Showing posts with label Reviews. Show all posts
Showing posts with label Reviews. Show all posts

Monday, December 7, 2009

အောင်စာရင်းထဲ ကျွန်တော့် နာမည် မပါတဲ့နေ့က

အကြီး ရေးထားရင်
အရေးကြီးတယ် ထင်ကြမယ်.
အဓိကက
၁.၂.၃ မတိုင်ခင် နေရာယူတတ်ဖို့ပါပဲ။

စာသုံးသူများကို သုံးစား၍
ကောင်းစားသူများ စားကောင်းနေသည်။
“အိမ်ထဲ ဝင်ကြဟဲ့..
ဟိုမှာ ဗိုက်ပူနံကားတွေ လာနေပြီ” တဲ့
မေမေက ပြောတယ်။

အရှေ့ဆိုတာ
ရောက်ကောင်းတဲ့ နေရာမှန်း
ကျွန်တော် မသေချာသေးဘူး။
ဘာမှမရှိဘူးဆိုလည်း
ဘာမှမရှိဘူးတစ်ခုခုကို သွားတွေ့ခဲ့တယ်။

အင်္ကျီအသစ်နဲ့ လူဟောင်းတွေ၊
သေသူအချင်းချင်း မြေဖို့ချင်သူတွေနဲ့
အခန်းအပြင်ဖက်မှာ
ပိုမိုမွန်းကျပ်နေတယ်။

ဖြစ်ပျက်နေတာတွေက
ကျွန်တော်နဲ့ မဆိုင်ချင်တိုင်း
မဆိုင်နေလိုက်ကြပုံများ..

မိန်းကလေး..
ငါ့ကို တစ်ယောက်ထဲ ထားခဲ့တတ်တဲ့အကျင့်ကို
နင် ဖျောက်ပါ။

အခိုးမထွက်တဲ့ သံသရာမီးရဲ့
ဆိုးချက်ကြောင့်ပဲ

ပြက်လုံးတွေ၊ အနိုင်ဂိုးတွေ
လက်ခုပ်သံတွေ၊ မီးကင်ထားတဲ့ အသားတုံးတွေနဲ့
ပွဲတော်ရက်တွေဆီ...
စိတ်မရှိတော့တဲ့ အခါတိုင်း

ခွင့်လွှတ်ပါ.. သူငယ်ချင်းတို့..
ငါဟာ
တောင်ပေါ်က ပန်းကလေးရှိတဲ့ အရပ်မှာသာ
ငါပျော်တတ်လို့။

ဘာကြောင့်ရယ်မသိဘူး.. ဒီကဗျာကို အခုရက်ပိုင်း စိတ်ထဲစွဲရွတ်မိနေလို့.. အမှတ်တရ ပြန်တင်ဖြစ်ပါတယ်ခင်မျာ..

Thursday, September 17, 2009

နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



"ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…"


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်

မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။

သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။

စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံနွယ်များမှာ အနက်ရောင်ဖြစ်သည်။ သူမနှင့်လိုက်ဖက်သည်ဟု ဆိုတိုင်း “ပိုပြီ”ဟု ပြန်ပြောတတ်သည်။ သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကားမဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။


စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။

………………………………………………………………………………………….

မှတ်ချက်။ ။ သူငယ်ချင်း အောင်ဖြိုး၏ tag သို့.. အဟောင်းလေးပဲ ပြန်နွေးလိုက်တယ်ကွာ.. ဆားချက်တယ်တော့ ဟုတ်ဝူးပေါ့.. ချိန်းတွေ့တုန်းက အကြောင်းလေးကို နည်းနည်း polish တင်ထားတာ..


Thursday, August 27, 2009

ရာသီပြောင်းချိန် (When a season ...

