Friday, November 30, 2007

07 Poem Revolution

တွေးမိတွေးရာလေးတွေပါ။

ကဗျာဆရာတဲ့။ ကဗျာရေးတဲ့ သူကို အများစု ခေါ်ကြတဲ့အခေါ်ဝေါ်။ တစ်ချို့လည်း အထင်ကြီးကြသလို၊ တစ်ချို့ ကြတော့ ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ဂရုမစိုက်နိုင်ကြဘူး။
အင်း.. ဒါတွေထားပါ.. ပြောချင်တာက..
ကဗျာဆရာထက် စကားလုံးမုဆိုးလို့ ပြောင်းခေါ်ကြည့်ရင် အဆင်ပြေမလားလို့ ကျွန်တော်တွေးမိပုံက..

ကဗျာဆိုတာ စကားလုံးတွေကို ပုံစံခွက်ထဲ ထည့်ပြီး ပြထားတဲ့ စာပိုဒ်တွေပေါ့ဗျာ။ လူမှာ ရုပ်ကို နာမ်ကဆောင်သလို ကဗျာမှာ စကားလုံးတွေကို ကဗျာရဲ့ flow ကဆောင်သပေါ့။ တနည်းအားဖြင့် rhythms လို့ခေါ်ရင်လည်း အဆင်ပြေမယ်ထင်ရဲ့။ အဲဒီ ကဗျာဆရာဆိုတဲ့လူဆီမှာ ကဗျာရဲ့ flow တွေရှိသတဲ့။ တနည်းအားဖြင့် စကားလုံးတွေအတွက်တော့ လှောင်အိမ်တွေပေါ့ဗျာ။ အဲဒီ ကဗျာဆရာဟာ ကဗျာဖြစ်ဖို့ အတွက် စကားလုံးတွေကို သူရဲ့ flow တွေထဲကို လိုက်ထည့်တယ်ပေါ့ဗျာ.. စကားလုံးတွေကလည်း သူတို့ အကျဉ်းချခံရမှာ မလိုလားတဲ့အတွက် ကဗျာဆရာ လိုက်ဖမ်းတာကို ရှောင်တယ်ပေါ့။ ဒီလိုနဲ့ ကဗျာဆရာက လိုက်ဖမ်းလိုက်၊ စကားလုံးတွေက ပြေးလိုက်နဲ့၊ မိလိုက်တဲ့ အလှည့်ရှိသလို၊ လွတ်သွားတဲ့ အလှည့်တွေလည်းရှိသတဲ့..။ အင်း... ဒီနေရာမှာ တစ်ချို့ ကဗျာဆရာတွေက လိုချင်တဲ့ စကားလုံးကို မရမချင်းလိုက်ဖမ်းကြသလို၊ တစ်ချို့ ကြလည်း ယုန်မရ ကြောင်ဖမ်းပြီး ပြန်ကြသတဲ့။ တစ်ချို့ကျပြန်တော့လည်း အသုံးမလိုတဲ့ စကားလုံးတွေကို ပြန်လွှတ်ပေးလေ့ရှိပြန်တယ်။ ဒါကြောင့် ကဗျာအရေးကောင်းတဲ့ သူတွေဟာ တကယ်တော့ စကားလုံးမုဆိုးကျော်တွေပေါ့။ သူတို့ဟာ လိုချင်တဲ့ စကားလုံးမှန်သမျှကို မိအောင်ဖမ်းနိုင်တယ်လေ။ စကားလုံးလောကအတွက်တော့ တကယ့်ရန်သူတော်တွေ။ အဲ.. ဒါဆို ကဗျာဆရာတိုင်း အမြဲတမ်း စကားလုံးဖမ်းသလား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ စကားလုံးတွေဟာ တစ်ခါတစ်လေ အငိုက်မိပြီး ကဗျာဆရာရဲ့ ရင်ဘတ်ထောင်ချောက်ထဲဝင်တိုးမိတဲ့ အခါလည်းရှိတယ်။အဲဒီအခါကျရင်တော့ ရင်ဘတ်ထဲက အလွယ်တကူ ထုတ်ယူလိုက်ရုံသာပေါ့ဗျာ.. တနည်းအားဖြင့် ရင်ဘတ်ထဲက(Made in ရင်ဘတ်) စကားလုံးတွေပေါ့။ အင်း... အဲဒီတော့ စကားလုံးတွေက ကဗျာဆရာဆို အသေမုန်းပေါ့။ ပုံမှန်စကားလုံးတွေလို လွတ်လွတ်လပ်လပ် မနေရဘဲ တိရစ္ဆာန်တွေလို လှောင်အိမ်ထဲမှာ အထည့်ခံလိုက်ရတာကိုး။ ပြီးတော့ အပြစ်ရယ်မှ မရှိဘဲ... ကဗျာဆရာက စိတ်ကြိုက်ပြင်(သော့ခတ်)ပြီး အခြေကျပြီဆိုရင် အဲဒီနေရာကနေ လွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်တော့။ (ချစ်သူနဲ့လည်း မတွေ့နိုင်၊ အင်တာနက်လည်း မသုံးရ)။ အဲ တစ်ခုပဲ မျှော်လင့်နိုင်တာက သူ့ထက်သာတဲ့ တခြားစကားလုံး တစ်ကောင်တွေ့ပြီး နေရာလဲလိုက်မှပဲ၊ သူထွက်ခွင့်ရမှာ။ စာဖတ်သူဆိုတာကလည်း သူတို့ရဲ့ဒုက္ခကိုမသိ၊ ကြည့်ရုံပဲကြည့်ပြီး၊ ကဗျာဆရာကိုသာ ချီးမွမ်း၊ ကဲရဲ့မှု လုပ်ကြတယ်လေ။ တစ်ခါတစ်ခါ သူတို့ဆီက အဓိပ္ပါယ်တွေကို နှလုံးသားဆိုတာကြီးနဲ့ပါ ခံစားသွားလိုက်သေး။ သူတို့ရဲ့ ဘ၀ကိုတော့ နားမလည်နိုင်။
ဒါကြောင့် စကားလုံးတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို သူတို့ ပြောမပြနိုင်လောက်အောင် လိုလားကြသည်။ အနည်းဆုံး တစ်နှစ် တစ်ခါလောက်ဖြစ်ဖြစ် "ကဗျာမရေးရနေ့"ကို ပြဋ္ဌာန်းစေချင်သည်။
ထိုမှတစ်ဆင့် တစ်လ တစ်ကြိမ်.. စသဖြင့်၊ စသဖြင့် သူတို့ရဲ့ စကားလုံးဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အ၀ယူသွားချင်သည်။ အဲဒီလိုမှ မလုပ်နိုင်ရင် နောက် ၁၀စုနှစ်အတွင်း စကားလုံးရှားပါးမှု ပြဿနာကြုံရနိုင်ကြောင်း သူတို့ ခန့်မှန်းထားကြသည်။
သူတို့ရဲ့ စိုးရိမ်မှုတွေအတိပြီးနေတဲ့ မျက်မမြင်မျှော်လင့်ချက်တွေအတွက် အသက်ရှင်နေရင်း သေချာတာကတော့ ဒီနေ့ eduking ဆိုတဲ့ကောင်ရဲ့လက်မှ သူတို့ လွတ်မြောက်သွားပြီဖြစ်သည်။


