Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, December 11, 2011

ဥတုရာသီများကို ရင့်မှည့် ပြောင်းလဲစေနိုင်သော

အသံတွေဟာ

ဆူညံမှုအတွက် မလုံလောက်သလို

တိတ်ဆိတ်မှုအတွက်ကျ

အလျှံအပယ်ဖြစ်နေခဲ့တယ်

ရုတ်တရက် ဆိုက်ဝင်လာနေတဲ့

အလင်းရောင်ကြောင့်

အမြင်အာရုံဟာ တကယ်ပဲ

ဝေဝါးသွားခဲ့တယ်။

ရေစက်တွေ တစ်စက်ပြီး တစ်စက်

ခေါင်းပေါ်မှာ စုဆုံလာတဲ့အထိ

တစ်ရွက်ပြီး တစ်ရွက်

စာမျက်နှာတွေ ကျော်ကျော်သွားနေပုံ

အနံ့အသက်ကင်းစင်တဲ့ ရင်းနှီးမှုတစ်ချို့

အခန်းအပြင်ဖက်က ခြေလျှပ်တိုက်သံ

သစ်ရွက်ချင်း ထိရိုက်သံတွေနဲ့

ယှက်ထွေးရောတင်

အာရုံဟာ

သူမရဲ့ သဏ္ဍန်များအတွက်

ကိုလိုနီရပ်ဝန်း တစ်ခုလို

ညင်ညင်သာသာ သိုသိုသိပ်သိပ်

နောက်တစ်နေ့ဟာ

နောက်တစ်ရက် ဖြစ်မလာတော့တဲ့နောက်

အတိတ်လည်း …

အနာဂါတ်လည်း …

ပစ္စုပ္ဗန်။

ပစ္စုပ္ဗန်တွေသာ များများလာခဲ့။

ထင်/မြင်သာအောင် ဖော်ပြနိုင်စွမ်း လွန်မြောက်တဲ့အခါမှ

နာကျင်ခြင်းဟာ နာကျင်ခြင်း မြည်ပါလိမ့်မယ်။

ရေစက်တွေ တစ်စက်ပြီး တစ်စက်။

ဒီတစ်စက်မှာ ကွဲကွာတဲ့အခါ

နောက်တစ်စက်. . .


ခန့်နေ

Thursday, October 20, 2011

ရပ်နေတဲ့ ညနေ

အနားကအနာမှာ

ဘာသာစကားတွေ ချိန်း(ဆို)သွားတယ်

ခန္ဓာမှာသက်ရောက်နေပြီးဖြစ်တဲ့ သြဇာဓါတ်

ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက်

သူ ကုန်သွားတယ်

ဝိုင်ခွက်ချင်း တိုက်မိသံတွေမှာ

ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ

တကယ်တော့ ဘယ်ရယ်လို့ မှတ်မှတ်ရရ

ချရေးလိုက်နိုင်ဖို့က

(ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ)

ဆက်သွယ်လျှပ်ကူးမှုကြီးကို အားပြုရ

လူကြိုက်အောင် ပိန်းမှ လူပြိန်းကြိုက်တာမျိုးတွေပဲ

ဟိုတုန်းကလို ဆိုရင်တော့

တစ်ညလောက် အဖေလွှတ်ပေးထားလိုက်ရင်ပဲ

နောက်တစ်နေ့ မနက်ဟာ

ကမ္ဘာဦးမှတ်တိုင်ကို ပြန်ရောက်တယ်

သူကအမေး ငါကအဖြေ

အနည်းဆုံးတော့ သူမ သင်ယူခဲ့တယ်

မတွေ့တာကြာပြီကို လက်ခံပေမယ့်

နေကောင်းလားကို တွေးကြည့်ရတာ..

x x x x မလွယ်။

ခေါက်ရှာငှက်တွေကို မမြင်ဖူးသူရဲ့

သဘောထားဆိုင်ရာ ပြဿဒါးတွေမှာလို

ဆက်ပြောရရင်

အရူးမတတ်သူဟာ အရူးမှန်း သိသာနေသလို။



ခန့်နေ

Thursday, March 24, 2011

ငှက်လေးသို့ နှုတ်ဆက်

ငါ- "ငှက်ကလေးရေ ပျံ/ပြန်ပါ
သည်တောအုပ်ဟာ
မင်းအတွက်
သစ်ရွက်ခြောက်တွေ ကြွေဖို့ရာ"

(ဒီလိုနဲ့ တောအုပ်ကြီးဟာ လည်ပြန်လှည့်ရင်း
ငှက်ကလေးအပျံကို လှမ်းကြည့်လိုက်ချိန်မှာ-
ဘယ်ခေတ် ဘယ်အခါကတည်းက ရှိနေမှန်းမသိတဲ့
မျက်ရည်တွေဟာ စမ်းချောင်းတွေအဖြစ်နဲ့
ငှက်ကလေးရဲ့ နောက်ကို လိုက်လံစီးဆင်းရန်)
-ကဗျာ စဝင်လာ-

လက်တွေဟာ
ဘယ်လောက်ကြာကြာများ
ဆက်လက်ဝှေ့ရမ်းနိုင်အုံးမှာလဲ
ခေတ်အဆက်ဆက်ရဲ့
နတ်ဘုရားတွေဟာ စောင့်ကြည့်နေပါမတဲ့

အိပ်ပျော်ဝင်စမှသည်
အချိန်အတော်ကြာသည့်တိုင်
ငါပဲ သစ်ပင်
ငါပဲ တောမီး ဖြစ်ခဲ့ပုံ၊ ဖြစ်နေပုံ-

နောက်ပြီး
ဟောဒီကျွန်းမြို့လေးရဲ့
မြောက်ဖက်မြစ်ရိုးတလျှောက်
တညီတညာထဲ
လိုက်ဆိုနေကြတာက
“အလွမ်းဟာ ဆေးစက်ကျရာ
ငရဲထင်စေသား”တဲ့။

