Showing posts with label Diary. Show all posts
Showing posts with label Diary. Show all posts
Sunday, October 23, 2011
Diary 23 10 2011
ဒီနေ့ ကျွန်တော့် ပထမဆုံး video projectတစ်ခု အပြီးသတ်မယ့်နေ့မှာပဲ မနက်နိုးနိုးချင်း အဖွားဆုံးတဲ့ သတင်းကို ကြားတယ်။ နောက် သတိရချိန်ကျ ကျွန်တော် တက္ကသိုလ်ထဲမှာ ကင်မရာကိုင်လျက်သား၊ လမ်းတောက်လျောက် ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ shootingကို ဖျက်ချင်တာပေါ့။ ဒါမယ့် သူငယ်ချင်း ၂ယောက်ကို ငဲ့တယ်။ ဘယ်တုန်းကမှ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာနဲ့ ကျွန်တော်ဟာ အမြဲလက်ပွန်တသီး။ ကျောင်းထဲမှာ သူငယ်ချင်းတွေကို တွေ့မလား.. ကျွန်တော် လိုက်ရှာနေမိတယ်.. တယ်လီဖုန်းမျက်နှာပေါ်က နာမည်တွေတစ်ခုချင်းကြည့် ပြီး ဘယ်သူ့ကို ပြောပြရင်ကောင်းမလဲ ကျွန်တော် စဉ်းစားတယ်။ ဘယ်သူမှ မရှိဘူး။ ကျောင်းဆရာပြောဖူးတဲ့ စကားတွေ ကျွန်တော် ပြန်ကြားတယ်။ ပီမို့ အဖေဆုံးတုန်းက စာသားတွေ ကျွန်တော့် စိတ်ထဲဝင်လာတယ်။ တယ်လီဖုန်းလိုင်းတွေဟာ သတင်းဆိုးတွေကို သယ်လာမှန်း ကျွန်တော် တကယ်မသိခဲ့ဘူး။ အဖွားဟာ ငြိမ်းချမ်းနေမှာ.. လွန်ခဲ့တဲ့ တစ်ပတ်က ဖုန်းဆက်တော့ အသံတွေ ဖျော့နေတယ်.. ဘာမှမလိုချင်ပါဘူး ကွယ်.. ဒီမှာလည်း အကုန်ရနိုင်ပါတယ်.. ကျွန်တော် ပြန်ကြားတယ်.. သူကြိုးစားပြီး ဟန်လုပ်ပြောနေတာ ကျွန်တော် သိခဲ့တယ်.. ကျွန်တော့်ရဲ့ မျက်လုံးတွေ.. ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက ဆေးမျိုးစုံကို နေ့တိုင်းမပျက် သူသောက်နေရတယ်။ ဆေးတွေနဲ့ နှစ်(၂၀)ကို သူထိန်းခဲ့တယ်.. ကျွန်တော် ဒိုင်ယာရီထဲမှာ ရေးတယ်.. သူ့ဘဝဟာ မချိုဘဲ မလိုတဲ့ သွေးထဲမှာမှ အချိုဓါတ်တွေ စုတဲ့သူလို့။ သူဘာဖြစ်ချင်တယ်ဆိုတာ ဘယ်တော့မှ သူမပြောခဲ့ဘူး။ နောက်ဆုံးအချိန်မှာ သူ့ကလေးတွေ မပြေလည်တာကို စဉ်းစားမိသွားရင် သူ သိပ်ထိခိုက်ခဲ့မှာပဲ။ ကျွန်တော် တစ်လမ်းလုံး ရေငတ်တယ်.. ဘတ်စ်ကားတွေ စီးတယ်.. ကဗျာဆရာ လှသန်းဆုံးတာ ကျောင်းဆရာပြောလို့ သိရတယ်။ ကိုဖြိုးဝေကြီးနဲ့ ကျွန်တော် ဟိုရောက် ဒီရောက်တွေ လျှောက်ပြောခဲ့တယ်။ ကျွန်တော် လမ်းတလျှောက် အသိတစ်ယောက်မှ မတွေ့ ဘူး။ တွေ့ ချင်လား မတွေ့ ချင်လား ကျွန်တော် မဝေကွဲဘူး။ ပူဆွေးသောကဆိုတာလည်း မျှဝေခံစားတယ်ဆိုတာထက် တစ်တိုင်ကနေ တစ်တိုင်ကူး လောင်ကျွမ်းတာလို့ပဲ ကျွန်တော် မြင်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မကူးစေချင်ဘူး။ အဖွားဟာ ဘယ်သူ့ကိုမှ သူ့အပူတွေ အကူးမခံခဲ့ဘူး။ နောက်ဆုံး သူငြိမ်းသွားချိန်မှ ကျွန်တော်တို့ ပူခဲ့ရကောင်းမှန်းသိတယ်။..
Labels:
Diary
Friday, October 22, 2010
Diary page 23 Oct 2010
ကိုယ့်ကိုယ်ပဲ တွေ့ရှိသွားတာလား..
တွေ့ပြီးသားကိုပဲ ပြန်လွတ်ကျသွားတာလား..
တစ်စစီပဲ ပြုတ်ထွက်သွားသလား..
အီဗော်လူးရှင်းလား.. ကျဆုံးခန်းအင်ထရိုလား..
တောပြောင်းကျားကြီးပဲ ဖြစ်သွားလား..
ရွာသစ်ရောက်မယ့် သူကောင်းကြီးပဲ ဖြစ်မလား..
တစ်ကြိမ်တစ်ခါ ရူးနှမ်းသွားတာလား...
တစ်သက်လုံး ရူးခြင်းရဲ့ မူလပထမလား..
တစ်သက်နဲ့ တစ်ကိုယ် ကိုယ့်ကိုယ်ကို တစ်ခါမှ မတွေ့ဖူးတော့
ပထမဆုံးတွေလိုက်ရတဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်
တအံတသြကြီးတွေလို.. “ဟယ်.. ငါ ပါလား”မျိုးလား. .
ဒါမှမဟုတ် ဖြစ်ရိုးဖြစ်စဉ် .. ထင်ယောင်ထင်မှား.. ကယောင်ကတမ်းလေလား. .
ကျွန်တော်ဟာ ဒီလိုနဲ့ပဲ နှစ် (၂၀)လေပဲတော့မလား....
Labels:
Diary
Thursday, September 23, 2010
Diary page 23 Sept 2010
I am really distracted from everything these days.
I think I need a break.. a one real break...
I can't concentrate on things, esp the work now.
Inside me, it is happenning clashing of my thoughts.
So, I won't escape without struggling myself.
(of cuz, everybody won't if they don't too)
It is hard to say out what is on my thoughts.
Sometimes, I do thinking too much which couldn't even speak out a word.
Sometimes, I can't control myself from those thinkings, and they are very random,
such as emotions, movies, songs, love, poetry, goalkeeping, religion.
But once I start carrying on one of them, I start making my mind spread to something else.
It has been always I keep eyes on me and controlling myself- my manners, my thoughts-
I start to sick of me.
Everything is too concious. and
Thank you for reading this unnew story. It is jus another loser-is-lost-again.