ကျွန်တော်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်နေဆဲဖြစ်တဲ့ ဦးဗိုလ်ထီးရဲ့ ရာသီပြောင်းချိန်ဆိုတဲ့ သီချင်းလေးပါ.. youtubeမှာ တော်တော်နဲ့ ရှာလို့ မတွေ့ဘူး.. လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပိုက်စိပ်တိုက်ရှာရင်း တွေ့ခဲ့တာ.. ရည်ရွယ်သူကို ပို့ပေးဖြစ်တယ်.. အင်္ဂလိပ်လိုကတော့ ကျွန်တော်ဘာသာပြန်ထားတာပါ.. facebookမှာ တင်လိုက်တော့ တခြားနိုင်ငံသား ကျွန်တော့်သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ရယ်.. ကိုယ်တိုင်လည်း ဘာသာပြန်ရတာ ဝါသနာပါတာရယ်ကြောင့်ပါ။ ဘာသာပြန်ရာမှာ youtubeက ကိုGersingရဲ့ စာသားတွေကို နည်းနည်းယူထားပါတယ်.. သူ့ရဲ့ videoကိုပါ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်.. ကျွန်တော့်ရဲ့ ဘိလပ်စာအဆင့်နဲ့ဆို ၈၀%လောက်တော့ ကျေနပ်မိပါတယ်.း)




Gersingရဲ့ ဆိုဟန်နဲ့ စာသား.. (၁၈နှစ်အောက် လူကြီးများ ကြည့်မရ)

ရာသီပြောင်းချိန်
ဆို- စိုင်းထီးဆိုင်။ ရေး- စိုင်းခမ်းလိတ်။

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....

ရွှေမျက်ရည်စို့ တုန်းက ပဝါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....

ရွှေလက်တွဲတုန်းက သူ့ ဖဝါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....


"When A Season Changes"
Sang by Sai Htee Saing, Lyrics by Sai Khan Lait

Season changes here without you
And sufferers are both internally and externally of me.
But, just knowing of you making thoughts about how i m doing all alone,
I will feel relieved from the lifeless days without ur laughters
And it is really worthy to wait the days when ur heart beats whisper

Whenever i call up the feelings of ur hand holding mine,
I feel engergised to be able to walk my current days alone.
Whenever i call up the feelings of ur kisses landing to my cheek,
It energises me to pass a journey of this lonely night, filling happiness

The times you miss me, and
The messages sent make me ease off the days when i feel bad due to inconveniences here.
And it is really worthy to wait the days when yourself take good care of me.

With the memories of holding your hands with smiles
And those of my cuddly hugs, being a shelter for you,
Keep assuring myself those are not the dreams
And the pleasures you gave still remain in my heart

Remembering your comforts to my sorrows,
And believing that there will be another such chances,
A little hope is still alive during the days i miss you too.

Monday, May 11, 2009

ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ကိုနေမျိုးစေးရဲ့ သီချင်းဟောင်းလေးတစ်ပုဒ် ပါ.. အယ်နှောင်းက လွှမ်းမိုး အမှတ်တရ (၂)မှာ ပြန်ဆိုထားတယ်.. စာသားလေးတွေက သိပ်ဆွဲဆောင်မှုရှိပြီး၊ နှစ်သက်မိလို့ ဆယ်တန်းပြီးတဲ့ အချိန်တုန်းက အဆောင်ရှေ့မှာ သွားဟဲနေကျ သီချင်းလေးပေါ့..
ဂန္တဝင်ဆန်တယ်လို့ခေါ်မလား.. ညဖက် ဘာမှမလုပ်ဘဲ.. တစ်ယောက်ထဲ အာရုံစိုက် နားထောင်နေရတဲ့ အရသာလေးကလည်း မိုက်တယ်.. စာသားလေးတွေကတော့ သီချင်းနားထောင်ရင်း ပြန်ရေးထားတာဖြစ်လို့.. လိုနေရင် ဖြည့်ပေးပါဗျာ.. (း


ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ညဉ့်သန်းခေါင်ယံ.. လေပြေညင်းကြောင့်..
မျောလွင့်သွားတဲ့ လရောင်တန်းရဲ့ တစ်ဒေသကို
အနန္တတံတိုင်း.. ပရဝဏ်အထိ..
အာရုံဖြန့်လို့ စိတ်တွေ လွင့်လွင့် လိုက်ရှာနေရင်း...
ကြယ်တွေကြားမှာ ယဉ်ယဉ်လေးနဲ့ လှတဲ့ မင်းကို
မျှော်လင့်မထားဘဲ တွေ့လိုက်တယ်..