ခန့်နေ

Saturday, March 5, 2011

အက်ရှင်မင်းသား

ဆေးရုံက ဆင်းတော့
ငါ့နောက်ယောင်ခံလိုက်လာတဲ့ ကောင်ဟာ
လူဆိုးလား လူကောင်းလားလည်း မသိရ
ရေချိုးနေတဲ့ ငါ့အခန်းဆီကို
ချဉ်းနှင်းဝင်ရောက်လာတဲ့အခါ
ဒေါက်တာဖြစ်ပြီး
သေနတ်ပစ်ကောင်းနေတာလည်း
လူနာတွေကို ညာသလိုများ ဖြစ်သွားသလား
ဒရမ်မာမှာ နည်းနည်းအက်ရှင်ဆန်သွားတာက
သိတယ်မလား.. ငါကလည်း နည်းနည်းထိုးလိုက် သတ်လိုက်ရမှ
ကျေနပ်တဲ့ကောင်ဆိုတော့
အဓိကက ပထမဆုံးတစ်ချက်မှာ ကိုယ်ဦးဖို့ပဲတဲ့
အခြေအနေမဟန်ရင် ငါ့သွေးသောက်ညီအစ်ကိုတွေ
ရောက်လာလိမ့်မယ်.. (ဟန်းဖုန်းနှိပ်စရာမလို)
ဒီမင်းသမီး အပြောင်းအလဲမြန်ပုံကလည်း
အပြင်က ငါ့ရည်းစားစိတ်ဆတ်ပုံနဲ့များ ကွာပါ့
ပြောရင်း ဆိုရင်း တံခါးဝမှာ ခြေသံကြားတယ်၊
ဖွင့်မပေးဖို့ ပိဟိုးကနေတောင်သွားမကြည့်မိဖို့၊
သူတို့က သေနတ်နဲ့ တေ့ထားမှာကို ငါ ကြိုသိနေတဲ့အကြောင်း၊
မလိုအပ်ရင် မင်းသမီးကို မသေစေချင်ကြောင်း၊
ဘာမှ မကြောက်နဲ့ သိလား..
ကိုယ်ရှိတယ်ဆိုပြီး
သူ့လက်ကို ကိုင် ပြေးမယ်လုပ်တော့
အေးစက်နေတာဟာ ငါ့လက်တွေပဲ..။

ခန့်နေ

Thursday, January 6, 2011

မစ်စ်ကောလ်

အဲဒီညတုန်းက စာကြည့်တိုက်ထဲမှာပေါ့၊ ညစာလည်း မရှိ၊ တယ်လီဖုန်းလည်း မရ၊
ဘေးမှာက Yပုံသဏ္ဍန်သစ်ပင်တွေ၊ အဝေးကလာနေသူ ကမ္ဘာမကြေသီချင်း၊
နောက်ပြီး လေတိုက်တဲ့အခါ ဘီယာဘူးခွံသံတွေ၊ ကျွန်တော်တို့လည်း ဘာဘာညာညာ
မတ်တပ်ထရပ်၊ ရာစုနှစ်အတော်အတန် ကြာတဲ့အထိပဲ၊ မတော်တဆပဲ ဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊
ရေလို လေလို နှင်းဆီလို ဘဝကိုရနိုးနိုး ရှိုက်မိရင်းက တစ်စုံတစ်ယောက်ဟာ..
တိတိပပ ဖော်ပြရရင်တော့ မေးခွန်းမေးဖို့ တစ်စုံတစ်ယောက်ဟာ၊ အမြဲလိုလို ကျွန်တော်တို့ထဲမှာ
ရှိနေတတ်တာ၊ ချောင်းဆိုးပျောက် ဆေးပုလင်းများစွာ၊ သစ်သားမီးခြစ်တွေနဲ့၊ မော်နီတာ ဖန်သားပြင်တွေ၊
တစ်ယောက်ကို တစ်ယောက်က လေးစားသမှုတွေ၊ ပါးစပ်တွေနား သကြားရောက်လာတဲ့အခါ
ပုရွက်ဆိတ်တွေ ထွက်လာပြီး၊ ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ လိုရင်လိုသလို အချိန်းအချက်ပြု၊ အသီးအပွင့်တွေနဲ့အတူ၊
ဒါတွေအားလုံးဟာ နောင်လာမယ့်တွေဆီ (ဘာဆိုဘာမှ) သေနေမှာချင်း အတူတူ၊
ဒဏ်ရာသံချပ်တွေ၊ မီးလောင်ရာ ပင့်ရာလေ၊ ပြိုးပြိုးပြက်ပြက်များစွာဖြင့်သာ စွတ်ပျံ့ကြည်နူးဖွယ်ရာ၊
စာမျက်နှာတွေ၊ ကျွန်တော်၊ အာရုံလွှဲပါရစေ၊ မျက်နှာတွေ၊ မျက်နှာတွေ၊
ကျွန်တော် ထပ်မယူနိုင်တော့လို့၊ မွန်းလို့ ကျပ်လို့၊ စိတ်လက်ချမ်းသာရာ . .
မလုပ်ကြပါနဲ့ ခင်မျာ.. အစစ အရာရာ တောင်းပန်လျက်


ခန့်နေ

Monday, January 3, 2011

လျှော

တစ် ထစ် ချင်း. .
အားထုတ် တက်လာခဲ့သမျှ
အဆင်းဟာ
မြန်လိုက်တဲ့ ဖြစ်ခြင်း။

ခန့်နေ


မှတ်ချက်။ ။ဒီကဗျာလေးကို စရေးဖို့ပြင်နေတာ လွန်ခဲ့တဲ့ (၃)လလောက်ကတည်းကပါ။ မစခင်ကတည်းက တိုတိုနဲ့ လေး..ငါးကြောင်းလောက်ပဲ သုံးမယ်လို့ ဆုံးဖြတ်ထားတာ။ သို့ပေမယ့် စကားလုံးဖောင်းပွနေတာရယ်၊ အဓိပ္ပါယ်မသွားတာရယ်ကြောင့် ပြင်လိုက်၊ရေးလိုက်၊ဖျက်ပစ်လိုက်နဲ့ ကြာနေ၊ ဒီကြားထဲမှာပဲ တခြားကိစ္စတွေနဲ့ လုံးလည်ချာလည်ရင်း ပစ်ထားမိရာကနေ မနေ့ကမှ အမှတ်တမဲ့ စာအုပ်ပြန်လှန်မိပြီး အဆုံးသတ်နိုင်ခဲ့တယ်။ ကဗျာမရေးဖြစ်တာတော်တော်ကြာပေမယ့်.. ကဗျာတစ်ပုဒ်ပြီးသွားတိုင်း ကျန်ခဲ့တဲ့စိတ်ခံစားချက်ကတော့ မပြောင်းလဲဘူး။ သစ္စာနီပြောသလို ကဗျာရေးခြင်းဟာ ကျွန်တော့်အတွက်တော့ အညောင်းပြေခြင်းတစ်ခုပါပဲ*။

Saturday, November 27, 2010

လည်ပြန်

ညီမလေးရေ
ငါ့ကို ခွင့်မလွှတ်လိုက်ပါနဲ့
ပေးမှတ်ထက်တောင်ကျော်ပြီး
ငါဟာ ကြိုမှားခဲ့၊ ပိုမှားခဲ့သူပါကွယ်
ဒီဘဝ ကျောက်သင်ပုန်ကြီးတစ်ခုလုံး
အဲဒီစာလုံးတွေနဲ့ ပြည့်တဲ့အထိ
ငါရေးခဲ့ပါမယ်
"ညီမလေးရေ
ငါ့ကို ခွင့်မလွှတ်လိုက်ပါနဲ့"

