Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Sunday, April 25, 2010

ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ

သူဝင်သွားတဲ့အချိန်မှာ အခြေအနေက သိပ်မဟန်တော့ဘူး.. ကော်ဖီခွက်ထဲမှာ နို့ဆီလျော့နေပြီ။
ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီးတော့ အကြွေတွေကို ရေကြည့်နေတယ်.. အဝေးပြေးကားဂိတ်က မွေးနေ့ကိတ်ဟာ လက်သည်ပေါ်ပေါ် အလှီးခံနေရတယ်။
ဘာမှမတတ်နိုင်တော့ဘူး။ ပိုက်ဆံစုထားတာပြည့်ရင် သေကြောင်းကြံနည်း (၁၀၀)စာအုပ်ကို သူဝယ်ဖတ်ဖို့ စဉ်းစားထားတယ်.
သေကြောင်းကြံရန်အသင့်ဖြစ်ဖို့အတွက် ဟိုနေ့က ကျန်းမာရေးဒေါင်ဒေါင်မြည်ကြောင်း သူ့အစ်ကို ဆရာဝန်တစ်ယောက်ဆီမှာ သွားစစ်တယ်။ အားလုံး အိုကေပဲ။
ဆေးတွေကို လှုပ်မသောက်မိဖို့ ပြောတဲ့ဆရာဝန်ထဲမှာတော့ အဲဒီအစ်ကိုဟာ ပထမဆုံးဖြစ်မယ်။ ဟိုတစ်နေ့ကပဲ သူနဲ့ သူ့ကောင်မလေး စေ့စပ်လောင်ကျွမ်းခြင်း ပြီးစီးသွားတယ်။ (တကိုယ်လုံး ရစရာကိုမရှိခဲ့၊ ပေးစရာလည်း မရှိခဲ့)
“တကယ်တော့ နှစ်ယောက်လို့ပြောလို့ မရဘူး.. အမှန်က နှစ်စဗျ.. နှစ်စ.. မင်း တစ်စဟာ ဟိုတစ်စနဲ့ သွားသွားညိနေတာ..” သူ့ဦးလေးကဗျာဆရာပြောတဲ့ စကား နားထဲဝင်၊ လျှံ တက်သွားတယ်။
နှစ်ယောက်ရှိတာ သေချာပလားဆိုတဲ့ စကားကို သူ ရွံရှာမုန်းတီးခဲ့တယ်။ ဒီလိုနဲ့ ရှူနေကျ ရှူဆေးဘူးကို သူလိုက်ရှာကြည့်တယ်။ မီးခိုးရောင် မီးခိုးတွေဟာ ကောင်းကင်ပေါ်လိမ့်လိမ့်/လိမ်လိမ် တက်လာတယ်။
ဘယ်ဆီ ဘယ်ဝယ်မှန်း သူမသိချင်ဘူး။ ဓါတ်မီးတစ်လက်နဲ့ ဟိုရှာ ဒီရှာလုပ်ကြည့်တယ်.. သူ့ကိုယ်သူလည်း တွေ့လိုတွေ့ညား..။ အိပ်နောက်ဖေးက ဂိုဒေါင်မှာ လူတစ်ယောက်ကို လှမ်းတွေ့တယ်။ အချိန်အတော်ကြာ သူနဲ့ စကားတွေပြောဖြစ်ကြတယ်
ဟိုလူက အဆိပ်သုံးတဲ့အခါ ကိုယ်နဲ့တည့်တဲ့ အဆိပ်ကို ရွေးသုံးသင့်ကြောင်း.. ဒါမှသာ သေခြင်းဟာ ကြာရှည်ခံမှာဖြစ်ကြောင်း.. အလာ့ဂျစ်ဖြစ်မဖြစ်လည်း အရင် နည်းနည်းစီ စမ်းသုံးကြည့်သင့်ကြောင်း။
သူက သူသေကြောင်းကြံစည်ဖို့လျှောက်လွှာတင်ထားတာ အခုထိမကျသေးကြောင်း.. အင်တာဗျူးတစ်ခု၊ နှစ်ခု ဖြေပြီးသော်လည်း သေချာပေါက်သေဖို့မှာ မသေချာသေးကြောင်း.. ခန့်မှန်းရန်ခက်ကြောင်း..
နှစ်ပတ်၊ သုံးပတ်လောက် ထပ်စောင့်ရမှာဖြစ်ကြောင်း.. စသဖြင့်ပေါ့.. သူ့ကိစ္စကို ဟိုရောက် ဒီရောက် လျှောက်ပြောနေမိတယ်..
သူ့မှာ (ကျန်းမာရေးစစ်ဆေး/ဆေးစစ်ချက်အရရော၊ စိတ်ဓါတ်၊ ကံဇာတာ၊ ပညာအရည်အချင်းအရပါ) သေဖို့အရည်အချင်းပြည့်မှီနေတာပဲ..
ဘာ့ကြောင့်များပါလိမ့်.. သူစဉ်းစားမရဖြစ်နေတယ်။ ဟိုလူကတော့ ဆိတ်ဆိတ်နေပြီး တစ်နာရီလောက်ကြာမှ တစ်ခွန်းဟ၊ နှစ်ခွန်းဟ ပြန်ပြန်ပြောတယ်။ နောက်တော့ သူလည်း ပိုပြောလာတယ်။
သေဖို့ ကိစ္စမှာ သိပ်လောရင် မကောင်းကြောင်း.. အခုခေတ် သေဆုံးခွင့်နည်းလမ်းတွေဟာ အနည်းဆုံး (၂)နှစ် (၃)နှစ်လောက် သေဖူးတဲ့အတွေ့အကြုံရှိမှသာ တိုးပေါက်ကြောင်း။
သေချင်သူတွေများနေကြောင်း။
သူဟာ အခုမှ အစိမ်းသက်သက် သေရမှာဖြစ်တဲ့အတွက် အခွင့်အလမ်း မဆိုသလောက် နည်းပါးကြောင်း၊ ဖြစ်နိုင်ရင် လျှောက်လွှာတင်ထားချိန်တွေမှာ အချိန်ပိုင်း သေဆုံးခွင့် နည်းဗျူဟာ၊ သီအိုရီများကို လေ့လာနေသင့်ကြောင်း။
ဒါမှမဟုတ် အသက်ပေးလမ်းကြောင်းပညာဘွဲ့ကို နောက်ထပ် (၃)နှစ်လောက် ထပ်တက်လိုက်ရင်တော့ သေခွင့်ရဖို့ တပမ်းသာ၊ ပိုသေချာကြောင်း။
“နာရေးလျှောက်လွှာခေါ်ယူမှု မှန်သမျှ ကျွန်တော်လျှောက်ထားတာပဲ ခင်မျာ” ဒီလောက်ကြီးတော့လည်း မရှားပါးသင့်ဘူး ထင်တယ်။ သေဆုံးပြီးသူတချို့ဆီက ထောက်ခံချက်လည်း ပါတာပဲ.. တစ်ခုခုများ လွဲနေလို့လား..
လျှောက်လွှာတင်တုန်းက ဓါတ်ပုံတွေ ဘာတွေက ဟောင်းနေလို့များလား.. ဖောင်မှာ ဖြည့်တဲ့လက်ရေးက မလှလို့လား.. မှင်က သူတို့ လိုချင်တဲ့ကာလာ မဖြစ်လို့လား.. ထင်ရှားသည့် အမှတ်အသားကို မကြိုက်လို့လား..
ဒါမှမဟုတ်.. သူအိပ်မောကျနေတဲ့အချိန် တယ်လီဖုန်းတွေ ဘာတွေများ ဆက်လို့ မသိလိုက်ရတာများလား။ ဒါမှမဟုတ်.. အသက်ကြီးနေလို့ မသေသင့်တာများလား..
ဒါတော့ မဖြစ်နိုင်ကောင်းရဲ့.. သူ့သူငယ်ချင်းတွေ တော်တော်များများတောင် စသေရမယ့်ရက်ကို ရက်ချိန်းယူပြီးသွားကြပြီ.. တချို့ကလည်း မသေချင် သေချင်နဲ့သေရ။ တချို့ကျတော့ သေချင်လို့ တစ်ပိုင်းသေနေတာတောင် မသေရ။
သေခွင်တွေ ဘာတွေ သေချာတွက်ကြည့်ပြီး ယတြာလေးဘာလေးရော..
တော်.. တော်ပါဗျာ.. ရယ်စရာတွေ မပြောပါနဲ့..
နေပါအုံးကွာ.. မင်းက ဘာရည်ရွယ်ချက်နဲ့ သေချင်ရတာတုန်း.. သူများတွေ သေနေလို့ popping လိုက် သေချင်နေတာလား..
ဟာ.. ခင်များမို့ ပြောရက်တယ်ဗျာ.. ကျုပ်က သေခြင်းကို နက်နက်နဲနဲ လေ့လာလိုက်စားနေတဲ့ သူဗျ..
အေးလေ.. အဲဒါကြောင့်လည်း မင်းခံနေရတာပေါ့..
အွင်.. ဝါသနာ၊ စိတ်ပါရာဖြစ်လို့ သေခွင့် လျှောက်ပါတယ်.. ခင်များပြောမှပဲ ရှင်ချင်စော်ကို နံသွားတာပဲ..
အဲဒီအချိန်မှာပဲ ရုတ်တရက် ရဲတွေဝင်လာပြီး ပြောလိုက်တာကတော့..
“ဟေ့.. မင်းတို့ နှစ်ကောင်ကို အသက်ရှူသံအတုပြုလုပ်မှုနဲ့ ဖမ်းလိုက်ပြီ.. ဝရမ်းအမိန့်အရ.. လူ့ပြည်မှာ လူဒဏ် တစ်သက်တစ်ကျွန်းခံဖို့သာ ပြင်ထားပေတော့”

“ဟိုက်.. .. ... ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ”

ခန့်နေ

update။ ။ခေါင်းစဉ်ကို ပြန်လည်ပြုပြင်။

Sunday, January 17, 2010

မေ့တတ်တယ်ဆိုတဲ့ အကျင့်ဟာ သိပ်တော့လွယ်တဲ့အကျင့်မဟုတ်ပါဘူး..
အရာဝထ္ထုတစ်ခုကို မေ့တယ်ဆိုတာ ဖြစ်ဖို့အတွက် ပထမဆုံး ခင်များဟာ အဲဒီအရာကို မှတ်ခဲ့ဖူးတယ်ဆိုတဲ့ အဆင့်ကလေးကိုတော့ ဖြတ်သန်းခဲ့ရမယ် မဟုတ်လား..
နာမည်ကို မမှတ်မိတော့ဘူး၊ ငါအခု ဘာလုပ်မလုပ်ပါလိမ့်.. ဟိုအကြောင်းပြောမလို့ကွာ.. စသဖြင့် စကားတွေနဲ့ ကျွန်တော်ဟာလည်း မေ့တတ်သူတစ်ယောက်ပါပဲ
ဒါပေမယ့် မေ့သွားလို့ဆိုတဲ့ စကားကို လွယ်လွယ်သုံးလာကြာတော့ ပြောသူရဲ့ ပါးစပ်ထဲ၊ နားထောင်သူရဲ့ နားထဲ အဓိပ္ပါယ်ဟာ ပေါ/ပေါ့ရွှတ်လာတယ်၊
ဆေးများလို ထိုးပါ၊ စားပါများရင် မတိုးတော့သလိုပေါ့။ ဒီလူတစ်ယောက်ဟာ မေ့တတ်တယ်လို့ မှတ်ချက်ပေးလိုက်တာဟာ မှတ်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို သွယ်ဝိုက်ပြီး ဖော်ပြရာရောက်သွားတတ်တယ်၊
မှတ်တာတွေများလို့ မေ့စရာတွေများသွားတာပေါ့.. ဒီလိုဆိုရင်ကော မှန်မလား။
ရုပ်ရှင်ရုံမှာ၊ စာသင်ခန်းမှာ၊ ဘောလုံးကန်နေစဉ်မှာ၊ ကျောင်းကန်တင်းမှာ တစ်ခါတစ်ခါ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို မေ့တွားတတ်တဲ့အကျင့်ရှိတယ်။
ကိုယ်ဘာသာကိုယ်လည်း မှတ်စရာတွေဟာ သိပ်များနေတာကိုး။
ကျွန်တော်တို့ ဗုဒ္ဓရဲ့တရားတော်အရဆိုရင် လူ့စိတ်ဟာ စက္ကန့်ပိုင်းလေးကူးနေတဲ့ကြားမှာတင် သိန်းသန်းချီပြီး ဖြစ်ပျက်နေတာ မဟုတ်လား။
ဒါကြောင့် ကိုယ့်နာမည်လေးကို သိတတ်စအရွယ်ကတည်းက အခုချိန်ထိ မှတ်မိနေတယ်ဆိုရင်ပဲ ကျွန်တော်ဟာ မေ့တတ်သူတစ်ယောက်မဟုတ်သေးဘူးလို့ သူများတွေ ပေးမသိဘဲ တွေးကြည့်မိဖူးတယ်။
တစ်နေ့ကပဲ ကြည့်လေ.. ကျွန်တော် ကျောင်းလည်းရောက်ရော တစ်ကိုယ်လုံးကို ရေတွေစိုရွဲနေတယ်။ အာ.. မိုးရွာနေတာကိုမေ့ပြီး ကျွန်တော် လမ်းလျှောက်နေမိတာကိုး။
ဘယ်လောက်များ ဂွကျလဲလို့.. ကျွန်တော့်အဖြစ်က။ အဲဒီအကြောင်းကို ညရုပ်ရှင်ကြည့် ချိန်းရင်း ချစ်သူကိုပြောပြမယ်ဆိုပြီး သူ့ဆီဖုန်းဆက်မလို့ ရုတ်တရက်ဖုန်းနံပါတ်ကို မေ့သွားပြန်ရောဗျာ။
ဖုန်းနံပါတ်တွေရှာကြည့်တော့ Aကနေ Zအထိ နာမည်တွေသာ ကုန်သွားတယ် မတွေ့လိုက်ပါဘူးလို့.. ဘယ်ဟုတ်မလဲ ကျွန်တော့်ကိုယ်ကျွန်တော် ချစ်သူမရှိတာလည်း မေ့နေပြန်တာပဲ။
အဲဒီလောက်ကို ကျွန်တော်ဟာ အမေ့ကြမ်းတဲ့သူ။ ခုလည်း ကြည့်လေ.. စာတစ်ပုဒ်သာတင်လိုက်တယ်၊ ခေါင်းစဉ်တပ်ဖို့ မေ့ကျန်ခဲ့ပြန်ရော။


Thursday, March 5, 2009

အလွမ်းလက်ကျန် ရှင်းတမ်း (၂) @ မယ်လေးထံ ပေးစာ

ဟဲလို မယ်လေး..
သတိရစွာနဲ့ ငါ စာရေးလိုက်တယ်။ နင်တို့ တစ်အိမ်သားလုံး နေကောင်းပါစေလို့ ဆန္ဒပြုရင်း။ ငါလည်း နေရာသစ်မှာ အခြေကျနေပြီ။ “တော်ရာမှာ ပျော်စရာတွေ လုပ်နေတတ်ရမယ်” ဆိုတဲ့ နင့်ရဲ့ စကားကို အမြဲလိုက်နာလျက်ပါ။

စာမရေးတာ ကြာဆို အရင်ရက်တွေက အအေးမိရင်း ချောင်းပြန်ဆိုးနေလို့။ အဲဒါ စာထဲ စကားလုံးတွေကတစ်ဆင့် နင့်ဆီကူးသွားမှာ စိုးရိမ်မိတယ်။ ငါတို့ မတွေ့ဖြစ်တဲ့ အချိန်တွေထဲ အဲဒီလို နာဖျားတဲ့ရက်တွေကလွဲရင် ငါ့အတွက်တော့ အဆင်ပြေဖူးတယ်ကို မရှိသေးဘူး။ အိမ်၊ ကျောင်းနဲ့ အလုပ် နေရာပဲကွာတယ်၊ မိုးလင်း မိုးချုပ် သင်ယူရေး သံပတ်တွေ မကုန်နိုင်ဘူးလေ။ တစ်ခါတစ်လေလည်း အနှုတ်လက္ခဏာတွေကို နှာခေါင်းပိတ် မျိုချရတာများတဲ့အခါ နာကျင်စရာတွေကိုမှ ကြင်နာမိရက်သား ဖြစ်လာခဲ့သလားလို့တောင် ထင်ရတယ်။ စာတွေအများကြီး နင့်ကို ရေးပြချင်တယ် သိလား။ ပြတ်လပ်နေတာ ကြာပြီဖြစ်တဲ့ ကဗျာတွေလည်း စာနောက်ဆုံးမှာ ငါ ထည့်ပေးလိုက်တယ်။

ငါတော့ ဒီရက်တွေထဲ နင့်အပြုံးတွေ သိပ်ငတ်နေတယ် သိလား။ ဒီမှာ အပြုံးတုတွေ သိပ်များလို့၊ အချိန်ကုန်ခံကြည့်မယ့် အစား ပလတ်စတစ်အိတ်တွေ ရှုံ့သွားတာကမှ ပိုကြည့်လို့ ကောင်းအုံးမယ်။ ပြန်ရောက်တဲ့အခါမှ အဲဒီ ပါးပြင်ပေါ်က အပြုံးစစ်စစ်တွေကို တဝကြီး ကြည့်လိုက်ချင်တယ်။ နောက်ထပ်လွမ်းတာတစ်ခုကတော့ သနပ်ခါး။ ဒါနဲ့ နင်ရော.. အရင်လို (ပဲဟင်းအိုးမှောက်ထားသလိုမျိုး) သနပ်ခါးထူထူကြီးနဲ့ ပွဲဈေးသွားတုန်းပဲလား။ ညဖက်ဆို ရွာလူတွေ မဖဲဝါနဲ့ နင့်ကို မှားမှာ မြင်ယောင်သေးတယ်။ ဟက်ဟက်။ အလှူအတန်းတွေရော ဟိုမှာ အရင်လိုပုံမှန်ရဲ့လား။ ဒီမှာ ငါတို့တွေတော့ နေ့တိုင်း (၇)ရာခိုင်နှုန်း ပုံမှန်လှူဖြစ်တယ်။ အလှူငွေရွက်၊ လက်နဲ့ မကွာပေါ့။ ဟိုမှာလို ဝက်သားတုံး လက်သီးဆုပ်ကြီးကို ထမင်းရည်ချောင်းမစီးနိုင်ပေမယ့်။ နောက်ပြီး သူက မလှူမနေရလေ။