KN
Labels:
Diary
Friday, February 12, 2010
အစီရင်ခံစာ (13/02/2010)
ဒီရက်ပိုင်းအတွင်း Blogတွေ ပြန်ဖတ်ရင်းနဲ့ ဟိုတစ်နေ့က ကိုမိုးလှိုင်ညဆီကနေ ဘလော့အသစ်တစ်ခုတွေ့ခဲ့တယ်.. Burmese Potery Foundationတဲ့။ ကဗျာဆိုင်ရာ ဆောင်းပါးတွေနဲ့၊ ကဗျာဟောင်းတွေထဲက အကောင်းဆုံးတွေ ပြန်လည် စုစည်းတင်ထားတာဖြစ်တယ်။ ကျွန်တော် နှစ်သက်မိပါတယ်။ အဲဒါကြောင့် side bar မှာ လင့်ခ်ထားလိုက်တယ်။ နောက်ထပ်လင်ခ့်လုပ်ဖြစ်တာတော့ My Little World နဲ့ သူငယ်ချင်း စည်သူရဲ့ ဘလော့ပါ။ Little World က ကျွန်တော် ဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ စည်သူကတော့ ကဗျာတွေ ရေးအားကောင်းနေလေရဲ့။
အခုလောလောဆယ် ကျောင်းက (၄)ရက် ဆက်တိုက်ပိတ်မယ်။ ပြန်ဖွင့်တာနဲ့ (၃)ရက်တက်ပြီးရင် ကျွန်တော့်ရဲ့ ကောလိပ်ကျာင်းသားဘဝ အဆုံးသတ်ပါပြီ၊ (စာမေးပွဲ မကျခဲ့ရင်ပေါ့လေ) ကျောင်းပိတ်တဲ့အခါ မြန်မာပြည် ပြန်ရင်ကောင်းမလား၊ ဒီမှာနေပြီးပဲ အလုပ်ရှာရင် ကောင်းမလား.. စိတ်တွေနဲ့ ဒီရက်ပိုင်း ဆုံးဖြတ်ချက်ချမရသေးဖြစ်နေတယ်။ အလုပ်ရခဲ့ရင်ကျ နောက်ထပ် ဒီလိုရက်ရှည်ပြန်နိုင်ဖို့ဆိုတာ မလွယ်ဘူးထင်တယ်။ နောက်ပြီး သူငယ်ချင်းတွေဆုံဖို့ပေါ့။ ဒါပေမယ့် အခု ပြန်သွားလိုက်ရင်လည်း ပြန်လာတဲ့အခါ အလုပ်ရှာရမယ့် ဒုက္ခနဲ့ နေဖို့ pass ကိစ္စတွေဘာတွေ ခေါင်းပိုစားရမယ်။ အခုတစ်ပတ်တော့ project ကို ပိုအာရုံထားသင့်လို့ အဲဒီကိစ္စတွေ သိပ်မထိချင်သေးဖြစ်နေတယ်။
ဒါနဲ့ စကားမစပ် ဒီနေ့ တရုတ်လို နှစ်သစ်ကူးရော၊ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထပ်ထည်းကျတယ်နော်။ ဗိုလ်ချုပ်အကြောင်း ဂုဏ်ပြုစာတွေ ကဗျာတွေတော့ အွန်လိုင်းမှာ အများအပြားတွေ့ရလို့ ဝမ်းသာမိတယ်။ ကိုကောင်းကင်ကလည်း မွေးနေ့အမှတ်တရ ကဗျာစာအုပ်ထုတ်ဖြစ်မယ်ဆိုလို့ အားကျမိတယ်။ ဒီစာအုပ်အတွက် သူအချိန်ယူခဲ့တာ တော်တော်ကြာပြီ။ တရုတ်နှစ်ကူးကတော့ ဒီမှာ နည်းနည်းဒုက္ခရောက်တာက စားသောက်ဆိုင်တွေနဲ့ ဈေးတွေ မဖွင့်ဘူးလေ။ (၂)ရက်လောက် ပိတ်မယ်။ ဒါကြောင့် ဒီနေ့ နောက်ဆုံးဖွင့်တဲ့ရက် ရိက္ခာ စုဆောင်းထားရမယ်။ ငယ်ငယ်တုန်းက နှံကောင်လေးက မိုးတွင်းအတွက် မစုမိလို့။ အခုတော့ ကျွန်တော်တို့တွေက နွေနဲ့တင် စုနေရပြီ။ (အဲ.. အမှန်တော့ ဒီမှာ ဘယ်ရာသီရယ်လို့ ပြောလို့တော့ မရပါဘူး၊ ရောနေတာကိုး)
ကဲ.. ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေကြပါစေ... ကျွန်တော်လည်း ကဗျာတွေရေးဖြစ်နေတယ်။ နောက်ပြီး Blogကို Facebook ပေါ် တင်ရင် ကောင်းမလား.. စဉ်းစားနေတယ်။
Labels:
Diary,
အသိပေးခြင်း
Thursday, November 19, 2009
22/11/09
ဒီဇင်ဘာ လကုန်လောက်အထိကို ကျွန်တော် အလုပ်များဖို့ ရှိနေလို့.. ဘလော့ကိုတော့ ပြန်ထိနိုင်မယ် မထင်ဘူးဗျာ.. ကဗျာတွေတော့ ကြိုကြားကြိုကြားပဲ တင်ဖြစ်ပါမယ်.. တချို့ရေးချင်တာလေးတွေလည်း စိတ်ထဲပေါ်လာပေမယ့် အခု အလုပ်သင်နဲ့ စက်ရုပ်ဘဝရောက်နေလို့ ကီးဘုတ်လည်း ကလောင်မဖြစ်တာကြာပေါ့. ကျွန်တော် အလုပ်သင်ဆင်းနေရတဲ့ ကုမ္ပဏီရဲ့ ဓါတ်ပုံလေးတွေတချို့ ရှဲလိုက်ပါမယ်...
Fig. ပထမဆုံးနေ့ briefing မှာ
Fig. ကန်တင်းက ပထမဆုံး နေ့လည်စာ
Fig. အလုပ်ခန်း တခါးဝ
Fig. Reception
Fig. Company အဆောက်အဦး နဲ့ Logo
Dရက်ပိုင်းမှာ.. “ထ” (ထဆင်ထူး) ရေးပြမယ်ဆိုပြီး တကယ်တမ်းကြည့်လိုက်တော့ “ဝ” နှစ်လုံးပူးပြထားတာပဲဖြစ်နေတဲ့ သူတစ်ချို့ကိုလည်း တွေ့ခဲ့ရတယ်..
Labels:
Diary,
အသိပေးခြင်း
Saturday, August 29, 2009
30th August when I am 20
မနက်ဖြန် ဘလော့ဂါဒေးအတွက် ဘာအစီအစဉ်တွေများ ရှိကြတုန်းဗျ... ကျွန်တော်ကတော့ ဖိုင်နယ်စာမေးပွဲ နောက်ဆုံးနေ့ဆိုတော့ အပျော်ကြီးပျော်မိမှာ.. ဒါပေမယ့်လည်း ဖြေနိုင်၊ မဖြေနိုင်ပေါ်မှာတော့ နည်းနည်း မူတည်မှာပေါ့.. ကျောင်း(၃)နှစ်ရဲ့ နောက်ဆုံးဖြေရမယ့် စာမေးပွဲပေါ့.. နောက် (၆)လလုံး အလုပ်သင်ရယ် ပရောဂျက်ရယ်နဲ့ပဲ စခန်းသွားရတော့မယ်.. သြော်ဒါနဲ့.. ဒီနေ့က ကျွန်တော့်ရဲ့ မွေးနေ့ဗျ.. ဘာလိုလိုနဲ့ (၂၀)တောင်ရှိခဲ့ပေါ့.. မွေးနေ့ဆိုပေမယ့်လည်း ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး၊ ဟဲ.. ကျွေးရမှာစိုးလို့ မဟုတ်ပါဘူးဗျာ.. စာမေးပွဲကြောင့်ပါ... မနက်(၃)နာရီလောက်မှ အိပ်လိုက်တော့ အခု (၁၀)နာရီလောက်မှ နိုးလာ.. မနက်စာလည်း မဟုတ်၊ နေ့လည်စာလည်း မကျ၊ စားပြီး အခုကွန်ပြူတာရှေ့က ခွာမရဖြစ်။ ကျွန်တော်လည်း ကိုယ့်မွေးနေ့တောင် ကိုယ်မေ့သယောင်ဖြစ်နေတာနဲ့ ညက ၁၂နာရီထိုး သူဖုန်းဆက်မှ သတိရသွားတယ်.. :D (အလဲ.. သူဆိုပဲ) ဒီမွေးနေ့မှာတော့ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူတစ်ယောက် ရှိခဲ့ပေါ့..
ကျွန်တော့်မွေးနေ့အတွက် Facebookမှာ ကွန်မန့်လာပေးကြတဲ့၊ phoneနဲ့ တစ်call၊ msgနဲ့ တစ်ဖန် ဆုတောင်းပေးကြတဲ့၊ (ဒီပိုစ့်လေးမှာလည်း လာမန့်ကြမယ့်) သူငယ်ချင်းတွေ၊ ဆရာတွေအားလုံးကို ဒီပိုစ့်လေးနဲ့ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်..း)
Labels:
Diary,
အမှတ်တရ နေ့ထူးများ
Tuesday, August 25, 2009
ဆရာတာရာ၏ ကဗျာများ
Commentမှာ ကိုIMnotFR တောင်းဆိုလို့ ဆရာတာရာမင်းဝေကဗျာ(၃)ပုဒ် (ရှိသလောက်) ထပ်တင်လိုက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ကဗျာလေးတွေပေါ့. အားလုံးကို လမ်းအိုလေးကနေ ဒေါင်းထားတာပါ. မူရင်းအတိုင်းပဲ image file နဲ့ တင်လိုက်ပါတယ်. လမ်းအိုလေးမှာတော့ ဆရာ့ကဗျာတွေ ဒီထက်အများကြီးရှိပါအုံးမယ်. Blogရဲ့ ညာဖက်ခြမ်း side bar “စာပေနဲ့ မီဒီယာ” အောက်မှာ လမ်းအိုလေးသို့ လင်ခ့်ထားပါတယ်..