နူးညံ့တိမ်ယံ.. ထာဝရလင်းတဲ့..
ကြယ်စင်မိုးနဲ့ ညစောင်တန်းရဲ့ ထိပ်ထားထံ..
မျှော်ရီမှန်း.. ရင်ခွင်လမ်းက..
ငုံစင်ပန်းမို့.. မေတ္တာကြိုးယှက်..
ပန်းဖောင်ဖွဲ့ရင်း..
ပန်လိုစိတ်သာ.. ရင်မှာအပြည့်နဲ့ ဆက်သလိုက်တယ်..
ယူခါ နမ်းခိုက်၊ ပန်းပွင့်စေ...

စွဲငြိကာရံ.. သာယာခြင်းရဲ့
ရင်ခုံစည်းချက် ယစ်ထုံလွှမ်းတဲ့ သခင်မထံ
ဝသုန်ရီဆောင်း.. ငူသည်အထိ..
သံစဉ်ဖို့လို့ ညှို့ငင်လွမ်းချင်း..
ဆွေးသီနေရင်း..
တိုင်တည်သစ္စာ.. ရွှေတော်နားရောက် ကြူးရင့်လိုက်တယ်
အာကာတစ်သောင်းအထိ ပျံ့လွင့်မယ်..

ရင့်ကျက်အိနြေ္ဒ၊ ထယ်ဝါခြင်းရဲ့...
ဂုဏ်သတင်းနဲ့ မွှေးထုံသင်းတဲ့ အချစ်ဆုံးထံ..
အိပ်မက်အလွမ်း...ထောင်ချီကို..
အသည်းနဲ့ရင်းလို့..ဦးကိုညွှတ်လျက်..
အလွမ်းလွှင့်တင်ရင်း.....
ဆုံနိုင်ဖို့ကို...
ရင်မှာတမ်းတ၊ မှန်းဆရင်းနဲ့..

ကြယ်ကြွေညတိုင်း..ဆုတောင်းမယ်..


Monday, October 20, 2008

သံလွင်အိပ်မက်မဂ္ဂဇင်းရဲ့ အမှတ်(၂) အတွဲ (၃) မှာ ဖော်ပြခံရတဲ့ ကျွန်တော့်ကဗျာလေးပါ။ အသစ်တော့မဟုတ်ဘူးခင်မျ။ ကျွန်တော့် Blogမှာ Juneလလောက်က“မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်” အမည်နဲ့ တင်ခဲ့ဖူးပါတယ်။ မူရင်းကဗျာမှာပဲ နေရာတချို့ပြန်ပြင်ထားတာပါ။

(သံလွင်အိပ်မက်ဆိုတာကတော့ January, April, July နဲ့ October စသဖြင့် တစ်နှစ်ကို ၄ကြိမ်ထုတ်ဝေတဲ့ အင်တာနက်မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်) (http://www.thanlwin.com/new/) သုံးထားတဲ့ ကလောင်နာမည်ကတော့ “ခန့်နေ” ပါ။ ဓါတ်ပုံလေးကိုတော့ သံလွင်က ပံ့ပိုးထားတာဖြစ်ပြီး ကျွန်တော့်အတွက် မဂ္ဂဇင်းမှာ ပထမဦးဆုံးဖော်ပြခံရတဲ့ ကဗျာဖြစ်ပါတယ်။ ကျေးဇူးအထူးပါ.. ကိုသံလွင်ရေ..


“မာရ်နတ်ရေးတဲ့ နာဂစ်ဇာတ် (သို့မဟုတ်) ပြာပုံထဲက ကဗျာ”



တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။

အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။

သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။

ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။

ငါ့အတွက်
ခေါ်စရာ အဖေလည်း မကျန်၊
တော်စရာ အမေလည်း
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။

ခန့်နေ




Friday, September 12, 2008

မင်္ဂလာပါ ခင်မျာ..

