Monday, December 7, 2009

အောင်စာရင်းထဲ ကျွန်တော့် နာမည် မပါတဲ့နေ့က

အကြီး ရေးထားရင်
အရေးကြီးတယ် ထင်ကြမယ်.
အဓိကက
၁.၂.၃ မတိုင်ခင် နေရာယူတတ်ဖို့ပါပဲ။

စာသုံးသူများကို သုံးစား၍
ကောင်းစားသူများ စားကောင်းနေသည်။
“အိမ်ထဲ ဝင်ကြဟဲ့..
ဟိုမှာ ဗိုက်ပူနံကားတွေ လာနေပြီ” တဲ့
မေမေက ပြောတယ်။

အရှေ့ဆိုတာ
ရောက်ကောင်းတဲ့ နေရာမှန်း
ကျွန်တော် မသေချာသေးဘူး။
ဘာမှမရှိဘူးဆိုလည်း
ဘာမှမရှိဘူးတစ်ခုခုကို သွားတွေ့ခဲ့တယ်။

အင်္ကျီအသစ်နဲ့ လူဟောင်းတွေ၊
သေသူအချင်းချင်း မြေဖို့ချင်သူတွေနဲ့
အခန်းအပြင်ဖက်မှာ
ပိုမိုမွန်းကျပ်နေတယ်။

ဖြစ်ပျက်နေတာတွေက
ကျွန်တော်နဲ့ မဆိုင်ချင်တိုင်း
မဆိုင်နေလိုက်ကြပုံများ..

မိန်းကလေး..
ငါ့ကို တစ်ယောက်ထဲ ထားခဲ့တတ်တဲ့အကျင့်ကို
နင် ဖျောက်ပါ။

အခိုးမထွက်တဲ့ သံသရာမီးရဲ့
ဆိုးချက်ကြောင့်ပဲ

ပြက်လုံးတွေ၊ အနိုင်ဂိုးတွေ
လက်ခုပ်သံတွေ၊ မီးကင်ထားတဲ့ အသားတုံးတွေနဲ့
ပွဲတော်ရက်တွေဆီ...
စိတ်မရှိတော့တဲ့ အခါတိုင်း

ခွင့်လွှတ်ပါ.. သူငယ်ချင်းတို့..
ငါဟာ
တောင်ပေါ်က ပန်းကလေးရှိတဲ့ အရပ်မှာသာ
ငါပျော်တတ်လို့။

ဘာကြောင့်ရယ်မသိဘူး.. ဒီကဗျာကို အခုရက်ပိုင်း စိတ်ထဲစွဲရွတ်မိနေလို့.. အမှတ်တရ ပြန်တင်ဖြစ်ပါတယ်ခင်မျာ..

Thursday, November 19, 2009

22/11/09


ဒီဇင်ဘာ လကုန်လောက်အထိကို ကျွန်တော် အလုပ်များဖို့ ရှိနေလို့.. ဘလော့ကိုတော့ ပြန်ထိနိုင်မယ် မထင်ဘူးဗျာ.. ကဗျာတွေတော့ ကြိုကြားကြိုကြားပဲ တင်ဖြစ်ပါမယ်.. တချို့ရေးချင်တာလေးတွေလည်း စိတ်ထဲပေါ်လာပေမယ့် အခု အလုပ်သင်နဲ့ စက်ရုပ်ဘဝရောက်နေလို့ ကီးဘုတ်လည်း ကလောင်မဖြစ်တာကြာပေါ့. ကျွန်တော် အလုပ်သင်ဆင်းနေရတဲ့ ကုမ္ပဏီရဲ့ ဓါတ်ပုံလေးတွေတချို့ ရှဲလိုက်ပါမယ်...

Fig. ပထမဆုံးနေ့ briefing မှာ

Fig. ကန်တင်းက ပထမဆုံး နေ့လည်စာ


Fig. အလုပ်ခန်း တခါးဝ


Fig. Reception


Fig. Company အဆောက်အဦး နဲ့ Logo


Dရက်ပိုင်းမှာ.. “ထ” (ထဆင်ထူး) ရေးပြမယ်ဆိုပြီး တကယ်တမ်းကြည့်လိုက်တော့ “ဝ” နှစ်လုံးပူးပြထားတာပဲဖြစ်နေတဲ့ သူတစ်ချို့ကိုလည်း တွေ့ခဲ့ရတယ်..

Sunday, November 1, 2009

ဤကဗျာကို ကောင်းစွာ မလှုပ်ဘဲ ဖတ်ပါ

ကဲ.. ဘာဆက်လုပ်ကြမလဲ
ရှင်းလို့ပြီးပြီဆိုတော့ ပြန်ရှုပ်ဖို့ပဲ ကျန်တော့တာပေါ့
ဟောကိန်းတွေက လွဲရင် ကျန်တာပဲ နှုတ်ယူခဲ့..
သူပြောမယ့် ပုံပြင်တွေကို
ကျွန်တော် ကြားဖူးပြီးသား
ဒီတော့.. အားလုံး စခန်းရောက်မှရှင်း
နေအုံး..
မင်းစာသားတွေကို အရင် ခဏရပ်
အပြင်က မီးခလုတ်တွေကို ဘယ်သူက အဖွင့်အပိတ်လုပ်နေတာလဲ
သူပြောသလို ကျွန်တော်ဟာ ကိုင်လှုပ်ခံနေရတယ်ဆိုတာတော့
မဟုတ်ပါဘူး
ဒီကမ္ဘာနဲ့ ကဗျာကို အစာခြေဖို့ကတော့
အစာဖြေတဲ့ ကိစ္စထက်တောင် ပိုလွယ်အုံးမယ်
ဒီမယ်.. ပါလာတာ အကုန်ထုတ်လိုက်ရရင်
ကျွန်တော့် ဒေါသတွေ အရင်ထွက်လာမှာနော်
ကျွန်တော်က.. ကျုပ်က..
အတည်ပြောနေတာ (ရယ်စရာမပါဘူး)
ရယ်စရာလိုချင်ရင် ၅လပိုင်းကိုမျှော်
အဲဒီမှာ ကျကျနနစီမံထားတဲ့ ပြက်လုံးတွေရှိတယ်
အို.. ပြက်လုံးတင် မကပါဘူး..
အဲဒီမှာ အကုန်ရနိုင်တယ်
ကြာသပတေးကတော့ အဲဒီလိုမိန့်သွားတာပဲ
(ရယ်စရာ မဂ္ဂဇင်း)
ဒီတော့ သူငယ်ချင်း..
ခေတ်မှီချင်တယ်ဆိုရင် ချစ်တယ်လို့ မပြောနဲ့တော့ကွာ
ဒီခေတ်ထဲမှာ ခေတ်မှီတဲ့သူတွေက "မုန်း"ကုန်ကြပြီ
“မ”တစ်လုံးတွေ စားထားတဲ့ခေတ်မှာ
မုန်းတာတွေ ခေတ်စားနေပြီ
နောက်ပြီး..
ဒီခေတ်ကြီးမှာ ကလေးတွေကို မရိုက်ရတော့ဘူးတဲ့
ကလေးတွေအစား
လူကြီးတွေကို ပြောင်းရိုက်ကြတော့မယ်.. ထင်ပါတယ်။

Monday, October 19, 2009

ကဗျာဖတ်မလား

ရေထဲက ငါးလေးတွေကို
အဓိပ္ပါယ်မရှိဘူးလို့ ထင်သလား
အဓိပ္ပါယ်မရှိဘူးလို့ ထင်ရင်
ရေထဲက ငါးလေးတွေကို
ရေကြည့်ပေါ့
တစ်.. နှစ်.. သုံး..
တစ်.. နှစ်... သုံး...
ရေထဲက ငါးကလေးတွေ။

Wednesday, October 14, 2009

ကိုယ့်နေ့တွေ


ဘဝဟာ စာစီစာကုံးမဟုတ်တော့
မောနင်းကို မနက်ခင်းပါလို့
ဘယ်သူတွေ သတ်မှတ်မလဲ
ကိုယ်ကတော့ မောရင်း နင်းဆဲ
ဒီလိုပြောရင် သူတို့ရယ်မယ်မှန်းကြိုသိပြီး
အရင် ရယ်လိုက်မိတယ်
အဟက်

ဟိုတစ်ခြစ် ဒီတစ်ခြစ်
ပိုစ့်မော်ဒန် မဟုတ်တဲ့အခါ
မော်ဒန်ကိုတော့ ပြန်ပို့လိုက်မယ်နော်
ကဗျာဆန်ခြင်းဆိုလျှင်
ရှောင်သွေလွှဲလို့
မရီနာဘေး (Marina Bay)သို့ ၅မိနစ်။


Thursday, September 24, 2009

ကဗျာကတော့ ဘာမှ မဟုတ်ပေမယ့်

အစကတော့
တိတ်ဆိတ်နေတဲ့ ကိုယ့်အခန်းလေးကို သွန်ချလိုက်မလို့ပါပဲ
ဒါပေမယ့်လည်း
ကိုယ်အသွန်မတတ်လို့ တစ်ကမ္ဘာလုံးမှောက်ကျခဲ့တယ်။
သီချင်းလေးတွေ တီးတိုးလိုက်ရွတ်တတ်တဲ့ နှုတ်ခမ်းလေးကအစ
အာရုံခံလွန်းတတ်တဲ့ ငါ့ရဲ့ စိတ်ဝေဒနာအဆုံး
အိမ်ဘေးသစ်ပင်က ကျလိကျလိတွေကို
ငါ့အိပ်မက်အား မြည်းကြည့်စေချင်တယ်။
ဘာကြောင့်များ ကဗျာဟာ ကဗျာဖြစ်နေရသလဲ
တဆိတ် ငါ့စိတ်တွေဟာ လေနိုင်လွန်းလှတယ်။
သမင်မလေးရယ်
ဟောဒီမုဆိုးရဲ့ ချုပ်ရိုးရာများဟာ
မင်း မပစ်ခဲ့တဲ့ မြှားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ခေါင်းကလေးကို တစ်ချက်မော့ကြည့်လိုက်တာ
ကြုံလှီနေတဲ့ လက်မောင်းလေးကို ဖက်တွယ်ထားမိတော့မလိုနဲ့
အမှောင်ခန်းဟာ တကယ့်ကို ကယောင်ကတန်းပဲ
“ပြည်ကြီးရေ..
ဒီတစ်ခါ ပုလင်းအဖုံးတွေ ဖွင့်ရင်တော့
အပြင်းဆုံးတွေနဲ့ လွင့်မယ်ကွယ်”
မှတ်ဥာဏ်တွေမှာ ခဏညှပ်ထားလိုက်
အပ်ကျသံလေးတစ်ချက်ဟာ မိုးချိန်းသွားရလောက်အောင်
ငါ့အကြားအာရုံတွေထဲ ပုံသွင်းလိုက်မိပြီ
နှုတ်ဆိတ်နေသူလေးရဲ့ ငြိမ်သက်မှုဟာ
တစ်ချက် တိတ်ဆိတ်လွန်းလှပါတယ်။


ခန့်နေ

Thursday, September 17, 2009

နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



"ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…"


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်

မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။

သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။

စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံနွယ်များမှာ အနက်ရောင်ဖြစ်သည်။ သူမနှင့်လိုက်ဖက်သည်ဟု ဆိုတိုင်း “ပိုပြီ”ဟု ပြန်ပြောတတ်သည်။ သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကားမဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။


စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။

………………………………………………………………………………………….