လူကြိုက်များမယ့် ကိစ္စတွေအတွက်တော့ ငါ့ကိုယ်ငါ မဖြုန်းတီးဖြစ်တာ ကြာပြီဟ။ နင်ပြောသလို တစ်ခါတစ်လေ ခပ်ပေါ့ပေါ့လေးပဲ ငါတို့ကိုယ်ကို ပြင်ထားကြတာပေါ့။ အရသာကောင်းတဲ့ ဟင်းဆိုတာ လူတကာရဲ့ ခံတွင်းထဲ အရသာကုန်တဲ့အထိ စုပ်ယူ ဝါးမျိုရင်း၊ အချိန်ကျရင်လည်း မျိုချလိုက်ကြတာပဲ မဟုတ်လား။ လင်္ကာတွေချောဖို့ချည်းထက် ကျန်းမာရေးကို ငါတို့ ပိုဂရုစိုက်သင့်တယ်။

ငါတို့လည်း ကမ္ဘာစဦးခဲ့ကတည်းက အလင်းနဲ့ အမှောင်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ကျပျောက်လာခဲ့တဲ့ သူတွေလိုမျိုး၊ “လွမ်းစရာတွေ”ဟာ တို့ရဲ့ ရင်ဘတ်တွေအတွက် တနင့်တပိုးပါပဲ မယ်လေးရယ်။ သူငယ်ချင်းတွေ အလျိုလျိုနဲ့ ပန်းဝင်ကုန်ချိန်မှာ ငါ့အတွက် နှစ်သိမ့်ဆုဆိုတာတောင် ပန်းကုံးလား၊ ပန်းခွေလား မသေချာတော့ဘူး။ ဒါပေမယ့် ရွာဦးကျောင်းက ရင်ခွင်နဲ့ အခုရင်ခွင်ဟာတော့ဖြင့် ညီမျှခြင်းရဲ့ ဟိုဖက်နဲ့ ဒီဖက်မှာ ရပ်မြဲရပ်လျက်ပါပဲ။ လူဆိုတာလည်း မယ်လေးရယ်.. ငါတို့ ကိုယ်ကို အချိန်ရှိခိုက် မစီရင်နိုင်ခဲ့တာဟာ တစ်ခြားတစ်ဖက်မှာ တချို့အရာတွေရဲ့ အစီရင်ခြင်းခံဖို့အတွက်များ ဖြစ်ခဲ့သလား။ ရင်ဘတ်တွေ ကြေမွနေကြောင်း သက်သေးအထောက်အထား ခိုင်လုံတာတောင် ကံကြမ္မာဟာ တို့များဆီက တရားသေ လွတ်မြောက်ခဲ့တာ၊ အချိန်တန်နေတဲ့ နှလုံးသားတွေလည်း အရွယ်ရောက်ခွင့် မရလိုက်ခဲ့ဘူး။ အင်း.. စိတ်ထိခိုက်စရာတွေအကြောင်း ရပ်လိုက်တော့မယ်နော်.. အရေမထူသေးတဲ့ ကျောကုန်းတွေကို လောလောဆယ် ထုံဆေးကူထားကြတာပေါ့။ ခရာသံတွေလည်း မဆွံ့အဘူး။ ငါတို့ နားတွေလည်း မဆွံ့အဘူး။ ဟုတ်ပြီလား..။ လောကဓံ ချိန်ရွယ်ထားတဲ့ ကင်မရာဆီကို ငါက နင်နဲ့ပြိုင်တူ ပြုံးပြချင်နေသေးတာ။ ဒါပေမယ့် ဝမ်း၊ တူး ... သရီးမတိုင်ခင် အိပ်မက်တွေက ပြန်လန့်နိုးနေတာတော့ သိပ်ဆိုးတာပေါ့။

ဒီတစ်ခါ ကျောင်းပိတ်ရက်တော့ ငါ ပြန်လာဖြစ်မယ်ထင်တယ်။ နင်ရော ဘာတွေ မှာချင်သေးလဲ။ ပြန်ရောက်လို့ တွေ့ဖြစ်တဲ့အခါ နင်နဲ့ စကားတွေ အများကြီးပြောရအောင်.. စကားလုံးတွေတောင် စုထားနေပြီ။ အဲဒီကျရင် သင်တန်းတွေ၊ သူငယ်ချင်းတွေ၊ နိုင်ငံခြားတွေ အကြောင်းထက် နင်ကြိုက်တဲ့ ကာတွန်းကားနဲ့ စတော်ဘယ်ရီတွေအကြောင်း ပိုပြောကြရအောင်လေ.. နောက်ပြီး နင့်ဆီက ပါးချိုင့်လေးတွေအကြောင်း ကဗျာရေးခွင့်လည်း တောင်းချင်သေးတယ်။ လောလောဆယ်တော့ ငါနဲ့အတူ ပါလာမယ့် ပစ္စည်းစာရင်းက-

(၁)လျှောက်လည်တဲ့အခါ နွေနေကိုတိုက်မယ့် အပူကျဆေးတစ်ထုပ်ရယ်
(၂) ၁ နဲ့ ၁ ပေါင်းရင် ၁ ရမယ့် ရင်ထဲက အီကွေးရှင်း အသစ်စက်စက်တစ်ကြောင်းရယ်
(၃) အုတ်ဂူလေးပေါ်မှာ ကိုယ်တိုင်လာတင်ပေးမယ့် နင်ကြိုက်တဲ့ စံပယ်ပန်းတွေရယ်။
အခုတော့ ကဗျာလေးကို အရင်ဖတ်ထားနှင့်နော်။ ပါရီရက်လုပ် မဟုတ်ပေမယ့် မိုးလင်းညပေါင်း တစ်ဒါဇင်ကျော်ကြာ ငါကိုယ်တိုင် စိုက်ပျိုးထားတာပေါ့။ ခေါင်းစဉ်ကိုတော့ နင်ပဲ တပ်ပေးနော်။ နင်လည်း အနားယူရတာ အဆင်တပြေ ရှိပါစေ။
****

ထုံသင်းတဲ့ ပါးပြင်လေးဆီ
ခုန်ဆင်းမယ့် ပါးချိုင့်လေးနှစ်စင်း..
(မမွှေးဖူးတဲ့ ပန်းကလေးကို
မပေးဖူးတဲ့ အနမ်းလေးများလည်း
စောင့်နေရှာပြီ ကောင်မလေးရေ)

မင်းအကြောင်း အလှတွေတွေးမိရုံနဲ့
ဝင်သက်နဲ့ ထွက်သက်တို့အချင်းအချင်း
ဓါတ်ပြုကုန်သတဲ့
(တော်ဝင်မျက်နှာထားလေးအား
ဘယ်အပြုံးတွေက ခြယ်မှုန်းပါသလဲ
ကောင်မလေးရေ)

ကတိတွေ၊ စိတ်မချခြင်းတွေနဲ့အတူ
သတိတွေလည်း သိပ်ရနေမှာ
(လာဝဲနေတဲ့ လိပ်ပြာတွေရှိရင်လည်း
မမြင်ယောင်ဆောင်နေပေးပါ ကောင်မလေးရေ)

ရင်ဘတ်ထဲ ခေါက်ထည့်ထားတဲ့
မျှော်လင့်ချက်တွေလည်း ဖုန်တက်နေပြီ..
(အဝေးလူရဲ့ အဆွေးဓါတ်ကို
သူတို့လည်း ဖေးကူနေကြတယ်
ကောင်မလေးရေ)

အလွမ်းလှိုင်းတွေ လာလာတိုက်လို့
ဟောဒီ ရင်ခွင်ကမ်းလည်းပြိုတော့မယ်
(ပုခုံးလေးမဖက်ဖြစ်တဲ့ အခြေအနေမှာ
ဖုန်းလေးဆက်ခွင့်နဲ့ ဖြေနေပါရစေ
ကောင်မလေးရေ)

အဆက်အသွယ်တို့ ပျက်နေသမျှ
စိတ်ကူးတွေနဲ့ပဲ မက်နေပါရစေနော်
(အဲဒီ ပုံရိပ်လေးတွေမှ မပါရင်
အိပ်မက်တွေလည်း မဖြစ်နိုင်တော့လို့ပါ
ကောင်မလေးရေ)

သတိရပေးပါ၊ ကောင်မလေးရေ..
ရည်ရွယ်ထားတဲ့ "ကဗျာနဲ့ ပန်းတွေ
မွှေးပါတယ်" လို့ ပြောတဲ့အခါမှ
ငါနဲ့ အလွမ်းတွေလည်း
ဝေးပါမယ်ကွယ်...

****
ချစ်တယ်... နင်ရဲ့
သိုက်စိုး

Monday, January 26, 2009

အထွေထွေ စမ်းသပ် ဥသြသံများ (ကျယ်လောင်သွားလျှင် သည်းခံပါ)

ချစ်သူရေ..
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.. ဒါပေမယ့်ကွယ် အောက်စီဂျင်ကို အချိန်မလပ် အခမဲ့ပေးနေကျ စိမ်းပုတ်ရောင် တောအုပ်တွေ၊ မျက်စိပသာဒ ဖြစ်စေတဲ့ ရောင်စုံပန်းလေးတွေနဲ့ ပင်လယ်ထဲက အသဲကွဲနေတဲ့ ငါးလေးတွေ.. သူတို့ဟာ ယောင်လို့တောင် မင်းရော၊ ကိုယ်ရောကို အပြစ်ရှိသူတွေအဖြစ် မမြင်ခဲ့ကြပါဘူး။ တန်းဖိုးမဖြတ်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေများစွာရဲ့အလယ် ကိုယ်တို့နေထိုင်နေကြတယ်။ ရိုးသားမှုကိုတော့ဖြင့် ယဉ်ကျေးမှုရဲ့ အရေခွံလို့ ကိုယ် မပြောလိုဘူး။
*
ကျွန်တော်တို့တွေ “လူ”ဆိုတာကို ရွေးချယ်ခွင့်မရခဲ့ဘဲ ဖြစ်လာခဲ့တယ်။ ဒီစာကို ကျွန်တော်ရေးတယ်၊ ခင်များ ဖတ်တယ်။ ကျွန်တော်တို့တွေ အမြီးမဲ့မျောက်တွေအဖြစ် ကိုယ့်ကိုယ်ကိုတွေ့ရှိခဲ့ကြတယ်။ သမ္မာကျမ်းစာလည်း ငါ့တို့သမိုင်းမှာ ရှိခဲ့ပြီ။ ငါတို့ နှလုံးသွေးကြောတွေဟာ ကွန်ပြူတာ ဝိုင်ယာကြိုးတွေလည်း ဖြစ်ခဲ့ဖူးပြီ၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့လည်း ဖြစ်တယ်။ ငါတို့ အမြီးမဲ့မျောက်တွေ အချင်းချင်းလည်း သေရာပါ တစ်ကောင်နဲ့ တစ်ကောင် ဆွဲဆောင်မှုတွေတောင် ပြုတတ်နေတာလည်း ကြာပေါ့။ “လူဆိုတာ” ၊ “လူဆန်ဆန်” ဆိုတဲ့ စကားအကာတွေနဲ့ အနှစ် အကုသိုလ်ကိုလည်း အနံ့မထွက်အောင် ဖုံးတတ်နေကြပြီ။ မျောက်နေမှု အဆင့်အတန်းတွေ မြင့်တက်၊ မျောက်နေမှုစရိုက်တွေ သတ်မှတ်၊ မျောက်ထုအော်သံ၊ မျောက်ဘောင် အဖွဲ့အစည်း၏ အရေးပါပုံ၊ စသဖြင့်.. စသဖြင့်..။ (သို့သော် ဤစာပိုဒ်အား လူနှင့်မျောက် မကွဲမီ အမှတ်၏ ဒဿမတစ်နေရာ လျော့လျက်ရှိသောနေရာမှစ၍ ဆက်လက်အတည်ပြုခြင်းမပြုပါရန်။)
ဓါတုဗေဒပညာအရ လူ့ခန္ဓာကိုယ်ရှိ နှာသီးဖျားလေးနှင့် ကမ္ဘာ့လေထုတို့ ဓါတ်ပြုသောအခါ ပစ္စုပ္ပန်များထွက်ပေါ်လာစေရန် မည်သူဖန်တီးခဲ့ပါသနည်း။ နောက်ဆက်တွဲ လေ့လာတွေ့ရှိချက်များတွင် ထိုလေတို့သည် ပစ္စုပ္ပန်မဖြစ်မှီက အနာဂတ်အမည်နှင့် နှာခေါင်းဝတစ်ဝိုက်တွင် အခြေချနေထိုင်လေ့ရှိကြောင်းနှင့် ပစ္စုပ္ပန်ဖြစ်ပြီးသော ကာလတွင် မေ့လျော့အတိတ်အဖြစ် ထွက်သက်အခြေအနေသို့ ရောက်ရှိသွားလေ့ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သုံးသပ်ချက်များအရ အမှာစကားမှာ “အသုံးမဝင်တော့တဲ့ စိတ်ဒဏ်ရာအဟောင်းတွေနဲ့ အမည်းစက်ဆိုတာတွေထဲက သင်ခန်းစာတစ်ချို့လောက် ထုတ်ထားပြီး ကျန်တာကို ထွက်သက်တွေနဲ့အတူ ရှူထုတ်လိုက်နိုင်ရင် သိပ်ကောင်းတာပေါ့ဗျာ၊…..” ဒီလိုနဲ့ ငါတို့ကိုယ် ငါတို့ တူးဆွချက်တွေဟာ ပိုနက်သထက် နက်လာခဲ့တာပေါ့။ အာရုံခံစားမှုတွေဟာ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ညနဲ့ မနက် ကောင်းကင်မှာ ဒီနေတစ်စင်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ရာသီတွေလည်း ဒီလိုပဲ အလုပ်ရှုပ်၊ ငါတို့အားလုံးလည်း ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်။

ခွင့်လွှတ်ပါ ချစ်သူရယ်.. တကယ်တော့ အဲဒီနေ့က ကိုယ်ပြောချင်ခဲ့တာက “အချစ်ဆိုတာ…” အစပြုလို့ တစ်စုံတစ်ခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အဲဒီလျှာပေါ်ကို မင်း ခတ်ခဲ့တဲ့ အခါးတွေဟာ တစ်ရက်ပြီးတစ်ရက် တစ်စက်ပြီး တစ်စက်နဲ့.. ကိုယ်ထင်သလို ခါးသက်ခြင်းတွေမဟုတ်ဘဲ၊ ခါးသီးခြင်းတွေဖြစ်ကြောင်း တွေ့ရှိချိန်မှာ အားလုံးဟာ အနာသိပေမယ့် ဆေးမရှိတဲ့ နာကျင်စရာတွေတောင် ဖြစ်ကုန်ပေါ့။ (ထိုခါးသီးခြင်းတို့ကို ဓါတ်ခွဲကြည့်သောအခါ အလွမ်း ၇၄% နှင့် အသဲကွဲစေသော elements ၂၅% ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။) အချိန်တန်ရင် ဆယ်စားလို့ရမယ့် ဘဲဥတစ်လုံးဟာ အချစ်မဟုတ်တာတော့ သိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ အချစ်ဟာ ကိုယ့်အတွက် အစရှာမရပုံချင်း တူနေသလားလို့။ ဒါကို အကြောင်းပြုပြီး သူတို့ (၂)ခုဟာ Hyperspace သီအိုရီထဲက wormholes တွေလိုများ ဆက်စပ်နေမှာလား။ ဥာဏ်မမှီဘူး ချစ်သူ။ ဒါမှမဟုတ်လည်း အမြဲလှနေတဲ့ မင်းရဲ့ နဖူးပေါ်က လတ္တီကျု အမျှင်အတန်း ဆံစလေးများလား.. (ကိုယ် သိပ်တက်မက်ခဲ့ပေါ့)
*
တစ်ခါတစ်လေလည်း ဘဝမှာက အရသာတင်မကပဲ၊ အဓိပ္ပါယ်လေးပါ ရှိချင်သေးတာကိုး။ ဒီလောက်တော့ တွေးမိခဲ့ရဲ့။ ခက်တာက ရိုးသားမှတ်ကို ကျော်လွန်ပြီး ‘အ’အ သွားတာကို ထိန်းမရဖြစ်နေတယ်။ ဦးခေါင်းဆိုတာ လက်ကကုပ်ဖို့သက်သက် ပုံခုံးနှစ်ဖက်ပေါ် ပေါက်နေတာ မဟုတ်ဘူးလေ။ မဖြစ်နိုင်တာတွေကို သူကောင်းပြုထားတာ ကျွန်တော်တို့အတွက် သိပ်များနေလို့လား။ ဥပမာ. လုံ့လရှိခိုက် အချိန်စိုက်ပေးပါ၊ ရေခံလိုချိန် မိုးရွာပါ၊ ဗိုင်းထုတ်မှ လသာပါတို့။ အခါအားလျော်စွာ ကျွန်တော်တို့ အချိန်နဲ့ ဒီရေကို ယောင်ပြီး စောင့်နေတတ်ကြတယ် မဟုတ်လား။ ဖြစ်ရင်ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ လက်ခံဝေမျှကြပါစို့။ မိတ်ဆွေဆိုတာ သေတော့မှ ဝမ်းနည်းဖို့သက်သက် ခင်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်သူငယ်ချင်တစ်ယောက်က သူ့အမျိုးသမီးနဲ့ ပြတ်စဲပြီးနောက် ကျွန်တော့်ကို ပြောခဲ့ဖူးတယ်..