်Firefox (ပြသနာရှာမရဘဲ) ဒေါင်းသွားလို့.. Chromeလေးနဲ့ အသက်ဆက်နေရပါတယ်.. Bloggingအတွက်တော့ သိပ်အဆင်မပြေဘူး.. စာမေးပွဲ ဒီနေ့တစ်ဘာသာတော့ ဖြေနိုင်သွားပြီ။ ကိုအောင်ဖြိုးရဲ့ ပန်းကိစ္စတော့ စာမေးပွဲပြီးမှပဲ ရှင်းရတော့မယ်. (း
Labels:
Diary,
ကဗျာဆရာတို့၏ ကဗျာများ,
တာရာမင်းဝေ,
အသိပေးခြင်း
Wednesday, August 19, 2009
Diary Aug 19

၂၅ရက်နေ့ နောက်ဆုံးစာမေးပွဲစဖြေရတော့မယ်.. အခုထိ စာကောင်းကောင်း မကျက်ဖြစ်ပါ. ဟိုတွေး ဒီတွေး၊ ဟိုလေး ဒီလေး. ဒါနဲ့ပဲ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်. ကျန်းမာရေးသိပ်မကောင်းတော့တဲ့ hard disk အဟောင်းလေးထဲက ပြန်ရှာထားတာပါ. ဒီစာမေးပွဲပြီးရင်တော့ ပိုက်ဆံအပိုစုဖို့ အချိန်ပိုင်းအလုပ်တချို့လုပ်ဖို့ စဉ်းစားမိတယ်. ကျောင်းစကတည်းက အိမ်ကိုတစ်ပြားမှမတောင်းပဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတက်တဲ့ သူငယ်ချင်းတွေကို အားကျမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ။ ဘာကိုမှ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတာ မရှိဘူး။ စိတ်ကူးတွေ၊ အတွေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။
Labels:
Diary
Sunday, August 16, 2009
ပြည်မှာ သင်္ကြန် (၂၀၀၉)
ပြီးခဲ့တဲ့ ၂၀၀၉ သင်္ကြန်ကို ကျွန်တော် ပြည်မှာ ပြန်ကျခဲ့ပါသည်။ တကယ်တော့ ပြည်ပြန်ရောက်တုန်း ဓါတ်ပုံတွေရိုက်ပြီး ဘလော့မှာ တင်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကူးထားတဲ့ Cdလေးက (ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်) ဘယ်ကျန်ခဲ့တယ် မသိဘူး။ အပေါ်က ပုံတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဒယ်ဒီရဲ့ လက်စွမ်းပြချက်တွေပေါ့.. ဘာရယ်မဟုတ်ဘူး.. သင်္ကြန်တွင်းဆို အားလုံးက ကိုယ့်မွေးရပ်ဌာနေ (ဒါမှမဟုတ်လည်း)ပျော်စရာကောင်းမယ့်၊ အေးအေးဆေးဆေးရှိမယ့် နေရာတစ်ခုခုမှာ ရှိချင်ကြတာများတယ်၊ သင်္ကြန်တွင်းခရီးသွားရတာတော့ ကျွန်တော့်အနေနဲ့ သိပ်မကြိုက်လှဘူး။
ပြည်မှာ သင်္ကြန်မရှိတာဆို ၂နှစ်ဆက်ဖြစ်ခဲ့တယ် ၂၀၀၇ နဲ့ ၂၀၀၈ ပေါ့။ ကျွန်တော့်ရဲ့ High school batch က လူတော်တော်လေးညီတော့ နှစ်တိုင်း တစ်ခုခုလုပ်ဖြစ်တယ်။ ၁၀တန်းမပြီးခင်ကတော့ ကားနဲ့ အားလုံး စုပြီးလည်ကြတယ်.. နောက်ပိုင်း တက္ကသိုလ်တွေရောက်တော့လည်း ဒီလူတွေက မကွဲတဲ့အပြင် ပိုပြီးတော့တောင် လူစုံလာသေး.. ၂၀၀၈ နဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ဆက်တိုက် မဏ္ဍပ်ဆောက်ဖြစ်တယ်။ ၂၀၀၈ကတော့ ကျွန်တော် မရှိဘူးပေါ့။ အခု ၂၀၀၉မှာတော့ မဏ္ဍပ်မှာ ညဖက် ပြဇာတ်တို့၊ သီချင်းတို့တောင် ဆိုဖြစ်၊ ကဖြစ်ကြတယ်။ ကျွန်တော်တို့ဆီက မဏ္ဍပ်တွေက ရန်ကုန်တို့ မန္တလေးတို့နဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ ရန်ကုန် အင်းလျားက မဏ္ဍပ်တွေလောက် ကြီးတာဆို သိပ်မရှိဘူး၊ အများစုက အလယ်အလတ်လောက်နဲ့ ပုံစံချင်းတူကြတယ်။ ကုမ္မဏီကြီးတွေကလည်း Sponsor ဆို ကျွန်တော်တို့လို မြို့ကျဉ်းကျဉ်းမှာ ဖြုန်းချင်ကြတာ မဟုတ်ဘူး။ အဲဒီတော့ တော်တော်များများက ကိုယ့်မြို့ထဲမှာ ရှိတဲ့ စက်ရုံ၊ ဒါမှမဟုတ်လည်း ကိုယ့်အသိအချင်းအချင်း နီးစပ်ရာနဲ့ ပေါင်းလုပ်ကြတာ.. အများအားဖြင့် အရှုံးခံရတာများပါတယ်။ မဏ္ဍပ်တွေမှာ ရပ်ကွက် မဏ္ဍပ်တွေ ရှိသလို၊ ကျွန်တော်တို့လိုပဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ မဏ္ဍပ်တွေလည်းရှိတယ်။ တခြားကတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ် အုန်းလက်လေးနည်းနည်းနဲ့ အမိုးလုပ်ပြီး ပက်ကြပေါ့။ ရပ်ကွက်မဏ္ဍပ်တွေက နှစ်စဉ် ယိမ်းတွေ ထွက်ကြပါတယ်။ (ပြည်မှာ (ကျွန်တော်မှတ်မိသလောက်ပေါ့လေ) ကျောင်းကြီးအိုးတန်း၊ ရွှေကူ၊ နဝင်း၊ ရွာဘဲ၊ ဆံတော်၊ တရုတ်စု၊ ဆင်စုဆိုပြီး ရပ်ကွက်ကြီးပေါင်း (၇)ခုရှိတယ်။) သင်္ကြန်တွင်း ညဖက်တွေဆို ဗဟိုမဏ္ဍပ်မှာ တစ်ရက်သွားကရပါတယ်။ ဗဟိုက အကဲဖြတ်ပြီး ဆုချီးမြှင့်ပေးတယ်။ ကျွန်တော်တို့လို စုပေါင်းစပ်ပေါင်းလုပ်တဲ့ မဏ္ဍပ်တွေကတော့ အများစု ညဖက်အစီအစဉ်မရှိကြတာများပါတယ်၊ ဒါပေမယ့် နောက်ပိုင်း တီးဝိုင်းတွေ၊ မော်ဒယ်ရှိုးတွေ၊ ယိမ်းတွေ လုပ်ပြီး တစ်ခုနဲ့တစ်ခု ယှဉ်လာကြတာတွေ့ရတယ်။ သင်္ကြန်တွင်း ညဖက် မြို့ထဲပတ်ပြီး လျှောက်ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်.. နေ့ခင်းဖက်ကို အားကုန် မကဲထားရင်ပေါ့။ မဏ္ဍပ်တွေကိုတော့ တိုင်ကီတွေ၊ ဇလီဖားတုံးတွေ ခုပြီး ဘေးလက်ရန်းတွေကိုတော့ သစ်တွေနဲ့ အကာပြုရပါတယ်။ ဇလီဖားတုံးဆိုတာက မီးရထားသံလမ်းကိုခုတဲ့ သစ်တုံးကြီးတွေပေါ့၊ အဲဒါအတွက်တော့ မီးရထားရုံမှာ သင်္ကြန်နီးတဲ့အခါ လျှောက်လွှာတင်၊ တုံး ၃၀၀ကနေ ၅၀၀အထိလောက် သုံးရပါတယ်။ မိန်းလမ်းကို ကန့်လန့်ဖြတ်ထားတဲ့ လမ်းတွေ တစ်လမ်းခြားဆီကို ပိတ်ဆောက်ရတဲ့အတွက် သင်္ကြန်နားနီး တစ်လလောက်ဆို စက်တပ်ယာဉ်တွေအတွက် သွားရလာရတာ အခက်အခဲရှိတတ်တယ်။ မဏ္ဍပ်တစ်ခုကို အကျယ်က ပေ ၄၀ x ပေ ၆၀ပေါ့။ အမြင့်ကတော့ တိုင်ကီကို အလှဲတစ်ထပ်၊ အထောင်တစ်ထပ် (ဒါမှမဟုတ်) အထောင်နှစ်ထပ် စီတဲ့အပေါ်မှာမူတည်ပြီး နှစ်မျိုးလောက်ပဲ တွေ့ရပါတယ်။ အောက်မှာ ရေပက်စင်တစ်ထပ်၊ အပေါ်မှာ Dancing floor ထားတာချင်းတော့ တူမယ်ထင်တယ်။ ကျွန်တော့်တို့ မဏ္ဍပ်ကတော့ အခုနှစ် (၃)ဆင့်ဆောက်ထားတာတွေ့ရတယ်။ နောက်ဆုံးအဆင့်မှာ စက်ပစ္စည်းတစ်ချို့နဲ့ sound boxတွေ တင်ထားတယ်။ Membership ကတော့ (၄)ရက်လုံးကို ၁၅၀၀၀ နေ ၂၅၀၀၀ အတွင်း ရှိတတ်တယ်။