မှတ်ချက်။ ။ သူငယ်ချင်း အောင်ဖြိုး၏ tag သို့.. အဟောင်းလေးပဲ ပြန်နွေးလိုက်တယ်ကွာ.. ဆားချက်တယ်တော့ ဟုတ်ဝူးပေါ့.. ချိန်းတွေ့တုန်းက အကြောင်းလေးကို နည်းနည်း polish တင်ထားတာ..


Monday, August 31, 2009

ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့



ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့.. ဆရာ စိုင်းဝင်းမြင့်ရဲ့ များများ မြန်မြန်ကဗျာစာအုပ်ထဲက ကဗျာခေါင်းစဉ်လေးတစ်ခုပါ.. အပေါ်က ဗီဒီယိုလေးနဲ့ လိုက်တယ်ထင်လို့ ပို့စ်ခေါင်းစဉ်လေးတပ်ဖြစ်တယ်။
ကျွန်တော်က ထမင်းစားတဲ့အခါ ကိုယ်ကြိုက်တဲ့ဟင်းလေးများပါရင် ချန်ထားခဲ့ပြီး နောက်ဆုံးမှ စားတတ်တယ်.. ကျွန်တော့်အကျင့်ပေါ့။ အခုလည်း ဘဝရဲ့ ကောင်းနိုးရာရာအပိုင်းလေးတွေကို မသုံးဆောင်နိုင်သေးဘဲ နောင်တစ်နေ့အတွက် ချန်ထားနေရပြီ။ အဲဒီအတွက် ကျွန်တော် ဝမ်းမနည်းပါဘူး။ မြန်မြန်သုံးစွဲဆိုတဲ့အခါ ဘဝထဲက ဘာတွေကို ကျွန်တော်တို့ သုံးစွဲမလဲ.. သုံးစွဲမယ်ဆိုတဲ့အတွက် မသုံးစွဲဖြစ်တဲ့ အပိုင်းတွေလည်း ကျန်ခဲ့မှာပါ. အဲ့ဒီအခါကျရင် ဘာတွေကို ခင်များအနေနဲ့ ချန်ထားခဲ့ချင်သလဲ.. ကျွန်တော့်လိုပဲ ကောင်းနိုးရာရာတွေလား.. ဒါမှမဟုတ် တခြားအရာတွေလား.. အဲဒီ ကောင်းနိုးရာရာဆိုတာတွေကရော သုံးစွဲမယ့်အချိန်အထိ အထားခံပါ့မလား.. သူတို့မှာ တာရှည်ခံနိုင်လောက်တဲ့ ဂုဏ်သတ္တိတွေပါမလား.. ဒါမှမဟုတ် နာတာရှည်တွေကော မဖြစ်နိုင်ဘူးလား.. ဘယ်လောက်မြဲမမြဲ ဘာတွေနဲ့ တိုင်းမလဲ..

Saturday, August 29, 2009

30th August when I am 20

မနက်ဖြန် ဘလော့ဂါဒေးအတွက် ဘာအစီအစဉ်တွေများ ရှိကြတုန်းဗျ... ကျွန်တော်ကတော့ ဖိုင်နယ်စာမေးပွဲ နောက်ဆုံးနေ့ဆိုတော့ အပျော်ကြီးပျော်မိမှာ.. ဒါပေမယ့်လည်း ဖြေနိုင်၊ မဖြေနိုင်ပေါ်မှာတော့ နည်းနည်း မူတည်မှာပေါ့.. ကျောင်း(၃)နှစ်ရဲ့ နောက်ဆုံးဖြေရမယ့် စာမေးပွဲပေါ့.. နောက် (၆)လလုံး အလုပ်သင်ရယ် ပရောဂျက်ရယ်နဲ့ပဲ စခန်းသွားရတော့မယ်.. သြော်ဒါနဲ့.. ဒီနေ့က ကျွန်တော့်ရဲ့ မွေးနေ့ဗျ.. ဘာလိုလိုနဲ့ (၂၀)တောင်ရှိခဲ့ပေါ့.. မွေးနေ့ဆိုပေမယ့်လည်း ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး၊ ဟဲ.. ကျွေးရမှာစိုးလို့ မဟုတ်ပါဘူးဗျာ.. စာမေးပွဲကြောင့်ပါ... မနက်(၃)နာရီလောက်မှ အိပ်လိုက်တော့ အခု (၁၀)နာရီလောက်မှ နိုးလာ.. မနက်စာလည်း မဟုတ်၊ နေ့လည်စာလည်း မကျ၊ စားပြီး အခုကွန်ပြူတာရှေ့က ခွာမရဖြစ်။ ကျွန်တော်လည်း ကိုယ့်မွေးနေ့တောင် ကိုယ်မေ့သယောင်ဖြစ်နေတာနဲ့ ညက ၁၂နာရီထိုး သူဖုန်းဆက်မှ သတိရသွားတယ်.. :D (အလဲ.. သူဆိုပဲ) ဒီမွေးနေ့မှာတော့ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူတစ်ယောက် ရှိခဲ့ပေါ့..
ကျွန်တော့်မွေးနေ့အတွက် Facebookမှာ ကွန်မန့်လာပေးကြတဲ့၊ phoneနဲ့ တစ်call၊ msgနဲ့ တစ်ဖန် ဆုတောင်းပေးကြတဲ့၊ (ဒီပိုစ့်လေးမှာလည်း လာမန့်ကြမယ့်) သူငယ်ချင်းတွေ၊ ဆရာတွေအားလုံးကို ဒီပိုစ့်လေးနဲ့ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်..း)

Thursday, August 27, 2009

ရာသီပြောင်းချိန် (When a season ...

ကျွန်တော်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်နေဆဲဖြစ်တဲ့ ဦးဗိုလ်ထီးရဲ့ ရာသီပြောင်းချိန်ဆိုတဲ့ သီချင်းလေးပါ.. youtubeမှာ တော်တော်နဲ့ ရှာလို့ မတွေ့ဘူး.. လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပိုက်စိပ်တိုက်ရှာရင်း တွေ့ခဲ့တာ.. ရည်ရွယ်သူကို ပို့ပေးဖြစ်တယ်.. အင်္ဂလိပ်လိုကတော့ ကျွန်တော်ဘာသာပြန်ထားတာပါ.. facebookမှာ တင်လိုက်တော့ တခြားနိုင်ငံသား ကျွန်တော့်သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ရယ်.. ကိုယ်တိုင်လည်း ဘာသာပြန်ရတာ ဝါသနာပါတာရယ်ကြောင့်ပါ။ ဘာသာပြန်ရာမှာ youtubeက ကိုGersingရဲ့ စာသားတွေကို နည်းနည်းယူထားပါတယ်.. သူ့ရဲ့ videoကိုပါ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်.. ကျွန်တော့်ရဲ့ ဘိလပ်စာအဆင့်နဲ့ဆို ၈၀%လောက်တော့ ကျေနပ်မိပါတယ်.း)




Gersingရဲ့ ဆိုဟန်နဲ့ စာသား.. (၁၈နှစ်အောက် လူကြီးများ ကြည့်မရ)

ရာသီပြောင်းချိန်
ဆို- စိုင်းထီးဆိုင်။ ရေး- စိုင်းခမ်းလိတ်။

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....

ရွှေမျက်ရည်စို့ တုန်းက ပဝါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....

ရွှေလက်တွဲတုန်းက သူ့ ဖဝါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....


"When A Season Changes"
Sang by Sai Htee Saing, Lyrics by Sai Khan Lait

Season changes here without you
And sufferers are both internally and externally of me.
But, just knowing of you making thoughts about how i m doing all alone,
I will feel relieved from the lifeless days without ur laughters
And it is really worthy to wait the days when ur heart beats whisper

Whenever i call up the feelings of ur hand holding mine,
I feel engergised to be able to walk my current days alone.
Whenever i call up the feelings of ur kisses landing to my cheek,
It energises me to pass a journey of this lonely night, filling happiness

The times you miss me, and
The messages sent make me ease off the days when i feel bad due to inconveniences here.
And it is really worthy to wait the days when yourself take good care of me.

With the memories of holding your hands with smiles
And those of my cuddly hugs, being a shelter for you,
Keep assuring myself those are not the dreams
And the pleasures you gave still remain in my heart

Remembering your comforts to my sorrows,
And believing that there will be another such chances,
A little hope is still alive during the days i miss you too.

Tuesday, August 25, 2009

ဆရာတာရာ၏ ကဗျာများ

Commentမှာ ကိုIMnotFR တောင်းဆိုလို့ ဆရာတာရာမင်းဝေကဗျာ(၃)ပုဒ် (ရှိသလောက်) ထပ်တင်လိုက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ကဗျာလေးတွေပေါ့. အားလုံးကို လမ်းအိုလေးကနေ ဒေါင်းထားတာပါ. မူရင်းအတိုင်းပဲ image file နဲ့ တင်လိုက်ပါတယ်. လမ်းအိုလေးမှာတော့ ဆရာ့ကဗျာတွေ ဒီထက်အများကြီးရှိပါအုံးမယ်. Blogရဲ့ ညာဖက်ခြမ်း side bar “စာပေနဲ့ မီဒီယာ” အောက်မှာ လမ်းအိုလေးသို့ လင်ခ့်ထားပါတယ်..