ခန့်နေ

Wednesday, September 15, 2010

ယင်လုံ နေသူများအကြောင်း

နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင်ခြင်းက
စဉ်းစားစရာတစ်ခုခုရဲ့
ကျိုးလွယ် ပဲ့လွယ်
အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်
လူမျိုးဘာသာမရွေး စားသုံးလည်းဖြစ်
ရေစိုခံ၊ အာမခံ
ကုန်ဆုံးရက်တွင်
သဘောတစ်ခုကို တွေ့ရှိ
စတင်ထုတ်လုပ်သည့်နေ့စွဲဟာ
ပြန်ပြောင်းပြောစရာ
ရက်လည်နဲ့အတူတူ
ဥတုသုံးပါး အထွန်းခံခြင်း
ကလေးများ အလွယ်တကူရောက်ရှိနိုင်ခြင်းများကြောင့်
(အညွှန်းအတိုင်း) ကောင်းစွာလှုပ်၍သောက်ပါ
အေးမြခြောက်သွေ့သောနေရာတွင် ထားပါ
စက်ဖြင့်လျှော်ဖွတ်ခြင်းဆိုလျှင် ရှောင်သွေလွှဲပါ
မခဲပါနှင့်၊
မိတ်အင် စိတ်တွင်
မီးမပေါက် ပြာမကြွေ
အခန်း အပူချိန်၌
တစ်နေ့ သုံးကြိမ်
ဆေးသား ခိုင်ခန့်/ပျက်ပြယ်နိုင် ကြောင်း
အမှိုက်ပုံးအတွင်း စွန့်ပစ်ခြင်းမှတဆင့်
ရေမရွေး အထည်မဆွေးနိုင်ကြောင်း
အလွယ်တကူ ဝါးစားနိုင်ပါက
သဘာဝစစ်စစ်၊ ပိုးသားစစ်စစ်၊ နွားနို့စစ်စစ်ဖြင့်
အသုံးပြုပြီး အဖုံးလုံအောင် ပြန်ပိတ်ပါ
အစက်ရာ မျဉ်းအတိုင်း ညှပ်ပါ၊ ဖွင့်ပါ၊
(လိုအပ်ပါက လှီးဖြတ်ပါ)
ကျန်းမာရေးနှင့် ညီညွတ်သော
ဓါတုဆေးဝါး/ဆိုးဆေးများပါရှိ
အဓိပ္ပါယ်နှင့်တကွ
အာဟာရဓါတ် ပါရှိမပါရှိသည်ကို မသိရ
မနက်တစ်ကြိမ် ညတစ်ကြိမ်
(မှီဝဲလိုက) မှီဝဲနိုင်သည်။

ရင်လှုံ နေသူများအကြောင်း
အရောင်ချွတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။

ခန့်နေ.

Friday, August 13, 2010

ဥခွံထဲမှာလည်း အပြင်ကလိုပါပဲ

ကျွန်တော် အစီရင်ခံနေစဉ်အတွင်းမှာပဲ
ရေးလက်စ ပထမပိုင်း အက်ဆေးဟာ အေးစက်ပြီးစီး
တစ်ယူဇနာခန့် အမူအယာများစွာ ပါဝင်လက်တွဲကာ
အသွေးတွေ၊ အသားတွေ၊
အချစ်တွေ၊ အနှစ်တွေနဲ့မို့
သက်သာ ပေါ့ပါးလျက်
တမြန်နေ့က အသဲနှလုံးတွေများနဲ့အတူတကွ
အရွယ်မရောက်ခင် အရောက်ပြန်ခဲ့ဖို့
လေးလေးနက်နက်၊ တွေးတွေးထင်ထင်
နှိုင်းနှိုင်းယှဉ်ယှဉ်၊ ချိန်ချိန်ဆဆ
အမှားကြီးများများ အများကြီးမှားသည်ကိုလည်း
ဂရုမစိုက်အား
မနေ့က ကျွန်တော့်နာမည်ဟာ ဘယ်သူ ဘယ်ဝါဖြစ်သည်ကိုသာ
ရှေးရှုလျက်
အချစ်ဆုံး သိလား.. အချစ်ဆုံး သိလားဟေ့..
အရွယ်မရောက်ခင် အရောက်မပျံနိုင်တဲ့အခါ
အထက်ဖော်ပြပါ အာရုံတွေရှိရာ အုံလာရခဲ့- အကြောင်းရင်း
သို့သော် ပျိုဖော်ဝင်စအချိန်၏
ယနေ့သတင်းအစီအစဉ်
ဤတွင်ပဲ ပြီးဆုံးပြီဖြစ်ပါသဖြင့်
နောက်တစ်ခေါက်လောက်... ငါ့ကို..
အထာသိချိန် အထိနာနာနဲ့ပဲ
ငယ်ချစ်ဟောင်းနဲ့ ပလက်ဖောင်းများစွာ
ထိုမှတဖန် ရောမန္တိချက်ပတာအသွားဖြင့်
အဆုံးမသတ်ခင် အစပ်သုံးရန်လိုလေသေးမရှိ
ဒါသည်ပင်လျှင် ရာဇသတ်ကြီးပုဒ်မ (--) အရ
ကဗျာရေးမှုဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသဖြင့်


ခန့်နေ

Wednesday, July 14, 2010

...မတွေ့ဖြစ်တဲ့နောက်

ရန်သူရဲ့
အသက်ရှင်သေးတဲ့သူ လက်ညှိုးထောင်
ဆိုတဲ့စကားကိုမှ
လက်တစ်ချောင်းလုံး ထောင်ပြမိလောက်အောင်ကို
ငါဟာ “အ”ခဲ့လေသလား..

အထီးကျန်တယ်ဆိုတာ
အမှောင်ခန်းထဲက
နံရံမှာ တစ်ယောက်ထဲ
ထောင့်ကပ်ထိုင်နေမှ
မဟုတ်ပါဘူးကွယ်..
လူအုပ်ကြီးတွေကြားမှာ မျက်နှာချင်း ဆိုင်နေပေမယ့်..
မြက်ခင်းပြင်တစ်ခုပေါ် တူတူထိုင်ခွင့်ရှိနေပေမယ့်လို့..
ဒါတွေဟာလည်း အထီးကျန်ခြင်းပါတဲ့
(မင်းဗလာစာအုပ်လေးရဲ့နောက်ကျောမှာ
ငါရေးပေးခဲ့မယ်..)

မိန်ကလေး..
တကယ်တော့
ငါဟာ မင်းကိုပြန်တွေ့ဖို့လည်း
မကြိုးစားခဲ့ပါဘူး..
ငါ့ရဲ့ မင်းနဲ့ မတွေ့ခင်က “ငါ”ကိုပဲ
ငါ ပြန်ရှာမတွေ့ဖြစ်နေခဲ့တာလေ။


ခန့်နေ

Tuesday, July 6, 2010

ကျွန်တော့်မြို့တော်လေးကို ပြန်ရွာချပေးပါ

ထမင်းခဲတွေဟာ အေးစက်နေပေမယ်လို့
ထမင်းဝိုင်းဟာ နွေးတုန်း
နေရောင်ခြည် ပယောဂနဲ့
ပန်းတွေဟာလည်း ပွင့်လျက်
အရင်လို အရင်နေရာမှာ
အရင်လူတွေကို တွေ့လို့တွေ့ညား
မှတ်တိုင်းဟောင်းမှာ ဆင်းကျန်ခဲ့တဲ့အခါ
လေစိမ်းနဲ့ လူစိမ်းတွေသာ
မြို့တံခါးထဲ ဖြတ်ဝင်လာတာတွေ့ရ
နိစ္စဓူဝ
ဒိုင်ယာရီစာအုပ်တွေ ပိုထူလာတဲ့အခါ
အရင်ကထက်
အိမ်တံခါးတွေကို လုံလုံခြုံခြုံပိတ်ဖို့
ရယ်စရာတွေလည်း
ပိုပြောဖြစ်ပေမယ့်လို့
ပြောစရာရှိတဲ့အခါ မရယ်ဖြစ်ကြတော့ပါ။


ခန့်နေ.

