ့ထရီ” ကိစ္စ၊ မြန်မာမော်ဒန်ကဗျာခေတ်ဦးကာလတုန်းက (“ခေတ်ပေါ်”လို့ မသုံးဘဲ “မော်ဒန်”လို့ သုံးခဲ့တဲ့) ကဗျာကိစ္စ၊ တိုက်ခိုက်ရေးသားခဲ့တာတွေရဲ့ ကိစ္စ၊ “မော်ဒန်”ကဗျာကနေ “ခေတ်ပေါ်”ကဗျာ ပြောင်းသွားတဲ့ကိစ္စ၊ အဲဒါတွေကိုပါ မြန်မာ ခေတ်ပေါ်ကဗျာသမိုင်းဖြစ်စဉ်အမြင်နဲ့ ရှုထောင့်တစ်ခုကနေ စဉ်းစားကြည့်ကြရအောင်ပါ။ စဉ်းစားခြင်းအလေ့အထရှိသူတွေတော့ စဉ်းစားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ အားနာစရာတစ်ခုတော့ ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ ဒီနေ့လို ၂၁ရာစုဦးပိုင်းကာလမှာ ၂၀ရာစုအစောပိုင်းကာလတုန်းက ကဗျာအကြောင်းကိစ္စကို ပြောနေရသေးလို့ပါပဲ


ဇေယျာလင်း
၂၁၊ စက်တင်ဘာလ၊ ၂၀၀၇
(ကဗျာ ဘဝ ရှာတော်ပုံမှ)

1 comment:

Sittown poem said...

ကြိုက်တယ်ဗျာ pdf လေးရရင်တော့တင်ပေးစေချင်ပါတယ်
အခုလို ဆရာတွေရဲ့ စာတမ်းတွေဖတ်လိုက်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ

Free counter and web stats