်Firefox (ပြသနာရှာမရဘဲ) ဒေါင်းသွားလို့.. Chromeလေးနဲ့ အသက်ဆက်နေရပါတယ်.. Bloggingအတွက်တော့ သိပ်အဆင်မပြေဘူး.. စာမေးပွဲ ဒီနေ့တစ်ဘာသာတော့ ဖြေနိုင်သွားပြီ။ ကိုအောင်ဖြိုးရဲ့ ပန်းကိစ္စတော့ စာမေးပွဲပြီးမှပဲ ရှင်းရတော့မယ်. (း


Wednesday, August 19, 2009

Diary Aug 19


၂၅ရက်နေ့ နောက်ဆုံးစာမေးပွဲစဖြေရတော့မယ်.. အခုထိ စာကောင်းကောင်း မကျက်ဖြစ်ပါ. ဟိုတွေး ဒီတွေး၊ ဟိုလေး ဒီလေး. ဒါနဲ့ပဲ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်. ကျန်းမာရေးသိပ်မကောင်းတော့တဲ့ hard disk အဟောင်းလေးထဲက ပြန်ရှာထားတာပါ. ဒီစာမေးပွဲပြီးရင်တော့ ပိုက်ဆံအပိုစုဖို့ အချိန်ပိုင်းအလုပ်တချို့လုပ်ဖို့ စဉ်းစားမိတယ်. ကျောင်းစကတည်းက အိမ်ကိုတစ်ပြားမှမတောင်းပဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတက်တဲ့ သူငယ်ချင်းတွေကို အားကျမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ။ ဘာကိုမှ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတာ မရှိဘူး။ စိတ်ကူးတွေ၊ အတွေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။


Sunday, August 16, 2009

ပြည်မှာ သင်္ကြန် (၂၀၀၉)




ပြီးခဲ့တဲ့ ၂၀၀၉ သင်္ကြန်ကို ကျွန်တော် ပြည်မှာ ပြန်ကျခဲ့ပါသည်။ တကယ်တော့ ပြည်ပြန်ရောက်တုန်း ဓါတ်ပုံတွေရိုက်ပြီး ဘလော့မှာ တင်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကူးထားတဲ့ Cdလေးက (ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်) ဘယ်ကျန်ခဲ့တယ် မသိဘူး။ အပေါ်က ပုံတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဒယ်ဒီရဲ့ လက်စွမ်းပြချက်တွေပေါ့.. ဘာရယ်မဟုတ်ဘူး.. သင်္ကြန်တွင်းဆို အားလုံးက ကိုယ့်မွေးရပ်ဌာနေ (ဒါမှမဟုတ်လည်း)ပျော်စရာကောင်းမယ့်၊ အေးအေးဆေးဆေးရှိမယ့် နေရာတစ်ခုခုမှာ ရှိချင်ကြတာများတယ်၊ သင်္ကြန်တွင်းခရီးသွားရတာတော့ ကျွန်တော့်အနေနဲ့ သိပ်မကြိုက်လှဘူး။
ပြည်မှာ သင်္ကြန်မရှိတာဆို ၂နှစ်ဆက်ဖြစ်ခဲ့တယ် ၂၀၀၇ နဲ့ ၂၀၀၈ ပေါ့။ ကျွန်တော့်ရဲ့ High school batch က လူတော်တော်လေးညီတော့ နှစ်တိုင်း တစ်ခုခုလုပ်ဖြစ်တယ်။ ၁၀တန်းမပြီးခင်ကတော့ ကားနဲ့ အားလုံး စုပြီးလည်ကြတယ်.. နောက်ပိုင်း တက္ကသိုလ်တွေရောက်တော့လည်း ဒီလူတွေက မကွဲတဲ့အပြင် ပိုပြီးတော့တောင် လူစုံလာသေး.. ၂၀၀၈ နဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ဆက်တိုက် မဏ္ဍပ်ဆောက်ဖြစ်တယ်။ ၂၀၀၈ကတော့ ကျွန်တော် မရှိဘူးပေါ့။ အခု ၂၀၀၉မှာတော့ မဏ္ဍပ်မှာ ညဖက် ပြဇာတ်တို့၊ သီချင်းတို့တောင် ဆိုဖြစ်၊ ကဖြစ်ကြတယ်။ ကျွန်တော်တို့ဆီက မဏ္ဍပ်တွေက ရန်ကုန်တို့ မန္တလေးတို့နဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ ရန်ကုန် အင်းလျားက မဏ္ဍပ်တွေလောက် ကြီးတာဆို သိပ်မရှိဘူး၊ အများစုက အလယ်အလတ်လောက်နဲ့ ပုံစံချင်းတူကြတယ်။ ကုမ္မဏီကြီးတွေကလည်း Sponsor ဆို ကျွန်တော်တို့လို မြို့ကျဉ်းကျဉ်းမှာ ဖြုန်းချင်ကြတာ မဟုတ်ဘူး။ အဲဒီတော့ တော်တော်များများက ကိုယ့်မြို့ထဲမှာ ရှိတဲ့ စက်ရုံ၊ ဒါမှမဟုတ်လည်း ကိုယ့်အသိအချင်းအချင်း နီးစပ်ရာနဲ့ ပေါင်းလုပ်ကြတာ.. အများအားဖြင့် အရှုံးခံရတာများပါတယ်။ မဏ္ဍပ်တွေမှာ ရပ်ကွက် မဏ္ဍပ်တွေ ရှိသလို၊ ကျွန်တော်တို့လိုပဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ မဏ္ဍပ်တွေလည်းရှိတယ်။ တခြားကတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ် အုန်းလက်လေးနည်းနည်းနဲ့ အမိုးလုပ်ပြီး ပက်ကြပေါ့။ ရပ်ကွက်မဏ္ဍပ်တွေက နှစ်စဉ် ယိမ်းတွေ ထွက်ကြပါတယ်။ (ပြည်မှာ (ကျွန်တော်မှတ်မိသလောက်ပေါ့လေ) ကျောင်းကြီးအိုးတန်း၊ ရွှေကူ၊ နဝင်း၊ ရွာဘဲ၊ ဆံတော်၊ တရုတ်စု၊ ဆင်စုဆိုပြီး ရပ်ကွက်ကြီးပေါင်း (၇)ခုရှိတယ်။) သင်္ကြန်တွင်း ညဖက်တွေဆို ဗဟိုမဏ္ဍပ်မှာ တစ်ရက်သွားကရပါတယ်။ ဗဟိုက အကဲဖြတ်ပြီး ဆုချီးမြှင့်ပေးတယ်။ ကျွန်တော်တို့လို စုပေါင်းစပ်ပေါင်းလုပ်တဲ့ မဏ္ဍပ်တွေကတော့ အများစု ညဖက်အစီအစဉ်မရှိကြတာများပါတယ်၊ ဒါပေမယ့် နောက်ပိုင်း တီးဝိုင်းတွေ၊ မော်ဒယ်ရှိုးတွေ၊ ယိမ်းတွေ လုပ်ပြီး တစ်ခုနဲ့တစ်ခု ယှဉ်လာကြတာတွေ့ရတယ်။ သင်္ကြန်တွင်း ညဖက် မြို့ထဲပတ်ပြီး လျှောက်ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်.. နေ့ခင်းဖက်ကို အားကုန် မကဲထားရင်ပေါ့။ မဏ္ဍပ်တွေကိုတော့ တိုင်ကီတွေ၊ ဇလီဖားတုံးတွေ ခုပြီး ဘေးလက်ရန်းတွေကိုတော့ သစ်တွေနဲ့ အကာပြုရပါတယ်။ ဇလီဖားတုံးဆိုတာက မီးရထားသံလမ်းကိုခုတဲ့ သစ်တုံးကြီးတွေပေါ့၊ အဲဒါအတွက်တော့ မီးရထားရုံမှာ သင်္ကြန်နီးတဲ့အခါ လျှောက်လွှာတင်၊ တုံး ၃၀၀ကနေ ၅၀၀အထိလောက် သုံးရပါတယ်။ မိန်းလမ်းကို ကန့်လန့်ဖြတ်ထားတဲ့ လမ်းတွေ တစ်လမ်းခြားဆီကို ပိတ်ဆောက်ရတဲ့အတွက် သင်္ကြန်နားနီး တစ်လလောက်ဆို စက်တပ်ယာဉ်တွေအတွက် သွားရလာရတာ အခက်အခဲရှိတတ်တယ်။ မဏ္ဍပ်တစ်ခုကို အကျယ်က ပေ ၄၀ x ပေ ၆၀ပေါ့။ အမြင့်ကတော့ တိုင်ကီကို အလှဲတစ်ထပ်၊ အထောင်တစ်ထပ် (ဒါမှမဟုတ်) အထောင်နှစ်ထပ် စီတဲ့အပေါ်မှာမူတည်ပြီး နှစ်မျိုးလောက်ပဲ တွေ့ရပါတယ်။ အောက်မှာ ရေပက်စင်တစ်ထပ်၊ အပေါ်မှာ Dancing floor ထားတာချင်းတော့ တူမယ်ထင်တယ်။ ကျွန်တော့်တို့ မဏ္ဍပ်ကတော့ အခုနှစ် (၃)ဆင့်ဆောက်ထားတာတွေ့ရတယ်။ နောက်ဆုံးအဆင့်မှာ စက်ပစ္စည်းတစ်ချို့နဲ့ sound boxတွေ တင်ထားတယ်။ Membership ကတော့ (၄)ရက်လုံးကို ၁၅၀၀၀ နေ ၂၅၀၀၀ အတွင်း ရှိတတ်တယ်။
ကျွန်တော့်အမြင်ကတော့ အခုနောက်ပိုင်း အဲဒီလို မဏ္ဍပ်တွေဆောက်ပြီး ပျော်ကြတာပဲ ဖြစ်ဖြစ်၊ လည်ကြတာပဲဖြစ်ဖြစ်၊ သိပ်မကြိုက်တော့ဘူး။ အားလုံးဟာ မူးအောင်သောက်မယ်၊ ပြီးရင် ရေစိုပြီး ကမယ်၊ ခုန်မယ် ဖြစ်လာကြပြီ။ ဒါကိုပဲ typical အလုပ် တစ်ခုလို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင့်သုံးလာကြပြီး ပျော်တာထက်၊ ပျက်တဲ့အဆင့်ကို ရောက်သွားပြီ။ မူးယစ်သောက်စားတာမပါရင်ဘဲ သင်္ကြန်မဟုတ်သလိုဖြစ်လာပြီ။ မူရင်း ကျင်းပရခြင်းရည်ရွယ်ချက်နေ ကျွန်တော်တို့တွေ တစ်နှစ်ပြီး၊ တစ်နှစ်ပြီး ဝေးဝေးလာကြသလိုပဲ.. အဲဒါဟာ စိုးရိမ်တတ်ရင် စိုးရိမ်ဖို့ကောင်းတယ်.. အခုနေ ကလေးအရွယ်တွေဟာ ဒါတွေကို မြင်မယ်၊ လိုက်ပြီး အတုခိုးလာကြမယ်ဆိုရင် နောက်ပိုင်းမှာ သင်္ကြန်ရဲ့ရည်ရွယ်ချက်ဟာ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲ(လွဲ)သွားလိမ့်မယ်။ “နှစ်ဟောင်းအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြော၊ မင်္ဂလာယူတယ်ဆိုတာ”တွေဟာ စာအုပ်တွေထဲမှာဖတ်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းအောင် ချရေးပြဖို့လောက်ပဲ ကျန်ခဲ့တော့မှာလား..
ကျွန်တော် ဆိုလိုချင်တာ တိုက်ပုံဝတ်ပြီး၊ ငွေဖလားနဲ့ နံ့သာရေလောင်းဖို့ကို မဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်မှီတယ်လို့ဆိုလိုက်တိုင်းမှာ ဘောင်းဘီတိုဝတ်တာပဲ ပြေးပြေးမြင်နေတဲ့ စိတ်တွေ.. ကျွန်တော်တို့ဘယ်လို ရှေ့ဆက်မလဲ။