Sunday, June 27, 2010

အပြင်မှာ လူတစ်ယောက် ရှိနေတယ်

မြို့ထဲကို ချဉ်းကပ်လာတာနဲ့အမျှ
ငါတို့ဟာ ကိုယ်စီကိုယ်ငှ ကြက်သီးမွှေးညှင်းတွေထ
မကြာခင်မှာ စပ်ဖြီးဖြီးနဲ့ ပါးစပ်တွေ ဟိုနေရာ၊ ဒီနေရာ တစ်ဝိုက်
မြေပုံတွေထဲ မြစ်တွေစီးဆင်းသလို ကဗျာထဲမှာ ဘာတွေစီးဆင်း
အဆင်မပြေရင်တောင် ဟောဟို တစ်ဖက်ကမ်းက အလုပ်လုပ်သူတွေနဲ့ ဓါတ်ပုံတွဲရိုက်မလား၊
ဘုရားစာတွေ တူတူရွတ်ကြမလား
ရင်ဘတ်ထဲက ခိုတွေကို အဝေးကို လွှတ်လို့
သစ္စာစောင့်သိသူတွေနဲ့ အတူတူပျော်ရအောင်
တံခါးကို ပိတ်ထားစရာ လိုတယ်၊ မလိုဘူး..
နေ့စဉ်၊ ညစဉ်၊ လစဉ် အစီအစဉ်များ..
စီရင်ချက်တွေထဲ ကျွန်တော် ပါသေးလား၊ ပါနေသလား၊
သေသေချာချာလုံမလုံ ကြည့်ပြီးမှ တံခါးကို ဖွင့်ပေးပါတို့၊
အထဲမှာ လေကောင်းလေသန့် မရရှိတဲ့အခါ
အသက်ရှင်ယုံသက်သက် ကျွန်တော်ဟာ ချေးငှားခဲ့ရ..
ဘောပင်ကို ကိုင်ရင်း၊ အပေါ်ကို ငုံ့ကြည့်ရင်း၊
သူငယ်ချင်းတွေနဲ့ ငြင်းခုံရင်းကပဲ လက်တွေဟာ ရှည်လာ၊
ဒီတော့ ခင်များမှာ မနေနိုင် မထိုင်နိုင် နေမသာ ထိုင်မသိ
ခြေအိတ်ထဲမှာ ဝှက်ထားတဲ့ ဓါးနဲ့ပဲ ထခုတ်ရမလား၊
လက်ပင်က သီးတဲ့ လက်သီးတွေနဲ့ပဲ ထရိုက်ရမလား၊
အိမ်မှာ ကောင်းကောင်းနေ၊
ဧည့်သည်လာရင် လေတွေတိုက်ရင် သိပ်ကြိုက်သူနဲ့
ခြေတစ်ချောင်းနဲ့ လက်တစ်ဝက်ကျိုး
ဗမာစကားကို ကဗျာဘာသာနဲ့ ပြော၊
ငါ့ဘေးမှာတော့ (၅)ယောက်ရှိနေတယ်
အမှန်ကို ပြောရင် ပိပိရိရိ မိမိရရ ရှိပါစေ ကိုယ့်လူ
ဘိုင့်ဘိုင်လို့ တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ရင်း
မနည်း ဆွဲခွာခဲ့ရပုံတွေနဲ့ ခွဲခွာရင်း
ပုံပြင်တွေဟာဖြင့် သက်မဲ့လူသားစားကြီးများ
နံပါတ်(၁)အင်္ကျီကိုမှ နောက်ဆုံးလူက ဝတ်ဆင်ထားရ လေတယ်။

ခန့်နေ.

Saturday, June 12, 2010

ချိုက်မင်ဂျွင်းနဲ့ ပြန်တွေ့ခြင်း

ခြင်ကိုထောင်ဖို့ ကြိုးစားရင်းက
လူဟာ ကိုယ့်ကိုယ်ကို ထောင်မိရက်သားဖြစ်စဉ်မှာလို
ကမ္ဘာကြီးရဲ့ အရန်ခုံတစ်နေရာက
အသက်ပါပါနဲ့ လှမ်းကြည့်လိုက်တဲ့အခါ
ဘုံမြေဇာပင်ကလေး ဖြစ်ရှာနေရသူ
ကဗျာဟာ
မော်ဖင်းတွေ ထိုးခံထားရပြီး
အသက်ရော ဒြပ်ပါ မဲ့ခါနီးဆဲဆဲ
လက်ပူးလက်ကြပ် (မိ)
လက်ဆုပ်လက်ကိုင် ပြရန် (မရှိ)
ဖြစ်သမျှဆိုတဲ့ ခေါင်းစီးအောက်
ရေလဲလို ရရာအဓိပ္ပါယ်မဲ့တစ်ခုခုကို ဆွဲကိုင်
(အစွဲတွေနဲ့ ကိုင်)
ကမ္ဘာဟာ ကိုယ့်အာဟာရ ကိုယ်မှီဝဲ
ဖြည့်တင်းနေစဉ်အတွင်းမှာပဲ
ကျွန်တော်တို့ဟာ ဝမ်းနည်း ဝမ်းသာ ဖြစ်ရ
အမြဲတမ်းလိုလို
သူ့အသင်းမှာဆို လူမစုံ
ဒါကြောင့်မို့လည်း
ကဗျာဖြစ်ရန် တစ်ကြောင်းလို။
ခန့်နေ.