ကျွန်တော့်အမြင်ကတော့ အခုနောက်ပိုင်း အဲဒီလို မဏ္ဍပ်တွေဆောက်ပြီး ပျော်ကြတာပဲ ဖြစ်ဖြစ်၊ လည်ကြတာပဲဖြစ်ဖြစ်၊ သိပ်မကြိုက်တော့ဘူး။ အားလုံးဟာ မူးအောင်သောက်မယ်၊ ပြီးရင် ရေစိုပြီး ကမယ်၊ ခုန်မယ် ဖြစ်လာကြပြီ။ ဒါကိုပဲ typical အလုပ် တစ်ခုလို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင့်သုံးလာကြပြီး ပျော်တာထက်၊ ပျက်တဲ့အဆင့်ကို ရောက်သွားပြီ။ မူးယစ်သောက်စားတာမပါရင်ဘဲ သင်္ကြန်မဟုတ်သလိုဖြစ်လာပြီ။ မူရင်း ကျင်းပရခြင်းရည်ရွယ်ချက်နေ ကျွန်တော်တို့တွေ တစ်နှစ်ပြီး၊ တစ်နှစ်ပြီး ဝေးဝေးလာကြသလိုပဲ.. အဲဒါဟာ စိုးရိမ်တတ်ရင် စိုးရိမ်ဖို့ကောင်းတယ်.. အခုနေ ကလေးအရွယ်တွေဟာ ဒါတွေကို မြင်မယ်၊ လိုက်ပြီး အတုခိုးလာကြမယ်ဆိုရင် နောက်ပိုင်းမှာ သင်္ကြန်ရဲ့ရည်ရွယ်ချက်ဟာ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲ(လွဲ)သွားလိမ့်မယ်။ “နှစ်ဟောင်းအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြော၊ မင်္ဂလာယူတယ်ဆိုတာ”တွေဟာ စာအုပ်တွေထဲမှာဖတ်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းအောင် ချရေးပြဖို့လောက်ပဲ ကျန်ခဲ့တော့မှာလား.. ကျွန်တော် ဆိုလိုချင်တာ တိုက်ပုံဝတ်ပြီး၊ ငွေဖလားနဲ့ နံ့သာရေလောင်းဖို့ကို မဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်မှီတယ်လို့ဆိုလိုက်တိုင်းမှာ ဘောင်းဘီတိုဝတ်တာပဲ ပြေးပြေးမြင်နေတဲ့ စိတ်တွေ.. ကျွန်တော်တို့ဘယ်လို ရှေ့ဆက်မလဲ။
Monday, July 6, 2009
လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ် (ဇေယျာလင်း)
မနက်ဖြန် (၃)ရက်ဆက် စာမေးပွဲဖြေရမယ်.. ဒါပေမယ့် စာလည်း မလုပ်ဖြစ်ဘူး။ အမှန်တော့ အတန်းကြီးလာလေ စာတွေက များလာလေ မဟုတ်ပါဘူး။ အတန်းကြီးလာလေ စာမလုပ်ချင်လေ ဖြစ်နေတော့။ အမှန်တော့ ဒီက (စင်္ကာပူ) ပညာရေး စနစ်ကို သိပ်ကြိုက်လှတယ် မဟုတ်ဘူး။ (မဆီမဆိုင် အပြစ်တင်) စာအုပ်ထဲက ဟာတွေ အခြေခံပြီး စာမေးပွဲအောင်တယ်ဆိုတဲ့ဟာကြီးကို သိပ်သဘောမတွေ့ပါ။ တက္ကသိုလ်ပညာရေး မရောက်သေးလို့လားတော့ မသိ။ တကယ်ဆို ကျွန်တော်ယူထားတဲ့ ဘာသာရပ်က လက်တွေ့အချိန်ပိုများသင့်တယ်။ ဒါပေမယ့် တစ်ခုရှိတာက အထူးပြုဘာသာရပ်ကလည်း အသစ်ဖြစ်နေတော့ ကိုယ့်အတန်းက အစမ်းသပ်ကြီးလိုများ ဖြစ်နေသလားလို့ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုင်းကို ပြီးခဲ့တဲ့နှစ်ကမှ စခဲ့တာ။ ကျွန်တော်တို့က ဒုတိယမြောက် batch ပေါ့။ ဒါကြောင့် မေးခွန်းဟောင်း လေ့လာစရာလည်း မရှိပါ။
တလောက (ကျုပစ် ဖိုရမ်က ထင်တယ်) ဒေါင်းလာတဲ့ ဇေယျာလင်း ကဗျာစုစည်းမှုလေးကို print ထုတ်၊ ဖတ်ဖြစ်တယ်။ အဲဒီထဲက ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်တင်ဖြစ်ပါတယ်။ လမ်းအိုလေး (http://lanolay.wordpress.com/)က တစ်ဆင့်ကူးယူဖော်ပြထားတာပါ။ ကျွန်တော်လေ့လာချင်နေတဲ့ Post Moderm ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားသူတွေစုပြီး onlineစုရပ်ကလေးတစ်ခုအနေနဲ့ ဘလော့တစ်ခုလောက်လုပ်ရင်ကောင်းမလား စဉ်းစားမိတယ်။ အကယ်၍ မိတ်ဆွေတို့ထဲက စိတ်ဝင်စားတယ်ဆိုရင်လည်း ကျွန်တော့်ကို အသိပေးပါအုံး။ အဲဒီလိုမျိုး မြန်မာ site ရှိတယ်ဆိုရင်လည်း ညွှန်ပြပေးပေါ့။း)
လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်
သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄
ဇေယျာလင်းအောက်တိုဘာ ၂၀၀၄
Labels:
Diary,
ကဗျာဆရာတို့၏ ကဗျာများ,
ဇေယျာလင်း
Friday, July 3, 2009
3rd June Diary
" ရည်ရွယ်ထားတဲ့ ကဗျာနဲ့ ပန်းတွေ မွှေးပြီဆို..
ငါနဲ့ အလွမ်းတွေလည်း ဝေးပါပြီ
ကောင်မလေးရေ.. "
တစ်နေ့တာကို အချစ်စကားလုံးတွေချည်း သုံးပြီး အဆုံးသတ်လို့..
နောင်လာမယ့် ဒီနေ့များစွာအတွက်တော့ ဒါဟာ အစတစ်ခုသာဖြစ်တယ်..
နောင်လာမယ့် ဒီနေ့များစွာအတွက်တော့ ဒါဟာ အစတစ်ခုသာဖြစ်တယ်..
Labels:
Diary
Thursday, July 2, 2009
2nd July Diary
"စကားလုံးတွေကို နာရီကြည့်တာ သင်ပေးဖို့ ကျွန်တော် မေ့သွားတဲ့အခါ.. ကောင်မလေးတစ်ယောက် ရင်ခုံဖို့ရက်တွေ နောက်ကျသွားတယ်… ဒါပေမယ့်လေ ကင်ဆာဖြစ်နေတဲ့ မျှော်လင့်ချက်လေးနဲ့ ဆွဲမိဆွဲရာ ကောက်ရိုးလေးဆီမှာ မေခလာနတ်သမီး ရောက်နေမယ်ဆိုရင်တော့ အပျံသင်စ အိပ်မက်တွေကို
ကျွန်တော် ရွက်လွှင့်လိုက်တော့မယ်နော်"
Labels:
Diary
Friday, June 26, 2009
童话 Fairy Tales
စဉ်းစားကြည့်ရင် ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ.. ကျွန်တော် သိပ်သိချင်နေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် ဘာသာပြန်ပေးခဲ့တယ်လေ။ Mail box လေး ဖွင့်ကြည့်တဲ့အခါ၊ သူရဲ့ သေချာစီထားဟန်ရှိတဲ့ အက္ခရာလေးတွေကို တွေ့လိုက်တဲ့အခါ၊ အတိုင်းမသိကြည်နူးမှုတွေနဲ့အတူ ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာကို ရောက်ရှိလို့သွား.. June 24 ဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးတစ်နေ့ပေါ့။
ဒိုင်ယာရီပုံပြင်
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။ငါ ဘာအမှားများလုပ်မိလို့လဲ..။
ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။
မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်ဆိုတာ ငါယုံပါတယ်..။ မင်းကိုလည်းယုံစေချင်ပါတယ်..။ ။။
...................................................................