Sunday, August 9, 2009

ညီမလေးထံ ပေးကဗျာ

အတွေးထဲက သူ့ရီသံတွေကို
အစီခံတွေထဲ စစ်ထုတ်လို့
အပျင်းပြေ..
ပုလင်းတွေလည်း ဖွင့်တတ်နေပြီ။
ညီမလေး (သို့မဟုတ်)
ထိချင်တိုင်း မထိရ၊
ထိမရ တဲ့ ကမ်းလွန်ဒေသလေးတစ်ခု။

(အိပ်မက်တွေ အဟောင်ပြင်းလို့
စာမေးပွဲတွေ မအောင်ဖြစ်ရင်လည်း
သူလေးပေးတဲ့ အမှတ်တွေနဲ့ပဲ
ကိုယ့်ကိုယ်ကို ပြန်အောင်နေမိတယ်)

ခန့်နေ

Status 09.08.09

ဘာရယ်တော့ မဟုတ်ဘူး.. ဦးဗိုလ်ထီးရဲ့ သီချင်းလေးကို ကိုယ်ပိုင်စာသားလေးနဲ့ အစားထိုးကြည့်တာ.. ကျွန်တော့်ရဲ့ သောကြာနေ့က စာမေးပွဲ အခြေအနေလေးပေါ့..

“ Common test မေးခွန်းအောက်မှာ.. ကိုယ့် အတွေးထဲ လှည့်ပတ်ရှာကြည့်..
အဖြေရယ်ဆိုလို့ MCQ ၂ ပုဒ်ထဲ.. ရင်ခွင်မှာတော့ Distinction ကြီးတစ်ခု ”

ဟက်ဟက်.. သီချင်းခေါင်းစဉ်ကိုတော့ သိကြမယ်ထင်တယ်..
MCQ ရဲ့ အရှည်ကတော့ Multiple Choice Question (ဓမ္မဓိဋ္ဌာန်မေးခွန်း)

ဒါနဲ့ စကားမစပ်.. ဒီနေ့ စင်္ကာပူနိုင်ငံရဲ့ အမျိုးသားနေ့ဗျ.. တနင်္ဂနွေနေ့မှာ ကျရောက်လို့၊ မနက်ဖြန် တနင်္လာနေ့ကို ကျောင်းပိတ်ပေးပါတယ်။

Thursday, August 6, 2009

ဘာခေါင်းစဉ်နဲ့လိုက်သလဲ ဒီကဗျာ

ပျင်းနေရတာနဲ့ ပျင်းဖို့ပြင်ဖို့တောင် အချိန်မရဘူး..
ထည့်ပါဟ.. ခပ်ပြင်းပြင်းလေး..
ဒီထက်ပြင်းတာဆို ဘာမှချန်မထားနဲ့
“အပျင်းထန်”တာလေးကို ခံစားချင်လို့
ပြောရင်းဆိုရင်း လုပ်ပြီ
လိုနေတာက တစ်ခြား၊ ပေးတာက ဆား
အနာပေါက်တဲ့တစ်ယောက်မဟုတ် ကျောင်းသူလည်းမဟုတ်ဆို..
သူပြောတော့
ကျေးဇူးပြုပြီး ဆန်အိတ်တွေပဲ ဖောက်ပေးပါတဲ့..
မျက်စိတွေလည်း ဒေါင်းကုန်ပြီထင်တယ်
လိုအပ်တာထက် ပိုကြင်နာပါလို့ ပြောတဲ့အချိန်
ရေချိုးနေတဲ့သူနဲ့၊ ကျောင်းရောက်နေတဲ့သူနဲ့၊
ဆုတောင်းတယ်ဆိုတာ လက်အုပ်ချီထားတဲ့ ခိုင်းစေခြင်းတစ်မျိုးပဲ။
မင်းပြောတဲ့စကားတွေထဲ
“ဒါပေမဲ့” ထူထပ်မှုကို လျော့ချသင့်တယ်
အတုဖြစ်ခြင်း အစစ်ဖြစ်ခြင်းဆိုတာကတော့
သတ်မှတ်ခြင်းရဲ့ ဦးရေပါပဲ..
ဒီတစ်ခါ တကယ်ပြောတာ။

Tuesday, August 4, 2009

အခုတလော ရောက်တတ်ရာရာများ

ကျွန်တော်လည်း ပိုစ့်တွေ ကောင်ကောင်းမတင်တာကြာပြီ.. လာလည်နေကျ သူငယ်ချင်းတွေကို အားနာမိပါတယ်.. အခုတလော ဘာတွေလုပ်နေလဲ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့လည်း ဘာမှကို မယ်မယ်ရရ လုပ်နေတာလည်း မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ပြောင်းတာပဲ.. (၃)ရက်လောက်တော့ ကြာသွားတယ် ပစ္စည်းရွှေ့နေတာနဲ့ တင်.. သောကြာနေ့ စာမေးပွဲတစ်ခုရယ်၊ စနေနေ့ နှုတ်ဖြေစာမေးပွဲရယ် ရှိပါအုံးမယ်..
ပြီးခဲ့တဲ့ weekends တုန်းကတော့ ရှေ့က ပိုစ့်မှာ ကြော်ငြာထားတဲ့ Singapore Poly ရဲ့ နှောင်းနွေဆုံမှတ်ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တဲ့ ပထမနှစ်ကတည်းက SP ပွဲကို ကြည့်ဖြစ်တာပါ. အရင်နှစ်ကတော့ စာမေးပွဲနဲ့ ကပ်နေတာနဲ့ မသွားဖြစ်လိုက်ဘူး.. အခုတစ်ခေါက်တော့ နည်းနည်းလေး ကွာသေးတာနဲ့ (ကွာချင်ယောင်ဆောင်ပြီး) ကြည့်ဖြစ်ပါတယ်။ ပွဲကို အကြောင်းပြုပြီး မတွေ့တာကြာပြီဖြစ်တဲ့ Blogger တွေရော၊ မတွေ့ဖူးသေးတဲ့ Blogger တွေနဲ့ပါ ဆုံခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဝေဖန်ရေး ဘာညာတော့ ကျွန်တော်လည်း သိပ်မလုပ်တတ်လို့.. ယေဘုယျအားဖြင့်ဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ ပွဲတစ်ပွဲပါပဲ။ Foreigner တွေ မြန်မာလို ဆိုတာ၊ ကတာ တွေ့ရတော့ ကိုယ့် Culture ကိုယ်ဂုဏ်ယူစိတ်လို့ပဲ ပြောရမလား..
စိတ်ထဲ ဖြစ်မိတယ်။ နောက်တစ်ခု ကျွန်တော် သတိထားမိထားမိသလောက် SPရဲ့ အငြိမ့်တွေမှာ (အခုနောက်ပိုင်း အငြိမ့်အများစုမှာ အသုံးများတဲ့) ခါးအောက်ပိုင်းပြက်လုံးတွေ ပါလေ့မရှိပါဘူး။ ကျွန်တော် လေးစားနှစ်သက်မိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီးတော့တော့.. ရေးဖြစ်တဲ့ကဗျာတွေကို သိပ်မကြိုက်တာကြောင့် မတင်ဖြစ်တာပါ။ ဒါပေမယ့် စာဖတ်သူအနေနဲ့ ပုံမှန်တော့ လည်ဖြစ်ပါတယ်.. ကဗျာ၊ စာကောင်းတွေ ဖတ်ရတိုင်းလည်း ဖန်တီးသူများကို အားကျကျေးဇူးတင်မိတယ်။
အားလုံး အဆင်ပြေကြပါစေ..

Tuesday, July 28, 2009

Singapore Polytechincs ရဲ့ နွေထဲက နှောင်းဆုံမှတ်

စင်္ကာပူမှာရှိတဲ့ Singapore Polytechnics မြန်မာကျောင်းသားများ တင်ဆက်ကပြမယ့် “နှောင်းနွေဆုံမှတ်” Stage Performance များကို အခုလာမယ့် သြဂုတ်လ (၂)ရက်နေ့ Polytechnics ရဲ့ Convention Centre မှာ ပြုလုပ်မှာဖြစ်ပါတယ်။ စင်္ကာပူက ရွှေမြန်မာတို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါ၏ ခင်မျ။ လက်မှတ်ဈေးများကတော့ S$9 နဲ့ S$12 ဖြစ်ပြီး ညစာအတွက် လက်သုပ်ပုဝါ.. အဲလေ.. နတ်သုဒ္ဓါ၊ အအေးနဲ့ အချိုပွဲလည်း ပါမှာမလို့ ..

နေရာ။ ။ Singapore Polytechincs, Convention Centre (Dover MRT)
အချိန်။ ။ 2.00 pm to 7.00 pm
ရက်စွဲ။ ။ August 2, 2009
ဆက်သွယ်ရန်။ ။ ရဲမာန် - ၉၁၉၁ ၄၈၇၉

Monday, July 20, 2009

The Pen Story

Olympus Camera ရဲ့ ideaကောင်းနဲ့ ကြော်ငြာလေးတစ်ခုပါ.. ဒါမျိုးကို တစ်ခါက MTV ပုံစံမျိုးလည်းကြည့်ဖူးတယ်.. အဲဒီတုန်းကတော့ Background က အသေထင်တယ်.. ဒီတစ်ခုကတော့ Background ပါလိုက်ပြောင်းနေတယ်..