Saturday, June 5, 2010

သဘာပတိတွေနဲ့ ငါတို့ငြိနေခဲ့

မျက်မှန်တပ်ကြည့်ပေမယ့် မျက်စိက မမှန်တော့.. မြက်ကိုပဲ မှန်မှန်စားသုံးရတော့မလို..
မျက်စိနောက်စရာကောင်းလောက်အောင်ကို ခင်များနောက်စိမှာ မြက်တွေ ကျုပ်ရဲ့ နောက်မျက်စိနဲ့ မြင်နေရတယ်..
အမှောင်ထဲမှာပဲ ကြည့်ကြည့်.. တကယ်တမ်း တောင်စွယ်မှာ အဓိပ္ပါယ် မကွယ်ခင်..
အပူဒဏ်ကို ရှောင်ရှားဖို့ ကဗျာများကို recycleစို့..
(၃)နာရီဟာ နာရီ(၃)လုံးကို တပြိုင်တည်း ခွဲ ခွာမှုဖြစ်ပွား..
ဒိုင်လူကြီးဟာ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ ကိုယ်လေးလက်ဝန်..
သူမတကယ်သေဆုံးခဲ့ကြောင်းကို သူမကိုယ်တိုင် အတည်ပြုပြောကြားပြီးတဲ့နောက်မှာ၊
မိုးရွာပြီးစ မြက်ခင်းတွေ စိုနေတဲ့နောက်မှာ၊
ကျောင်းသွားရင်းနဲ့ ခင်များ သွားကျောင်းလာခဲ့တာ ဘာတွေပါလဲ..
အက္ခရာတွေနဲ့ အခါရက်ဟာ
ခင်များတို့ ပြောတဲ့ဟာသများထံ
အနက်ရောင်ကားကြီးနဲ့ အနားယောင် ကပ်သွားပြီး
နင်မဆုံးဖြတ်ခင်အထိ ဆက်ဖြုန်းနေပါရစေ.. ငါ့ကိုယ်ငါ
သစ္စာရည်ကို သောက်ပြီး၊ ဦးထိပ်မှာ ပန်ဆင်ပြီး၊ စားပြီး နာပြီး လာပြီး သွားပြီး၊
ထိုစဉ် ကုန်ကျစရိတ်အပြီးအစီး၊
လေတိုက်နေခိုက် လိုက်သေလိုက်တယ်..
အာရုံခွဲခြားဆက်ဆံ ခံစားနေရသည့် (၂)ညအိပ် တစ်သက်ရက်ခရီး..
စိတ်လေးနေစဉ် ဆေးလိပ်များ..
ကြည့်နေ ပိုကောင်းလာလိမ့်မယ်..
မဟုတ်လို့ကတော့နော်။

ခန့်နေ

Monday, May 10, 2010

ချိတ်

ငါးမျှားရင်းက အမှတ်မထင်
တခြားအရာတွေကို
မိသွားတာမျိုး ကြုံဖူးသလား
(ဆရာချောကတော့ စင်္ကြာဝဠာကြီးကို မိခဲ့ပါတယ်တဲ့)

ငါးစာကို ရေထဲချတဲ့အခါ ငါးကိုမိတယ်
ပင်လယ်စာတွေချမိတဲ့အခါ ပင်လယ်ကို မိမယ်..
လူစာကို ချမိရင်တော့
အဲဒါ ကိုယ့်ကိုယ်ကို ပြန်မိတဲ့နေ့ပဲဖြစ်မယ်။

အဲဒီအခါမျိုးကျရင်
ကိုယ်ဘယ်ကို ပြေးနိုင်ခြေရှိသလဲ
ကိုယ်ကိုယ်တိုင်သိနေတော့
ကိုယ့်ဆီက ကိုယ်လွတ်အောင်
ကိုယ်ဘယ်လိုရုန်းမလဲ

ဒါပေမယ့်လို့
ကိုယ်ဘယ်ကိုပြေးမလဲဆိုတာ
ကိုယ်ကိုယ်တိုင် သိတာသေချာလား
ရည်ရွယ်ချက်တစ်ခုခုကြောင့်
ကိုယ်မဟပ်ခဲ့တာသေချာလား

ကိုယ်ဆွဲတင်လိုက်တဲ့ ချိတ်ရဲ့ထိပ်မှာ
ကိုယ်ကိုယ်တိုင် ပါလာတဲ့
ကိုယ်ရုပ်ကိုယ်ရော ကိုယ်မှတ်မိလား
မှတ်ပုံတင်နဲ့ တိုက်စစ်ကြည့်သေးလား

ကိုယ့်ထက် ကိုယ်ညံ့လို့ပဲဆိုပြီး
အေးအေးဆေးဆေးနဲ့ ငြိမ်ပါသွားတာမျိုးပဲလား
ပြန်လွတ်လိုလွတ်ညား
ရုပ်ပျက်ဆင်းပျက် ဖြစ်ပါစေ ရုန်းမလား

တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ကိုယ်ကို မိလို့ပျော်သွားတာလား
တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ချိတ်နဲ့ကိုယ်ဆူးတာ နာနေလို့လား

မမျှားခင်က အချိန်သတ်မှတ်ထားသလား
ဒါမှမဟုတ် မိချင်မိ၊ မမိချင်နေလား..
လိုအပ်ရင် O.T.(overtime) တွေပါ ဆင်းလား
တစ်ကြိမ်တစ်ခါပဲ မိရင်ရပြီလား
ဒါမှမဟုတ် ခဏခဏ ပြန်လွှတ်ပြီး ဖမ်းကြည့်သေးလား

ကိုယ်က ကိုယ့်အတွက် အနစ်နာခံဖို့ ကိုယ့်အစာကိုယ်ဟပ်ခဲ့တာလား
ကိုယ်က ကိုယ့်ကို ညှင်းဆဲဖို့ ကိုယ့်အစာကိုယ်တပ်ခဲ့တာလား

ကိုယ့်ကိုယ်ကို မိအောင် ဘယ်နည်းတွေ သုံးပြီးဖမ်းမလဲ
လေ့ကျင့်ခန်းတွေ ဆင်းရလား၊ အလုပ်သင်တွေ တက်ရသလား
Sponsor အထောက်အပံ့တွေယူသေးလား

ကိုယ့်လက်က ကိုယ်လွတ်အောင် ဘာတွေကြည့်ရှောင်မလဲ
ရာသီဥတုနဲ့ စိတ်အခြေအနေကို ထည့်စဉ်းစားဖို့လိုအပ်လား
ကံ၊ ဥာဏ်၊ ဝီရိယပဲလား

ကိုယ် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဆာမယ်ဆိုတာ
ကိုယ့်ကိုယ်ကို ကြိုသိနေလား..
ဒါမှမဟုတ် ကိုယ့်သဘာဝ ကိုယ်သိဖို့
အင်တာနက်တွေ၊ သုတေသနပြုကျမ်းတွေမှာ လေ့လာရသေးလား
သူငယ်ချင်းတွေကို အသုံးပြု စစ်တမ်းကောက်ကြည့်ဖူးလား..

ကိုယ့်ကိုယ်ကိုမျှားခံထိဖို့ ချိတ်ကို အဝေးကြီးပစ်ရလား၊
ဒါမှမဟုတ် ကိုယ့်အနီးအနားမှာပဲ ချလိုက်ရင်လည်း ဖြစ်သလား
ကလေးများ အလွယ်တကူမရောက်ရှိနိုင်တဲ့နေရာတွေမှာ ထားသလား

ကိုယ့်အစာ ကိုယ်သိဖို့ အလင်းရောင်ကောင်းမွန်စွာရရှိဖို့လိုအပ်သလား
ကိုယ့်အစာ ကိုယ်သိဖို့ အနံ့ခံကောင်းဖို့လိုသလား

ကိုယ့်အစာ ကိုယ်ဟပ်တဲ့အခါ
အမြဲတမ်း သမရိုးကျနည်းလမ်းကို သုံးလား
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို လှည့်စားကြည့်သေးလား..
ကိုယ့်စိတ်ကိုယ်ဆွကြည့်သေးလား

ဒီလိုပဲ ကိုယ့်ကိုယ်ကို ပြန်မိဖို့အတွက်ရော
ဦးနှောက်နဲ့ ကိုယ်ကာယ ဘယ်ဟာကို ပိုသုံးရလဲ
ကိုယ့်ထက် ကိုယ် လည်ဖို့၊ သွက်ဖို့ လိုလား
ဒါမှမဟုတ် တစ်ခါလာလည်း သည်ဖော်မြူလာပဲလား..