童话
忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么
你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了
我愿变成童话里
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။ငါ ဘာအမှားများလုပ်မိလို့လဲ..။
ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။
မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်
...................................................................
童话
忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么
你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了
我愿变成童话里
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..
Labels:
Diary
Monday, February 9, 2009
Diary 10.02.09
ဒီနေ့ ဖေဖော်ဝါရီ ၁၀ရက်.
မနက်စာ- ကော်ဖီမစ်နဲ့ ငှက်ပျောသီး
စာမေးပွဲဖွင့်ရန် (၆)ရက်သာလို
ကိစ္စပေါင်းစုံ ခေါင်းထဲမှာ ပြုံ
တစ်ခါတစ်ခါ ပြင်သစ်၊ တစ်ခါတစ်ခါ မြန်မာ၊
စာမေးပွဲပြီးတာနဲ့ တွေ့ကြမယ့်လူတွေ၊ တွေ့ရမယ့်လူတွေ ဒုနဲ့ဒေး
ဒီတော့ မြန်မာပြည် ပြန်မယ့်ရက်ကို နောက်ဆုတ်ရလိမ့်မယ်..
လုပ်စရာတွေက မရှိရင်လည်း အရှင်း၊
ရှိရင်လည်း ဆိုင်ပိတ်ခါနီးမှ စုပြုံလာပြီ..
စောစောစီးစီးတော့ queueလာ မလုပ်ကြဘူး..
ညည်းတွားတာလား... မဟုတ်ပါဘူး..
ကိုယ်ချစ်လို့မှ ကိုယ်ယူခဲ့တဲ့ ကိစ္စတွေဆိုတော့..
မေတ္တာပျက်တော့လည်း သစ္စာနဲ့ ဆက်ရမှာပေါ့..
(အဒေါ်တစ်ယောက်ပြောသလို)
အရည်မရ၊ မဖတ်မရတွေတော့ မဖြစ်တန်ကောင်းပါဘူး...
ပြောမပြတတ်တဲ့ တစ်ခုခုတော့ ရနေတယ်ထင်တာပဲ..
အမြင်တွေလွဲနေရင်လည်း ရှင်းမပြချင်တော့ဘူး..
ကိုယ်ဘာကောင်လဲ ဆိုတာ ကိုယ့်ကိုကိုယ် သိပ်မကွဲချင်သေး ဖြစ်နေလို့..
ပြိုင်တူ လိုက်ပြီး မတက်နိုင်ရင်တောင်မှ၊
နောက်ကနေ ညာသံလေး ထည့်ပေးမယ့် သူငယ်ချင်းတွေကို ကျေးဇူးတင်မိတယ်..
အင်း.. သူများအတွဲတွေမြင်ရင်တော့ အားကျသလိုရှိသား.. မေမေ..

Sunday, January 25, 2009
သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)
ဒီနေ့ ၂၀၀၉ ဇန်နဝါရီအတွက် သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ အတွဲ(၃) အမှတ် (၁) ထွက်လာပါပြီ.. အရင်က ကျွန်တော့် ဘလော့မှာ ဖော်ပြဖူးတဲ့ "ခေါင်းစဉ်မရှိ စောင့်စားခြင်း" ကဗျာလေး စာမျက်နှာပေါ်ပါလာတဲ့အတွက် အတိုင်းမသိ ကျေနပ်မိပါတယ်..ပါဝင်မယ်လို့ ကျွန်တော် မထင်မိတာက သတ်မှတ်ရက်ထက် ပို့တဲ့အချိန် နည်းနည်းနောက်ကျသွားတာကြောင့်ပါ။ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ သုံးပေးတဲ့ သံလွင်ကိုရော၊ ကဗျာလေးအတွက် ဒီဇိုင်းဆွဲပေးထားတဲ့ မပန်ဒိုရာကိုပါ ဒီနေရာကနေ ကျေးဇူးမှတ်တမ်းတင်ပါတယ်ခင်မျာ...
ဒါနဲ့ ပထမ တစ်ခေါက် သံလွင်ကို အွန်လိုင်းမဂ္ဂဇင်းမှန်း မသိခင်တုန်းက ဝယ်သိမ်းထားရအောင်ဆိုပြီး မြန်မာစာအုပ်ရောင်းတဲ့ဆိုင်တွေမှာတောင် လိုက်မေးကြည့်ခဲ့သေးတယ်.. :D
ဒါနဲ့ ပထမ တစ်ခေါက် သံလွင်ကို အွန်လိုင်းမဂ္ဂဇင်းမှန်း မသိခင်တုန်းက ဝယ်သိမ်းထားရအောင်ဆိုပြီး မြန်မာစာအုပ်ရောင်းတဲ့ဆိုင်တွေမှာတောင် လိုက်မေးကြည့်ခဲ့သေးတယ်.. :D
Labels:
Diary,
အသိပေးခြင်း
Tuesday, January 20, 2009
Diary 21.01.09
E-books တွေကို print out ထုတ်ပြီး ဘယ်လို သိမ်းရင်ကောင်းမလဲ စဉ်းစားနေတာ..
မနေ့ကမှ ကျောင်းမှာ စာအုပ်ချုပ်တဲ့ ပုံစံလေးကို သတိရပြီး ကျောင်းက မိတ္တူကူးတဲ့ ဆိုင်မှာ သွားလုပ်မိတယ်..
ဖတ်ရတဲ့ ပုံစံကတော့ ပုံမှန်စာအုပ်လို မဟုတ်ဘဲ.. ပြက္ခဒိန်စာရွက်တွေလို အပေါ်ကို စာမျက်နှာတွေ လှန်သွားရတာပေါ့.. ဒါပေမယ့် အန်တီတရုတ်မရယ် ရက်စက်လိုက်တယ်.. စာရွက်တွေ မပေးခင်က ပြောင်းပြန်ဖြစ်မှာစိုးလို့ကို သူ့လက်ထဲ သေချာစီပေးလိုက်တာ.. တစ်ဝက်လောက်လဲ ချုပ်ပြီး ဒါမှန်လားတဲ့ လာလဲမေးတော့မှ ကြည့်လိုက်တာ တကယ့် ဇောက်ထိုးကြီး.. ကျွန်တော်လည်း မထူးပါဘူးလေဆိုပြီး.. အိုကေတယ်လို့..
သြော်.. သူ့ခမျာ မြန်မာစာမှ မတတ်ရှာပဲကိုး..

ဒါနဲ့ သတိထားမိသလောက် လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး ကျွန်တော် ကော်ဖီနဲ့ လက်ဘ္ကရည်ကို သိသိသာသာကြီး စွဲနေတယ်.. တစ်နေ့ကို အနည်းဆုံး နှစ်ခွက်လောက်သောက်ဖြစ်နေကျ.. လဘ္ကရည်ကတော့ ထမင်းစားတိုင်းလိုလိုပဲ.. အအေးအစား သောက်တယ်.. လက္ဘရည်ကိုသောက်ရတာက အရသာကို ကြိုက်လို့ သောက်နေတာမျိုးလည်း မဟုတ်... ဘယ်လိုပြောရင်ကောင်းမလဲဗျာ.. သောက်ရင်း၊ သောက်ရင်းနဲ့ သံယောဇဉ်ရှိလို့ ဆက်သောက်နေသလိုမျိုးပေါ့..နည်းနည်းတော့ ကြောင်တယ်ဗျ..။ နောက်ပြီး ဒီက လက္ဘရည်ဆိုတာက သောက်ဖူးသူတိုင်းသိပါတယ်.. အရိုးစွဲ ဘားမားလဘ္ကရည်နဲ့ တခြားစီ.. ကျောင်းမှာက တစ်ခွက်ကို ပြားငါးဆယ်ပေးရလို့သာ.. (ဒါတောင် မြန်မာငွေနဲ့ ၄၀၀လောက်သွားကျ) ကော်ဖီကတော့ အိမ်မှာနေရင်း သောက်ဖြစ်တာများတယ်.. တစ်ခုခုလုပ်စရာရှိတယ်ဆို တစ်ခွက်လောက်ဖျော်ထားပြီး တစ်ကျိုကျိုက်မော့ရတာလည်း အရသာတစ်မျိုးပေါ့..