တစ်နေ့က သူငယ်ချင်းတစ်ယောက် မေးလ်နဲ့ အသိပေးလို့ မြန်မာ e-book များ ရှိတဲ့ ဘလော့တစ်ခုကို ရောက်ခဲ့တယ်.. မြန်မာ e-book site တစ်ခုအနေနဲ့ စာအုပ်တွေ တော်တော်လေး စုံလင်တာ တွေ့ရပါတယ်.. မိမိမှာ ရှိထားတဲ့ စာအုပ်များကိုလည်း ပေးပို့နိုင်သလို စာဖတ်သူတစ်ယောက်အနေနဲ့ဆိုရင်လည်း bookmark သင့်တဲ့ site တစ်ခုလို့ မြင်ပါတယ်.. နာမည်က ရွှေစကားတဲ့... စိတ်ဝင်စားဖြစ်ရင်
ဒီကနေတဆင့် သွားရောက်နိုင်ပါတယ်. ။

Sunday, July 6, 2008

သီချင်းလေးတစ်ပုဒ် share ချင်လို့ပါ။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ တစ်ပုဒ်ပေါ့။ ကျွန်တော်တို့ရဲ့ ဗိုလ်ထီး(စိုင်းထီဆိုင်)ဆိုထားပြီး၊ ဆရာစိုင်းခမ်းလိတ်ရဲ့ လက်ရာမွန်။ မင်းခယောက်ျားပုံစံမျိုး နောက်တစ်ပုဒ်လို့ ခေါ်လို့ရမယ် ထင်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းရဲ့ Chorus အပိုဒ်ရောက်သွားတိုင်း ခံစားချက်လေးတစ်ခုဟာ စနားထောင်စဉ် အချိန်ကအတိုင်းပဲ၊ မပြောင်းလဲသေးဘူး။


မေမြို့ည

မေမြို့ည

. . . . ည . . . . ည . . ..

ပျော်နိုင်မှာလား ကြားဖဲလေးတစ်ချပ်တည်းကို ပေးပြီး

စောင့်ရတဲ့ ဘဝ…

ဖြေသာမှာလား ရှားဖဲလေး တစ်ခြားတစ်ယောက်လက်ထဲ ပါတာ

မသိလိုက်တဲ့ ဘဝ…

မနှစ်ခြိုက်လည်း အမိုက်ခံပြီးတော့ အိပ်မရတဲ့ ရောဂါကို ကုလာ..


Cho: ည အချစ်ကလေးအကြောင်း မစဉ်းစားမိအောင်

တခုခု လိုက်လုပ်နေရတဲ့ မေမြို့ည

မေ့မရမှန်းသိရက်သားနဲ့

ကြိုးစားပြီး အစားထိုးရတဲ့ မေမြို့ည

အရှုံးကျမှ အားတင်းပြုံးကာ

မိုးလင်းမယ့် ပွဲပေါင်းများစွာ

ဆက်ကာဆက်ကာ နေရမယ့် မေမြို့ည…


ကိုယ် မြင်နေကျ သူ့မျက်နှာ မတွေ့ရခြင်းဟာလည်း ဒုက္ခပါလား..

ကိုယ် နာနေကျ သူ့စကားသံ မကြားရခြင်းဟာလည်း ဒုက္ခပါလား..

ချစ်လျက်နဲ့ ဝေးရခြင်းဟာ ဒုက္ခအပေါင်းထဲမှာ အခက်ဆုံးပါ…


Cho: အခိုက်အတန့်လေး မေ့လို့မရတဲ့

နည်းလမ်းကလေးရှိရင် ကောင်းမယ် မေမြို့ည

မကောင်းမှန်းလည်း သိရက်သားနဲ့

လိုက်တားမယ့် အချစ်ကလေး မရှိတဲ့ မေမြို့ည

ည ရှုံးလည်းခက် ထလည်း ခက်တော့

မထ, ဖြစ်တဲ့ ပွဲများကြားမှာ နစ်သထက် နစ်ကာ နေရမယ့်

မေမြို့ည…

Wednesday, May 28, 2008

Nargis Cyclone နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော့်ရဲ့ အမြင်တွေ၊ ခံစားချက်တွေကို ကိုယ်စားပြုထားတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုရဲ့ ရင်ထဲမှာလည်း အဲဒီကဗျာရဲ့ စကားလုံးတွေအတိုင်း ဖြစ်နေမှာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ပါဘူး။ ပြန်လည်ဖော်ပြခွင့်ပေးတဲ့ ကိုကောင်းကင်ကိုအား ကျေးဇူးမှတ်တမ်းတင်လျက်....