ကိုယ့်ကိုယ်ကို မိချင်ပါတယ်ဆိုမှ
သူများတွေက လာဟပ်တာမျိုးရောဖြစ်တတ်လား
အဲဒီအခါမျိုးကျ ဘယ်လိုလုပ်ပစ်လေ့ရှိလဲ

ကိုယ့်လက်ခုပ်ထဲက ကိုယ့်ကို
ကိုယ်ကိုယ်တိုင် အသေမသတ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ပြုခဲ့တဲ့ ဒဏ်ရာကို ကျက်ဖို့
အချိန်ဘယ်လောက်ယူရလဲ

ကိုယ့်ကိုယ်ကို ပြန်လွှတ်ပေးချင်စိတ်များကော
ရှိသလား
တစ်လုပ်စားဖူး သူ့ကျေးဇူးကို ထောက်သလား

အမိခံခဲ့ရတဲ့ ကိုယ်ဟာ
ကိုယ့်ကိုယ်ကို ပြန်မြင်တဲ့အခါမှာရော
ကိုယ်ရုပ်ကိုယ် မှတ်မိလား..
သိသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်မလား
လမ်းတွေ့ရင် နောက်မခေါ်တော့ဘူးလား..
သစ္စာဖောက်တစ်ယောက်လို ဆက်ဆံမှာလား..
သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ သဘောပိုက်လိုက်သလား

တစ်ခါတစ်လေ (ဒါမှမဟုတ်) ဘယ်တော့မှ
ကိုယ့်ချိတ်ဟာ ကိုယ့်ဆီ ပြန်မရောက်လာတာမျိုး ဖြစ်ဖူးလား
ဒါနဲ့
ကိုယ့်ကိုယ်ကိုယ်ရော ပြန်မျှားကြည့်ရဲလား


ခန့်နေ



မှတ်ချက်။ ။တခြားကဗျာတွေမှာ မှတ်ချက်၊ ရှင်းလင်းချက်တွေ မရေးဖြစ်တာကြာပေမယ့်
ဒီကဗျာမှာတော့ အထူးတလည် ရေးလိုပါတယ်။ ဒီကဗျာမှာ နည်းနည်းပြောစရာရှိပါတယ်။ မပြောလည်း ဖြစ်လို့ရပါတယ်။ ဆရာချော(မောင်ချောနွယ်) ခရေဇီတွေနဲ့ အခြားသော သူ့ကဗျာဖတ်ဖူးသူတွေအတွက် ထင်စရာတစ်ခုဖြစ်နေပါလိမ့်မယ်။ ဘာလဲဆိုတော့ ဆရာ့ရဲ့ “ပြီးပါပြီ”ဆိုတဲ့ ကဗျာထဲမှာ နောက်ဆုံး
“ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး။
ငါ့ဘဝ ငါးစားကိုသာ ငါဟပ်ခဲ့တယ်။ ။”
ဆိုတဲ့ နှစ်ကြောင်းကို ဒီကဗျာဟာ ဆွဲဆန့်ရေးထားသယောင်ဖြစ်နေမယ်လို့ ကျွန်တော်ခံစားမိပါတယ်။
ဒါပေမယ့်လို့ ကျွန်တော် ဒီကဗျာကို စရေးတုန်းက အဲလို မရည်ရွယ်ခဲ့ရိုး အမှန်ပါ။
ကျွန်တော် အကြိုက်ဆုံး “ငါး”ထဲက တစ်ကြောင်းကိုသာ ရည်ညွှန်းအဖြစ်နဲ့ ပြန်သုံးခဲ့ပါတယ်။
ကဗျာအဆုံးသတ်ခါနီးကျမှ ကျွန်တော့်စိတ်ထဲ အဲ့အပေါ်က နှစ်ကြောင်းကို သွားသတိရမိလို့ အခုလို ရှင်းလင်းချက်ကလေး ထုတ်ဖြစ်ကြောင်းပါ။


ဆရာချောသို့ သတိတရ
ခန့်နေ

Saturday, May 8, 2010

ဆယ်ကမ္ဘာပေါ့.. ဟုတ်လား နှင်း..

Marina Bayသို့
ဆိုက်ကပ်ရန် ရထားကြီးဟာ
ဦးတည်ချက်တွေ မပြောင်း၊
ရည်ရွယ်ချက်သာ ပြောင်းခဲ့လေတယ်

နံဘေးက မိုးရေသံတွေ
မှတ်တိုင်ကျော်သွားတဲ့ အိပ်မက်တွေနဲ့
ကျောင်းသူလေး နင်းရာ လမ်းက
ကျောင်းသားလေး ခင်းရာ ပန်းများလည်း မလန်းနိုင်တော့ပြီ။

လက်ကြားက မီးတိုင်တိုတိုလေးတွေကို
စုပ်ယူအားပြုလို့
ငါတို့ကြားက စကြာဝဠာကြီးဟာ
ဒီလောက်တောင် ကွာခဲ့ရပါသတဲ့ကွယ်..

ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
ဘာတွေပဲ ဖြစ်လိမ့်ဖြစ်လိမ့်
ကျွန်တော်ဟာ နေပြန်မကောင်းနိုင်တော့လို့..
အတောင်မဲ့ နတ်သမီးလေး“နှင်း”ရေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်...


ခန့်နေ

Thursday, May 6, 2010

အမျိုးအစား- အတွင်းလှိုက်စားရောဂါ

ဟောဒီမှာ တစ်ယူဇနာ ဆားငန်ရည်တွေ
ဟောဒီမှာ တစ်ယူဇနာ သဲပွင့်တွေနဲ့
ဟောဒီက ကျောက်ဆောင်တို့
ကဲ ပင်လယ်ဖြစ်ဖို့ ဘာကျန်သေးလဲ..
သူ ရင်ခုံတဲ့အခါ
လှိုင်း တွေ ထ ကမယ်


ခန့်နေ

Sunday, May 2, 2010

ငါတို့ ဘာသာစကားကို ပြောတတ်သူတွေ

စကားတတ်သူ၊ ကစားတတ်သူများ၊
ရေလျှံသူ၊ ရန်ရှည်သူများ၊
ရေတိမ်နစ်သူ၊ ရေနစ်တိမ်သူများ၊
ဝါးကူထိုးသူ၊ သူထိုးကူဝါးများ၊
သမ်းဝေနေသူ၊ ဝမ်းသေနေသူများ၊
ထိပ်တိုက်တွေ့နေသူ၊ ထိပ်တွေ့တိုက်နေသူများ..