This is the PEN Story in stop motion. We shot 60.000 pictures, developed 9.600 prints and shot over 1.800 pictures again. No post production! Thanks to all the stop motion artists who inspired us. We hope you enjoy :-)

Free download of the music at http://olympus.eu/penstory/

Friday, July 17, 2009

ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့

ဒီဆောင်းပါးကို ဆရာသစ္စာနီ ရေးခဲ့တာပါ။ တကယ်တော့ ဒီဆောင်းပါးဟာ သူ့မတိုင်ခင် ဆရာရေးခဲ့တဲ့ ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ (မျက်မှောက်ခေတ် မြန်မာကဗျာလေ့လာချက်)ရဲ့ အဆက်ဖြစ်ပါတယ်။ အဲဒီအထဲက အငြင်းပွားစရာ၊ နားမလည်နိုင်စရာ (ဆရာတင်ပြခဲ့တဲ့) အချက်အလက်တစ်ချို့ကို ပြန်လည်ရှင်းလင်းချက်လည်း ဖြစ်ပါတယ်။ အဲဒီ ဗဟုကဗျာရေစီး ဆောင်းပါးကိုတော့ ကျွန်တော် ပထမဆုံးဖတ်ဖူးတာ ကိုညိမ်းညိုဘလော့မှာပါ။ နောက်တော့ ဆရာသစ္စာနီရဲ့ မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု စာအုပ်မှာ ထပ်တွေ့ပြီး၊ သူ့နောက် ကပ်လျက်မှာတော့ အခုဖော်ပြမယ့်ဆောင်းပါး ပါရှိခဲ့ပါတယ်။ ပထမဆောင်းပါးကို အရင်ဖတ်ချင်တယ်ဆိုရင်တော့ ကိုညိမ်းညိုရဲ့ ဟောဒီစာမျက်နှာ မှာ လေ့လာနိုင်ပါတယ်။
......................................................................
ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့

၂၀၀၃ မတ်လက ဟန်သစ်မဂ္ဂဇင်းမှာ “ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိတယ်။ တကယ်တော့ ဆောင်းပါးအဖြစ် ဖော်ပြဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။ အဲဒီကာလတစ်ဝိုက်က ရန်ကုန်မှာ ကဗျာဝပ်ရှော့ကလေးတွေ လစဉ်လောက်လုပ်ဖြစ်နေတဲ့ အုပ်စုရှိတယ်။ မင်းထက်မောင်၊ ခင်အောင်အေး၊ ဇေယျာလင်း၊ စန်းဦး၊ ငြိဏ်းဝေ စသဖြင့်ပေါ့လေ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်တစ်ဆက် (ဆယ်စုနှစ်တစ်ခု)ခြားတဲ့ လူငယ်တွေ။ ကဗျာကို စွဲမြဲယုံကြည်ပြီး၊ ထဲထဲဝင်ဝင် ရှိသင့်သလောက်ရှိတဲ့သူတွေ။ အဲဒါနဲ့ အဲဒီမှာဖတ်ဖို့ ခုနစာတမ်းကို ရေးပေးလိုက်တာပဲ။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။ စာတမ်းပါ အချက်အလက်တွေဟာ ကျွန်တော် (ဘာ)ဆိုချင်တယ်ဆိုတာ ရှင်းပြစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ဓါတ်ခံရှိတဲ့ လူတွေချည်းကိုး။

ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်းဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ အဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။

၁။ ကဗျာမဆန်ရဘူး
(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)
ကဗျာဟာ ကဗျာမဆန်ရဘူးပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်)ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ)တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ အခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိကလက္ခဏာတစ်ရပ်အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော်အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။
နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသားကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင်ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။

၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်)လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက်ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။

၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)
ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘောလက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)
အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေးအကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။

၅။ ရိုးသားရမယ်
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)
ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။ (လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွားအဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။
ဥပမာ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်။ အမေစိုက်ထားတဲ့ “ဗုဒ္ဓံသရဏံပန်းများ” ခြံရိုးမှာ လန်းဆန်းလျက်။
ချိမ့်ကြီး ငယ်ငယ်က နေခဲ့တဲ့အိမ်မှာ ခြံရိုးရှိမရှိ။ သူ့အမေကလည်း တကယ်ဗုဒ္ဓံသရဏံပန်းပင်တွေ စိုက် မစိုက်၊ ကျွန်တော် မသိ။ သိဖို့လည်း မလို၊ ကဗျာရေးသူ တကယ်သိစေချင်တာက (ကျွန်တော် သိတာကတော့) ခြံရိုးနဲ့ ဗုဒ္ဓံသရဏံပန်းများရဲ့ ဆင့်ပွား အဓိပ္ပါယ်ပဲ။

၆။ သစ်လွင်ရမယ်
(မဲပြာပုဆိုး မဖြစ်ရဘူး)
ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။

၇။ ဣနြေ္ဒရှိရမယ်
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)
အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)

၈။ ခွန်အားရှိရမယ်
ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။

၉။ တီထွင်မှု ရှိရမယ်
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)
ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား”က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။

၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ်
(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)
ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီနဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ်ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ်ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။

၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ် (ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ ပြောခဲ့တော့ အတော်အသင့် ပြည့်စုံမယ် ထင်ပါတယ်။

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်
ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။

၁၃။ ကာလနဲ့ ဒေသသဘောဟာ ကင်းလွတ်နေရမယ်
ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။ ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သစ္စာနီ
(မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု)
......................................................................

မှတ်ချက်။ ။ဆောင်းပါးထဲက အင်တာနက် လင့်ခ်တစ်ခုကို ကျွန်တော် ရှာမတွေ့ဘူး။ ရှာကြည့်တဲ့အခါ အနီးစပ်ဆုံး www.foreverspace.com.mm ကိုပဲ တွေ့ပါတယ်။ နောက်ပြီး ဆရာရည်ညွှန်းထားတဲ့ (ဆရာအောင်ဝေးနဲ့ ဆရာအောင်ချိမ့်တို့) ကဗျာတွေကို လေ့လာနိုင်အောင် တစ်ခါတည်း တွဲတင်ပေးချင်ပေမယ့် ရှာမတွေ့ပြန်ပါဘူး။ နောင်ရှာလို့ တွေ့တဲ့အခါကျရင်တော့ ပြန်တင်ပေးပါ့မယ်။
ဟန်သစ်မဂ္ဂဇင်းဆိုတော့ အချိန်အားဖြင့်တော့ ဒီဆောင်းပါးဟာ ၁၀နှစ်လောက် ကြာခဲ့ပြီဆိုတာတော့ သတိချပ်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆရာရဲ့ အချက်အလက်တော်တော်များများကို လက်ခံမိတယ်။
ဆရာစိုင်းဝင်းမြင့်ရဲ့ စကားလေးကို ငှားရမ်းပြင်ဆင်ပြီးပြောရရင်တော့ ချစ်သော မြန်မာဘလော့ဂါ ကဗျာရေစီးသို့” ပေါ့။

62th Anniversary of Martyr Day




ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး



Image Credit to: THMM + NNT

Monday, July 6, 2009

လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ် (ဇေယျာလင်း)

မနက်ဖြန် (၃)ရက်ဆက် စာမေးပွဲဖြေရမယ်.. ဒါပေမယ့် စာလည်း မလုပ်ဖြစ်ဘူး။ အမှန်တော့ အတန်းကြီးလာလေ စာတွေက များလာလေ မဟုတ်ပါဘူး။ အတန်းကြီးလာလေ စာမလုပ်ချင်လေ ဖြစ်နေတော့။ အမှန်တော့ ဒီက (စင်္ကာပူ) ပညာရေး စနစ်ကို သိပ်ကြိုက်လှတယ် မဟုတ်ဘူး။ (မဆီမဆိုင် အပြစ်တင်) စာအုပ်ထဲက ဟာတွေ အခြေခံပြီး စာမေးပွဲအောင်တယ်ဆိုတဲ့ဟာကြီးကို သိပ်သဘောမတွေ့ပါ။ တက္ကသိုလ်ပညာရေး မရောက်သေးလို့လားတော့ မသိ။ တကယ်ဆို ကျွန်တော်ယူထားတဲ့ ဘာသာရပ်က လက်တွေ့အချိန်ပိုများသင့်တယ်။ ဒါပေမယ့် တစ်ခုရှိတာက အထူးပြုဘာသာရပ်ကလည်း အသစ်ဖြစ်နေတော့ ကိုယ့်အတန်းက အစမ်းသပ်ကြီးလိုများ ဖြစ်နေသလားလို့ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုင်းကို ပြီးခဲ့တဲ့နှစ်ကမှ စခဲ့တာ။ ကျွန်တော်တို့က ဒုတိယမြောက် batch ပေါ့။ ဒါကြောင့် မေးခွန်းဟောင်း လေ့လာစရာလည်း မရှိပါ။
တလောက (ကျုပစ် ဖိုရမ်က ထင်တယ်) ဒေါင်းလာတဲ့ ဇေယျာလင်း ကဗျာစုစည်းမှုလေးကို print ထုတ်၊ ဖတ်ဖြစ်တယ်။ အဲဒီထဲက ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်တင်ဖြစ်ပါတယ်။ လမ်းအိုလေး (http://lanolay.wordpress.com/)က တစ်ဆင့်ကူးယူဖော်ပြထားတာပါ။ ကျွန်တော်လေ့လာချင်နေတဲ့ Post Moderm ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားသူတွေစုပြီး onlineစုရပ်ကလေးတစ်ခုအနေနဲ့ ဘလော့တစ်ခုလောက်လုပ်ရင်ကောင်းမလား စဉ်းစားမိတယ်။ အကယ်၍ မိတ်ဆွေတို့ထဲက စိတ်ဝင်စားတယ်ဆိုရင်လည်း ကျွန်တော့်ကို အသိပေးပါအုံး။ အဲဒီလိုမျိုး မြန်မာ site ရှိတယ်ဆိုရင်လည်း ညွှန်ပြပေးပေါ့။း)


လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်

သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄
ဇေယျာလင်း

Friday, July 3, 2009

3rd June Diary



" ရည်ရွယ်ထားတဲ့ ကဗျာနဲ့ ပန်းတွေ မွှေးပြီဆို..
ငါနဲ့ အလွမ်းတွေလည်း ဝေးပါပြီ
ကောင်မလေးရေ.. "



တစ်နေ့တာကို အချစ်စကားလုံးတွေချည်း သုံးပြီး အဆုံးသတ်လို့..
နောင်လာမယ့် ဒီနေ့များစွာအတွက်တော့ ဒါဟာ အစတစ်ခုသာဖြစ်တယ်..