ဧရာဝတီရဲ့ ရင်သွေးများအတွက်

ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်။
မီးလောင်ရင်တောင် ပြာပုံတော့ကျန်သေးတယ်။
နာဂစ်ရေ
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
မိဘမဲ့ကလေးတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့ 
အပြစ်မဲ့သူတွေ
သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခဟာ ငါတို့ ရဲ့ ဒုက္ခပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အိုစပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှ အားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့  နေရာအနှံ့ မှာ ကိုယ်ချင်းစာတရားကို ကိုးကွယ်တဲ့သူတွေရှိတယ်။
နှလုံးသားလှတဲ့ ကရုဏာလက်ပိုင်ရှင်တွေရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ မရအရ အားထုတ်ပြီး
သင်တို့ ဆီ မရောက်အရောက် ငါတို့ လာခဲ့မယ်။

ကမ္ဘာအရပ်ရပ်က ညီအစ်ကိုတို့ 
နာဂစ်ရဲ့  ရက်စက်လှတဲ့ လက်သီးချက်နဲ့ 
ဧရာဝတီဟာ မရှုမလှ အသက်ငင်နေပြီ။
ညီအစ်ကိုတို့ 
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်ဖို့ အတွက်
စေတနာလိုသလို ပညာလည်းလိုတယ်။
ရေတို အားထုတ်မှုတွေလိုသလို ရေရှည်အားထုတ်မှုတွေလည်းလိုတယ်။

ပြီးတော့ အားလုံးက
အရှိတရားကိုလက်ခံပြီး
အသိတရားနဲ့ လက်မြန်ဖို့ လည်းလိုတယ်။

ကောင်းကင်ကို

မှတ်ချက်။ ။ မူရင်းအတိုင်း ဤနေရာမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Wednesday, February 13, 2008

၁၃.၂.၂၀၀၈

ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့ အတွက် အမှတ်တရ ပိုစ့်လေးပါ။ အစောပိုင်းက တစ်ခုခုရေးဖို့ ရည်ရွယ်ထားပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူး။

အစဉ်လေးစားဂုဏ်ပြုလျှက်…

မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း




ကျွန်တော်ခံစား နှစ်သက်မိတဲ့ ကျောင်းဖွင့်ချိန် ကဗျာကိုပဲ အမှတ်တရ အဖြစ်..


ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ပြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

http://nnai.blogspot.com မှ ကူးယူဖော်ပြပါသည်။


Wednesday, September 12, 2007

Book Review 1

ကျွန်တော် ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲက အကြိုက်ဆုံးအချို့ကို ပြန်ရေးချင်ပါတယ်။ စာအုပ်အညွှန်းလေးပေါ့ဗျာ။

ပထမဆုံးအနေနဲ့ ကျွန်တော် ကိုးတန်းလောက်က ဖတ်ခဲ့တဲ့ ၀ထ္ထုလေးတစ်ပုဒ်အကြောင်း ပေါ့။ ဆရာတင့်တယ်ရဲ့ ကမ္မဖလ ဆိုတဲ့ ၀ထ္ထုလေးဖြစ်ပါတယ်.. အဓိပ္ပါယ်ကတော့ ကံ ကံ၏ အကျိုး လို့ဆိုလိုပါတယ်။