“ဒီကိစ္စမှာ ကျွန်တော့်ဘက်ကစပြီး အပြစ်ရှာ ဖြတ်ပြစ်ခဲ့တာ၊ ဒီလိုဆို ခက်နေတာက ကျွန်တော်လို့ ခင်များ ထင်ကောင်းထင်နိုင်တယ်.. ကိုယ့်လူရယ်.. တစ်ခါတစ်လေကျတော့ ဘဝတစ်ခုထဲ ပျော်ရွှင်ဖို့တွေနဲ့ သားကျွန်၊ မယားကျွန်ဖြစ်ခြင်း ကိစ္စတွေမှာ ကျွန်တော့်စိတ် ကျွန်တော် သက်တမ်းတိုးနိုင်ဖို့ အရည်အချင်း မရှိတော့ဘူးဗျာ”။

“.. အနည်းဆုံးတော့လည်း ရေနစ်သူအချင်းချင်း လက်ကမ်းခွင့်လေးလောက်ပေါ့ဗျာ.. ”ဟု ကျွန်တော်ပြန်ပြောမိလိုက်သည် ထင်သည်။ သူ့အမျိုးသမီးနာမည်က မုသားမပါ လင်္ကာမချော တဲ့၊ ခင်များတို့ ကြားဖူးမလားတော့ မသိဘူး.. ။
*
ပြန်ဆက်ရရင်တော့ ချစ်သူရယ်.. သိပ္ပံပညာရပ်မှာ ပထမဦးဆုံး စမ်းသပ်ရှာဖွေတွေ့ရှိခံ ပစ္စည်းကို တွေ့ရှိသူရဲ့ နာမည် ဂုဏ်ပြုပေးသလိုမျိုးပဲ ကိုယ်တစ်ယောက်ထဲ စူးစမ်းလေ့လာရင်း ရှာတွေ့ခဲ့တဲ့ တည်နေရာ မင်းရဲ့ပါးပြင်ပေါ်က၊ ပါးချိုင့်လေးတွေကို “Eduking’s dimples” များအဖြစ် သတ်မှတ်ပေးစေလိုကြောင်း၊ ဒါပေမယ့်လည်း အတန်းဆင်းချိန်မှာ အဲဒီနာမည်အစား ကြိမ်လုံး (၂)ချက်ကိုပဲ ဆရာမဆီကနေ ကိုယ်ရရှိခဲ့ရတယ် မဟုတ်လား။ ကိုယ်ဟာ သူတို့ပြောသလိုမျိုး ခွေးလေးတစ်ကောင်ပမာ ကြိုးချည်ခံထားရတာ မဟုတ်ကြောင်းနဲ့ ကိုယ်တို့ရဲ့ သံယောဇဉ်တွေဟာ wireless(ကြိုးမဲ့) သက်သက်ဖြစ်ကြောင်းကိုတော့ မင်းပဲ သူငယ်ချင်းတွေကို ရှင်းပြပေးလိုက်ပါ။ မင်းရဲ့ မျက်ဝန်းလေးသက်သက်နဲ့ ဆက်ခဲ့ဖူးတဲ့ ကိုယ့်သမိုင်းစာမျက်နှာတွေကိုတော့ ကျောင်းတက်ရက်များလို့ သမုတ်ချင်တယ်ကွယ်။ အချိန်ဇယားတွေ စီးထားတဲ့အရာကို သဲကြိုးဖြတ်နိုင်ခဲ့ဖို့အတွက် ကိုယ် အများကြီးလိုအပ်ခဲ့ပါတယ်။

“ဒီနေ့အဖို့ အတန်းတွေကော ပြီးပြီးလား”

“သြော်.. ဒါနဲ့ ကမ္ဘာကြီးဟာ အရင်ကထက် အပူချိန်ပိုလာတယ်နော်.. ကိုယ်ကတော့ မင်းရဲ့ အေးစက်မှုတစ်သောင်းဆောင်ဆဲ အကြည့်တွေကြောင့် ရာသီမရွေး အနွေးထည်တွေ တပ်ထားရသူတစ်ယောက်ပေါ့”

နောက်တစ်ခုက ကိုယ်ဟာ ချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းပြဖို့ ချစ်သူတစ်ယောက် အမှန်တကယ်ရှိရမယ်လို့ အဲဒီလူသားအပေါင်းဟာ ယူဆနေကြတယ်။ မင်းရဲ့ အသက်ရှူချက်တိုင်းမှာ ကိုယ်တစ်ယောက်ထဲ စိတ်တွေ ဝင်သွားလိုက်၊ ထွက်သွားလိုက် လိုက်ဖြစ်နေတာကိုတော့ အချစ်လို့ပဲ လွှဲချရတော့မယ်ထင်တယ်။
*
ဖြစ်နိုင်ရင်.. လှလှပပ ကန်သွင်းချင်နေတဲ့ မျက်နှာတွေကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ချင်တယ်။

ဖြစ်နိုင်ရင်.. တစ်ကိုယ်လုံးက အလွမ်းတွေကို လက်ထိုးပြီး အန်ထုတ်ပစ်လိုက်ချင်တယ် ဆရာ။

ဖြစ်နိုင်ရင်.. အဲဒီ “ဖြစ်နိုင်ရင်” ဆိုတဲ့ စကားလုံးတွေကို လက်ကနေ ထက်ပြီး ထွက်မကျနိုင်အောင်လည်း ရေရှည် ထိန်းသိမ်းထားလိုက်ချင်တယ်။

လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုတာ တစ်ပန်းကန်ထဲမှာပါတဲ့ ထမင်းနဲ့ ဟင်းလို.. မျှစားတတ်ရမယ် မဟုတ်လား။ အဖြေရှာဖို့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေချလိုက်တော့ ထင်ထားတဲ့ အရသာအတိုင်း လဘ္ကရည်တစ်ခွက်ဟာ ဖြစ်နေတဲ့အခါ ကျွန်တော့်နေ့ရက်တွေဟာ သောက်လို့သိပ်ကောင်းနေတာ တွေ့ရတယ်။ ပုံပြောသူနဲ့ ပဲများသူများမှအပ ဘယ်သူမဆို ဒီရင်ကို ငှားခွင့်ရှိပါတယ်။ လမ်းကြုံရင်ပေါ့။ ဝတ်ထားတဲ့ ခြေအိတ်နှစ်ဖက်တောင်မှ အရောင်တူပြနေစရာ မလိုဘူး။ ဤအကြောင်း မပါ၊ ထိုအကြောင်း မပြောဘူး။ ဤအကြောင်းနဲ့ ထိုအကြောင်းမှလွဲရင် ကျန်တာပြောစရာမလို။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကြိုက်သလောက် ပြောနိုင်ပါတယ်။ အနာဟောင်းတွေကိုတော့ ကဗျာစာကြောင်းတွေနဲ့ပဲ ကြိုးစားချုပ်လိုက်ပါ့မယ်။ တစ်ဆိတ်ဗျာ.. ကျွန်တော့်စိတ်တွေဟာ ဖိတ်ခေါ်ချိန်းဆိုမှုကို ငြင်းပယ်ရန် ခက်လှပါသောကြောင့် အနိမ့်ဆုံးတွေသို့ မနိမ့်ဆင်းမီ၊ အတောင်တွေလည်း မဆွေးမြေ့ မကုန်ခမ်းမီ၊ သံချေးတက်နေသော စကားလုံးထိန်း ခလုတ်တွေနဲ့အတူ သမိုင်းပေးတာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက်တော်မူပါအုံးမည်။

ချစ်သူရေ.. ဒီလူကို နေရောင်ခြည်နဲ့ စကားလုံးတွေ တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ ထားလိုက်ပါတော့။ (မြန်မြန်လေး)

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သစ်ပင်တွေဟာ လူတွေကို စိုက်လာခဲ့တာ ဟိုးရှေးရှေးတုန်း ကတည်းကဆိုတာ သိဖို့ပါပဲ။ (ဒါဟာ ပုံပြင်အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဖြစ်ခွင့်လည်းပေးပါတယ်)

ကျွန်တော့်ရဲ့ လက်တစ်ဖျစ်စာ နှာစေး၊ ချောင်းဆိုးသံများက သင်၏စိတ်ကို အနှောက်အယှက်ဖြစ်သွားလျှင်တော့ ခွင့်လွှတ်ပါ မိတ်ဆွေ။
.....................................................................................................

မှတ်ချက်။ ။ စာမေးပွဲတွေ ပြန်ရောက်လာလို့ဗျာ.. စာရေးတာကိုတော့ (တစ်လလောက်) ကျွန်တော် ခဏနားပါမယ်.. ဒီကြားထဲမှာ ရောဂါပြန်ထရင်တော့ တင်ဖြစ်ချင်တင်ဖြစ်ပါ့မယ်.. အနည်းအကျဉ်းပေါ့.. :D အားလုံးအဆင်ပြေကြပါစေး)

Wednesday, December 17, 2008

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများသည် ဒြပ်ရှိပြီး၊ သက်မဲ့သောပစ္စည်များ ဖြစ်ကြသည်။

ရုပ်ရှင်ရုံရောက်တိုင်း အောင်လင်း အမြင်ကတ်လေ့ရှိသည့် ထိုင်ခုံများ ရှိသည်။

မောင်မြင့်၏ လက်သုပ်ဆိုင်တွင် ထိုင်ခုံတစ်ချို့မှာ လက်ရာနှင့်အတူ ဟောင်းလျက်ရှိသည်။

လူအမျိုးမျိုး၊ ထိုင်ခုံအထွေထွေ။

ထိုင်ခုံအမျိုးအားကို ကြည့်၍ လူတစ်ဦး၏ အဆင့်အတန်းကို ခွဲခြားနိုင်ပါသလား။

အင်္ဂလိပ်စာ၏ chairman ဆိုသော အသုံးအနှုန်းကို တိုက်ရိုက်ဘာသာပြန်လျှင် ထိုင်ခုံလူကြီးဟု အဓိပ္ပါယ်ရလေသည်။

ထိုင်ခုံတို့ကို လူသတ္တဝါများက ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ထီထွင်ခဲ့ခြင်းဖြစ်လေသည်။ သစ်ပင်များသည်လည်း လူတို့အတွက် ကျောက်ခေတ်မှသည် ယနေ့အထိ မူလလက်ဟောင်း အကျိုးပြု ထိုင်ခုံများ ဖြစ်ခဲ့ကြသည်။ ရုပ်ရှင်ရုံတွင် အောင်လင်း ကြည့်မရသော ထိုင်ခုံများမှာ couple seats ဟု ခေါ်သည့် အတွဲထိုင်ခုံများ ဖြစ်သည်။ အဆင့်အတန်းကို ထိုင်ခုံပေါ်ကြည့်၍ ခွဲခြားမည်ဆိုလျှင် လောကကြီးက သင့်ကို ဝါးလုံးခေါင်းထဲ ဟန်ပါပါပြုံးပြနေသည့် အဆင့်အတန်းတစ်ခုကို လက်ဆောင်ပေးလိမ့်မည်။ ဆိုင်တွင် လက်သုပ်လာစားသော ကျောင်းသူလေးများ ခုံပြောင်းထိုင်ကြသည်ကိုမြင်တိုင်း မောင်မြင့်သည် သူ ငယ်စဉ်က စာသင်ခန်းထဲတွင် ထိုင်လေ့ရှိသည့် တင်ပါးညပ်သော ခုံကလေးကို သတိရမိ၏။

ကမ္ဘာကျော် ဘီလျံနာကြီးမှသည် ပညာရှင်၊ ကုန်သည်ပွဲစား အလယ် ခေါင်းထိုးရွက်ဖျင်ဈေးသည်နှင့် သူဖုန်းစားအဆုံး ထိုင်ခုံတစ်လုံးကိုတော့ ထိုင်ခဲ့ဖူးကြသည်။ အနော်ရထာထိုင်သော ထိုင်ခုံကို ပလ္လင်ဟု ခေါ်တွင်၍ ကျွန်တော်ထိုင်သော ခုံကိုမူ ကုလားထိုင်ဟု ခွဲခြား ခေါ်ခံခြင်းအတွက် ကျွန်တော် ဝမ်းမနည်းဖူးပါ။ ထိုင်ခုံများပေါ်ပေါက်ရာသမိုင်းတွင် ကျောက်တုံးများသည် ပထမဆုံး ထိုင်ခုံလုပ်နည်း အတွေးကို ပေးခဲ့ဟန် ရှိသည်။ အောင်လင်း မုန်းသော couple seatsများမှာ သူ မနှစ်မြို့သလောက် သူ့ဘဝတွင် အထိုင်ချင်ဆုံးနှင့် တစ်ခါမှ မထိုင်ဖူးသေးသော ထိုင်ခုံအမျိုးအစားတစ်ခုဆိုလျှင်လည်း မမှားပေ။ ထိုရည်မှန်းချက်၏ အကောင်အထည်အဖြစ် တစ်လတိတိ အချိန်ယူရေးလျက်ရှိသော မယ်လေးခင်ကို ပေးဖတ်မည့် ရည်းစားစာတစ်စောင် ဒိုင်ယာရီထဲတွင် ခေါက်လျက် ရှိနေပြီဖြစ်သည်။ ဆရာဝန်မလေး မသန္တာသည် သူ့မ၏ ဆေးခန်းရှိ လူနာစောင့် ခုံတန်းရှည်လေးကို ပြန်ပြင်ရန် ဈေးသွားခါနီး အဒေါ်အား လိုအပ်သည့် ပစ္စည်းများ (သို့မဟုတ်) လိုအပ်သည်များ မှာကြားနေ၏။

သမိုင်းဦးခေတ် မူလအသုံးပြုရာ ကျောက်တုံးများမှစ၍ သံ၊ သစ်သား၊ ပလတ်စတစ်၊ ဝါး၊ ကြိမ်၊ ဆိုဖာ၊ သားရေများအထိ ထိုင်ခုံတစ်လုံး၏ ဖွဲ့စည်းရာ၌ အဓိကပစ္စည်းများအဖြစ် ပါဝင်လာခဲ့ကြသည်။ နည်းပညာသစ်များဖြင့် ပေါင်းစပ်ကာ နတ်တို့ မလိုက်နိုင်သော လူ့အလိုကို လူအချင်းချင်းလိုက်ရန် ကြိုးစားနေကြသည်။ အောင်လင်းသည်လည်း သူ၏ ရည်းစားစာ project သို့ သူငယ်ချင်း ကဗျာဆရာ ဇော်မိုးကို အကူအညီအဖြစ် ဖိတ်ခေါ်ကာ due date သတ်ရန် ကြိုးစားနေလေသည်။ မောင်မြင့်၏ စာသင်ခန်းတွင် ထိုင်ခဲ့သော ခုံလေး၏ မျက်နှာပြင်မှာ နဂိုက သစ်သား သုံးပြား ဆက်ထားသော မျက်နှာပြင်တစ်ခု ဖြစ်၍ အချိန်ကြာလာသောအခါတွင်မူ သံများလျော့ရဲကာ အဆက်နေရာများက ပိုဟလာပြီး တင်ပါးကို ညှပ်မိနေခြင်းဖြစ်သည်။ ထို့ကြောင့် သတိထား ထိုင်နေရသည်။ ဒေါက်တာသန္တာ၏ ခုံတန်းရှည်လေးမှာ နောက်တစ်နေ့ နံနက်တွင် တစ်ဦးတည်းသော သမီးရှင် ဦးဘဝင်း၏ အိမ်ရှေ့၌ စာနှင့်တကွ ရောက်လျက်ရှိသည်။ ထိုစာမှာ “တုံကင်ယူ၍ တန်းစီပါ” ဟူ၍ ဖြစ်လေသည်။

ထိုနေ့က အောင်လင်း၏ တစ်လေကျော်ကြာ couple seat စီမံကိန်းကြီးလည်း ဆုတ်ဖြဲခံခဲ့ရသော ရေမွှေးစက္ကူစများနှင့်အတူ မယ်လေးခင်၏ ဖိနပ်အောက်တွင် ကျိုးကြေ ကြေမွ ပျက်စီးခဲ့လေသည်။ တရားခံမှာ ရည်းစားစာ စကားလုံးများကို rap သီချင်း စာသားများမှ ဇော်မိုးက ကူးယူခဲ့ခြင်းကို
hip-hop ဂီတ ပရိတ်သတ်တစ်ယောက်ဖြစ်သော မယ်လေးခင် သိနေခြင်းကြောင့် ဖြစ်လေသည်။ ထိုင်ခုံများ ဖန်တီးရာ ပုံစံနှင့် ဒီဇိုင်းတွင်လည်း အစက ရိုးရှင်သော ခြေလေးချောင်းထောက် ခွေးခြေများမှသည် ဆုံလည်ကုလားထိုင်များ၊ ခြေထောက်တင်နိုင်သော၊ ကျောခင်း နောက်မှီနိုင်သော၊ ကြွက်သားများကိုပင် အလိုလျောက် နှိပ်ပေးနိုင်သော နောက်ဆုံးပေါ် ထိုင်ခုံများအထိ နည်းပညာသစ်များ၏ စွမ်းပကားဖြင့် ပေါင်းစပ်တီထွင်မှုများ ရှိလာခဲ့သည်။ ဘီလျံနာကြီးသည် အလုပ်စားပွဲရှိ ထိုင်ခုံကို အနည်းဆုံး တစ်လတစ်ခါမှသာလျင် အသစ်လဲနိုင်သော်လည်း လမ်းဘေး ဈေးသည်များမှာ တစ်ရက်တစ်ခါ ထည်လဲ ပြောင်းနိုင် နေသည်ကို တွေ့ရသည်။ သူတို့၏ ထိုင်ခုံများမှာ တစ်ခါတစ်လေ ခွေးခြေအပု၊ တစ်ခါတစ်ရံ ဖက်ရွက်ခင်း၊ တစ်ခါတစ်လေ ဂုန်နီအိတ်၊ တစ်ခါတစ်ခါ ကတ်ထူပြား၊ တစ်ခါတစ်လေ ဖိနပ်ခုနှင့် သံမံတလင်း၊ ပလက်ဖောင်း အစသဖြင့် တစ်နေ့တစ်မျိုး မရိုးအောင် လဲနိုင်ကြပေသည်။