ကျွန်ုပ်တို့၏ အဓိပ္ပာယ်ကို
ကျွန်ုပ်တို့က ဖော်ပြဖို့
ကျွန်ုပ်တို့၏ ဘာသာစကားနှင့်ပင် လုံလောက်ပါ၏။


ခန့်နေ

Thursday, April 29, 2010

ဆောင်းရာသီဖြတ်သန်းသွားလာမှု မှတ်တမ်း

ဆောင်းရာသီဟာ ကိုယ်လက်မအီမသာဖြစ်နေတယ်
ဆောင်းရာသီဟာ ဒီနေ့ ဖားမမိလို့/ မဖားမိလို့
ဆောင်းရာသီဟာ လမ်းသလားနေရခြင်း
ဆောင်းရာသီဟာ လည်ပင်းမှာ ဆောင်းရာသီဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့
ဆောင်းရာသီဟာ လည်မျိုမှာ ကဗျာတွေ မျိုထားတယ်
ဆောင်းရာသီဟာ လည်ရှည်ဖိနပ်ကြီးကို စီးလို့
ဆောင်းရာသီဟာ မြို့ရဲ့ အထဲကို ဝင်လာပြီ
ဆောင်းရာသီဟာ လည်ပြန်တောင် ငဲ့မကြည့်ဘူး
ဒီလိုနဲ့ ဆောင်းရာသီဟာ ပန်ကာလေအပေါ် သံသယ/ရာ ဝင်မိတယ်
ဆောင်းရာသီဟာ ဆောင်းရာသီမှာ စွပ်ကျယ်တွေ ဈေးလျော့ရောင်းမိသလို
ဆောင်းရာသီဟာ ဆောင်းရာသီမှာ နှင်းတွေကို ဈေးတင်ခေါ်မိလေတယ်
ဆောင်းရာသီဟာ ဆောင်းတစ်ဦးရာသီနဲ့ ဆောင်းရာသီတွေရှေ့မှာ (ကြိယာဝိသေသနတွေမပါပဲ) လက်ထပ်ခဲ့လေတယ်
ဆောင်းရာသီဟာ ဆောင်းရာသီမှာ ဆောင်းရာသီနဲ့ အတောင်ပံချင်းခတ်မိရာကနေ နှင်းတွေ လွင့်လွင့်ထွက်လာသတဲ့
ဆောင်းရာသီဟာ ဆောင်းရာသီရောက်ရင် ဆောင်းရာသီအချင်းချင်း သတိရှိကြဖို့ လက်အောက်ဆောင်းငယ်ရာသီများကို ခေါ်ယူသတိပေးခဲ့တယ်
ဆောင်းရာသီဟာ ဆောင်းရာသီဈေးကွက်မှာ ငယ်မွေးဆောင်းပေါက်ရာသီများကို ခေါ်ယူဖို့ အထက်ဆောင်းရာသီကြီးမင်းထံ အစီအရင်ခံထားတယ်
ဆောင်းရာသီဟာ ဆောင်းချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စွာနဲ့ ဆောင်းဥအတုလေးတွေကို ဥချခဲ့တယ်..
"ဒါပေမယ့်လို့ နွေထီးခေါင်ကြီး နှင်းကိုမျှော်တဲ့ကိစ္စကတော့
ကိုယ့်စိတ်ကိုယ်ကို အတင်းအဓမ္မပြုကျင့်နေတဲ့ အရူးရဲ့ အလုပ်သာဖြစ်ပေလိမ့်မယ်"လို့
ဆောင်းဂျာနယ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆောင်းဘာသာစကားနဲ့ အတည်အလင်းပြောကြားသွားခဲ့ပါတယ်
အလို... ဆောင်းဘာသာစကားဟာ “နှင်း” မှ ဟုတ်ပါစ...