ကိုလိုနီခေတ်နဲ့ ဂျပန်ဝင်ကာစ အချိန်ကို နောက်ခံထားတာဖြစ်ပြီး ရေးသားခဲ့တဲ့ခုနှစ်ကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ တော်တော်တော့ ကြာခဲ့ပါပြီ။ သာမာန်စာအုပ်ဆိုင်ကြီးတွေမှာတော့ တွေ့ရခဲပါတယ်။ အဲဒီ စာအုပ်ရဲ့ ဇာတ်လမ်းဆင်ထားပုံဟာ အခုခေတ်အထိ ပေါ်ခဲ့တဲ့ ၀ထ္ထုတွေထဲမှာ တော်တော်လေး ဆန်းပြားတဲ့ ၀ထ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဲဒီ့အချိန်က စာပေဗိမာန်ဆုအတွက် လျာထားခံခဲ့ရသော်လည်း ဇာတ်လမ်းမှာ လူသတ်တာတွေများနေတဲ့အတွက် ပယ်ချခံခဲ့ရတယ်လို့ ဆရာတင့်တယ်က ဆိုထားပါတယ်။ တကယ်လည်း ၀ထ္ထုတစ်ပုဒ်လုံးရဲ့ ကျောရိုးဟာ ကလဲ့စားချေ တဲ့အကြောင်းဖြစ်ပါတယ်.. ဒီအချက်ကြောင့်လည်း နောက်ပိုင်း ထုတ်ဝေခွင့် မပြုသလားဟု ထင်ကောင်းထင်ရပါတယ်။ ဇာတ်ကောင်ရဲ့ ရည်မှန်းချက်က ကောင်းသည်ဟု မဆိုနိုင်သော်လည်း ထိုရည်မှန်းချက်ကို အောင်မြင်ဖို့ သူ့ရဲ့ အကွက်ဆင်ပုံ၊ စဉ်းစားဥာဏ် နဲ့ စတေးခဲ့တာတွေဟာ ပီပြင်ပြီး လက်တွေ့ကျလှပါတယ်။ ကျွန်တော်ကို အဓိက ဆွဲဆောင်ခဲ့တဲ့ ဇာတ်လမ်း အဆင်၊ စာရေးဆရာ ရဲ့ တင်ပြပုံနဲ့ ၀ထ္ထုထဲမှာ ဇာတ်ကောင်ရဲ့ psychological(စိတ်ပညာ) အရ စဉ်းစားသွားပုံတွေဟာ တကယ့်ဝထ္ထုကောင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေလို့ ကျွန်တော်မြင်မိပါတယ်။ အထူးသဖြင့် ဆရာတင့်တယ်ရဲ့ ဥပမာပေး ခိုင်းနှိုင်းပုံတွေဟာ မြင်လွယ်သိလွယ်ပြီး ဆိုလိုရင်းကို ခြွင်းချက်မရှိ ထိရောက်စေပါတယ်။ ကျွန်တော် စာမြည်း အနေနဲ့ ပေးချင်သော်လည်း လောလောဆယ် ၀ထ္ထုမှာ ကျွန်တော်နဲ့ အတူ မရှိတဲ့အတွက်ကြောင့် စာညွှန်းကိုပဲပြုစုပေးလိုက်ပါတယ်။ အားလုံးကိုလည်း ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ ခင်မျာ….

Tuesday, September 11, 2007

Once upon a time

အားလုံးလိုလို ချစ်တဲ့ သီချင်းလေး တစ်ပုဒ်နဲ့ Lyrics ကဏ္ဍကို စတင်ချင်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ဘယ်နှစ်ခေါက်နားထောင် နားထောင်၊ မရိုးတဲ့ သီချင်းလေး တစ်ပုဒ် ပါ။



တစ်ခါတုန်းက

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာ ငါ၊ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့၊ ငါ့ဘေးမှာတွေ့၊ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်၊ ခပ်ရေးရေးဝါး၊ အရောင်တွေတောင်ထွက်ပြေးလို့သွား…မေ့လို့မရ၊ အဲဒီ့နေ့တွေ ငါမြင်၊ ကျူရှင်က အဆင်း၊ မိုးတွေရွာရင်ထီးတစ်ချောင်းအောက် အတူတူ လမ်းတွေလျှောက်ခဲ့၊
လမ်းမှာ
လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်၊
ဇာတ်လမ်းတွေ
.. သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်၊
တိုးဝှေ့နေကြပါ၊
ဒီလိုမိုးရေတွေကြားမှာ၊ အမျိုးတွေတွေ့သွားမလား၊ တချို့တလေ အဖေကြားမလား၊ စိုးရိမ်တတ်သူ၊ ငါတို့တွေေ၀၀ါးစွာ မက်ခဲ့တဲ့အိပ်မက်ကလည်း၊ ကျိုးကြေချေမွကာ ပျက်ခဲ့တဲ့ မိုးရေတွေကြားမှာပဲ...တို့တွေကမ္ဘာခြားကာ ဝေးသွား၊ ဟိုမှာ မင်းကျန်းမာရေး ဂရုစိုက်ဖို့ မှာချင်တယ်၊ မမေ့ပါနဲ့၊
ရုပ်ရှင်တွေထဲက
အတိုင်းဆို တော်တော်လေး အေးမှာပဲ....
အဖော်လှော်တွေ တွေ့ကာ၊ ပျော် ပျော်နေမှာ.. ဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ။

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်တိမ်တွေလိုကြွေပြီ မျက်ရည်မိုး..