သူများတွေလို အတန်းမစမီ ခုံအကောင်းနှင့် လဲထားရန်မှာလည်း ကျောင်းပုံမှန် နောက်ကျလေ့ရှိသော မောင်မြင့်အဖို့ မဖြစ်နိုင်။ မျက်မှန်ဝယ်ရန် မတတ်နိုင်သော သူ့အတွက် အတန်းရှေ့က ထိုခုံနေရာလေးသည် တကျီကျီ (သို့မဟုတ်) တကျွီကျွီမြည်သံနှင့် မြေဖြူမှုန့်ရှူ၊ သင်ပုန်းဖျက်၊ တင်ပါးညပ်ရုံမှလွဲ၍ အားလုံး အဆင်ပြေ၏။ ၂၀၁၀ခုနှစ်တွင် သိပ္ပံပညာရှင်များက မည်ကဲ့သို့သော ထိုင်ခုံအသစ်အဆန်းများကို တီထွင်အုံးမည်နည်း။ ဦးဘဝင်းလည်း ခုံနှင့်စာကို မြင်လျှင်မြင်ချင်းပင် ဒေါသထွက်လျက် အနီးရှိ ခွေးခြေအပုလေးကို ပိတ်ကန်လိုက်ရာ အစထွက်နေသော သံစနှင့် ခြေထောက် ခြစ်မိပြီး ထိုနေ့အဖို့ မသန္တာ၏ ဈေးဦးပေါက်လူနာ ဖြစ်ခဲ့လေသည်။ (ဆေးထိုးအပ်ထဲမှ ဆေးရည်မှာ မေးခိုင်ကာကွယ်ဆေးဟု ဖော်ပြရန် လိုအပ်မည် မထင်ပါ၊ သို့သော် အစစ်ဖြစ်ကြောင်း အာမ မခံ။)

သေချာကြည့်လျှင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည်လည်း တိုက်တာ အဆောက်အဦး၊ မြစ်ပင်လယ်နှင့် တောင်တန်းများ စုပြုံနေထိုင်ရာ ထိုင်ခုံကြီးတစ်လုံး ဖြစ်လေသည်။ ကျွန်တော့်အဖို့ မြင်းများမှာမူ ဒြပ်လည်းရှိ၊ အသက်လည်းရှိ၍ လိုက်ပါစီးနင်း ရွေ့လျားနိုင်သော ထိုင်ခုံများနှင့် တူသည်။

သူတောင်းစားတို့အတွက် အလုပ်ချိန်အတွင်း လိုက်ဖက်သော ထိုင်ခုံမှာ မပြောင်းလဲသော မြေကြီး ဖြစ်လေသည်။ သို့သော် ထိုင်ခုံတစ်ချို့ပေါ်တွင် ထိုင်နေသော သူတောင်းစား တစ်ချို့လည်း ရှိသည်။

Sunday, September 7, 2008

ပုံမှန်တစ်ခု လိုအပ်သောနေ့

ပုံမှန်တစ်ခု လိုအပ်သောနေ့

စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း မနက်ဘက် လမ်းထလျှောက်သော ကောင်မလေးများကို လိုက်ငေးနေရ၍လော၊ နေမင်းသည် သူ့ကို အိပ်ယာနှိုးရန် မေ့လျော့ခဲ့လေသည်။ ဒါမှမဟုတ် ညက လူကြုံမှာလိုက်သော “လမင်း”မှာ အိမ်ပြန်ချိန် ကားမမှီမှာစိုးရိမ်ပြီး လောနေသောကြောင့်များ၊ ဂျူတီချိန်းချိန်မှာ မပြောဖြစ်တာလား။

‘ငါတို့ကို ချောင်းကြည့်နေတဲ့သူ ရှိတယ်၊ ငါ လစ်တော့မယ်’ ဟု အိပ်မက်က သတိပေးသောအခါမှ သူ နှိုးထပြီး ဘေးဘီကို ငဲ့ကြည့်မိလေသည်။ ထိုအရာမှာ ပြတင်းပေါက်ကြားမှ ထိုးထွက်နေသော ပိန်ညောင်ညောင် နေရောင် ဖြစ်လေ၏။ သိုဖြင့် သူ အိပ်ယာနိုးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ထိုတစ်နေ့တာကို ဝီရိယရှိသော နောက်ကျခြင်းတစ်ခုဖြင့် စတင်မိသည်။

သူ့အတွက် ပုံမှန်ထက် နောက်ကျနေသော အိပ်ယာထချိန်တစ်ခုဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ချိန်းထားပြီး နောက်ကျဟန်ဖြင့် သူ အိပ်ယာက ကမန်းကတန်းထလိုက်သည်။ ဒါပေမယ့် တလေးတစားနဲ့ အဖြူရောင် ယူနီဖောင်းနဲ့ ဘော်ဒါ သွားတွေကိုတော့ ဖြည်းဖြည်းချင်း သန့်ရှင်းပေးလိုက်သေးသည်။ စာရေးရန်၊ တယ်လီဖုန်းဆက်ရန်၊ ဘတ်စ်ကားစီးရန်၊ နေကောင်းရန် စသော ကိစ္စများလည်း ရုတ်တရက်ဆိုသလို ခေါင်းထဲသို့ ဝင်ရောက်၊ နေရာယူ၊ အသင့်ပြင် နေကြသည်။ အမိန့်ပေးနေသော ဦးနှောက်မှာလည်း တပ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင်။ (ထိုဦးနှောက်ပေါ်မှ အမာရွတ်နဲ့ ဒဏ်ရာများက အတွေ့အကြုံတစ်ချို့ကို ဖော်ပြနေပြီး ထိုဒဏ်ရာများ၏ အောက်တွင်မူ သူ၏ အနှိမ်ခံနေ့ရက်တစ်ချို့နှင့်အတူ အိမ်ပြန်ချိန် မပေးနိုင်ခဲ့သော ကားခတစ်ချို့ ရှိမည်ထင်သည်။)

သူ့အပေါ်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ တစ်ယောက်နှင့် တစ်ယောက် သဘောထားခြင်းမတူ။ တချို့က သူ့ကို စာရေးဆရာဟု သတ်မှတ်သော်လည်း တချို့ကမူ ဖြစ်ရန် ကြိုးစားဆဲ အဆင့်လောက်သာ အသိအမှတ်ပြုသည်။ ဝထ္ထုတို နှင့် ကဗျာ အများစု ရေးလေ့ရှိသည်။

ထို့နောက် စာရေးစားပွဲမှာ ထိုင်လိုက်သည်။ တကယ်တော့ သူသည် ဝထ္ထုတိုများနှင့် စာရွက်ပေါ်တွင် ချိန်းထားခြင်းဖြစ်သည်။ သို့သော် သူနောက်ကျပြီး ရောက်လာသည့်တိုင် ဝထ္ထုတိုများမှာ မရောက်သေး။ ထို့ကြောင့် စားပွဲတွင် ထိုင်စောင့်နေခိုက်.. သတိပြုမိသောအခါ အရေပြားပေါ်တွင် ညကမှ အိပ်မက်ထဲ “မေးခွန်းကောင်တွေ” အကိုက်ခံထားရသောကြောင့် အနီစက်တစ်ချို့ ကိုတွေ့လေသည်။ (သူတို့ကို ကုသရန် ‘အဖြေ’ တံဆိပ် မေးခွန်ပျောက်ဆေးတစ်ပုလင်းကို သူ ဝယ်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။)

စာရေးစားပွဲရှေ့ ကပ်လျက် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ ကျော်ကြည့်လိုက်သည်။ လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသော လူတစ်ချို့ကို သူ၏ ၄ထပ် အလွှာမှ လှမ်းမြင်နေရသည်။ သို့သော် သည်းသည်းကွဲကွဲမဟုတ်၊ သူ့မျက်လုံးမှာ အဝေးမှုန်နေသောကြောင့်ဖြစ်သည်။ မျက်မှန်မတပ်ချင်သောကြောင့် ဒီအတိုင်း သူ အသုံးပြုခဲ့သည်မှာ နှစ် အတန်ကြာ ရှိနေလေပြီ။ သူငယ်ချင်း ဆရာဝန်ကတော့ “မင်း ကာရံတွေမှာ ကိုလက်စတော ပါဝင်နှုန်း များနေလို့၊ အဲဒါ ကာရံတွေ ကြည့်တာ၊ သုံးတာလျော့၊ မဟုတ်ရင် မျက်လုံးထဲ ကိုလက်စထော စိမ့်ဝင်မှုများပြီး အခြေအနေပို ဆိုးနိုင်တယ်”။ တတ်နိုင်သလောက် ထိန်းရန်အတွက် သူ့ ဝထ္ထု၊ ကဗျာတွေထဲတွင် ကာရံတွေ သိပ်မထည့်ဖြစ်တော့။ သို့သော်လည်း တခါတရံ ဖတ်မိတာတော့ ရှိသည်။

ဝထ္ထုတိုများကို သူ ဆက်စောင့်နေသည်။ သူတို့သည် မျက်စိလည် လမ်းမှားနေသလား.. သူ့လိုပဲ အိပ်ယာထ နောက်ကျနေခြင်းကြောင့်လား.. ဒီနေ့မှ ခရီးစရိတ် ပြတ်နေတာကြောင့်လား.. နေမကောင်း၍များ မလာဖြစ်တာလား.. စာရွက်တစ်ရွက်နဲ့ ခဲတံတစ်လက်ကို ကြောက်နေရလို့လား... အချိန်အတော်ကြာအောင် ရောက်မလာသေးပါ။

သို့နှင့် ဆက်၍စောင့်လျက်ရှိစဉ် အိမ်ရှေ့က တံခါးခေါက်သံကြောင့် သူ ပျော်သွားသည်။ ဝထ္ထုတိုများသည် အိမ်ရှေ့ တံခါးခေါက်ဝင်သည် အထင်နှင့် သူ သွားဖွင့်ပေးလိုက်ရာ ဝထ္ထုတိုများမဟုတ်ဘဲ မျက်နှာဖုံးနှင့် လူရှစ်ယောက်ခန့်ကို တွေ့လေ၏။

သူ။ ။ ဘယ်သူတွေများလဲ ခင်မျာ

လူရှစ်ယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တစ်ယောက်က…

ခေါင်းဆောင်။ ။ ကျွန်တော်တို့က ဒုက္ခတွေပါ။

သူ။ ။ ဗျာ.. ဒုက္ခတွေ ?? ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး.. ဒီ အိမ်မှာတော့ ကျွန်တော် တစ်ယောက်ထဲနေတာပဲ.. အိမ်မှား ဝင်ပြီထင်ရဲ့…

ခေါင်းဆောင်။ ။ မမှားပါဘူး ခင်မျာ.. ကျွန်တော်တို့ ခင်များဆီပဲ လာတာပါ.. ကြိုတင် အကြောင်းမကြားနိုင်တာတော့ နားလည်စေချင်တယ်။ ကျွန်တော်တို့က တစ်ခါတစ်ခါ ဒီလိုပဲ ရောက်လာတတ်တယ်..

သူ။ ။ ဟက်ဟက်… ဟုတ်တာပေါ့… ဒုက္ခဆိုတာ ကြိုတင်မသိထားဘဲ ရောက်လာတတ်တာပဲလေ…

ခေါင်းဆောင်။ ။ ဟုတ်ပါတယ်.. ဒါပေမယ့်.. ဒီတစ်ခါတော့ ကျွန်တော်တို့ ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး..

သူ။ ။ အင်း.. ဘာပဲဖြစ်ဖြစ် အိမ်ထဲ ဝင်ထိုင်ပါအုံး…

………………………………………………………………………….

ခေါင်းဆောင်။ ။ တကယ်တော့ ကျွန်တော်တို့က လောကဓံ ရှစ်ပါးပါ။ ဒါပေမယ့် အခုလို လူတွေဆီကို လာတဲ့အခါ ဒုက္ခယောင်ဆောင်ပြီးလာလေ့ရှိတယ်။ ဒါကြောင့် ခင်များ ကျွန်တော်တို့ကို ဒုက္ခတွေ အဖြစ်ပဲ သိထားရင်ရပါပြီ..

သူ။ ။ ကောင်းပါပြီ.. ဒါဆို အခု လာရင်းကိစ္စက…

ခေါင်းဆောင်။ ။ ဒီလိုပါ.. ခင်များ အရင်က ပို့စ်တစ်ခုမှာပါတဲ့ စာတစ်ကြောင်းနဲ့ ပတ်သက်ပြီး ရှင်းစရာလေးတွေ ရှိလို့ပါ.. လောကဓံရဲ့ လက်သီးချက်တွေက ပြည်သူလေးရဲ့ မျက်စောင်းလောက် ထိုးချက်မပြင်းဘူး ဆိုတာလေ…

သူ။ ။ အင်း.. ဟုတ်ပါတယ်.. ကျွန်တော်ရေးခဲ့တာပါ..

ခေါင်းဆောင်။ ။ ကျွန်တော့်အထင်တော့ ခင်များ ကြုံခဲ့ဖူးတဲ့ လောကဓံဆိုတာ ဘာမှမဟုတ်သေးပါဘူးဗျာ… ဒါကြောင့်မို့လို့ ကျုပ်တို့ရဲ့ လက်သီးချက်တွေလို့ ခင်များက တင်စားပြီး အထင်သေးဟန်နဲ့ ရေးလိုက်တာ လို့ယူဆတယ်.

သူ။ ။ အင်း.. ဖြစ်နိုင်ပါတယ်... ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ လူတွေဟာ ပူဆွေးသောကရဖြစ်တာ၊ အဲဒီ ဒုက္ခကို ကျော်ဖြတ်လိုခြင်းဆိုတဲ့ စိတ်ရှိတာဟာ အတူတူပါပဲ… ဘယ်သူကဖြင့် ဒုက္ခပိုရောက်တယ်.. ဘယ်သူ့မှာတော့ လျော့ပြီးရောက်တယ်ဆိုတာကလည်း လူတွေရဲ့ နှိုင်းယှဉ်မှုသက်သက်ပါပဲ.. ခင်များရဲ့ သဘောကို နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးတဲ့ သူမရဲ့ မျက်စောင်းတစ်ချက်ကိုရော ခင်များက လျှော့တွက်ထားတယ်ထင်ရဲ့ …

ခေါင်းဆောင်။ ။ ဒါတော့ ကျုပ် မသိဘူး.. ကျုပ်တို့မှာ ခင်များတို့ လူတွေ ပြောပြောနေတဲ့ ခံစားချက်ဆိုတာမှ မရှိတာ.. အဓိက ဆိုလိုချင်တာက မတူညီတဲ့ အနေအထား ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထုတွေကို မနှိုင်းယှဉ်ချင်ပါနဲ့… ပတ်ဝန်းကျင်တူတဲ့ အခြေအနေတစ်ခုမှာတောင်.. ဆိုပါစို့.. ဆင်တစ်ကောင်ဟာ ဝက်တစ်ကောင်ထက်ပို ထွားတယ်၊ ဒါပေမယ့် သူ့ဟာနဲ့သူတော့ လူ့လောကကို ကောင်းကျိုး၊ ဆိုးကျိုးပြုနိုင်တာပဲ မဟုတ်လား.. တိုင်းတာလို့မှ မရနိုင်တာ… ဒါကြောင့် ပိုပြင်းတယ် မပြင်းဘူးဆိုပြီး အမြင်လွဲအောင် ခင်များအနေနဲ့ မရေးသင့်ဘူး…

သူ။ ။ ကျွန်တော့်အနေနဲ့ကတော့ တင်စားမှုတစ်ခုသက်သက်ပဲ ခင်များကို သဘောထားစေချင်တယ်.. အတိသရဝုတ္တိသဘောကို ခင်များ နားလည်ရင် သဘောပေါက်ပါလိမ့်မယ်..

ခေါင်းဆောင်။ ။ ထားပါလေ.. ဒါက ရေးတာက ခင်များကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတော့ မစွက်ဖက်ကောင်းပါဘူး နောက်ဆိုရင်တော့ ကျွန်တော်တို့ လောကဓံကိစ္စနဲ့ပတ်သက်တာတွေ တတ်နိုင်သလောက် ရှောင်ရေးပေးဗျာ.. ထိခိုက်ပြီး ဆက်ရေးချင်သပဆိုရင်လည်း ခွင့်တောင်းပေါ့…

သူ။ ။ ကောင်းပြီ.. ကျွန်တော်က လောကဓံရှစ်ပါးဆိုတာ အခုလို ဒြပ်ရှိမှန်း မသိလို့ပါ.. နောက်ဆိုရင်တော့ သတိထားပါ့မယ်.. ဒါမှမဟုတ်လည်း ကြိုအသိပေးတာပေါ့…

ဤသို့နှင့် ထိုရှစ်ဦးမှာ နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ ထို့နောက်တွင်မူ ဦးထုပ်ခပ်ငိုက်ငိုက် စောင်းထားသော ဝထ္ထုတိုတစ်ပုဒ် သူ့ဆီရောက်လာသည်။

သူ။ ။ ခင်များ ဘာလို့နောက်ကျနေတာလဲ

ဝထ္ထုတို။ ။ ဒီမယ် ကိုယ့်လူ ကျုပ်က ခပ်ခပ်ပေါပေါ ဝထ္ထုတိုတွေလို မဟုတ်ဘူးဗျ။ လိုချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့.. ကျုပ်က ခင်များဆီက တန်ရာတန်ကြေးကို စောင့်နေလို့..