တော်တော်များများတော့ အိမ်က ပို့ပေးတာပါ.. တစ်ခါတစ်လေ ပျက်သွားရင်တော့ Nestleပဲ ဝယ်ဖြစ်တယ်.. အိမ်က ပို့ထားတာ super ရယ်၊ premier ရယ်၊ master cup ရယ်.. Premier ကိုတော့ တော်တော်လေး သောက်ရတာ အဆင်ပြေသလိုပဲ.. သူက နို့မှုန့်တော့ ထပ်ရောရတယ်.. ကုန်မှာစိုးလို့ တစ်ခါတစ်လေ ကိုယ်စိတ်တွေ့တဲ့ ရက်တွေမှာပဲ ခြွေတာသောက်လာတာ.. အခုတော့ ပြောင်သွားပြန်ပြီ..
အရင်က စာတွေထဲမှာတော့.. တစ်နေ့ကို ကော်ဖီ (၅)ခွက်ထက် မပိုသင့်ဘူးလို့ ဖတ်ဖူးတယ်.. ကော်ဖီမှာ နှလုံးကို နိုးကြားစေတဲ့ ကဖင်းဓါတ်ပါတယ်.. အဲဒီရဲ့ ဆိုးကျိုးကတော့ အိပ်ရေးကို ထိခိုက်စေနိုင်တာပါ..
နောက်ပြီး စိတ်တည်ငြိမ်မှုကိုလည်း အနည်းနဲ့ အများ နှောက်ယှက်ပါတယ်.. အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်ဘူးလို့လည်း ဆိုထားတယ်.. လဘ္ကရည်ကတော့ ယေဘုယျအားဖြင့် ကော်ဖီထက်စာရင် ကဖင်းဓါတ်ပါဝင်မှု နည်းပါတယ်.. လဘ္ကရည်ကိုတော့ တော်တော်များများမှာ ကျန်းမာရေးအတွက် အပေါင်းလက္ခဏာဆောင်ပြီး ပြောကြတယ်.. ဒါပေမယ့် စာတမ်းတွေထဲ လဘ္ကရည်လို့ဆိုတာမှာ နို့မပါဝင်တဲ့ လဘ္ကရည်ကြမ်းသက်သက်ကိုဆိုလိုချင်တာဖြစ်ပါတယ်..
နွားနို့၊ နို့ဆီတို့နဲ့ ရောထားတဲ့ လဘ္ကရည်ကတော့ ခန္ဓာကို အကျိုးပြုမှု နည်းပါတယ်.. ဘာပဲဖြစ်ဖြစ် တန်ဆေး၊ လွန်ဘေးပေါ့ဗျာ..
ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးမိနေတာက
လူတွင်ကျယ် လုပ်ချင်နေတဲ့ စိတ်ကိုလျော့..
မတန်တဲ့ နေရာတွေကို မလိုချင်၊ မတပ်မက်နဲ့..
တစ်ယောက်အားနှင့်ယူသော် မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏။
အားလုံး.. တရုတ်နှစ်သစ်ကူးမှာ လန်းနိုင်ကြပါစေဗျာ..း)

Saturday, January 17, 2009
Diary 18th Jan 09
ဘာကြောင့်ရယ် မသိဘူး.. နောက်ပိုင်း ဘလော့ရေးတဲ့အခါ အရင်ကထက် ပိုပေါ့ပါးလာတယ်.. အခုရက်ပိုင်းတော့ စိတ်ဖိစီးမှုလျော့ကျမယ့် အလားအလာတစ်ချို့ ရှိနေတယ်..ကျွန်တော် ဝင်ပါထားတဲ့ ကျောင်းက Activity Club တစ်ခု.. အဓိက လှုပ်ရှားမှုတွေ တော်တော်များများ ပြီးသွားပြီ.. ဆုပေးပွဲတစ်ခု မတ်လ ၂၈မှာ ရှိတယ်.. ဆရာက ကျွန်တော့်ကို မြန်မာပြည်မပြန်ဖို့နဲ့ ဆုပေးပွဲတက်ဖို့ပြောတယ်.. အဲဒီအထိတော့ ကျွန်တော် ဒီမှာ မရှိနိုင်ဘူးပြောတော့.. သူက ဘဝင်ကျဟန်မတူဘူး.. ကျွန်တော် မတက်ဖြစ်ရင် ဆုကို တစ်ခြားလူတစ်ယောက်ကို ပြောင်းပေးမယ့် ပုံပဲ.. ဘာကြောင့်ရယ်.. ကျွန်တော် နားမလည် နိုင်ဘူး..
ကျန်ခဲ့တဲ့တစ်ပတ်က ကျောင်းမှာ ကျောင်းသားတွေအတွက် Stress (စိတ်ဖိစီးမှု) ကိုယ်တိုင် လျှော့ချနိုင်မယ့် ပညာပေး ပွဲလေးသဘောမျိုးရှိခဲ့တယ်.. အဓိကကတော့ စာမေးပွဲ၊ လူမှုဆက်ဆံရေး ဘာညာနဲ့ ပတ်သက်လို့ပေါ့.. သူတို့က self-esteem (မြန်မာလိုဆို ကိုယ့်ကိုယ်ကို လေးစား၊ကြည်ညိုမှုလို့ခေါ်မလား) ကို မြှင့်ထားဖို့ပြောတယ်..ဒါပေမယ့် ကျွန်တော့် အမြင်တော့ အဲဒါဟာ အဓိကဖြစ်ပေမယ့် နည်းနည်း ထဲထဲဝင်ဝင်လေး ပိုပြောပြရင်တော့ ကောင်းလိမ့်မယ်ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ self-esteem ဆိုတာ လူတစ်ယောက်ထဲအတွက် ကိစ္စတစ်ခုနဲ့ တစ်ခုမှာ အနိမ့်အမြင့် မတူနိုင်ဘူးလေ.. ဥပမာ. ကျောင်းစာမှာ ခင်များကိုယ် ခင်များ self-esteem သိပ်မြင့်နေပေမယ့်၊ တစ်ခြားကိစ္စတွေ ဖြစ်တဲ့ အချစ်ရေးတို့၊ မိသားစုနဲ့ ဆက်ဆံရေးတို့မှာ နိမ့်ချင်နိမ့်နေမှာပေါ့။ နောက်ပြီး ကောင်းသော မြင့်ခြင်း၊ မကောင်းသော မြင့်ခြင်းလည်း ရှိအုံးမယ်.. လွန်သွားရင် သူက ဘဝင်မြင့်ရောဂါမျိုး ဖြစ်သွားတတ်တယ်.. အဲဒီ အခါကျရင်လည်း စိတ်ဖိစီးမှု ဖြစ်ရပြန်ရော.. ဥပမာ၊ ကျွန်တော့်လိုပေါ့.. တခါတလေကျ အနာသိ၊ ဆေးရှိပေမယ့်လည်း ကုလို့မတတ်တာ ခက်နေတယ်.. ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်.. Ong Bak 2 နဲ့ Ip Man နှစ်ကား.. Ong Bak 2 ကတော့ ထိုင်းကားမလို့ အိမ်နီးချင်းအငွေ့အသက်လေးတွေ မြင်ရတယ်..အပြင်အဆင်နဲ့ သရုပ်ဆောင်တွေလည်း မဆိုးဘူး.. ပြီးခါနီး သိုင်းကွက်တွေ ပြတာတော့ နည်းအီလို့.. အကြိုက်ကြီးတော့ မဟုတ်လှပေမယ့် မွေထိုင်းအကွက်တွေကြောင့် ကြည့်လို့ တန်တဲ့ ကားတစ်ကားပါ.. နောက်တစ်ခု Ip Man ကတော့ တော်တော်လေးစွဲခဲ့တဲ့ကားပါ.. အသံထွက်က အစ်(ပ်)မန် လို့ထွက်တယ်.. တရုတ်စကားပြော အင်္ဂလိပ်စာတန်းထိုး.. ကြော်ငြာအဖြစ် အမြည်းကြည့်ရတုန်းက ဒီလောက်ကြီး မထင်ထားပေမယ့် အများကြီး လုပ်ပြသွားနိုင်ခဲ့တယ်.. ရုပ်ရှင်ဆိုတာ အမျိုးသားရေးတစ်ရပ်လို့မြင်တယ်ဆိုတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းရဲ့ ဆိုလိုချက်ကို ဒီကားမှာ ကျွန်တော်တွေ့ခဲ့တယ်..Ip Man ဆိုတာ နာမည်ကြီး သိုင်းအက်ရှင်မင်းသား Bruce Lee ရဲ့ ဆရာပေါ့.. သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ရိုက်ထားတာပါ..အထူးသဖြင့် သူ့နယ်ကို ဂျပန်တွေ ဝင်သိမ်းတုန်းက ဂျပန်စစ်တပ်ကို တရုတ်သိုင်း သင်ပေးဖို့ ငြင်းခဲ့သူ..သူ ကစားတဲ့ သိုင်းက Wing Chun လို့ခေါ်တယ်.. အဲဒါကို တီထွင်ခဲ့တာတော့ မိန်ကလေးတစ်ယောက်ပါတဲ့.. အထူးသဖြင့် fisting ထိုးတာလေးတွေ ကျွန်တော် စွဲသွားတယ်.. တကယ့် သိုင်းကားတစ်ကားအနေနဲ့ ဖြစ်သင့်တဲ့ ကားမျိုးပါ..စကားပြော၊ အမူအယာလေးတွေမှာ ရယ်စရာ ဟာသလေးတွေ ညှပ်ထားလို့ ဇာတ်ကားတစ်ကားလုံး လေးမနေဘူး။True story အတိုင်း 100% real ရိုက်ထားတာတော့ မဟုတ်ပါဘူး.. Wikiမှာတော့ သူ ဟောင်ကောင်ကို ထွက်တဲ့အခါမှာ မိသားစုပါမသွားဘူးလို့ ဆိုထားတယ်..ရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာက လိုက်သွားခိုင်းတယ်..း) Ong Bak 2 ရော၊ Ip Man ကိုပါ ဒုတိယပိုင်းထက်ထွက်မယ်လို့ သိရပါတယ်..(movieတွေကို ပို့စ်တစ်ခုအနေနဲ့ ရေးချင်ပေမယ့် ကျွန်တော့် အများကြီး မဝေဖန်တတ်လို့)
စာအုပ်တွေ အနေနဲ့တော့ ဒီရက်ပိုင်းမှာ http://yeyintnge.blogspot.com က ဒေါင်းလာတဲ့ ဦးနုရဲ့ တာတေစနေသား ဖတ်ဖြစ်နေတယ်..