ခန့်နေ

Sunday, April 25, 2010

ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ

သူဝင်သွားတဲ့အချိန်မှာ အခြေအနေက သိပ်မဟန်တော့ဘူး.. ကော်ဖီခွက်ထဲမှာ နို့ဆီလျော့နေပြီ။
ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီးတော့ အကြွေတွေကို ရေကြည့်နေတယ်.. အဝေးပြေးကားဂိတ်က မွေးနေ့ကိတ်ဟာ လက်သည်ပေါ်ပေါ် အလှီးခံနေရတယ်။
ဘာမှမတတ်နိုင်တော့ဘူး။ ပိုက်ဆံစုထားတာပြည့်ရင် သေကြောင်းကြံနည်း (၁၀၀)စာအုပ်ကို သူဝယ်ဖတ်ဖို့ စဉ်းစားထားတယ်.
သေကြောင်းကြံရန်အသင့်ဖြစ်ဖို့အတွက် ဟိုနေ့က ကျန်းမာရေးဒေါင်ဒေါင်မြည်ကြောင်း သူ့အစ်ကို ဆရာဝန်တစ်ယောက်ဆီမှာ သွားစစ်တယ်။ အားလုံး အိုကေပဲ။
ဆေးတွေကို လှုပ်မသောက်မိဖို့ ပြောတဲ့ဆရာဝန်ထဲမှာတော့ အဲဒီအစ်ကိုဟာ ပထမဆုံးဖြစ်မယ်။ ဟိုတစ်နေ့ကပဲ သူနဲ့ သူ့ကောင်မလေး စေ့စပ်လောင်ကျွမ်းခြင်း ပြီးစီးသွားတယ်။ (တကိုယ်လုံး ရစရာကိုမရှိခဲ့၊ ပေးစရာလည်း မရှိခဲ့)
“တကယ်တော့ နှစ်ယောက်လို့ပြောလို့ မရဘူး.. အမှန်က နှစ်စဗျ.. နှစ်စ.. မင်း တစ်စဟာ ဟိုတစ်စနဲ့ သွားသွားညိနေတာ..” သူ့ဦးလေးကဗျာဆရာပြောတဲ့ စကား နားထဲဝင်၊ လျှံ တက်သွားတယ်။
နှစ်ယောက်ရှိတာ သေချာပလားဆိုတဲ့ စကားကို သူ ရွံရှာမုန်းတီးခဲ့တယ်။ ဒီလိုနဲ့ ရှူနေကျ ရှူဆေးဘူးကို သူလိုက်ရှာကြည့်တယ်။ မီးခိုးရောင် မီးခိုးတွေဟာ ကောင်းကင်ပေါ်လိမ့်လိမ့်/လိမ်လိမ် တက်လာတယ်။
ဘယ်ဆီ ဘယ်ဝယ်မှန်း သူမသိချင်ဘူး။ ဓါတ်မီးတစ်လက်နဲ့ ဟိုရှာ ဒီရှာလုပ်ကြည့်တယ်.. သူ့ကိုယ်သူလည်း တွေ့လိုတွေ့ညား..။ အိပ်နောက်ဖေးက ဂိုဒေါင်မှာ လူတစ်ယောက်ကို လှမ်းတွေ့တယ်။ အချိန်အတော်ကြာ သူနဲ့ စကားတွေပြောဖြစ်ကြတယ်
ဟိုလူက အဆိပ်သုံးတဲ့အခါ ကိုယ်နဲ့တည့်တဲ့ အဆိပ်ကို ရွေးသုံးသင့်ကြောင်း.. ဒါမှသာ သေခြင်းဟာ ကြာရှည်ခံမှာဖြစ်ကြောင်း.. အလာ့ဂျစ်ဖြစ်မဖြစ်လည်း အရင် နည်းနည်းစီ စမ်းသုံးကြည့်သင့်ကြောင်း။
သူက သူသေကြောင်းကြံစည်ဖို့လျှောက်လွှာတင်ထားတာ အခုထိမကျသေးကြောင်း.. အင်တာဗျူးတစ်ခု၊ နှစ်ခု ဖြေပြီးသော်လည်း သေချာပေါက်သေဖို့မှာ မသေချာသေးကြောင်း.. ခန့်မှန်းရန်ခက်ကြောင်း..
နှစ်ပတ်၊ သုံးပတ်လောက် ထပ်စောင့်ရမှာဖြစ်ကြောင်း.. စသဖြင့်ပေါ့.. သူ့ကိစ္စကို ဟိုရောက် ဒီရောက် လျှောက်ပြောနေမိတယ်..
သူ့မှာ (ကျန်းမာရေးစစ်ဆေး/ဆေးစစ်ချက်အရရော၊ စိတ်ဓါတ်၊ ကံဇာတာ၊ ပညာအရည်အချင်းအရပါ) သေဖို့အရည်အချင်းပြည့်မှီနေတာပဲ..
ဘာ့ကြောင့်များပါလိမ့်.. သူစဉ်းစားမရဖြစ်နေတယ်။ ဟိုလူကတော့ ဆိတ်ဆိတ်နေပြီး တစ်နာရီလောက်ကြာမှ တစ်ခွန်းဟ၊ နှစ်ခွန်းဟ ပြန်ပြန်ပြောတယ်။ နောက်တော့ သူလည်း ပိုပြောလာတယ်။
သေဖို့ ကိစ္စမှာ သိပ်လောရင် မကောင်းကြောင်း.. အခုခေတ် သေဆုံးခွင့်နည်းလမ်းတွေဟာ အနည်းဆုံး (၂)နှစ် (၃)နှစ်လောက် သေဖူးတဲ့အတွေ့အကြုံရှိမှသာ တိုးပေါက်ကြောင်း။
သေချင်သူတွေများနေကြောင်း။
သူဟာ အခုမှ အစိမ်းသက်သက် သေရမှာဖြစ်တဲ့အတွက် အခွင့်အလမ်း မဆိုသလောက် နည်းပါးကြောင်း၊ ဖြစ်နိုင်ရင် လျှောက်လွှာတင်ထားချိန်တွေမှာ အချိန်ပိုင်း သေဆုံးခွင့် နည်းဗျူဟာ၊ သီအိုရီများကို လေ့လာနေသင့်ကြောင်း။
ဒါမှမဟုတ် အသက်ပေးလမ်းကြောင်းပညာဘွဲ့ကို နောက်ထပ် (၃)နှစ်လောက် ထပ်တက်လိုက်ရင်တော့ သေခွင့်ရဖို့ တပမ်းသာ၊ ပိုသေချာကြောင်း။
“နာရေးလျှောက်လွှာခေါ်ယူမှု မှန်သမျှ ကျွန်တော်လျှောက်ထားတာပဲ ခင်မျာ” ဒီလောက်ကြီးတော့လည်း မရှားပါးသင့်ဘူး ထင်တယ်။ သေဆုံးပြီးသူတချို့ဆီက ထောက်ခံချက်လည်း ပါတာပဲ.. တစ်ခုခုများ လွဲနေလို့လား..
လျှောက်လွှာတင်တုန်းက ဓါတ်ပုံတွေ ဘာတွေက ဟောင်းနေလို့များလား.. ဖောင်မှာ ဖြည့်တဲ့လက်ရေးက မလှလို့လား.. မှင်က သူတို့ လိုချင်တဲ့ကာလာ မဖြစ်လို့လား.. ထင်ရှားသည့် အမှတ်အသားကို မကြိုက်လို့လား..
ဒါမှမဟုတ်.. သူအိပ်မောကျနေတဲ့အချိန် တယ်လီဖုန်းတွေ ဘာတွေများ ဆက်လို့ မသိလိုက်ရတာများလား။ ဒါမှမဟုတ်.. အသက်ကြီးနေလို့ မသေသင့်တာများလား..
ဒါတော့ မဖြစ်နိုင်ကောင်းရဲ့.. သူ့သူငယ်ချင်းတွေ တော်တော်များများတောင် စသေရမယ့်ရက်ကို ရက်ချိန်းယူပြီးသွားကြပြီ.. တချို့ကလည်း မသေချင် သေချင်နဲ့သေရ။ တချို့ကျတော့ သေချင်လို့ တစ်ပိုင်းသေနေတာတောင် မသေရ။
သေခွင်တွေ ဘာတွေ သေချာတွက်ကြည့်ပြီး ယတြာလေးဘာလေးရော..
တော်.. တော်ပါဗျာ.. ရယ်စရာတွေ မပြောပါနဲ့..
နေပါအုံးကွာ.. မင်းက ဘာရည်ရွယ်ချက်နဲ့ သေချင်ရတာတုန်း.. သူများတွေ သေနေလို့ popping လိုက် သေချင်နေတာလား..
ဟာ.. ခင်များမို့ ပြောရက်တယ်ဗျာ.. ကျုပ်က သေခြင်းကို နက်နက်နဲနဲ လေ့လာလိုက်စားနေတဲ့ သူဗျ..
အေးလေ.. အဲဒါကြောင့်လည်း မင်းခံနေရတာပေါ့..
အွင်.. ဝါသနာ၊ စိတ်ပါရာဖြစ်လို့ သေခွင့် လျှောက်ပါတယ်.. ခင်များပြောမှပဲ ရှင်ချင်စော်ကို နံသွားတာပဲ..
အဲဒီအချိန်မှာပဲ ရုတ်တရက် ရဲတွေဝင်လာပြီး ပြောလိုက်တာကတော့..
“ဟေ့.. မင်းတို့ နှစ်ကောင်ကို အသက်ရှူသံအတုပြုလုပ်မှုနဲ့ ဖမ်းလိုက်ပြီ.. ဝရမ်းအမိန့်အရ.. လူ့ပြည်မှာ လူဒဏ် တစ်သက်တစ်ကျွန်းခံဖို့သာ ပြင်ထားပေတော့”

“ဟိုက်.. .. ... ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ”

ခန့်နေ

update။ ။ခေါင်းစဉ်ကို ပြန်လည်ပြုပြင်။
Free counter and web stats