သူ။ ။ ကျွန်တော်က အဲဒီအတွက် ဘာပေးရမှာတုန်း..

ဝထ္ထုတို။ ။ ခင်များ ပေးပြီးသွားပြီလေ၊ ထပ်ပေးစရာမလိုတော့ဘူး..

သူ။ ။ ပေးပြီးသွားပြီ ??

ဝထ္ထုတို။ ။ ဟုတ်တယ်.. ခင်များ ကျုပ် အတွက် ပေးပြီးသွားပြီ၊ အဲဒါ.. အချိန်ပဲ… ကျုပ်က ခင်များ ပေးနိုင်တဲ့ အချိန်ပမာဏရဲ့ တန်ရာတန်ကြေးပေါ့.. အခု ခင်များကျုပ်ကို ရေးနိုင်ပြီ…

သူ။ ။ အင်း.. ခင်များကို ကျွန်တော် နားလည်အောင်လုပ်ပြီးမှတော့ ရေးချင်တယ်… ဒါပေမယ့် အချိန်လည်း မယူချင်တော့ဘူး.. အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့.. မထူးပါဘူး.. အခုပဲ စရေးလိုက်တော့မယ်…

သို့နှင့် ခဲတံကို ကိုင်ကာ ထိုနေ့က ဝထ္ထုတိုတစ်ပုဒ်ကို သူ စတင်နိုင်လေတော့သည်..

“စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း ….. ”

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Wednesday, August 27, 2008

သူ့မြို့

သူ့မြို့


တစ်ခါတုန်းက တတိယကမ္ဘာတစ်ခုမှာ ဗမာစကားပြောတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီ လူတစ်ယောက်မှာ သူ မပိုင်ပေမယ့် ဆိုင်ခဲ့တဲ့ (ဆိုင်နေဆဲ) မြို့လေးတစ်ခု ရှိတယ်။ အဲဒီ မြို့လေးကို သူ တွယ်တာတယ်… သူ့ရဲ့ အောင်မြေလို့ မခေါ်ထိုက်ပေမယ့်လည်း ။ အဲဒီ မြို့လေးက သူ့ကို အဝေးကနေ သံယောဇဉ်တွေနဲ့ ကော်ကတ်ထားတယ်… သူ့ အဘိုး တည်ထောင်ခဲ့တာလည်း မဟုတ်ပါဘူး။ သူ ပြန်ရောက်တိုင်း မြို့လေးရဲ့အဝင် အဆင်သင့်ကြိုနေတတ်တဲ့ ကျွန်းပင်တွေ၊ ပြောစရာသတင်းတွေ အပြည့်နဲ့ စောင့်နေတတ်တဲ့ ပန်းကလေးတွေ၊ မြို့ရဲ့ အချက်အချာ ဝင့်ကြွားဟန်နဲ့ မမေ့အပ်တဲ့ ဗိုလ်ချုပ်ရဲ့ မြင်းစီးကြေးရုပ်၊ အဲဒါတွေကလည်း အခု သူ့ရဲ့ အဝေးရောက်နေ့ရက်တွေထဲက နာရီတစ်ချို့ မှာ ပျော်ဝင်လေ့ရှိတယ်။

သမိုင်းစာအုပ်တွေထဲမှာတော့ သရေခေတ္တရာ ဆိုတာ အဲဒီ မြို့လေးကို ကိုယ်စားပြုတယ်။ ပျူထီးနန်းရဲ့ မြို့တော်အဖြစ် အေဒီ ၆၃၈ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၁၀၅၇ မှာတော့ ပုဂံလက်အောက်ကျတဲ့အခါ “ပျူ” မြို့လို့ သမုတ်ခဲ့ရာက (ထုံးစံအတိုင်း) ကာလရွေ့လျောပြီး ဒီခေတ်မှာတော့ ပြည်မြို့လို့ လူသိများကြတယ်။ (ကာလ ထပ်မရွေ့လျောပါစေနဲ့လို့ သူ တစ်ခါတစ်ခါ တွေးမိတယ်… နောက်ဆိုရင် “ပ” မြို့တောင် ဖြစ်ကောင်းဖြစ်သွားနိုင်မယ်ပေါ့) မြို့ရဲ့အနောက်ဘက်တစ်လျှောက် ဧရာဝတီမြစ်ကြီး စီးဆင်းနေပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နဝဒေးတံတားနဲ့ ဘောဘောကြီးဘုရား အစရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားများစွာကလည်း ပြောမကုန်နိုင်တဲ့ မြို့ကလေးထဲက သမိုင်း သင်္ကေတတွေပါ။

ငယ်ငယ်တုန်းက ဆိုတဲ့ သူရဲ့ အတိတ်တွေရဲ့ တည်နေရာဟာ အဲဒီမြို့လေးမှာ ဖြစ်တယ်။ တချို့နေ့ရက်တွေမှာ အမေ့ရဲ့ နံနက်ခင်း ထမင်းကြော်နဲ့ အစပြု၊ အဖေ့ရဲ့ အငြိမ်းချမ်းဆုံးသော အသံသာနဲ့ မျက်လုံးပိတ် အိပ်ယာဝင် ပုံပြင်တွေကိုလည်း အခုရက်ပိုင်း အိပ်မပျော်ညတွေမှာ သတိရနေမယ်။ တစ်ခါတစ်လေ လောလောဆယ် သူ့ရှေ့ စားပွဲပေါ်က ကမ္ဘာကြီးကိုပစ်ပြီး မုန့်ပစ်သလက်တစ်ခြမ်း၊ ရေနွေးတစ်ဗန်းနဲ့ အဖွားပေးခဲ့တဲ့ အနမ်းတွေကို လွမ်းချင်လွမ်းနေတတ်တယ်။ သူ့အတွက် ကမ္ဘာပေါ်က တစ်လုံးတည်းသော “အိမ်” ဟာလည်း အဲဒီ မြို့လေးရဲ့ မဖြောင့်တန်းတဲ့ လမ်းတွေ ဘေးမှာ တည်ရှိနေဆဲပေါ့။

တစ်ခါတစ်ခါကျတော့လည်း သနပ်ခါးလှိုင်လှိုင်၊ ကလေးဘဝ ကိုယ်သင်းနံ့ကြိုင်ကြိုင်ကို ဖန်တီးပေးတဲ့ မေမေ့ရဲ့ ကျောက်ပြင်ကလေးက စလို့ နောက်တစ်ခါ ပြန်ခြုံခွင့် မရှိတော့တဲ့ အဖြူအစိမ်း ဝတ်ရုံတွေကို သူ့စိတ်ကူးထဲ ပြန်မြင်ယောင် ဝတ်ဆင်နေကြည့်မိတယ်။ မူကြို၊ အလယ်တန်းနဲ့ အထက်တန်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း မြို့လေးဆီမှာ သူတက်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ၊ တစ်ယောက်ပြီး တစ်ယောက်ပြောင်း၊ စိတ်ဝင်စားခဲ့တဲ့ ကောင်မလေးတွေ ဟောင်းသွားလည်း မြေပုံပေါ်က “ပင်တစ်အပ်စာ” မြို့လေးဟာ သူ့အတွက်တော့ အကောင်းစား မြို့တော်ကြီး တစ်ခုနဲ့တောင် မလဲနိုင်သလိုပင်။

ချမ်းအေးတဲ့ရာသီတွေမှာ နွေးထွေးလုံခြုံခြင်းတွေ ဖန်ဆင်းထားပေးပြီး ပူအိုက်တဲ့အခါတွေမှာတော့ အေးမြသာယာခြင်းကို ဆောင်ကျဉ်းလေသတဲ့။ သူတို့ကတော့ နွေနေပူပူ ဖုန်ထူထူလော၊ မိုးဥတု ရွှံ့တွေထဲလော ဂရုမစိုက်ဘဲ တူညီကျောင်းဝတ်စုံတွေနဲ့ ဂိုးတွေလည်း အပြိုင်သွင်းခဲ့ကြတယ်။ မမေ့ရက်စရာ ဒီဇင်ဘာအားကစားပွဲတွေ၊ စာသင်ကျောင်းက သူ (အချိန်ခိုးပြီး) တီးခဲ့နေကျ ခေါင်းလောင်းသံတချို့နဲ့ ဘုရားပန်း အတူတူကပ်ခဲ့ဖူးတဲ့ ပုံရိပ်တစ်ချို့လည်း ရှိတယ်။ ဆောင်းညတွေကိုတော့ မီးလင်းဖိုမပါဘဲ မေမေ့ရင်ခွင်သက်သက်နဲ့ သူ ဖြတ်ဖူးခဲ့တယ်။

ဆယ့်နှစ်လရာသီတွေထဲက နှစ်စဉ်ပေမယ့် မရိုးနိုင်ဘဲ တန်ဆောင်တိုင် ခြေတိုအောင် လျှောက်ခဲ့ဖူးတဲ့ ပွဲတော်ဈေးရက်တွေ၊ သုံးနှစ် တစ်ကြိမ် မြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲက စွယ်တော် ပင့်ဆောင်တဲ့ သူ့ရပ်ကွက်ရဲ့ ယုဝသမဂ္ဂ လှေတော်ယိမ်းကြီး၊ ဗျောက်အိုးတွေနဲ့အတူ မီးပုံးပျံတွေ၊ စိတ်ကြည်နုးဖွယ် ဝါဆိုပန်းခူး တောလည်ထွက်တဲ့ အခါတွေ၊ ထမင်းနဲနံ့သင်းသင်း တပို့တွဲနဲ့အတူ မြို့လေးရဲ့ အထင်ကရ “ဉာဏ်ရိုးရှို့ပူဇော်ပွဲ” တွေကလည်း သူအပါအဝင် ပြည်သူပြည်သားတို့အတွက် ဂုဏ်ယူဖွယ်၊ အပန်းဖြေဖွယ်ရာ နှစ်တိုင်းရဲ့ ရက်စွဲတွေဖြစ်လေရဲ့။

အလှူအတန်းဆက် ခေါင်းလောင်းထိုးသံတွေ မပျက်တဲ့ အဲဒီ မြို့လေးမှာ အခုချိန်ဆို အဘိုးတစ်ယောက် သူပြန်လာမယ့်ရက်တွေကို အိမ်ရှေ့ကွက်ပစ်ကလေးပေါ်ထိုင်ပြီး ရေကြည့်နေမလား… ၊ ဒီအချိန်ဟာ နေခြည်ဆမ်းထားသော မြေညီလမ်းကလေးပေါ်မှာ ညစာရှောင်တဲ့ ပြည်သူကလေးတစ်ယောက် အဖော်အပေါင်းများနဲ့ ထွက်ကစားတဲ့အခိုက်အတန့်များလား… ပြည်တော်မပြန်နိုင်တဲ့ ပြည်သားတစ်ယောက်ရဲ့ အတွေးတွေလည်း အပြေး၊ ဘေးသို့ အငေးမှာ…. သူမြင်နေရတာဟာ လွတ်လပ်ရေးကျောက်တိုင်ကြီးမဟုတ်ဘဲ ငါးအမြီးနဲ့ ခြင်္သေ့ကြီးတစ်ကောင် ဖြစ်လေရဲ့။

Saturday, June 28, 2008


နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်။


မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။


သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။


စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံပင်တွေကို မမွေးခင်ကတည်းက အနက်ရောင်ဆိုးထားသည်ဟု ကျွန်တော်ထင်သည်။ (သို့မဟုတ် ပင်တိုင်ဖြစ်သည်) သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကန်မဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။



စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”
………………………………………………………………………………………….

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။




Thursday, June 12, 2008

အရူး ဝါဒီ

သတိ။ ။ သင့်မျက်လုံးကို ဂရုစိုက်ပါ။ ရှေ့ကိုက် (၁ဝဝ)အတွင်း ကာရံများ ခလုတ်တိုက်ရန်ရှိသည်။

အရူး ဝါဒီ

စာတွေရေးချ..
ငါလေ တွေးတတ်သမျှ
နင်ရယ်၊ အလွမ်းရယ်၊ အနာဂတ်ရယ်။
စာဖတ်လို့လည်း မရ၊
ကဗျာတွေစပ်လည်း မလှ၊
ရှေ့ဆက်ပြီး
ဒီပုံစံနဲ့ မရတော့ဘူး။


နင့်အပြုံးတွေရယ်
ငါ့ အနာတွေကို ထုံဆေးမပေးသရွေ့..
နင့်အသံတွေရယ်
ငါ့ နားထဲ တံခါးမခေါက်သရွေ့…
နင့် မျက်ဝန်းတွေရယ်
ငါ့အတွက် မီးမစိမ်းသရွေ့…
နေ့ရက်တွေထဲ
ငါ့ဝိညာဉ်ဟာ အလောင်းတစ်ကောင် ဖြစ်သွားသတဲ့။
ခေါင်းသွင်းဖို့
ကြားစကားတွေက သူ့ကိုပြင်နေတယ်။
နင် မြင်နေမယ်..
အသံတွေဟာ နားတွေထဲမှာ လည်ပြီး
အမှန်တွေဟာ အမှားတွေထဲမှာ ကွယ်ပြီး
အဲဒါတွေလည်း ဖယ်ပြီးတော့ ကြည့်ပေးပါ..


မမျှော်လင့်ခဲ့ပါ၊ ချယ်ရီ
အမှန်ပါ..
ဒဏ်ရာတွေဟာ မှန်းချက်ထက်ပိုပြီး
ကမ်းတက်နေ...
လွမ်းလျက် သေဖို့အတွက်
ငါ့ကိုလည်း စမ်းသပ်နေလို့ ။


“ချယ်ရီရေ….
နင်ကအခုတော့ ဘယ်ဆီမှာမသိ
ရွယ်ရည်ပြီး
Ferry မှာ ယောင်ပြီးတော့
ငါမျှော်နေမိ…
နင့် အဒေါ်တွေသိ
x x x x x x


နှစ်ယောက်ထဲပဲ
တိမ်တွေအထက်
သိုလှောင်ထားတဲ့ အိပ်မက်ရယ်
ရုတ်တရက် ဂျပိုးတွေ ကိုက်ဖြတ်ခံလိုက်ရတယ်..
မေတ္တာအိတ်တွေ ပေါက်ကုန်ပြီ…
သစ္စာစိတ်တွေ ဖေါက်ကုန်ပြီ ။


ချယ်ရီ…
လျှံကျနေသော နင့်ရဲ့ သံသယတွေအောက်မှာ
ငါလည်း စာမေးပွဲတွေ ပြန်ကျနေခဲ့တာ…
ခံစားချက်တွေ မပါဘဲနဲ့
ငါတို့လက်တွေ ထိခဲ့ကြတယ်…
ဒီအကြောင်းတွေ ညနေတွေလည်း သိခဲ့ရမယ် ။


“နင့်အကြောင်း
မာယာကျမ်းကို ရေးဖို့ဆိုရင်
မျက်ရည်တစ်စက်နဲ့
စာလုံးတစ်လုံးကို
ငါဟာ လဲခဲ့တဲ့ ကောင်ပါ”


သူစိမ်းတွေထက်လည်း
ပို စိမ်းပြီပေါ့ ။
မတော်တဆ ဆိုပေမယ့်
နှလုံးသားရဲ့ အမာရွတ်တွေဟာ
အတွေးနဲ့တိုက်မိတိုင်းလည်း နာနေတုန်း

စကားမပြောလည်း
နင့်အသံတွေ မာနေအုံးမှာ..
ငါ့ကိုဆို ကြာလေမုန်းဆဲလား ။
ကဗျာတွေကိုတော့
နင့်အတွက် ဖြုန်းဆဲပါ.. ချယ်ရီ။


“အကယ်၍ လမ်းခွဲက
သစ်ရွက်ခြောက်တွေ ကြွေတာ
ကဗျာမဆန်ခဲ့ရင်
နင် ဝမ်းမနည်းရအောင်
ငါ သူတို့ကို ကာရံတွေအကြောင်း
တမင် သင်မပေးထားခဲ့တာပေါ့”


နွမ်းဖတ်နေသော
ပန်းကလေးတစ်ပွင့်လို
အဆင်းရနံ့ကင်းတဲ့
ဒီကဗျာလေးကရော
နင့်အတွက် ရယ်စရာလေးတစ်ခုပဲ
ဖြစ်နေမှာလား…
………….
ချယ်ရီ ဖြေပါ။


ဆရာဝန်၏ မှတ်ချက်စကား။ ။ “သူ့စိတ်ဓါတ်မျိုးနဲ့ဆို ဒီရောဂါ တော်ရုံ ဖြစ်ခဲမယ်၊ ဒီလိုဗျ.. စိတ်ဓါတ်ကို အလွှာတွေနဲ့ ခွဲခြားလိုက်မယ်ဆိုရင် အပေါ်ဆုံးအလွှာဟာ အမာဆုံးလို့ ပြောလို့ရတယ်။ အဲဒီ အပေါ်ဆုံးအလွှာရဲ့ အထက်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေ တည်ရှိနေတယ်လေ။ မျှော်လင့်ချက်ဆိုတာမျိုးဟာ တကယ်တော့ ကုန်ဆုံးရက်ရှိတယ်။ အမျိုးအစားနဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့ တစ်ခုနဲ့တစ်ခု သက်တမ်းကွာသွားတာပေါ့။ ပုံမှန်အားဖြင့် ကုန်ဆုံးရက်ပြည့်တဲ့အခါ မျှော်လင့်ချက်တွေဟာ သူ့အလိုလို အငွေ့ပျံ ကွယ်ပျောက်သွားတယ်ဗျ။ ဒါပေမယ့် ဒီကိစ္စမှာ အဲဒီလိုမျိုး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကို မလိုက်နာဘဲနဲ့… ကုန်ဆုံးရက် လွန်သွားသော်ငြားလည်း သူ့မျှော်လင့်ချက်တွေဟာ အငွေ့ပျံတက်သွားခြင်းမရှိဘဲ ကြာလာတာနဲ့အမျှ စိတ်ရဲ့အလွှာတွေထဲ တဖြည်းဖြည်းနဲ့ အရည်ပျော်ကျစိမ့်ဝင်သွားပြီး နောက်ဆုံး စိတ်ဓါတ်အပေါ်ဆုံးအလွှာဟာ ကျွံ့ကျပျက်ဆီးသွားတာပဲ။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သိပ်စွဲလမ်းလွန်းအားကြီးတယ်ပေါ့ဗျာ”

………………………….