Thursday, July 2, 2009

2nd July Diary



"စကားလုံးတွေကို နာရီကြည့်တာ သင်ပေးဖို့ ကျွန်တော် မေ့သွားတဲ့အခါ.. ကောင်မလေးတစ်ယောက် ရင်ခုံဖို့ရက်တွေ နောက်ကျသွားတယ်… ဒါပေမယ့်လေ ကင်ဆာဖြစ်နေတဲ့ မျှော်လင့်ချက်လေးနဲ့ ဆွဲမိဆွဲရာ ကောက်ရိုးလေးဆီမှာ မေခလာနတ်သမီး ရောက်နေမယ်ဆိုရင်တော့ အပျံသင်စ အိပ်မက်တွေကို
ကျွန်တော် ရွက်လွှင့်လိုက်တော့မယ်နော်"



Saturday, June 27, 2009

ဟိုး.. ရှေ့ရှေ့တုန်းက

ရိုးသားသူကို ရိုးသားမှုနဲ့
ကဗျာကို ကဗျာနဲ့
ဒီတစ်ကဗျာနဲ့ မလောက်ရင်
နောက်တစ်ကဗျာ ထပ်ဖွင့်လို့
မိုးလင်းတိုင်းမှာ
ဥသြလေးလည်း ဆောင်းဦး
ဖားအော်သံလည်း ဆောင်းဦး
ပြတင်းပေါက်ကိုကျော်ကာ မှတ်ယူလို့
ကိုယ့်အကြောင်း ကိုယ်ပြောရတဲ့အလုပ်
အမုန်းဆုံးဖြစ်ကြောင်း၊
ပြန်ရောက်ရင်လည်း
ပြန်လည် ရောက်ရှိကြောင်း..
ဒါမှမဟုတ်
၁၅ မိနစ်ဟာ ၁၅နှစ်စာ ဖြစ်သွားနိုင်လို့
ပုံမမှန်ဆိုရင်တော့
အရင် ဒီအချိန်
သူ ကိုယ်နဲ့ပေါ့
ကျွန်တော့် လေသံတွေ ပျော့ရမှာ
သူ့ မျက်နှာကြီး မာနေတော့
ပြန်ရောက်တဲ့အခါ
ပဲဟင်းနည်းနည်း၊ ကဗျာနည်းနည်းနဲ့
တို့ရဲ့ သမီးလေးကို
နာမည် ဘယ်လိုပေးရင်ကောင်းမလဲ
ကိုယ်က စတင် စဉ်းစားမိတယ်။



Friday, June 26, 2009

童话 Fairy Tales

စဉ်းစားကြည့်ရင် ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ.. ကျွန်တော် သိပ်သိချင်နေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် ဘာသာပြန်ပေးခဲ့တယ်လေ။ Mail box လေး ဖွင့်ကြည့်တဲ့အခါ၊ သူရဲ့ သေချာစီထားဟန်ရှိတဲ့ အက္ခရာလေးတွေကို တွေ့လိုက်တဲ့အခါ၊ အတိုင်းမသိကြည်နူးမှုတွေနဲ့အတူ ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာကို ရောက်ရှိလို့သွား.. June 24 ဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးတစ်နေ့ပေါ့။




ဒိုင်ယာရီပုံပြင်
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။
ငါ ဘာအမှားများလုပ်မိလို့လဲ..။

ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။


မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်ဆိုတာ ငါယုံပါတယ်..။
မင်းကိုလည်းယုံစေချင်ပါတယ်..။ ။။
...................................................................

童话

忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么

你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了

我愿变成童话
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..

Wednesday, June 24, 2009

ဒေါက် ဒေါက်.. ဒေါက်တာ

နာရေးခေါင်းစဉ်အောက်မှာ
ကိုယ့်နာမည်ကိုယ် ရှာမတွေ့တဲ့အခါတိုင်း
ဒေါက်တာနဲ့ ပတ်သတ်ခွင့်ရသေးတယ်ဆိုပြီး
ပျော်နေသူတစ်ယောက်ဟာ ကျွန်တော်ပါ။
ဒါပေမယ့်လေ
နားကျပ်နဲ့ မရောက်ရှိနိုင်တဲ့ နေရာတွေကျမှ
ဒဏ်ရာတွေက (၃)ရာသီမပြတ် ခိုအောင်းနေလို့
ကျွန်တော် ဘယ်လိုပြောရမလဲဟင်
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
မေ့နေတယ် ဆိုတာထက်
မေ့ချင်ယောင် ဆောင်နေရတာ..
ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတာကို
မေ့မေ့နေတော့ ခက်ပါတယ်။
ကဗျာတွေ ရေးမယ့် လက်မှာ
အနာတွေ ဆေးထည့်စရာကျန်နေသေးလို့ပါ ဒေါက်တာ။
အဖြူအမည်း ဓါတ်မှန်တွေနဲ့ မလုံလောက်တဲ့အခါ
ဟောဒီ ရင်ဘတ်ကို ဖွင့်ကြည့်ကြည့်ပါ ဒေါက်တာ
ဆေးမတိုးတော့တဲ့ ကိုယ့်ကိုယ်ကို
ဒေါက်တာ လက်လျှော့လိုက်မှာ သိပ်စိုးရိမ်မိ။
(ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီးတော့)
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
အပြင်ဘက်က ရေမွှေးနံ့၊ လူဦးရေထူထပ်မှုနဲ့
ကြိုးမဲ့စနစ်တွေကနေ သွေဖယ်လို့
ဒေါက်တာရဲ့ ဆေးပေးခန်းလေးထဲကို
ရောက်ခဲ့ပါမယ်။
ဆေးထိုးအပ်တွေအစား
အကြင်နာအကြည့်တွေသာ များများထိုးသွင်းလိုက်ပါ။

ဒေါက်တာ မှာကြားတဲ့အတိုင်း
မိမိကိုယ်မိမိ ဂရုစိုက်ပါဆိုလို့
ဒီကဗျာလေးကို ရေးမိပါတယ်။
ဒေါက်တာရော
ပေးဆေးစာရင်းမှာ
ဒေါက်တာ့နာမည်ကို ဘယ်တော့ ရေးမလဲ။


Monday, June 22, 2009

ဒီကနေ့ဟာ တစ်နည်းအားဖြင့်

ကြွရောက်လာသော
ကမ္ဘာသူ ကမ္ဘာသားများ (အားလုံး)
မင်္ဂလာပါ..
(လက်ခုပ်သံများ ဗလာဖြင့်)
များမကြာမီ အချိန်အတွင်းမှာ
အခမ်းအနားပြီးဆုံးတော့မည် ဖြစ်ပါသဖြင့်
ကိုယ်စီကိုယ်ငှ နေရာယူပေးကြပါရန်
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်များမှာ
အစီအစဉ်(၁) အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
အစီအစဉ်(၂) ကဗျာဖတ်ခြင်း အလုပ်နှင့်
အစီအစဉ်(၃) အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း
ကြေညာခြင်းတို့ပဲ ဖြစ်ပါတယ်။

ယခုနောက်ဆုံးအစီအစဉ်အရ
ဤအခမ်းအနားကို
အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ကြောင်း
ကြေညာအပ်ပါသည် ခင်များ။

Friday, May 29, 2009

In My Country

In my country they jail you
for what they think you think.
My uncle once said to me:
they'll implant a microchip
in our minds
to flash our thoughts and dreams
on to a screen at John Vorster Square.
I was scared:
by day I guard my tongue
by night my dreams.

Pitika Ntuli (Azania)


Ref: Poetry Book, English In Units, by John G. Fahy

Thursday, May 28, 2009

ချို့တဲ့သွားသော ဘာမထီဓါတ်များကိုယ်စား

ဖြစ်နေကျ၊ မြင်နေကျ၊
သင်နေကျ၊ ပျက်နေကျ၊
ရှိနေကျ ရှိနေကြ..
ဇာတိမပြနဲ့
ငါတို့ လိုက်ခဲ့မယ်။
နီးနီးကပ်ကပ် ရွေးချယ်မှုများ
လောင်းချ၍
ဖော်ပြပါ စကားလုံးများ အပွင့်ကို
မျှော်လင့်၊
ဂဟေဆက်ရာများထဲ
သွေးကြောများစီးနေပုံ ကြည့်မကောင်းပါ။
ပြန်နွှေးစရာ အမေ့ခံများ။
ကျွန်တော်တို့ နေ့ရယ်လို့ပဲ
သတ်သတ်မှတ်မှတ် ပျောက်ဆုံးနေတာ
ဆက်သွယ်မှုဧရိယာပြင်ပမှ
ကန်ချက်တွေ လွဲချော်
လက်မြန်ဖို့မလို၊ လက်ခံဖို့လိုတယ်။
(၂)ခါနာမှာ တွေးကြောက်
ဗလာမပါပါ.. ရွေးပြီးခေါက်မယ့်ပွဲများ။
အကျိုးမှန်း မသိစေချင်လို့ ထိုင်နေသူများထဲ
ငါလည်း ပါဝင်ခဲ့တယ်။
ခန့်နေ

Saturday, May 23, 2009

ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ

ဆရာဇေယျာလင်းရဲ့ ကဗျာဘဝ ရှာတော်ပုံ စာအုပ်ထဲက ကျွန်တော် ကြိုက်မိတဲ့ ဆောင်းပါလေးတစ်ပုဒ်ပါ။ အမှန်တော့ ကြိုက်မိတာ အများကြီးပါပဲ။ အခုတလော ကျောင်းစာတွေ များလာလို့ ကဗျာတွေလုပ်ဖို့လည်း သိပ်စိတ်မပါတာနဲ့ ဒီစာလေးကိုတောင် ပြန်စီတာ (၁၀)ရက်လောက် ရေးမှပြီးတော့တယ်။ နောင်လည်း အဲဒီထဲက ဆောင်းပါလေးတွေ အလျင်းသင့်သလို တင်သွားမှာပါ။ Copyright ဘာညာ ကန့်ကွက်မှု ရှိရင်တော့ ကျွန်တော် ပြန်ဖြုတ်ပေးပါ့မယ်။ နားမလည်ဘူးဆိုတဲ့ ကိစ္စတစ်ချို့အတွက် ဒီဆောင်းပါတွေဟာ “ကူးတို့”ကို အရောက် မဟုတ်ရင်တောင် ကမ်းစပ်ကနေတော့ ခွာပေးနိုင်ပါလိမ့်မယ်။
x x x

ကဗျာကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားကြည့်တာပါ။ ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ ချက်ပြုတ်စားသောက်ခြင်းနယ်ပယ်ကလာတဲ့ စကားလုံးနှစ်လုံးဖြစ်ပါတယ်။ ချက်လို့ကျက်ပြီ။ ကျက်တော့ စားလို့ရပြီပေါ့။ အဲသလို အလိုက်သင့် ခူးခပ်ယူငင် ကိုက်စားဝါးချေ စားသောက်ပစ်လို့ရတဲ့ ကဗျာနဲ့ သားစိမ်း၊ ငါးစိမ်းကို မချက်ရသေးတဲ့ အစိမ်းသက်သက်မို့ စားသောက်လို့မရသေးတဲ့ ကဗျာ။ ကျက်တဲ့ကဗျာ (စားသုံးရန် အဆင်သင့်) နဲ့ စိမ်းတဲ့ ကဗျာ (စားသုံးလို့ မရသေး၊ ချက်ဖို့ လိုသေး)။ ဒီလို အကြမ်းဖျင်းခွဲကြည့်ကြပါစို့။
ကျက်တဲ့ကဗျာတွေဟာ အလွယ်တကူဖတ်၊ အလွယ်တကူ နားလည်၊ အလွယ်တကူ ရှင်းလင်းပြလို့ရတဲ့ ကဗျာအမျိုးအစားပေါ့။ ဒီနေ့ မဂ္ဂဇင်းတွေမှာ အများဆုံးတွေ့ရတဲ့ ကဗျာတွေပေါ့။

