Showing posts with label မိုးဝေး. Show all posts
Showing posts with label မိုးဝေး. Show all posts

Sunday, April 11, 2010

အမှတ်ရခြင်း

ကိုချောရေ
တစ်နေ့က ခင်များကိုတွေ့လိုက်တယ်
သစ်သားဘတ်စ်ကားအိုကြီးတစ်စီးပေါ်မှာ
ခင်များသူငယ်ချင်း မာယာကော့ဗ်စကီးနဲ့
စကားတွေ ဖောင်ဖွဲလို့
ခင်များတို့ အနာဂတ်အကြောင်း
ပြောခဲ့ကြတာလား ဒါမှမဟုတ်
ကြယ်ပြာလေးနဲ့ ခင်များစားခဲ့တာ
ထမင်းအသိုးတွေသာ ဖြစ်ခဲ့ရတဲ့အကြောင်းလား။

ပြီးတော့မှ
တစ်ခုခုကို ခင်များတို့သတိရသွားကြသလို
ဘတ်စ်ကားပေါ်က ခုန်ဆင်းသွားကြပြန်တယ်။
ဘာလဲ
ခင်များသူငယ်ချင်းက
မာရီယာနဲ့ လေးနာရီမှာချိန်းထားပြီး
ခင်များက ဂေါ်ကီရဲ့ဇာတ်လိုက်တွေနဲ့
သစ်တောလမ်းမှာ ချိန်းထားခဲ့လို့လား။
အခုလေးတင်
ကျွန်တော်မမြင်ဖူးလိုက်တဲ့ လူကြီးတစ်ယောက်
ကျွန်တော့်ကို လာမေးသွားတယ်
မောင်ချောနွယ်ကို တွေ့မိသလားတဲ့
သူ ကျောချစရာတစ်နေရာ ရသွားပြီလို့
ကိုယ် သတင်းကြားတယ် ဟုတ်လားတဲ့
ပြောပြောဆိုဆို ရေတစ်ခွက်သောက်သွားသေးတယ်။

ပြီးတော့မှ
အိပ်ရာက အမှန်တကယ်နိုးခဲ့ကြောင်း
ကျွန်တော့်ဦးခေါင်းမှ ခြေဖျားတစ်ဆုံး ဖျောင်းဖျ
မီးခလုတ်ကို ဖွင့်လိုက်တယ်
မိုးဝေးရေ.. ကိုယ်ပါကွာ..
မိုးဝေးရေ.. မင်းတို့
အိပ်ရာက နိုးကြပြီလားကွာ။ ။


မိုးဝေး
၂ ဖေဖော်ဝါရီ၊ ၂၀၀၃

Thursday, March 25, 2010

အထ္ထုပ္ပတ္တိ

လမ်းတွေပေါ်
ခွေးတွေဟောင်နေတာ မြင်တော့
ငါ့အဆာလောင်ဆုံးကို တွေ့လိုက်တယ်။

ကိုယ့်သွေးကြောထဲ
ကိုယ်တောင် အနှံ့မရောက်ဘူး
အနုပညာဆိုတာကလည်း
အရူးလောက်မှ မပေါက်မြောက် မဟစ်အော်
အိမ်ထဲက အိမ်ပြင်မထွက်နိုင်တော့
ဇာတ်လမ်းရဲ့ ဟာနေတဲ့ဇာတ်ကွက်ထဲ
ငါ့ကိုယ်ငါ ဆောင့်ကန်ချလို့
ငါ့နောက်မှာ ငါရပ်လိုက်တယ်။ ။

မိုးဝေး
၂၀၀၀ ခုနှစ်

("သူပဲအကြမ်း သူပဲအချော"ကဗျာစာအုပ်မှ)
Free counter and web stats