အမှန်တော့ အထက်ပါ ကဗျာဟာ အရူးထောင်တစ်ခုမှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပေါ့။ (ဇာတ်လမ်းပိုပြီး ပေါ်လွင်အောင် သူ့ဒိုင်ယာရီထဲကပဲ စာကြောင်းတစ်ချို့နဲ့ ပေါင်းထားပေးတာပါ။) ချယ်ရီဆိုတာ သူသိပ်ချစ်ခဲ့တဲ့ တစ်ယောက်ထဲသော မိန်းကလေးဖြစ်ဟန်ရှိတယ်။ ရူးနေတဲ့ သူတစ်ယောက်ဟာ ကဗျာရေးနိုင့်ပါမလား ဆိုတာတော့ ခင်များလည်း ကျွန်တော်နဲ့အတူ အံ့သြနိုင်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ လူဆန်ဆန်ရူးသွပ်ကြတယ်။ (ရူးသွပ်သင့်တယ်) ဒါပေမယ့် ဘာကြောင့် တစ်ချို့ကိုမှ ရွေးပြီး အရူးလို့ ခွဲခြားသတ်မှတ်ချင်ကြတာလဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဟာ တရားဝင် ရူးခွင့် ရသွားပြီပေါ့။ ကျွန်တော်တို့ကတော့ လူကောင်းယောင်ဆောင်လိုက်၊ တစ်ခါတစ်လေ ခိုးပြီး ရူးလိုက်နဲ့….

မရူးခင်က သူရေးခဲ့တဲ့ ဒိုင်ယာရီ စာကြောင်းလေးနဲ့ပဲ ဤစာကို အဆုံးသတ်ပါရစေ..

တစ်ပွင့်ထဲသော ချယ်ရီလေးပွင့်ဖို့အတွက် ကမ္ဘာတစ်ခြမ်းကို နှင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆောင်းဥတုတစ်ခုဟာ ကျွန်တော်ပေါ့

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Sunday, May 25, 2008

ဒီခေါင်းစဉ်ရဲ့ နာမည်ခွဲဟာ 'စကားပြောသော ကျွန်တော်' လည်း ဖြစ်တယ်။

စိတ်လွှင့်မှုတစ်ခု

လိမ့်ကာလိမ့်ကာနဲ့ စိတ်ဓါတ်လေးတစ်ခု ပြုတ်ကျလာတယ်။ တကယ်ပါ ဒီရက်တွေမှာ အဆင်မပြေပါဘူး။ ခင်များအနေနဲ့ ပေါင်မုန့်ကို တစ်ကိုက် အသားကိုတစ်ကိုက် ကိုက်ရတာ ကြိုက်ချင်ကြိုက်မယ်။ ကျွန်တော်အနေနဲ့တော့ ပေါင်မုန့်ကိုချည်း ကိုက်နေရတယ်။ မစားလို့လည်း မရဘူးလေ၊ အသားက မကျက်တကျက်ဖြစ်နေတာကိုး။ ကြာတော့လည်း အီလည်လည်ကြီးပေါ့ဗျာ၊ ဒါကြောင့် အသားလေး လျှာပေါ်တင်နိုင်မယ့် အချိန်ကို မျှော်နေရတာ.. ပေါင်မုန့်ကြမ်းကြီး ဝါးရင်းပေါ့။ အဆင်ပြေရင် ခင်များအနေနဲ့ လောကဓံကို ကျေးဇူးတင်လို့ရပါတယ်။

ဖတ်ရင်းနဲ့ ဗိုက်ဆာလာပြီလားဗျ။ အကြော်ပန်းကန်ထဲမှာ ခင်များအတွက် မော်ဒန်တစ်ခြမ်းပဲ့ ချန်ထားတယ်၊ အလွမ်းနံ့တော့ နည်းနည်း ညော်ချင်ညော်မယ်ဗျ။ ကျွန်တော်က တစ်ခုခုချက်တိုင်း အဲဒါ အမြဲတမ်းသုံးတာကိုး။ သူက ငရုတ်သီးလိုပဲ။ ထောင်းတဲ့အခါလည်း သတိထားရတယ်၊ မတော်.. မျက်လုံးထဲ ဝင်သွားရင် မျက်ရည်တွေ လည်လာရော… ။ နောက်ပြီး ရေရှည်မှီဝဲတဲ့အခါ ခင်များရဲ့ ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်။ ကျွန်တော်တော့ လောလောဆယ် တာဝန်တချို့ ထမ်းဆောင်ရင်း အလွမ်းရှောင်နေသဗျ။

အပေါ်က စကားလုံးတွေကို ဖတ်တတ်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ်။ ဟစ်တလာဆို သေပြီးတဲ့အထိ၊ ‘က’ ကိုတောင် မမြင်ဘူးခဲ့ဘူးလေ။ အဲဒီကိစ္စ.. ကျွန်တော် ဝမ်းနည်းသင့်လား၊ ဝမ်းသာသင့်လားတောင် မခွဲတတ်ဘူးဗျ။ ဖြစ်နိုင်ရင် ခေါင်းထဲက သုညတွေကို နိုင်သလောက် ဆွဲခေါ်သွားကြပါအုံး။ သူငယ်ချင်းတစ်ယောက်က ပြောတော့ သူက ကဗျာတွေ ရေးဖို့ ရည်းစားထားတာတဲ့။ မသိတော့ပါဘူးဗျာ… ရည်းစားတွေရေးဖို့ ကဗျာတွေထားတာလား။ ကဗျာတွေက သူ့ကို ရေးတာလား။ ကဗျာတွေကို ရည်းစားတွေ ထားတာလား။ အဖြေမထုတ်တတ်လို့ စိတ်တွေ ပူကောင်း ပူမယ်။ ဒါဆို ခင်များက နှစ်သိမ့်တဲ့ အနေနဲ့ အိုဇုန်းလွှာကြောင့်ပါလို့ ပြောလိုက်မလားဗျာ။ ဒါထက် ပိုပြီး အိမ်မှာရှိတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စနစ်တကျ စွန့်ပစ်ပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဖြစ်ချင်တာတွေရှိပေမယ့် ဖြစ်သင့်တာတွေထက်ပိုမဖြစ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တာတွေပဲ လုပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လူတွေရဲ့ ကန့်သတ်ချက်နဲ့ သီအိုရီတွေ ဖြစ်တယ်။ မွေးကတည်းက ကျွန်တော်တို့ ခင်များတို့ရဲ့ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်ကို အဲဒီလူတွေဟာ သူတို့ရဲ့ ပုံသေနည်းတွေ အဘိဓါန်တွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေနဲ့ ဘောင်ခတ်လိုက်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း သူတို့လိုပဲ လူ့ဘောင်အဖွဲ့အစည်းထဲက လူတွေဆိုပြီး ဖြစ်လာတယ်။ အဲဒါကြောင့် “ဖြစ်ချင်တယ်” ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ တွေးတတ်သလောက်ပဲ ဖြစ်ခွင့်ရှိတော့တယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်၊ ဆရာဝန်တစ်ဦး၊ ပန်းချီဆရာ၊ ဘုရင်တစ်ပါး၊ ဒါမှမဟုတ်လည်း ခွေးတစ်ယောက်၊ ပန်းချီသမ၊ ဆရာဝန်တစ်ခု၊ ဘုရင်တစ်ကောင်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ အခြေခံအားဖြင့်တော့ ရုပ်မဟုတ်ရင် နာမ်၊ ဒါမှမဟုတ် နှစ်ခုစလုံးပဲ ဖြစ်နေတယ်။ ဒါထက်ပိုပြီး ကျွန်တော်တို့ လူတွေ မတွေးနိုင်ဘူး။ သင်္ချာပညာအရဆိုရင် X-Y ပြင်ညီတစ်ခုလို ဖြစ်မယ်။ ဒါဆိုရင် အရာဝထ္ထုတွေ တိုင်းတာတဲ့အခါ Dimension က ရုပ်ရယ်၊ နာမ်ရယ် နှစ်ခုပဲ ရှိတယ်လို့ ဆိုလိုချင်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ (ကျွန်တော်လောလောဆယ် ကြိုးစားရေးနေတဲ့ အသည်း back-up လုပ်နည်း programတစ်ခုအတွက် ဒီဆိုလိုချက်က အသုံးဝင်ကောင်းဝင်မယ်။ မေးစရာတောင်မလိုပါဘူး၊ ကျွန်တော်တို့အားလုံး အသည်းကွဲခြင်းကို ကြောက်တယ်ဆိုတာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ အသည်းမှာ software တစ်ခု တပ်ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အကြောင်းကတော့ ကျွန်တော်ရှေ့ ရေအိုင်ထဲမှာ လရိပ်တွေ ထူထပ်များပြားနေလို့၊ (ဒါမှမဟုတ်လည်း အသည်းကွဲတိုင်း သောက်တဲ့ ကော်ဖီနဲ့ မြည်းစရာ စာအုပ်တွေ ဈေးတက်သွားလို့။) အဲဒီ softwareရဲ့ အလုပ်လုပ်ပုံက အသည်းထဲ ဝင်လာသမျှ ပစ္စည်းတွေ (အချစ်၊ အမုန်း၊ အချို၊ အခါး)မှာ အသည်းခွဲစေနိုင်တဲ့ ဗိုင်းရပ်စ် ပါမပါ စစ်ပေးမယ်လေ။ မသင်္ကာစရာရှိရင် ခင်များကို သတိပေးမှာပေါ့။ အဲဒီအခါ ခင်များအနေနဲ့ အဲဒီပစ္စည်းကို ဝင်ခွင့်(ဗီဇာ)ပိတ်လိုက်လို့ ရမယ်။ ဒါပေမယ့် အသုံးပြုတဲ့အခါ ပုံမှန် သက်တမ်းတိုး (update) လုပ်ပေးဖို့တော့ လိုလိမ့်မယ်.. အကြောင်းက နောက်ဆုံးပေါ် အသည်းခွဲ ဗိုင်းရပ်စ်တွေ နေ့စဉ်နဲ့ အမျှ ပြန့်နှံ့နေလို့ပဲ။)

ကျွန်တော်ဟာ တခါတရံ အချိန်ပိုင်း ကဗျာရေးသူ အလုပ်လည်း လုပ်သေးတယ်ဗျ။ ဒါကြောင့် အဆင်မပြေမှုတွေထဲမှာ ကဗျာရေးတဲ့ အကြောင်းလည်း ပါတယ်။ ကဗျာဆရာတော့ မဟုတ်သေးဘူး။ ဒါဆို ကဗျာရေးသူတစ်ယောက်ရဲ့ ဒုက္ခပေါ့။ (ကျွန်တော့်အတွက်) အဲဒါတွေကတော့ စာရေးစားပွဲမှာ ကဗျာမထွက်ခြင်း၊ ရေးချစရာ မရှိသော အချိန်မှ အိုင်ဒီယာရခြင်း၊ တစ်ခါတစ်ခါဆိုဗျာ အချိန်ကိုက် စာမေးပွဲခန်းထဲမှာ ကဗျာတွေ အတောင့်လိုက်လည်း ထွက်ထွက်ကျ တတ်တယ်၊ ခင်များဆိုရင် ကဗျာတွေ ဆက်တွေးမလား၊ ဒါမှမဟုတ် အဖြေတွေပဲ ရေးချနေမှာလား။ ခက်တာက ကျွန်တော် မှတ်ဥာဏ်လည်း မကောင်းဘူးဗျ။

ရွက်တစ်စင်း လွှင့်တဲ့အခါ ပန်းတိုင်မရောက်ခင် မုန်တိုင်းတွေ၊ ဒီရေတွေ၊ ကျောက်ဆောင်တွေ၊ အတားအဆီးတွေ ရှိတယ်။ စိတ်တစ်ခု လွင့်တဲ့အခါ ရည်မှန်းချက်မရောက်ခင် အဆင်မပြေမှုတွေ၊ အနာတွေ၊ အနှောင့်အယှက်တွေ၊ ပယောဂတွေ၊ ချုပ်နှောင်မှုတွေ ရှိတယ်။ ဒါတွေအားလုံးအတွက် ချုပ်ငြိမ်းဖို့ ထွက်ပေါက်တစ်ခုရဲ့အမည်ကို သေခြင်းလို့ ခေါ်တယ်။ ဖြစ်ပျက်နေတာ အားလုံးဟာလည်း ဝင်သက်ကလေး အထွက်နဲ့ ထွက်သက်ကလေး အဝင်ပါပဲ။

ကျွန်တော်သေတဲ့အခါကျရင် အနာတွေကို မြေမြှုပ်၊ ကဗျာတွေကို အရည်ပြုတ်ရင်း သရဏဂုံနဲ့ အဖြေထုတ်လိုက်ပေါ့။



Tuesday, April 29, 2008

တစ်ခုခုပေးဖို့ ကြံစည်ကြည့်ခြင်း



- ခြင်္သေ့ကျွန်းမြေမှာ မြေမြှပ်ထားတဲ့ တွန့်ကြေနေသော နာကြည်းချက်တချို့ ရှိတယ်။ စာရွက်အကြမ်းတွေပေါ်ကနေ အငွေ့ပျံတက်သွားတဲ့ ကမ္ဘာမကြေကဗျာတွေဟာ တိမ်တွေတက်စီးရင်း ထွက်ပေါက်တွေလိုက်ရှာ၊ နောက်ဆုံး မြေပြင်ပေါ်ပြန်နင်း၊ မခံချင်စိတ်တွေနဲ့ သွေးသောက်ဖွဲ့၊ အောင်မြင်မှုဆိုတာကို အတူတူဖန်ဆင်းကြတယ်။ သိမ်ငယ်စိတ်ကောင်လေးဟာ အချိန်တန် အရွယ်ရောက်တဲ့အခါ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ ကမ္ဘာလည်ဖို့ program တစ်ခုကို သူ တည်ဆောက်နိုင်ပြီ။

- လက်ဆွဲနှုတ်ဆက်ပေမယ့် နားလည်မှုတွေ မွဲနေကြတုန်း။ ငြိမ်းချမ်းမှုနဲ့ လက်ယာဖက်ကျွန်းတစ်ခု ဘ၀ခြားနေသည်။ ရာဇ၀င်တွေကို ဖုန်ခါပေမယ့် အသစ်မှဖြစ်မလာတာ။ ဒီလိုနဲ့ပဲ အနက်ရောင် သုတ်လိမ်းလိုက်ပြီး ပုံပြင်တွေအဖြစ်နဲ့ မေ့ဆေးပေးလိုက်ကြတယ်။
ကိစ္စမရှိပါဘူး။ သူ့တို့သွေးတွေ စီးဆင်းနေတဲ့ သူတို့ရဲ့ နောင်လာမျိုးဆက်တွေက အပင်ပန်းဆိုတာကို ကျောပေါ်ထမ်း၊ ချွေးစိုနေတဲ့ အရေပြားတွေကို ရေလဲလို ၀တ်ပြီး.. အနှိပ်အစက်ဆိုတာကို ခါးမှာစည်းခံ။ ရက်တွေကြာကမ္ဘာတွေဆုံးသွားမယ်… ယုံကြည်ချက်တွေမှာ အသက်တွေပါနေတုန်းပါပဲ။

- အဝေးကို တွေးရင်း၊ တဖြည်းတဖြည်း အတွေးတွေနဲ့ ဝေးလာတယ်။ အတွေးတွေကို ငါ တွေးတယ်။ အတွေးတွေက ငါ့ကို ဆက်တွေးတယ်။ သူတို့ရဲ့ခါးအထက်မှာ ဦးနှောက်တွေကို ဆလွယ်သိုင်းထားတယ်။ ထည့်မိထည့်ရာ ထည့်ကြလော့…. ဟစ်တလာ၊ ခေါင်းစည်းကြိုး၊ မေမြို့ည၊ တတိယကမ္ဘာ၊ ဆိတ်ဗိုလ်၊ linear motion, နာရီ၊ ဘလော့ဂါ (blogger)၊ အာဒံ၊ အဖေတူ အမေကွဲ အိပ်မက်များ၊ အာကာသ၊ NO။ ဒီလိုနဲ့ပဲ တစ်ခါတုန်းက လူနာတစ်ယောက်ဟာလည်း ဆရာဝန်ကြီးတစ်ဦးဖြစ်လာတယ်။