တစ်ပုဒ်ပြီးတစ်ပုဒ်လှန်ဖတ်သွားလို့ရတယ်။ ဖတ်ပြီ အဲဒီမှာ ပြီးတယ်။ သြော်.. ဒီလိုကိုး.. အင်း.. ဟုတ်ပေတာပဲ.. ကဲ.. လာ.. နောက်တစ်ပုဒ်။ ဒီမှာ ကျွန်တော် အဆိုပါ ကဗျာတွေကို ကောင်းခြင်း၊ ညံ့ခြင်း တန်ဖိုးဖြတ်တဲ့သဘောနဲ့ ပြောတာ လုံးလုံးမဟုတ်ပါ။ ကဗျာနှစ်မျိုး နှစ်စားရှိတယ်ဆိုတဲ့ ကွဲပြားတဲ့သဘောကိုပဲ ပြောလိုတာဖြစ်ပြီး အဲသလိုပဲ ပြောတာ၊ ပြောမှာ ဖြစ်ပါတယ်။

ကျက်တဲ့ကဗျာတွေကို ကဗျာဖတ်သူအများစုက ကြိုက်နှစ်သက်ကြတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကဗျာဖတ်သူအများစု မဟုတ်ရင်တောင်မှဗျာ၊ မဂ္ဂဇင်းတစ်စောင်စောင်ထဲဖော်ပြခွင့်ပြုတဲ့ ကဗျာရွေးချယ် တာဝန်ခံအယ်ဒီတာရဲ့ အကြိုက်တော့ဖြစ်မှာပါပဲ။ သူကြိုက်လို့ သူရွေးတာကိုး။ သူရွေးမှ အများစာဖတ်ပရိတ်သတ်က ဖတ်ရတာကိုး။ သူ ဘာစံနဲ့ပဲရွေးရွေး၊ သူ ကြိုက်သလို စာဖတ်သူတွေလည်း ကြိုက်ကြမှာပဲဆိုတဲ့ အသိ၊ ဒါမှမဟုတ် ဆန္ဒတစ်ခုခုကတော့ သူ့ရွေးချယ်ရေး အတွေးလမ်းကြောင်းရဲ့ တစ်ထောင့်၊ တစ်နေရာမှာတော့ ပါကောင်းပါရှိနိုင်ပါတယ်။ အဲတော့ ကျက်တဲ့ကဗျာအမျိုးအစားဟာ မဂ္ဂဇင်းစာတွေပေါ်မှာ ပါခွင့်ပိုရသလို အများဖတ်ဖို့လည်း ပိုနီးစပ်လာပြီး ဒီကဗျာ အမျိုးအစား ပါဖန်များလေ၊ ဒီကဗျာအမျိုးအစားဟာ “စံ”တစ်ခုလိုလိုဖြစ်လာလေ၊ အများကလည်း ဒီအမျိုးအစားပိုပဲ ဖတ်ရလေ၊ ကဗျာဆိုတာ ဒီကဗျာအမျိုးအစားပဲလို့လည်း ထင်မြင်လက်ခံယုံကြည်လာလေဖြစ်ပါတယ်။

စိမ်းတဲ့ကဗျာကတော့ ဒီလိုဘဝမျိုးမရောက်ရရှာဘူး။ စိမ်းတဲ့ကဗျာ တော်တော်များများဟာ ကျက်တဲ့ကဗျာလွှမ်းမိုးထားတဲ့ ကဗျာလေးကနဲ့လည်း သူစိမ်းတရံစာ ဖြစ်နေတတ်ကြပါတယ်။ စိမ်းတဲ့ကဗျာအမျိုးအစားဟာ ကျက်တဲ့ကဗျာအမျိုးအစားနဲ့ အဓိက ဘာကွာသလဲဆိုတော့ အလွယ်တကူယူငင်စားသုံးလို့ မရေခြင်းပါပဲ။ ဒီမှာ သတိချပ်ရမှာက စိမ်းတဲ့ကဗျာဟာလည်း ကဗျာအမျိုးအစားတစ်ခုဖြစ်တယ် ဆိုတာပါပဲ။ ကျက်တဲ့ ကဗျာနဲ့ပဲ ရင်းနှီးတဲ့ အမြင်ဘက်ကကြည့်ရင် ကျက်တဲ့ကဗျာမှ ကဗျာ၊ ကျက်တဲ့ကဗျာမဟုတ်ရင် ကဗျာမဟုတ်ဘူးဆိုတဲ့ မျက်စိတစ်ဖက်လပ်၊ ကျန်တဲ့တစ်ဖက် အစွဲတိမ်ဖိုးမပြင်မျိုးဖြစ်သွားဖို့ သိပ်နီးစပ်ပါတယ်။ အထက်ကပြောခဲ့သလို စိမ်းတဲ့ကဗျာဟာ အလွယ်တကူယူငင်စားသုံးမရတဲ့ ကဗျာမျိုးဖြစ်တယ်ဆိုတော့ ဘာကြောင့်များပါလိမ့်လို့ စဉ်းစာ(ချင်သူတွေအတွက်) စဉ်းစားစရာ ဖြစ်လာပါတယ်။ ခုန စကားပဲ ပြန်ကောက်ပါရစေ။ “အလွယ်တကူ ယူငင်စားသုံးလို့ မရခြင်း” ဆိုလိုတာက အလွယ်တကူဖတ်ယူခြင်း၊ အလွယ်တကူ နားမလည်နိုင်ခြင်း၊ အလွယ်တကူ စကားပြေအဓိပ္ပါယ်မမြန်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ အလွယ်တကူနားလည်နိုင်တဲ့ကဗျာ ဖတ်ကျင့်များလာတော့ အလွယ်တကူဖတ်မရတဲ့ ကဗျာကို ဖတ်ဖို့ စိတ်ထဲက ငြင်းဆန်တွန့်ဆုတ်လာပါတော့တယ်။ အကျင့်ကိုး။ အကျင့်ဆိုတာ ဖျက်ရခက်တယ်လို့ လူကြီးတွေ ပြောကြတာပါပဲ။ ကဗျာဖတ်ကျင့်။ ကဗျာက သူ့ကိုဘယ်လိုဖတ်ရမယ်လို့ သင်ပေးလိုက်တဲ့အကျင့်။ ဟုတ်ပါတယ်၊ ကဗျာဖတ်ကျင့်ကို ကဗျာကပဲ သင်ပေးတာ ဖြစ်ပါတယ်။ ပန်းချီ “ဖတ်”ကျင့်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။ အဲတော့ ရှိရင်းစွဲကဗျာဖတ်ကျင့်နဲ့ ချဉ်းကပ်ကိုင်တွယ်လို့မရတဲံ ကဗျာအမျိုးအစားတွေ့ရင် အပြုသဘောနဲ့ မမြင်ဘဲ အဆိုးမြင်သဘောစွဲကပ်ပါတော့တယ်။ အလွယ်တကူ စားသုံးလို့ မရတဲ့ ကဗျာကို အလွယ်တကူ အလွယ်တကူစာသုံးမရလေခြင်းလို့ အပြစ်တွေ တန်းတင်ပါတော့တယ်။ ဒါပေမယ့် မေ့နေကြတာက နံပါတ်တစ်၊ အခုဖတ်နေတဲ့ ကျက်တဲ့ကဗျာတွေဟာ တစ်ချိန်က စိမ်းတဲ့ကဗျာတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီတော့ အခုကျက်တဲ့ကဗျာတွေကို လွှင့်ပစ်လိုက်ကြသလား၊ ဖတ်ကျင့်ကို ပြင်လာကြတာလား။ မေးကြည့်ပါလေ၊ စာဖတ်သူကိုယ်တိုင်က အစ။ ပြောကြည့်ပါလေ။ ကဗျာဖတ်သူ အခြားတစ်ယောက်ယောက်နဲ့ သုံးသပ်ကြည့်ပါလေ၊ ကဗျာဖတ်ကျင့် ဘယ်ကရ။

နံပါတ်နှစ်။ မိမိရဲ့ကဗျာဖတ်ကျင့်ဟာ မွေးလာကတည်းက ပါလာတာမဟုတ်ပါဘူး။ လူဖြစ်ခြင်းကိစ္စတော်တော်များများလိုပဲ အချိန်ယူ၊ သင်ခန်းစာယူ၊ အတွေ့အကြုံယူပြီး ဖတ်ကျင့်ကိုတည်ဆောက်လာရတာ ဖြစ်ပါတယ်။ ဒီတည်ဆောက်မှုဟာလည်း စစချင်း ရှင်းရှင်းလင်းလင်း ယုံယုံကြည်ကြည် တည်ဆောက်လာခဲ့ရတာမဟုတ်ဘဲ အသိတွင်း ဝိရောဓိတွေနဲ့ လုံးထွေးရုံးကန်ပြီးမှ တစ်စတစ်စ ဖြစ်တည်လာတဲ့ တည်ဆောက်မှုမျိုးပါပဲ။ ဘုရားပြီး ငြမ်းဖျက်လိုက်တဲ့အတွက် အဲဒီဘုရားဟာ မိုးပေါ်ကပဲ ကျလာသလို၊ နဂိုကတည်းက “သဘာဝ”အတိုင်း ရှိလာသလို၊ ကိုယ်ကိုယ်တိုင်ဟာ ဥာဏ်ကြီးသခင်မို့လို့ ပါရမီစူးရောက်စွာရရှိလာသလိုလို လိုလို လိုလို။ ဘုရားမပြောပါနဲ့ဦး၊ ငြမ်းကိုပဲ ပြောကြပါစို့။ အဲဒီငြမ်းကို ဘာနဲ့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ ယနေ့အကျက်ကဗျာတွေ မဖတ်ဖူးတဲ့ အထက်တန်းစာမေးပွဲအောင် လူငယ်လေးတစ်ယောက်အတွက် အကျက်ကဗျာဟာလည်း အစိမ်းကဗျာပါပဲ။ အဲဒီအစိမ်းကို သူ အကျက်ဘယ်လို လုပ်ယူသလဲ။ အဲဒီအစိမ်းကဗျာကို သူဘယ်လို ချက်ပြုတ်နားလည်းယူသလဲ။ ကဗျာဖတ်တတ်ခြင်းဟာ ဖတ်ကျင့်တည်ဆောက်မှုရဲ့ ရလဒ်ပါပဲ။