Wednesday, December 31, 2008
Diary 01.01.09
ဇန်နဝါရီ (၁)ရောက်တိုင်း
နှစ်ဟောင်းတွေဟာ
အင်္ကျီအသစ်ကို ကောက်စွပ်ကြ
မဝတ်ချင်လည်း ဝတ်
ဝတ်ချင်လည်း ဝတ်..
ခန္ဓာအဟောင်းနဲ့ နှစ်သစ်တွေ။
လူတွေက မျက်နှာတွေ
ကောက်သစ်ကြ
မသစ်ချင်လည်း သစ်၊
သစ်ချင်လည်း သစ်
မျက်နှာအဟောင်းနဲ့
လူ __ တွေ။
နှလုံးသားတွေကို
နှလုံးသားတွေနဲ့ ဖာထေး..
နှစ်သစ်မှာ
နားလည်မှုတွေ လျှော့ဈေးရနေ..
ငြိမ်းချမ်းရေး (၁)ခုယူရင်
(၂)ခု အလကား ပေး....
ကမ္ဘာသစ်မှာ
ဗမာဖြစ် ကဗျာအစစ်တွေရော
ပါရဲ့လား ?
နှစ်ဟောင်းတွေဟာ
အင်္ကျီအသစ်ကို ကောက်စွပ်ကြ
မဝတ်ချင်လည်း ဝတ်
ဝတ်ချင်လည်း ဝတ်..
ခန္ဓာအဟောင်းနဲ့ နှစ်သစ်တွေ။
လူတွေက မျက်နှာတွေ
ကောက်သစ်ကြ
မသစ်ချင်လည်း သစ်၊
သစ်ချင်လည်း သစ်
မျက်နှာအဟောင်းနဲ့
လူ __ တွေ။
နှလုံးသားတွေကို
နှလုံးသားတွေနဲ့ ဖာထေး..
နှစ်သစ်မှာ
နားလည်မှုတွေ လျှော့ဈေးရနေ..
ငြိမ်းချမ်းရေး (၁)ခုယူရင်
(၂)ခု အလကား ပေး....
ကမ္ဘာသစ်မှာ
ဗမာဖြစ် ကဗျာအစစ်တွေရော
ပါရဲ့လား ?
မိသားစု
အခုတလောမှတင် မဟုတ်ဘူး.. ကျွန်တော် ရှေ့အကြောင်း စဉ်းစားမိနေတာ ခဏခဏပဲ..
အနီးကပ်ဆုံးက ကျောင်းပြီးသွားရင် ဘာလုပ်မလဲ၊ ဘာဖြစ်မလဲပေါ့.. ပုံမှန်လို အလုပ်ရ၊ Perment Resident ယူပြီးသွားမလား.. ဒါမှမဟုတ် အမှတ်မှီပြီး တက္ကသိုလ်ဆက်တက်မလား.. တစ်ခါတစ်လေလည်း ကျောင်းပြီးသွားရင် မြန်မာပြည်ပြန်ဖို့အတွက် ကျွန်တော် စဉ်းစားမိတယ်... ဒီမှာ မပျော်ဘူးဆိုတာထက် ငြီးငွေ့လာတယ်.. သူတို့သတ်မှတ်ချက်ထားတဲ့ စံချိန်၊ စံညွှန်းတွေကို ကျွန်တော် မကိုက်ညီချင်ဘူး.. ကိုယ့်ကိုယ်ကို ရင့်ကျက်ချင်ယောင်ဆောင်နေရတာ.. ကိုယ့်ကိုယ်ကို ပြန်ဖွက်နေရတာနဲ့တင်.. နောက်ဆုံး ကိုယ်ဘယ်နားမှာ ကျကျန်ခဲ့မှန်းတောင် မသိတော့ဘူး.. အားလုံးဟာ ကျွန်တော် ထင်ထားသလို လေးနက်မှုတွေမရှိဘူး.. ကျွန်တော်တစ်ယောက်ထဲရဲ့ စိတ်ကပဲ ပုံမှန် အရောင် ရှိမနေတာ ဖြစ်ချင်ဖြစ်မှာပေါ့လေ...
လမ်းအိုလေးကနေ ဒေါင်းထားတဲ့ ကဗျာတွေ တစ်ချို့ပြန်ဖတ်နေမိတယ်.. အဲဒီအထဲမှာ ဆရာစိုင်းဝင်းမြင့်ရဲ့ မိသားစုကဗျာလေးက အခုတလော ကျွန်တော် ဖြစ်နေတဲ့ စိတ်တွေနဲ့ တိုက်ဆိုင်နေလို့လားတော့မသိဘူး.. ကျွန်တော့် စိတ်ထဲ တော်တော်လေး စွဲနေတယ်.. အထူးသဖြင့် ကဗျာအဦးက စာကြောင်းတစ်ချို့ပေါ့..
မိသားစု
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေးဝင်ခဲ့တယ်
မိသားစုကို ငါမပြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်
သားသမီးဆိုတာ သီးခြားရှင်သန်ရမယ့် ဘဝတစ်ခု
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ မိုးယိုပေါက်လေးတစ်ပေါက် ရှိနေတယ်ဆိုရင်လည်း
ငါပဲဖြစ်မှာပါ။
ငါ့မိသားစုမှာ
ကြမ်းခင်တစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
[ရွှေမော်ကွန်း - ဇန်နဝါရီ၊ ၂၀၀၃]
စာမျက်နှာပါအရဆို ၂၀၀၃ ဇန်နဝါရီက ရွှေမော်ကွန်းမှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပေါ့..
အခုနောက်ပိုင်း ဆရာ့ရေးဟန်တွေက အဲဒီတုန်းကနဲ့တော့ မတူတော့ပါဘူး..
အထူးသဖြင့် နောက်ဆုံးထွက်ထားတဲ့ "များများမြန်မြန်" ကဗျာစာအုပ်မှာ တွေ့နိုင်ပါတယ်..

Saturday, December 27, 2008
ဟိုရောက် ဒီရောက် ဒီဇင်ဘာ ၂၇ ဒိုင်ယာရီ
Dဇင်ဘာ.. ဒီဇင်ဘာဟာ ကျွန်တော့်အတွက်တော့ ဘာမှထူးထူးခြားခြား မရှိခဲ့ပါဘူး..