- ဖြစ်နေသည်များကို ဘူးတတ်ခြင်း (သို့) ဘူးဖြင့်ဖော်ပြခြင်း

- မထိဖူးတဲ့ သူမရဲ့လက်ကလေးလို မနွေးထွေးဘူး။ မိုးကြိုးတွေလို၊ ရသ မပေးဘူး။ ဇွန်းတစ်ချောင်းလို ကော်ဖီ မဖျော်ဘူး။ ဘာလီတစ်စေ့လို အာဟာရမပေးဘူး။ အပေါင်ဆိုင်လို အကြွေး မတောင်းဘူး။ လျှာတစ်ခုလို အရသာမခံတတ်ဘူး။ အာဏာတစ်ချက်လို လူမသတ်ဘူး။ အမှားတွေလောက်တောင် အသုံးမ၀င်ဘူး။ အနမ်းတွေလောက် လူသားမဆန်ဘူး။ သွားတွေလို အလုပ်မကြိုးစားဘူး။ ညဘက်အိပ်တဲ့ရင် (ရေခဲတုံးတွေလောက်) မပျော်ဘူး။ မျက်နှာက ရေးနေကျ အနက်ရောင်စာအုပ်လောက် ကြည့်ချင်စရာ မဖြစ်ဘူး။ (အချိန်ဟာ အခုတလော ဆရာဝန်ယောင်ဆောင်ပြီး အပ်တစ်ချောင်းနဲ့ ဆေးထိုးစမ်းဖို့ (ကျွန်တော့်ကို) လိုက်ရှာနေတယ်) ဒေါက်ဖိနပ်လိုလည်း taxi မစီးဘူး။ စာထဲက သတိရတာ အပြင်မှာလောက် မပီပြင်ဘူး။ မျက်ရည်တွေက၊ ပေးဖူးတဲ့ ကဗျာလေးလောက် own tune မဖြစ်ဘူး။ (ရေရောထားတယ်)။ လာမှန်တဲ့ သဘောထားတွေက ပုရွက်ဆိတ်ကလေးရဲ့ ဖင်လောက်တောင် မကြီးကြဘူး။ အရိပ်တွေလိုပဲ၊ ပစ်သတ်လို့ မရဘူး။ အတန်းထဲမှာလို နာမည် မခေါ်ဘူး။ စကားပြောတဲ့ရုပ်ရှင်တွေလောက် သဘာဝမကျဘူး။ မြင်းခွာသံတွေလောက် မညင်သာဘူး။ ကျောင်းသူလေးတစ်ယောက်လိုပဲ၊ မရင့်ကျက်ဘူး။ (တိုက်ဆိုင်သူများရှိရင်လည်း တစ်ခုခုလွှတ်။) ကျမ်းစာတစ်အုပ်လိုတောင် နားလည်မပေးကြဘူး။ Mouse တစ်လုံးလောက်တောင် ခိုင်းချင်စရာ မကောင်းဘူး။ ပွင့်နေတဲ့ အံဆွဲလောက်တောင် စိတ်မချရဘူး။ (အတင်းပြောသော ပါးစပ်များ ခြစားပါစေ)။ မုန့်ဖိုးနဲ့ စုထားတဲ့ တယ်လီဖုန်းကတ်တွေလောက်၊ ရည်ရွယ်ချက်ပန်းတိုင် မကြီးမားဘူး။ မီးသွေးခဲလောက်တောင်၊ ဥပဓိရုပ် မကောင်းဘူး။ ပါးကွက်သားလောက်တောင် မညာတာဘူး။ ကာရံတွေလို၊ ကျွန်တော်ကို မခင်ကြဘူး။ ဟဲဟဲ… (မချိပြုံး ပြုံးလျက်) “လောကဓံရေ..… နင့်ရဲ့ လက်သီးတွေက ပြည်သူလေးရဲ့ မျက်စောင်းလောက်တောင် ထိုးချက် မပြင်းဘူးကွ.. “ ဟားဟား… ။

အတူသောက်ဖူးတဲ့ မင်းနဲ့ ကော်ဖီ၊
ပါးပြင်အထက်မှာ သင်းခဲ့တဲ့ ဒေါ်သီ၊

ကာရံတွေနဲ့ သီထားတဲ့ စာတွေ
၂ ရက်မအိပ်ဘဲ စီထားတဲ့ ကဗျာလေး
နောက်ပြီး.. နင်နဲ့ တည်ကြမယ့် ကမ္ဘာတွေ
ငါလေ တစ်ယောက်တည်း အားထုတ်..

ကောင်မလေးရေ… နင့်ဆီ ဖုန်းဆက်ချင်တယ်ဟာ.




Wednesday, April 23, 2008

ရည်ရွယ်သူ မင်းသမီးသို့ ရူးသွပ်ခြင်း

မှတ်ချက်။ ။ ဖြည်းဖြည်းဖတ်ပါ။

နွေလို ပါပဲ၊ မင်းသမီးရယ်… ရာသီတွေ လည်နေပေမယ့် ရင်ထဲမှာ နွေတွေပဲ ထိုင်ရာမထ ဖြစ်နေဆဲ… ဒဏ်ရာရ အချစ်တွေပဲ အဖော်ပြုနေတယ်။ နေကို မျိုချဖို့ အကြံတစ်ခုနဲ့ကောင်းကင်ရဲ့ အံကတ်ကိုများ ဖွက်ခဲ့လေသလား မင်းသမီးရယ်.. ဒါဆို နှလုံးသားထဲက အလွမ်းဆိုတဲ့ ပစ္စည်းအမယ်ကိုလည်း အပေါင်းအပါများနဲ့အတူ မဲဇာကို အမြန်ချောပို့ပေးပါ.. မျက်ရည်အချို့နဲ့ မင်းသမီးအကြောင်း ကဗျာတွေ အဲဒီကို ဆိုက်ရောက်လာပါအုံးမည်။ (သို့မဟုတ်) ကျွန်တော်ရှိနေတဲ့ အိပ်မက်တွေကို တစ်ဆိတ်လောက် တံခါးလာမခေါက်ပါနဲ့လားဗျာ။ ကဗျာတွေယောင် ဆောင်ထားတဲ့ ခံစားချက်တွေက အညှိုးကြီးလို့ပါ၊ မင်းသမီးရယ် ။

မင်းသမီးရေ…

ရွှေလက်ကလေးကိုတွဲ
ရှေ့လျှောက်ရမယ့် လမ်းတွေအတွက်
အမှီခံ ရင်ခွင်တစ်ခုအားလည်း
ဆက်သပါရစေ ကွယ်…

တခြားမဟုတ်ရပါဘူး။ အဲဒီနေ့က ရှက်ဖို့ပြင်ခိုက် မျက်နှာလေးမှာ၊ မက်ဖို့လေးတွေ မြင်ပြီးကတည်းက ဟောဒီ မျက်လုံးတွေရဲ့ အာသီသကြောင့်ပါ။ ဒါကြောင့် အမုန်းအသစ်တွေတီထွင်ပြီး၊ အဆုံး.. အချစ်တွေကိုတော့ မစီရင်လိုက်ပါနဲ့ မင်းသမီးရေ။ ဖုန်တက်နေတဲ့ မျှော်လင့်ချက်တွေနဲ့ ခေါက်ရိုး ကျိုးကျိုး သံယောဇဉ်တွေကို လွယ်အိတ်နဲ့သယ်.. Singapuraရဲ့ နေ့ရက်တွေမှာလည်း ကျွန်တော် ပျော်သလိုပါပဲဗျာ။ ပေးခဲ့တဲ့ စာထဲကလို “အဝေးလူရဲ့ အဆွေးဓါတ်ကို သူတို့တွေလည်း နိစ္စဓူဝ ဖေးကူနေဆဲပါ” မင်းသမီးရေ... (သတိတွေလည်း ချွေချွေတာတာနဲ့ ရနေပါရစေ)။ နောက်ပြီး ရင်ခွင်ထဲမှာလည်း နင် တက်ဖို့ ကျူရှင်တွေ အများကြီးရှိနေတယ်။ တနေ့.. အချစ်အကြောင်း ကဗျာတွေ ပေါင်းရေးဖြစ်တဲ့အခါ၊ အဲဒီနေ့ကျ ကျောင်းလည်း မပြေးဖို့ အကြံပေးပါရစေ.. မင်းသမီးရယ်… စာသင်ကျောင်းထဲ လိပ်ပြာလေးတွေ.. မင်းအလာကို ကျိတ်မျှော်နေကြပြီ။ (၆လမ်းထိပ်က အတိတ်တွေလည်း အခုတလော အဆိပ်တွေ ပြန်တက်နေပါသည်။) မငြင်းနိုင်ဘူး။ တဒိတ်ဒိတ် ရင်ခုံသံတွေက Library လှေကားထစ်တွေနဲ့ ပက်သတ်ခဲ့ဖူးပါတယ်။ မခွံ့ကျွေးဖြစ်ပေမဲ့ စတော်ဘယ်ရီတွေ ချိုနေမှာပါ မင်းသမီးရေ ။ ၇ ရက် ဧပရယ်ကတည်းက ချေးငှားသွားတဲ့ အပြုံးတွေ ပြန်ဆပ်ပေးပါ။ ဘ၀တစ်ခု ကျပျောက်သွားတာ ပြန်မတွေ့သေးလို့။ အဖေပြန်မလာခင်အထိပဲ ဒိုင်ယာရီထဲ ကဗျာတွေ မြေလှန်ရှာလို့ ရပါသည်။ ၂၀၀၈ ကန္တာရကြီးတစ်ခုက ကံဆိုးမလေးတစ်ယောက်ထဲ မိုးတွေကွက်ကျားခဲ့ရင်… ဒီက edukingကို တဲတစ်လုံးမဟုတ်ရင်တောင်၊ ထီးတစ်လက်ဖြစ်ခွင့်အား ပေးသနားတော်မူလိုက်ပါ။ ကျောကုန်းပေါ် အတောင်တွေပေါက်၊ တော်ရာကို ပျံနိုင်ကောင်းပေမယ့်၊ မင်းသမီးနဲ့ ပျော်စရာတွေကို မချန်နိုင်ကြောင်းပါ။ (အဲဒီအတောင်တွေကို ရင်ခုံခြင်းတွေက မွေးစားထားတယ်၊ ရင်ခုံခြင်းတွေထဲမှာ အသွေးအသားတစ်ချို့ ၀င်စားနေတယ်၊ အသွေးအသားတွေထဲမှာတော့ စာလုံးပေါင်းမှားနေတဲ့ ပါးချိုင့်ကလေး နှစ်ဆင်းနဲ့ မျက်မှန်လေးတစ်လက် ရှိကောင်းရှိနေမယ်) တလောက ရစရာဒဏ်ရာအကြွေးစာရင်းတစ်အုပ် မီးလောင်သွားသည်။ တစ်ရက်ပြီးတစ်ရက် ရနေပေမယ့်၊ ဘယ်တော့ ဆပ်ကုန်ကြမယ် မသိ။ သေရင် မပြီးပြတ်အလွမ်း၊ ရှင်ရင် မီးပျက်အနမ်းတွေပါ၊ မင်းသမီးရေ ။

မင်းအကြောင်းကို သတင်းကောင်းတွေမှ မကြားရရင် ဒီညလည်း အိပ်မက်တွေ ၀က်ခြံထူထူနဲ့ပါပဲ။ (ကျေးဇူးပြု၍ မိက်ကပ် မဖို့ပါနဲ့)။ မင်းသမီးရေ.. လူနာဆောင် အမှတ်(--) ခုတင်ပေါ်၊ မျှော်လင့်ချက်ပိန်ပိန်လေးတစ်ခု ဆေးရှိန်နဲ့ မှေးမှိန်နေတယ်.. အင်ဂျင်နီယာတစ်ကောင်တော့ ကြိုးစားပြီး သူ့ကို ဆေးပေးနေလေရဲ့။

ရောင်နီမသန်းခင်
မှောင်ရီလမ်းက ကြိုပါရစေ..
အလွမ်းတွေ ခိုလို့
ရင်ခွင်လည်း ပြိုတော့မယ်…. ။ ။


Tuesday, January 8, 2008

လမ်းတွေမှာ ကျွန်တော်တစ်ယောက်ထဲ အဖော်ပျောက်ဆဲပါ...


နှံကောင်လေးရဲ့ ဒုတိယမြောက် နွေဦး ပုံပြင်


နောက်ထပ်နွေဦးတစ်ခု သူ့ရှေ့လာရပ်မှာကို ကြောက်နေသည်။ သူ့မှာ နွေရောက်တိုင်း ကွဲတတ်တဲ့ အသည်းတစ်ခု ရှိသည်။ နွေဦးက သူ့ရဲ့ ခံစားချက်တွေကို အားလုံးနဲ့အတူ ခြောက်သွေ့သွားစေသည်။ Enter ခေါက်ပြီး နောက်ရာသီတစ်ခု ကျော်သွားလို့ရရင် သိပ်ကောင်းမှာပဲ.. သူစဉ်းစားနေသည်…
ဟိုးအဝေး… တောအုပ်ညိုညိုဆီက ယိုထွက်လာတဲ့ လေပြေတစ်စင်းက သူ့ရဲ့ရင်ခွင်တစ်ခုထဲကို ရွေးမှန်လိုက်သလို၊ နွေဦးက နာကျင်စရာတွေကို အဲဒီ နှံကောင်လေးတစ်ကောင်ထံ သယ်ဆောင်လာသည်….

တိမ်တွေပေါ်မှာတော့ မဟုတ်တာသေချာသည်… ဒါပေမယ့် သူ နတ်သမီးကို တွေ့ ခဲ့သည်… တမင်တကာတော့ မလုပ်ခဲ့တာသေချာသည်… ဒါပေမယ့် အသစ်စက်စက် ရင်ခုံသံတွေက အဲဒီ့နေ့ကျမှ ရည်ရွယ်ချက်တစ်ခုကို ရှာတွေ့ခဲ့သည်… ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ကို သူမအတွက် သူစဉ်းစားနေမိသည်… နောက်ကျသွားမှာကိုလည်း စိုးရိမ်နေမိ။ ညစဉ်… တိမ်တွေရဲ့ အထက်မှာ အရှိန်တက်ဆဲ အိပ်မက်တစ်ခုကိုလည်း သူမ အတွက်မက်ဖြစ်ခဲ့သည်…

ရင်ခွင်အခန်းလေး ပွင့်ပါ့မလား..
ခုနှစ်စဉ်အလွမ်းတွေပဲ သင့်မှာလား…

အဲဒီ့နေ့က သူ့ဘ၀ရဲ့ အခမ်းနားဆုံးသော မျှော်လင့်ချက်တွေအတွက် ရည်ရွယ်ပြီး အဲဒီမိန်းကလေးဆီ စကားတစ်ခွန်းကို အရောက်ပို့လိုက်သည်… နံဘေးမှာ မိုးတွေတော့ ရွာမနေခဲ့ပါဘူး… ဒါပေမယ့် သူ့စကားကိုကြားတဲ့အခါ ပြာနေတဲ့ကောင်းကင်ကြီးက ချောင်းပြင်ပြီး ဆိုးလိုက်သတဲ့… သူမကတော့ ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်… အိမ်အပြန်လမ်းမှာတော့ မိုးတွေက အစိမ်းလိုက် သူ့ကိုယ်ပေါ်ရွာချပစ်သည်…

ရင်ခွင်အခန်းကို ညစဉ် တံခါးလာခေါက်ပြီးမှ အိပ်မရတဲ့သူကို အပြစ်ပြောရက်တယ်…
မတော်တဆဆိုပေမဲ့ အိပ်မက်တွေဟာ ချော့သိပ်လည်း ပြန်မအိပ်နိုင်တော့ဘူး… ကောင်မလေးရယ်… နေ့တွေ၊ ညတွေမှာ သူ စောင့်နေခဲ့တယ်… တကယ်ပါ.. အနာဂတ်ကိုဝင်ဖို့ သူမနဲ့ မက်မယ့် အိပ်မက်တွေဟာလည်း တုံကင်တွေ ဝေလို့ မလောက်အောင် တန်းစီနေကြပြီလေ…

သူမဘ၀အတွက် အဖြေရှာဖို့ ကျွန်တော်မသိတဲ့ နေရာတစ်ခုဆီ ထွက်သွားခဲ့ပါတယ်… ကျွန်တော်အကြွင်းမရှိ မုန်းတဲ့ နွေဦးတစ်ခုမှာပေါ့.. အဲဒီလေယာဉ်ပျံကြီး ပျံတက်သွားရင်း၊ ဟောင်းလောင်းပေါက်ရင်ခွင်ကြီးတစ်ခုကို မြန်မာပြည်မှာ ချန်လျှက်ထားခဲ့ပြီ… ကျွန်တော့်ရဲ့ အလွမ်းကဗျာတွေဟာ သူမရဲ့ခြေတစ်လှမ်းကိုတောင် မတားလိုက်နိုင်ခဲ့ဘူး…

အို ဘုရားသခင်

ကြားချင်တဲ့ သူ့အသံလေးရယ်

ပါးပြင်နဲ့ သူ့ဟန်လေးရယ်ကို

ညတိုင်း အိပ်မက်တွေထဲဝင်လာဖို့

အကြွင်းမဲ့ ခွင့်ပြုပေးတော်မူပါ…


ကောင်မလေးရယ်… စီးချင်းတွေမှာ ကြောက်စိတ် မြူမှုံမဲ့တဲ့ သူရဲကောင်းဟာ ချစ်သူ့ရင်ခွင် ပျောက်မှာကိုတော့ ကြောက်ခဲ့ဖူးတယ်.. ဒုတိယံမိနွေဦးအတွက် နှံကောင်လေးဟာ အစာကိုတွေ့လျက်နဲ့ စွန့်လွှတ်ခဲ့ရတာပါ...
အကယ်၍ အဲဒီSingapura ညတွေမှာ ကျွန်တော်မပါလည်း ပျော်နေမယ်ဆိုရင် ဖုန်းတွေခေါ်ဖို့တော့ မျှော်မနေတော့ပါဘူး… နင့်လက်ကလေးကိုမြဲမြဲတွဲ၊ နောက်ဘယ်တော့များရယ်မှ အဲဒီနွေဦးတွေကို ကလဲ့စားချေနိုင်ပါ့မလဲကွယ်… သနပ်ခါးတင်တဲ့ ပါးပြင်လေးကို ထိကပ်၊ စိတ်ချင်းတွေလည်းနီးစပ်ပါမှ အဲဒီအလွမ်းတွေကို နှင်ထုတ်နိုင်မှာပါ.. ကောင်မလေးရေ…

ကံတွေ မကုန်သေးရင်တော့
တချိန်ကျ
တို့ ရင်တွေပြန်ခုံကြသေးတာပေါ့…



မှတ်ချက်။ ။ ဘလော့ရဲ့ (ဒါမှမဟုတ်) ကျွန်တော့် ဘ၀ရဲ့ ပထမဆုံးရေးမိတဲ့ ၀ထ္ထုတိုလေးတစ်ခုပါ…



Friday, November 30, 2007

07 Poem Revolution

တွေးမိတွေးရာလေးတွေပါ။

ကဗျာဆရာတဲ့။ ကဗျာရေးတဲ့ သူကို အများစု ခေါ်ကြတဲ့အခေါ်ဝေါ်။ တစ်ချို့လည်း အထင်ကြီးကြသလို၊ တစ်ချို့ ကြတော့ ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ဂရုမစိုက်နိုင်ကြဘူး။
အင်း.. ဒါတွေထားပါ.. ပြောချင်တာက..
ကဗျာဆရာထက် စကားလုံးမုဆိုးလို့ ပြောင်းခေါ်ကြည့်ရင် အဆင်ပြေမလားလို့ ကျွန်တော်တွေးမိပုံက..