နံပါတ်သုံး။ အကျက်ကဗျာက ချက်ပြုတ်ပြီးသားဖြစ်တဲ့အတွက် ဖတ်သူက ဘာမှပြုပြင်စရာမလိုဘဲ ကောက်ယူစားသုံးလိုက်ရုံပါပဲ။ စိမ်းတဲ့ကဗျာကတော့ ဖတ်သူကို အလုပ်ပေးပါတော့တယ်။ ဖတ်သူကို ချက်ပြုတ်ခိုင်းပါတော့တယ်။ ချက်ပြုတ်တတ်သလို၊ ချက်ပြုတ်တတ်သလောက် ချက်ပြုတ်ခိုင်ပါတော့တယ်။ သူစားချင်ရင် သူကိုယ်တိုင်ချက်။ စားကောင်းခြင်း၊ မကောင်းခြင်း၊ အရသာတွေ့ခြင်း၊ မတွေ့ခြင်းဟာ သူ ချက်ပြုတ်မှုအတိုင်းအတာပဲပေါ့။ စိတ်ဝင်စားရင် အခြားဖတ်သူတို့ ဘယ်လိုချက်ပြုတ်ကြသလဲ မေးမြန်းစုံစမ်း၊ နည်းယူဖလှယ်၊ လိုအပ်တဲ့ အချို၊ အချဉ်၊ အငံ၊ အစပ် ဘယ်ကနေရာမှာ ဘယ်လိုဘယ်လောက်ထည့်မလဲ။ ထည့်သလဲ။

ကဗျာဖတ်ခြင်းဟာ ဖြစ်စဉ်ကြီးတစ်ခု Process ဖြစ်ပါတယ်။ ရရှိတဲ့ရလဒ် Product မဟုတ်ပါဘူး။ ဘာဖြစ်စဉ်ကြီးလဲ ဆိုတော့ မသိမှုကို သိမှုရတဲ့ လူသားရဲ့သိမှု တည်ဆောက်မှု ဖြစ်စဉ်ကြီးပါပဲ။ ဒီဖြစ်စဉ်ကြီးထဲမှာ အစိမ်းတွေကို အကျက်လုပ်ရတာပါပဲ။ ဒါဟာ စဉ်းစားဆင်ခြင်ခြင်းအလုပ်၊ လေ့လာသင်ယူခြင်းအလုပ်၊ ဥာဏ်ပညာနယ်ပယ်ချဲ့ထွင်ရေးအလုပ်။ သိမှုတည်ဆောက်ခြင်းဟာ ဘဝတည်ဆောက်ခြင်းဖြစ်သလို ယဉ်ကျေးမှုတည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ အစိမ်းတွေကို အကျက်မလုပ်ခဲ့ရင် ယနေ့လူသားကမ္ဘာဟာ ယနေ့အဆင့်အထိရောက်လာနိုင်ပါမလား။ နည်းနည်းပါးပါးဖြစ်ဖြစ် စဉ်းစားနေစရာပေါ့နော်။

သိမှုတည်ဆောက်မှုဟာ ဖြစ်စဉ်ကြီးတစ်ခုဖြစ်တဲ့အတွက် ရပ်တန့်နေလို့မရသလို ရပ်တန့်နေမှာလည်း မဟုတ်ပါူဘူး။ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှာ ကျောက်ချထားရရင်လည်း အခြားတစ်ထောင့်ထောင့် တစ်နေရာရာက ရတဲ့နည်းနဲ့ ဆက်တိုးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအတွက် သိမှုလုံလောက်ပြီဆိုပြီး တင်းတိမ်ရောင့်ရဲလိုက်ရင် မိမိကိုယ်တိုင်ရဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ဟာ ရပ်တန့်သွားပြီး မိမိရဲ့ သိမှုဟာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသလို မိမိဟာလည်း လျှပ်စစ်မီးလင်းထိန်နေတဲ့ ဂူထဲမှာ ခပ်တည်တည် ဟန်ကျပန်ကျ ရောက်ရှိနေမှာ သေချာပါတယ်။ Hello, Mr-Caveman … မင်္ဂလာပါ။ ဂူအောင်ပုဂ္ဂိုလ်ကြီးငဲ့။
ကဗျာဖတ်ခြင်းဆိုတဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ကြီးထဲမှာ ဖတ်ကျင့်ဟာ အရေးကြီးပါတယ်။ Reading habit ပေါ့နော်။ သိပ္ပံပညာမှာ ခိုင်မာတယ်ဆိုတဲ့ သီအိုရီဟာ သူ့ကို ချေဖျက်မယ့်တွေ့ရှိချက်အသစ် မပေါ်သေးလို့ပါပဲ။ ပေါ်လာတာနဲ့အမျှ စဉ်းစားဆုံးဖြတ်ရပါတော့တယ်။ လှုပ်လာတဲ့ သီအိုရီကို ရမိရရာနဲ့ အပြေးအလွှား ကျားကန်မလား၊ မူလီစုပ်မလား။ သိမှုနဲ့ သိမှုငြမ်းတွေ ပြင်မလား။ သီအိုရီသစ်၊ သိမှုသစ်ကို တည်ဆောက်မလား။ တိကျမှုပေါ် အခြေခံရတဲ့ သိပ္ပံပညာမှာတောင် Uncertainty Principle ဆိုတဲ့ မသေချာ၊ မရေရာခြင်းမှုဟာ အသေအချာရှိနေမှတော့ အနုပညာမှာလည်း ဒါမှ အနုပညာ၊ ဒါမှ ကဗျာလို့ ကန့်သတ်ထားလို့ မရပါဘူး။ ကျောက်ချထားလို့ မရပါဘူး။ ကျောက်ချထားမှ လုံခြုံမယ်ထင်ရင်လည်း သဘောပေါ့။ တားမြစ်စရာအကြောင်း မရှိပါဘူး။

အဲတော့ စိမ်းတဲ့ကဗျာဟာ ကျက်တဲ့ ကဗျာပဲ ဖတ်နေကျအတိုင်း ဖတ်တတ်တဲ့ ဖတ်သူကို အမြဲစိမ်ခေါ်နေမှာ ဖြစ်ပါတယ်။ သူမေးမယ့် မေးခွန်းကတော့ ရိုးရိုးလေးရယ်ပါ။ “ခင်များ နေသာထိုင်သာရှိတဲ့ ကဗျာစာသား Poem ပေါ်မှာ နေထိုင်မလား။ ခင်များဟာ ကဗျာချစ်သူလား ကဗျာအနုပညာကို ချစ်သူလား။ ခင်များရဲ့ ကဗျာသိမှု တတ်မှုဟာ ရပ်တန့်နေပြီလား” ။ ဖတ်သူရဲ့ သိမှုတည်ဆောက်မှု တစ်ခုလုံးကို စိမ်ခေါ်ခြိမ်းခြောက်သလို လမ်းပွင့်ပေးဖို့ လက်ကမ်းပေးနေတာဟာ စိမ်းတဲ့ ကဗျာပါပဲ။

ကျွန်တော်တို့အားလုံး စိမ်းတဲ့ ကဗျာထဲက ထွက်လာကြပြီး ကျက်တဲ့ကဗျာထဲ ရောက်နေကြပါပြီ။ ဒါပေမယ့် စိမ်းတဲ့ကဗျာသစ်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံတဲ့ ကျက်တဲ့ကဗျာအိမ်ကလေးမှာ တံခါး လာခေါက်နေပြီပေါ့။ ။

၁၈၊ နိုဝင်ဘာ ၂၀၀၅

Tuesday, May 12, 2009

ရည်ရွယ်သူ မင်းသမီးသို့ ရူးသွပ်ခြင်း (၂)


နေ့သစ်တွေ (၁)ရက်တိုးတိုင်း
တို့လက်ချောင်းတွေ
တစ်ချက်ချိုးလို့
သံယောဇဉ်တို့ကို ဆက်ပျိုးစို့ချစ်သူ


တစ်နေ့တစ်လံနဲ့ ငါ့အကြံတွေရယ်
မနှေး၊ အမှန်ပဲ
မင်းသဏ္ဌာန်လေးတွေထံ ပြန်နီးကပ်ဖို့
အမြန်နီးမယ့်ရက်တို့ကိုလည်း
ဖန်တီးကြစို့နော် ချစ်သူ..


မျက်နှာတွေ သစ်လိုက်တိုင်း
မနက်တွေ..
ဝတ်လိုက်တဲ့ ဖိနပ်တွေတိုင်းဟာ
တို့အကွာအဝေးကို ချုပ်မယ့်
အပ်တွေလည်း ဖြစ်တယ် ချစ်သူ..


လွမ်းစရာ..
အတူလျှောက်ဖူးတဲ့ လမ်းတွေလည်း မရှိလို့
အတိတ်ရဲ့မနက်ဖြန်တွေလို
စိတ်ရဲ့ စနက်တံတွေတိုင်းမှာလည်း
တာရှည်ခံဆေးတွေ အနှံ့နဲ့ပါ... ချစ်သူ..


message တစ်စောင်ကို
တစ်စောင်ပြန်လို့
Google ငှက်ကလေးရဲ့
အတောင်ပံတွေနားရာ
ချက်တင် ပြတင်းဝလေးဟာလည်း
မင်းရဲ့ သတင်းအစလေးတွေ
မေးရာနေရာလေးပေါ့။


စောစောထတဲ့ ငှက်ကလေးတွေဟာ
အစာရတတ်ကြတဲ့အတိုင်း
မင်းလေးရှိရာ အိပ်မက်တွေထဲ ဝင်ဖို့
ညတိုင်း အိပ်ယာစောစောပြင်လို့နေခဲ့မိတယ်..


အို ဘုရားသခင်
ကြားချင်တဲ့ သူ့အသံလေးရယ်
ပါးပြင်နဲ့ သူ့ဟန်လေးရယ်..
ဒီည အိပ်မက်တွေထဲဝင်လာဖို့
အကြွင်းမဲ့ ခွင့်ပြုလို့
မကြာ၊ မနှေး
နှစ်ယောက်သောကြားမှ
အကွာအဝေးများကို
အကြွေးထားခွင့်အားလည်း
ပေးသနားလင့်တော်မူပါ။

........................................................................

ကျွန်တော် အရင်က ရေးနေကြ ပုံစံနဲ့ ပြန်ရေးကြည့်တာပါ..
ရေးချိန်မှာ အသက် (၂၀)ထဲ.. ဒါပေမယ့် ကဗျာထဲကအတွေးတွေကတော့ ၁၅နှစ်သားတစ်ယောက်ထက် မပိုဘူးထင်ရဲ့။
နောက်ဆုံးအပိုဒ်လေးက ရေးခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲကပဲ ကူးယူထားတာဖြစ်ပြီးတော့
ခေါင်းစဉ်ရဲ့ နံပါတ်တစ်ကလည်း ပုံပြင်တစ်ပုဒ်ပါပဲ။
ချစ်သောသူနဲ့ ကွေကွင်းသောဆင်းရဲမှ လွတ်မြောက်ကြပါစေ..
Free counter and web stats