နှစ်တိုင်းလိုလိုပဲပေါ့။ Stage ကျောင်းတုန်းကတော့ အားကစားပွဲတွေနဲ့ လူထုလမ်းလျှောက်ပွဲတွေ ရှိလို့ ပျော်ခဲ့ဖူးတယ်.. ခရစ်စမတ်မှာ ကျောင်းပိတ်ရက် (၁)ပတ်လောက် ရတယ်လေ..
New Year ကိုတော့ နှစ်တိုင်းလိုလို မကျင်းပဖြစ်တာ များတယ်။ မြန်မာပြည်မှာတုန်းက အိမ်အနီးအနားမှာ မီးပုံပွဲတွေ လုပ်ဖြစ်ကြပေမယ့် ကျွန်တော့် အိမ်က ပုံမှန်အချိန်အတိုင်းပဲ တံခါးပိတ်တာကြောင့် (၁၂)နာရီအထိမနေရခင် ပြန်အိပ်ရပြီ... တခြားအိမ်မှာ အိပ်တဲ့အကျင့်လည်း အဲဒီတုန်းက မရှိခဲ့ဘူးလေ..
အခု စလုံးရောက်တော့တော့ ပြီးခဲ့တဲ့နှစ်က Singapore poly က သူငယ်ချင်းတွေနဲ့ အတူတူရှိနေခဲ့တယ်..
တစ်ယောက်နဲ့ တစ်ယောက် စရင်း နောက်ရင်း ပုံပြင်တွေပြောပြလိုက်၊ ကစားနည်းတွေ ကစားလိုက်နဲ့ မိုးလင်းပေါက် west coast မှာ ထိုင်ခဲ့ကြတယ်.. အခုနှစ်တော့ ဘာတွေ လုပ်ဖြစ်မလဲ မသိသေးဘူး...
လောလောဆယ် ကျောင်းပိတ်ရက်အတွင်းတော့ ကျွန်တော်လုပ်ချင်တာလေးတွေ လုပ်နေရလို့ လုပ်သင့်တာတွေတောင် မလုပ် ဖြစ်လိုက်ဘူး။ စာပေနဲ့ ပတ်သတ်ပြီး ကျွန်တော် ပိုလေ့လာဖြစ်တယ်။ စိတ်ဝင်စားတဲ့ မော်ဒန်စာပေအပိုင်းပေါ့။ ပြည်ပမှာဆိုတော့ စာအုပ်တွေက ရန်ကုန်မှာလောက်တော့ ရှာရမလွယ်ဘူး။ ဒါတောင် e-books တွေ လုပ်ပေးထားတာရှိနေလို့၊ လက်လှမ်းမှီသလောက် ကြည့်နိုင်တာ..
တလောက ကိုညိမ်းညိုကျေးဇူးကြောင့် ဆရာဇော်ဇော်အောင်နဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်။ e-books တွေ ဆိုတော့ Print out ပြန်လုပ်ရတာတော့ ရှိတယ်။ ကွန်ပြူတာနဲ့ဆို ကျွန်တော်လည်း ဘယ်လိုမှ ဖတ်မရလို့။ နောက်တော့ သူငယ်ချင်း နတ်ကလေး အိမ်ရောက်ရင်း.. သူနဲ့ မော်ဒန်အကြောင်း တော်တော် ပြောဖြစ်လိုက်တာ.. မနက်(၄)နာရီလောက် အထိ ဖြစ်သွားတယ်.. ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးထားတာလေးတွေနဲ့ သူ့ရဲ့ အမြင်လေးတွေ ဖလှယ်ဖြစ်တယ်.. မော်ဒန်ကို ကျွန်တော်တို့တွေ အရမ်းကြီး နားလည်နေလို့တော့ မဟုတ်ပါဘူး.. တကယ်ကြည့်မယ်ဆိုရင် အပေါ်ယံသက်သက်ပဲ ဖြစ်ကောင်းဖြစ်မယ်.. ကြားဖူးနာဝလေးတွေပေါ့.. ဒါပေမယ့် အဲဒီလို ပြောဆို ဆွေးနွေးရတာလေးကို ကျေနပ်မိတယ်.. (အနုပညာနဲ့ ပတ်သတ်လို့ ကျွန်တော့်မှာ သူငယ်ချင်းသိပ်မရှိပါဘူး) နတ်ကတော့ သူလုပ်ဖြစ်နေတဲ့ ခဲချစ်ပန်းချီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ပြောတယ်.. အနုပညာဟာ တစ်ခုနဲ့ တစ်ခု ထိစပ်နေတယ်ဆိုတာကို ကျွန်တော်တို့ ပိုပြီးသဘောပေါက်လာကြတယ်..
အခုနောက်ပိုင်း ကျွန်တော့် ကဗျာတွေကတော့ (အရင်ကလို အလွတ်ကာရံသဘောထက်စာရင်) မော်ဒန်ပုံစံတွေ ဖြစ်ဖို့များမယ်ထင်တယ်.. ကျွန်တော် တမင်ဖန်တီးယူပစ်လိုက်တာတော့ မဟုတ်ပါဘူး။
ကျွန်တော့် စိတ်၊ ကျွန်တော့် mood ပေါ့.. လောလောဆယ် မော်ဒန်စာပေမှာ သက်ဝင်နေလို့..
အတိုင်းအတာတစ်ခုအထိ ကျွန်တော် အရေးကျဲကောင်းလည်း ကျဲသွားနိုင်တယ်..
တချို့ သဘောတရား၊ အယူအဆ၊ ရေးပုံရေးနည်း စနစ်တွေနဲ့ ပတ်သတ်လို့ ကျွန်တော် နားမလည်တာ၊ သဘောမပေါက်တာတွေ အများကြီးရှိနေလို့.. ရတဲ့ အချိန်လေးတွေဖဲ့ပြီး စာအုပ်တွေဖက်လှည့်ချင်တယ်.. တစ်ခါတစ်လေလည်း အကြောင်းအရာ အပြောင်းအလဲအနေနဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ်.. ဆရာကြီးရဲ့ စာတွေကို အရင်က မဖတ်ဖူးပါဘူး။ အခုလက်ရှိတော့ "မြန်မာပြည်အုပ်ချုပ်ရေး" ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်နေတယ်.. ဆရာကြီးရဲ့ စာတွေထဲမှာ သူ့ရဲ့ တိတိကျကျလေ့လာထားမှုကို စာအရေးအသားမှာ ကြည့်ရင် သိနိုင်ပါတယ်.. ဖတ်တဲ့သူကိုလည်း ရှင်းအောင်၊ နားလည်လွယ်အောင် ရေးပြတတ်တယ်..
ဒါတွေကတော့ ၂၀၀၈ ဒီဇင်ဘာထဲ ကျွန်တော် လုပ်ဖြစ်နေတဲ့ အရာတွေပေါ့.. တချို့ရက်တွေမှာ ရန်ကုန်ကနေ အလည်ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ စလုံးမြေတစ်လျှောက် လျှောက်သွားဖြစ်တယ်။ ခရစ်စမတ်ရက်ကတော့ ကျောင်းက သူငယ်ချင်းတစ်ချို့နဲ့ နည်းနည်းသောက်လိုက်တာ.. ဗိုက်က ဘယ်လို ဖြစ်သွားတယ် မသိဘူး.. (၂)ရက်လောက် နေလို့ မကောင်းတော့ဘူး။ ညီလေး ကိစ္စတွေတော့ အားလုံးအဆင်ပြေပြီး ကျောင်းတက်ဖို့ပဲ ကျန်တော့တယ်။ အဖွားလည်း ဆေးရုံက ဆင်းလို့ ရပြီး အဒေါ့်အိမ်မှာ နားနေတယ်။ လမ်းလျှောက်နိုင်ပေမဲ့ ကြာကြာထိုင်လို့တော့ မရဘူးပြောတယ်.. ဘာပဲဖြစ်ဖြစ် အသက်အရွယ်အရ အရမ်း အဆိုးကြီးဖြစ်မသွားတာလို့ တော်သေးတယ်။
အင်း.. ဒါနဲ့ ခင်များတို့ရော နယူးကလီးယား.. အဲလေ.. new year မှာ ဘာတွေလုပ်ဖြစ်မလဲဗျ။
ထူးထူးခြားခြား အစီအစဉ်လေးတွေရှိရင် ရှယ်ခဲ့ပေါ့။ ကျွန်တော်တော့ new year ရယ်၊ အိပ်မက်ရယ်ကို (၁၂)နာရီတိတိ၊ အိမ်မှာ ဆုံဖို့ ချိန်းလိုက်ပြီ..။
အားလုံးပဲ ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ ခင်မျာ..း)

Subscribe to:
Posts (Atom)