စာလည်းမကျက်ချင်ပါ ငါ၊ ညဘက်တိုင်းဆက်တိုက်ထည့်မပျက်မကွက်

အိပ်မက်တွေမက်ရင် ငါ၊ ချက်ချင်းအိပ်မက်ထဲ ပတ်ရင်းရှာ… မိုး မိုး မိုးက၊ ရက်နှစ်လတိုး ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာငို… တစ်ခါတုန်းက ငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို၊ ငါဆိုတဲ့ ဒီသီချင်း၊ မင်း ဟိုကနေ နားထောင်နေမလား.. ရဲမင်းသိန်းဆိုတဲ့ ချာတိတ်၊ သူ့ရဲ့အသံကို ကြားယောင်နေမှာ.. ခဏလောက်ဖြေပါ၊ နီစပ်စပ် အသားရောင်တွေကြား.. ကိစ္စများမြောင်နေကာ၊ ဘာကြောင့် ဟိုက တခြားကောင်တွေ စကား.. နားယောင်နေမှာလဲ…ဒါကသက်သေ၊ ကဗျာစပ်နေ ဒီမှာ... နောက်လှည့်ကြည့်လှည့်၊ အဲဒီ ကဗျာစာရွတ်တွေ ၀ါဖန့်နေပြီကွာ.. ဟောင်းခဲ့ပြီပဲ၊ မကြာမကြာ chat တွေ၊ internet တွေအထိ ငါ၊ ငယ်ငယ်တုန်းက မင်းနာမည်ကို အခါခါ ရှာဖတ်နေမိတာ၊ အနာဂတ်တွေ ရှိမှာပဲ၊ နှုတ်ခမ်းတွေတောင် ပြာ၊ အပြတ်အေးသည့်ည.. မိုးတွေကြား လမ်းတွေ လျှောက်ကာပတ်၊ အတွေ့အထိက ချမ်းနေသလောက်၊ ငါ မရပ်ပြေးပြီးရှာ.. အနမ်းတွေပျောက်၊ ကမ္ဘာတစ်ဖက် အဝေးကြီးက၊ အလွမ်းတွေကြောင့် အနာ မကျက်သေး သည့် အရာ၊ ဆေးမရှိပါ၊ မြန်မာပြည်ကနေ အမှာ ဆက်ခြွေမိတာ.. မိုးတွေရွာလျက် ဟေ့ ဒီမှာ..

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

မှန်မှန်ဖြေ.. အရင်က ဇာတ်လမ်း၊ လွမ်းသလား မေးချင်၊ ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ.. မင်းရဲ့အလှမှန်းကာတွေမြင်တမ်းတ..အဆွေးသီချင်းတွေ..မဆိုချင်ဘဲနဲ့ ဆိုနေရပြီ....
အကယ်၍ လမ်းမှာတွေ့ရင် မင်းမှတ်မိအုံးမလား.. ငါ့အခန်းတခါးစေ့ရင်း....
ရှိခဲ့တဲ့အတိတ်က.ပြီးခဲ့တဲ့ကိစ္စတွေ..မသိခဲ့သလိုမျိုးဘဲ...အချိုးနဲ့နေဖို့လည်း..မလွယ်လို့ဘဲ..
တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ၊ဘယ်လိုလည်း..မိုးရယ်၊ အငြိုးနဲ့ ရွာခဲ့သလိုပဲ...
တစ်ခါတည်းကို ငါ့အသည်းကိုခွဲ.....သေသွားပြီ....ဘာနဲ့သဂြိုလ်မလဲ, ဟင် ??

Free counter and web stats