ကျေးဇူးတင်လွှာ--

ဤပို့စ်တစ်ခုဖြစ်မြောက်အောင် ကူညီပေးကြကုန်သော

www.blogspot.com အားလည်းကောင်း၊
Techinical ပိုင်းဆိုင်ရာ senior myanmar blogger ကြီးများအားလည်းကောင်း၊
များများတွေးခိုင်းသော နတ်ကလေးအား လည်းကောင်း၊
မကျေနပ်မှုများကို အိတ်ဖွင့်ပေးလာသော စကားလုံးများအား လည်းကောင်း၊
မအားလပ်မှုများကြားမှ လာရောက် ဖတ်ရှုအားပေးကြသော ဘော်ဒါရောင်းရင်းများနှင့် လေးစားအပ်သော ရေးဖော်ရေးဖက်များအား လည်းကောင်း၊
နောက်ဆုံးအနေဖြင့် မိမိကိုယ်ကို လည်းကောင်း

ကျေးဇူးထောပနာ တင်ရှိအပ်ပါသည်။


2 comments:

Ka Daung Nyin Thar said...

အားပါးပါး ကောင်းလိုက်တာ
စကားလုံး မုဆိုးကျော်တဲ့။ စကားလုံးလောကအတွက် ရန်သူတော်တဲ့။ ကောင်းလိုက်တဲ့ အရသာရှိလိုက်တဲ့ စကားလုံးတွေပါလား ကွယ်ရို့ ရှလွတ်။

ကျနော့်ဘလော့မှာ ဒီပို့စ်လေးကို ပြန်လည် ဖော်ပြခွင့် ပြုပါ။ ကိုအက်ဂျူကင်း ဘလော့ကိုလဲ လင့်ခွင့်ပြု ကြော်ငြာပါရစေနော်။

ကဒေါင်းညင်သာ

Eduking said...

အဆင်ပြေသလို အသုံးပြုပါ.
ကိုကဒေါင်းရေ...
ကျွန်တော့်ဘက်က ကျေးဇူးအထူးတင်ရှိပါရစေ..
ဘရားသား ဘလော့ကိုလည်း လင်ခ့်ခွင့်ပြုပါဗျာ..

eduking

Free counter and web stats