Thursday, September 24, 2009

ကဗျာကတော့ ဘာမှ မဟုတ်ပေမယ့်

အစကတော့
တိတ်ဆိတ်နေတဲ့ ကိုယ့်အခန်းလေးကို သွန်ချလိုက်မလို့ပါပဲ
ဒါပေမယ့်လည်း
ကိုယ်အသွန်မတတ်လို့ တစ်ကမ္ဘာလုံးမှောက်ကျခဲ့တယ်။
သီချင်းလေးတွေ တီးတိုးလိုက်ရွတ်တတ်တဲ့ နှုတ်ခမ်းလေးကအစ
အာရုံခံလွန်းတတ်တဲ့ ငါ့ရဲ့ စိတ်ဝေဒနာအဆုံး
အိမ်ဘေးသစ်ပင်က ကျလိကျလိတွေကို
ငါ့အိပ်မက်အား မြည်းကြည့်စေချင်တယ်။
ဘာကြောင့်များ ကဗျာဟာ ကဗျာဖြစ်နေရသလဲ
တဆိတ် ငါ့စိတ်တွေဟာ လေနိုင်လွန်းလှတယ်။
သမင်မလေးရယ်
ဟောဒီမုဆိုးရဲ့ ချုပ်ရိုးရာများဟာ
မင်း မပစ်ခဲ့တဲ့ မြှားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ခေါင်းကလေးကို တစ်ချက်မော့ကြည့်လိုက်တာ
ကြုံလှီနေတဲ့ လက်မောင်းလေးကို ဖက်တွယ်ထားမိတော့မလိုနဲ့
အမှောင်ခန်းဟာ တကယ့်ကို ကယောင်ကတန်းပဲ
“ပြည်ကြီးရေ..
ဒီတစ်ခါ ပုလင်းအဖုံးတွေ ဖွင့်ရင်တော့
အပြင်းဆုံးတွေနဲ့ လွင့်မယ်ကွယ်”
မှတ်ဥာဏ်တွေမှာ ခဏညှပ်ထားလိုက်
အပ်ကျသံလေးတစ်ချက်ဟာ မိုးချိန်းသွားရလောက်အောင်
ငါ့အကြားအာရုံတွေထဲ ပုံသွင်းလိုက်မိပြီ
နှုတ်ဆိတ်နေသူလေးရဲ့ ငြိမ်သက်မှုဟာ
တစ်ချက် တိတ်ဆိတ်လွန်းလှပါတယ်။


ခန့်နေ

2 comments:

Unknown said...

ဘာမှမဟုတ်တာကိုပဲ ဖတ်သွားတယ်ကိုခန့်ရေ ကောင်းသောနေ့ဗျာ :)

Eduking said...

ကျေးဇူးတင်ပါတယ်.. ကိုခင်လေးရေ.. ကောင်းသောနေ့ပါဗျာ..း)

Free counter and web stats