ကဗျာဆိုတာ စကားလုံးတွေကို ပုံစံခွက်ထဲ ထည့်ပြီး ပြထားတဲ့ စာပိုဒ်တွေပေါ့ဗျာ။ လူမှာ ရုပ်ကို နာမ်ကဆောင်သလို ကဗျာမှာ စကားလုံးတွေကို ကဗျာရဲ့ flow ကဆောင်သပေါ့။ တနည်းအားဖြင့် rhythms လို့ခေါ်ရင်လည်း အဆင်ပြေမယ်ထင်ရဲ့။ အဲဒီ ကဗျာဆရာဆိုတဲ့လူဆီမှာ ကဗျာရဲ့ flow တွေရှိသတဲ့။ တနည်းအားဖြင့် စကားလုံးတွေအတွက်တော့ လှောင်အိမ်တွေပေါ့ဗျာ။ အဲဒီ ကဗျာဆရာဟာ ကဗျာဖြစ်ဖို့ အတွက် စကားလုံးတွေကို သူရဲ့ flow တွေထဲကို လိုက်ထည့်တယ်ပေါ့ဗျာ.. စကားလုံးတွေကလည်း သူတို့ အကျဉ်းချခံရမှာ မလိုလားတဲ့အတွက် ကဗျာဆရာ လိုက်ဖမ်းတာကို ရှောင်တယ်ပေါ့။ ဒီလိုနဲ့ ကဗျာဆရာက လိုက်ဖမ်းလိုက်၊ စကားလုံးတွေက ပြေးလိုက်နဲ့၊ မိလိုက်တဲ့ အလှည့်ရှိသလို၊ လွတ်သွားတဲ့ အလှည့်တွေလည်းရှိသတဲ့..။ အင်း... ဒီနေရာမှာ တစ်ချို့ ကဗျာဆရာတွေက လိုချင်တဲ့ စကားလုံးကို မရမချင်းလိုက်ဖမ်းကြသလို၊ တစ်ချို့ ကြလည်း ယုန်မရ ကြောင်ဖမ်းပြီး ပြန်ကြသတဲ့။ တစ်ချို့ကျပြန်တော့လည်း အသုံးမလိုတဲ့ စကားလုံးတွေကို ပြန်လွှတ်ပေးလေ့ရှိပြန်တယ်။ ဒါကြောင့် ကဗျာအရေးကောင်းတဲ့ သူတွေဟာ တကယ်တော့ စကားလုံးမုဆိုးကျော်တွေပေါ့။ သူတို့ဟာ လိုချင်တဲ့ စကားလုံးမှန်သမျှကို မိအောင်ဖမ်းနိုင်တယ်လေ။ စကားလုံးလောကအတွက်တော့ တကယ့်ရန်သူတော်တွေ။ အဲ.. ဒါဆို ကဗျာဆရာတိုင်း အမြဲတမ်း စကားလုံးဖမ်းသလား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ စကားလုံးတွေဟာ တစ်ခါတစ်လေ အငိုက်မိပြီး ကဗျာဆရာရဲ့ ရင်ဘတ်ထောင်ချောက်ထဲဝင်တိုးမိတဲ့ အခါလည်းရှိတယ်။အဲဒီအခါကျရင်တော့ ရင်ဘတ်ထဲက အလွယ်တကူ ထုတ်ယူလိုက်ရုံသာပေါ့ဗျာ.. တနည်းအားဖြင့် ရင်ဘတ်ထဲက(Made in ရင်ဘတ်) စကားလုံးတွေပေါ့။ အင်း... အဲဒီတော့ စကားလုံးတွေက ကဗျာဆရာဆို အသေမုန်းပေါ့။ ပုံမှန်စကားလုံးတွေလို လွတ်လွတ်လပ်လပ် မနေရဘဲ တိရစ္ဆာန်တွေလို လှောင်အိမ်ထဲမှာ အထည့်ခံလိုက်ရတာကိုး။ ပြီးတော့ အပြစ်ရယ်မှ မရှိဘဲ... ကဗျာဆရာက စိတ်ကြိုက်ပြင်(သော့ခတ်)ပြီး အခြေကျပြီဆိုရင် အဲဒီနေရာကနေ လွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်တော့။ (ချစ်သူနဲ့လည်း မတွေ့နိုင်၊ အင်တာနက်လည်း မသုံးရ)။ အဲ တစ်ခုပဲ မျှော်လင့်နိုင်တာက သူ့ထက်သာတဲ့ တခြားစကားလုံး တစ်ကောင်တွေ့ပြီး နေရာလဲလိုက်မှပဲ၊ သူထွက်ခွင့်ရမှာ။ စာဖတ်သူဆိုတာကလည်း သူတို့ရဲ့ဒုက္ခကိုမသိ၊ ကြည့်ရုံပဲကြည့်ပြီး၊ ကဗျာဆရာကိုသာ ချီးမွမ်း၊ ကဲရဲ့မှု လုပ်ကြတယ်လေ။ တစ်ခါတစ်ခါ သူတို့ဆီက အဓိပ္ပါယ်တွေကို နှလုံးသားဆိုတာကြီးနဲ့ပါ ခံစားသွားလိုက်သေး။ သူတို့ရဲ့ ဘ၀ကိုတော့ နားမလည်နိုင်။
ဒါကြောင့် စကားလုံးတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို သူတို့ ပြောမပြနိုင်လောက်အောင် လိုလားကြသည်။ အနည်းဆုံး တစ်နှစ် တစ်ခါလောက်ဖြစ်ဖြစ် "ကဗျာမရေးရနေ့"ကို ပြဋ္ဌာန်းစေချင်သည်။
ထိုမှတစ်ဆင့် တစ်လ တစ်ကြိမ်.. စသဖြင့်၊ စသဖြင့် သူတို့ရဲ့ စကားလုံးဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အ၀ယူသွားချင်သည်။ အဲဒီလိုမှ မလုပ်နိုင်ရင် နောက် ၁၀စုနှစ်အတွင်း စကားလုံးရှားပါးမှု ပြဿနာကြုံရနိုင်ကြောင်း သူတို့ ခန့်မှန်းထားကြသည်။
သူတို့ရဲ့ စိုးရိမ်မှုတွေအတိပြီးနေတဲ့ မျက်မမြင်မျှော်လင့်ချက်တွေအတွက် အသက်ရှင်နေရင်း သေချာတာကတော့ ဒီနေ့ eduking ဆိုတဲ့ကောင်ရဲ့လက်မှ သူတို့ လွတ်မြောက်သွားပြီဖြစ်သည်။


ကျေးဇူးတင်လွှာ--

ဤပို့စ်တစ်ခုဖြစ်မြောက်အောင် ကူညီပေးကြကုန်သော

www.blogspot.com အားလည်းကောင်း၊
Techinical ပိုင်းဆိုင်ရာ senior myanmar blogger ကြီးများအားလည်းကောင်း၊
များများတွေးခိုင်းသော နတ်ကလေးအား လည်းကောင်း၊
မကျေနပ်မှုများကို အိတ်ဖွင့်ပေးလာသော စကားလုံးများအား လည်းကောင်း၊
မအားလပ်မှုများကြားမှ လာရောက် ဖတ်ရှုအားပေးကြသော ဘော်ဒါရောင်းရင်းများနှင့် လေးစားအပ်သော ရေးဖော်ရေးဖက်များအား လည်းကောင်း၊
နောက်ဆုံးအနေဖြင့် မိမိကိုယ်ကို လည်းကောင်း

ကျေးဇူးထောပနာ တင်ရှိအပ်ပါသည်။


Tuesday, September 18, 2007

Story

သူငယ်ချင်းတစ်ယောက် မေးလ် နဲ့ ပို့ပေးလိုက်တဲ့ story လေးတစ်ခုပါ… လူတွေဟာ အခြေအနေတွေ ပြောင်းလဲသွားတဲ့နောက် ဘ၀ဟောင်းကို မေ့တတ်လေ့ရှိတယ်ဆိုတာလေးကို သနားစရာပုံပြင်လေးတစ်ပုဒ်နဲ့ ထင်ဟပ်ပြထားတာ ဖြစ်ပါတယ်…



There was a blind girl who hated herself just because she was blind. She hated everyone except her loving boyfriend. He was always there for her. She said that if she could only see the world, she would marry her boyfriend.

One day, someone donated a pair of eyes to her and then she could see everything, including her boyfriend. Then her boyfriend asked her, “ now that you can see the world, will u marry me?” The girl was shocked when she saw that her boyfriend was blind, too and refused to marry him.

Her boyfriend walked away in tears and later, wrote a letter to her saying “ JUST TAKE CARE OF MY EYES PLEASE “.

This is how humans change when their status changes. Only few remember what life was before, and who has always been there in the most painful situations.

Thursday, September 6, 2007

My Home Town

ကျွန်တော့်ဇာတိချက်ချွေမွေးရပ်မြေကတော့ ပြည်မြို့ပေါ့ဗျာ.. ရှေးတုန်းကတော့ သရေခေတ္တရာ လို့သမုတ်ပါတယ်… ဗြိတိသျှ ကိုလိုနီခေတ်က အင်္ဂလိပ်လို Prown လို့လည်းခေါ်ခဲ့ကြသတဲ့.. ပဲခူးတိုင်းအတွင်းမှာတည်ရှိပြီး ယခုအခါ ပဲခူးတိုင်းအနောက်ပိုင်းရဲ့ တရားဝင်မြို့တော်တစ်ခု ဖြစ်နေပါပြီ.. ရန်ကုန်ကနေ bus ကားဖြင့် ၆နာရီလောက် စီးရပါတယ်.. ကျွန်တော်တို့မြို့ရဲ့ အထင်ကရနေရာတွေကတော့ ရွှေဆံတော်ဘုရား၊ မင်းကြီးတောင်၊ န၀ဒေးတံတား တို့ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားကြီးရဲ့ ထူးခြားမှုကတော့ မြတ်စွာဘုရားရှင်တော်ရဲ့ ဆံတော်ကို ကိန်းဝပ်တည်ထားကိုယ်ကွယ်ထားခြင်းဖြစ်ပါတယ်.. ဘုရားကြီးရဲ့ရင်ပြင်တော်မှာ စွယ်တော်တိုက်တစ်ခုရှိပြီး သုံးနှစ်ကိုတစ်ကြိမ် တန်ဆောင်တိုင်လမှာ စွယ်တော်မြတ်ကို မြို့တွင်းလှည့်လည်အပူဇော်ခံလေ့ရှိပါတယ်.. မင်းကြီးတောင်ကတော့ ရွှေဆံတော်ဘုရား တည်ရှိရာအနီးမှ သမိုင်းဝင်တောင်တစ်ခုဖြစ်ပြီး ယခုအခါ န၀ဒေးတံတားကြီးဖြင့် ဧရာဝတီအနောက်ဖက်ကမ်းသို့ ဆက်သွယ်ထားပါတယ်…
ကျွန်တော့်ဆရာတစ်ယောက်က ပြည်မြို့ဟာ လူနေထိုင်မှုစရိတ်(living cost)သက်သာသောကြောင့် ပင်စင်စားများ ပြောင်းရွှေ့နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်.. ကျွန်တော့်အနေနဲ့တော့ ပြည်ဟာ တခြားမြို့ကြီးတွေနှင့်ယှဉ်လျှင် ခေတ်မှီဖွင့်ဖြိုးတိုးတက်မှု မမြင့်သော်လည်း အေးချမ်းတဲ့မြို့လေးတစ်မြို့လို့ ဆိုနိုင်ပါတယ်.. ညဘက်ပိုင်းများမှာ ပြည်တက္ကသိုလ်အနီးတ၀ိုက် ကျောင်းသားများဖြင့် စည်ကားလေ့ရှိပါတယ်..
ပြည်ရဲ့နာမည်ကြီးအစားအစာတွေကတော့ ထမင်းသုတ်၊ မုန့်ပစ်သလတ် (မုန့်ပြားသလတ်)၊ ကောက်ညှင်းပေါင်းနဲ့ ပလာတာပေါ့ဗျာ… ရာသီအသီးအနှံအဖြစ် သြဇာသီးကလည်း trade mark တစ်ခုပေါ့.. မြို့ဧရိယာ အကျယ်ကြီးမဟုတ်တဲ့အတွက် တစ်ပတ်လောက်အချိန်ယူ လည်ပတ်လျှင်ကို နေရာတော်တော်စုံနိုင်ပါတယ်.. မြို့ရဲ့ အလည်မှာတော့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်ရဲ့ကြေးရုပ်ကြီးကို ခန့်ညားထယ်ဝါစွာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်.. အဲ..နောက်တစ်ခု.. မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့တစ်မြို့တည်းသာကျင်းပတဲ့ ဥာဏ်ရိုးရှို့ ပွဲတော်ကလည်း နှစ်စဉ်နှစ်တိုင်းကျွန်တော်ဆင်နွှဲနေကျ ပွဲတစ်ခုပေါ့… ၀ါးအမျိုးအစားတစ်မျိုးဖြစ်တဲ့ ဥာဏ်ရိုးကို တပို့တွဲလပြည့်နေ့မနက်စောစောအချိန်မှာ ဘုရားတစ်ချို့ရှိ ရင်ပြင်ပေါ်၌ မီးပုံပွဲသဏ္ဌာန်ပြုလုပ်ပြီး မီးရှို့ပူဇော်ကြချင်း ဖြစ်ပါတယ်.. ရာသီဥတုအေးတဲ့ အချိန်အခါမှာ.. ဥာဏ်ရှိုးရှို့ပူဇော်ခြင်းဖြင့် မြတ်စွာဘုရားကို အနွေးဓါတ်ရစေသည်ဟု ယူဆပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်… လာရောက်ဆင်နွှဲသူများအတွက် လှူဒါန်းသော ထမင်းနှဲကလည်း ပူပူနွေးနွေးနဲ့ ပွဲတော်ရဲ့သဏ္ဌာန်ကိုပိုမို ပီပြင်စေပါတယ်..
ပြည်မြို့မှာ စုစုပေါင်း ဘုရား ၈ ဆူခန့်လောက်ရှိပါတယ်.. ဘုရားတော်တော်များများဟာ မြို့တွင်းမှာ တည်ရှိကြပြီး သွားရောက်ဖူးမျှော်ဖို့ အလွန်လွယ်ကူပါတယ်.. မြို့တစ်ဖက် အ၀င်ရှိ “ဘုရားကြီး” ဘုရားမှာလည်း ထုထည်ကြီးမှာသောသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါတယ်… သားငါးဈေးပေါင်း ခန့်မှန်းချေ ၃၊ ၄ ခုလောက်ရှိပါတယ်… ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ညဈေးတန်းမှာလည်း ညအခါ လည်ပတ်ဖို့ကောင်းတဲ့ အစားအစာဈေးတစ်ခုဖြစ်ပါတယ်… ဆက်သွယ်ရေးနှင့်ပတ်သတ်ပြီး GSM ဖုန်းများအသုံးပြုနိုင်ပြီး.. Internet မှာတော့ ယခုအချိန်ထိ Dial-upအဆင့် ဆိုင်များသာရှိပါသေးတယ်..
တကယ်တော့ပြည်အကြောင်းကို ကျွန်တော်ပြန်ရောက်တဲ့အချိန်ရေးရင် ပိုပြည့်စုံမယ်လို့ထင်ပါတယ်.. အခုတော့အဝေးကပဲ မြင်ယောင်ရင်း ရေးနိုင်ပါတော့တယ်… ကျွန်တော်လွမ်းတဲ့ မိသားစုထမင်းဝိုင်းလေးကိုမြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ ထမင်းသုတ်တစ်ပွဲကိုမြင်ယောင်ရင်း… ကျွန်တော်လွမ်းတဲ့ သူငယ်ချင်းတွေကို မြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ မီးပျက်ညတွေကိုမြင်ယောင်ရင်း… ကျွန်တော်သိပ်လွမ်းတဲ့ #$&#!! ကိုမြင်ယောင်ရင်း… အင်း…တစ်နေ့တော့ အရောက်ပြန်ရမှာပေါ့…..
Free counter and web stats