Sunday, December 11, 2011

ဥတုရာသီများကို ရင့်မှည့် ပြောင်းလဲစေနိုင်သော

အသံတွေဟာ

ဆူညံမှုအတွက် မလုံလောက်သလို

တိတ်ဆိတ်မှုအတွက်ကျ

အလျှံအပယ်ဖြစ်နေခဲ့တယ်

ရုတ်တရက် ဆိုက်ဝင်လာနေတဲ့

အလင်းရောင်ကြောင့်

အမြင်အာရုံဟာ တကယ်ပဲ

ဝေဝါးသွားခဲ့တယ်။

ရေစက်တွေ တစ်စက်ပြီး တစ်စက်

ခေါင်းပေါ်မှာ စုဆုံလာတဲ့အထိ

တစ်ရွက်ပြီး တစ်ရွက်

စာမျက်နှာတွေ ကျော်ကျော်သွားနေပုံ

အနံ့အသက်ကင်းစင်တဲ့ ရင်းနှီးမှုတစ်ချို့

အခန်းအပြင်ဖက်က ခြေလျှပ်တိုက်သံ

သစ်ရွက်ချင်း ထိရိုက်သံတွေနဲ့

ယှက်ထွေးရောတင်

အာရုံဟာ

သူမရဲ့ သဏ္ဍန်များအတွက်

ကိုလိုနီရပ်ဝန်း တစ်ခုလို

ညင်ညင်သာသာ သိုသိုသိပ်သိပ်

နောက်တစ်နေ့ဟာ

နောက်တစ်ရက် ဖြစ်မလာတော့တဲ့နောက်

အတိတ်လည်း …

အနာဂါတ်လည်း …

ပစ္စုပ္ဗန်။

ပစ္စုပ္ဗန်တွေသာ များများလာခဲ့။

ထင်/မြင်သာအောင် ဖော်ပြနိုင်စွမ်း လွန်မြောက်တဲ့အခါမှ

နာကျင်ခြင်းဟာ နာကျင်ခြင်း မြည်ပါလိမ့်မယ်။

ရေစက်တွေ တစ်စက်ပြီး တစ်စက်။

ဒီတစ်စက်မှာ ကွဲကွာတဲ့အခါ

နောက်တစ်စက်. . .


ခန့်နေ

No comments:

Free counter and web stats