Friday, December 26, 2008

Myanmar Blog Academy by mmblogpress

တစ်နေ့က ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်ကနေ သတင်းထူးတစ်ပုဒ် တွေ့ခဲ့ရတယ်..
အဲဒါကတော့ မြန်မာ Blog Academy ပေးပွဲဖြစ်ပါတယ်.. မြန်မာဘလော့ဂ်တွေထဲကနေပြီးတော့ အမျိုးအစားလိုက် အကောင်းဆုံးတွေကို စည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်မယ့် အစီအစဉ်လေးပါ.. သတင်းလေးကို ဖတ်ပြီး စီစဉ်နိုင်သူတွေကို လေးစားမိတယ်.. ကျွန်တော်လည်း အဲဒီလို idea လေးတွေ အရင်က (စိတ်ကူးယဉ်သက်သက်) ဖြစ်ခဲ့ဖူးတယ်..
ချီးမြင့်မယ့်ဆုအမျိုးအစားတွေကတော့ ..

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာစာပေ )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )

သတ္တမနည်းပညာ ရပ်ဝန်း (Technical 7) ရဲ့ ကြိုးပမ်းမှုပါ။ အသေးစိတ်အချက်အလက်နဲ့ မဲ(vote) ထည့်သွင်း ပါဝင်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်မျာ.. Results တွေကိုတော့ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိမှာ ဖွင့်လှစ်ကြေညာမှာ ဖြစ်ပါတယ်.. ကျွန်တော်တော့ ရုံကြီးကားတွေ သိပ်မရိုက်ဖြစ်တာကြောင့် မပါဖြစ်တော့ဘူး.. :P ဆုရမယ့် သူတွေကိုယ်စားတော့ တင်ကြို ရင်ခုံမိနေတယ်..း)



Saturday, December 20, 2008

ခေါင်းစဉ်မရှိ စောင့်စားခြင်း

ခေါင်းစဉ်မရှိ စောင့်စားခြင်း

ဒါနဲ့ပဲ
သာမာန်လူနဲ့ မတူအောင် ကြိုးစားချင်နေတဲ့
ခင်များရဲ့ စိတ်ကိုက
သာမာန်လူတစ်ယောက်နဲ့ တူနေတာ
မဟုတ်ဘူးလား...

မနက်ဖြန်ထဲမှာ ဘာတွေ ရှိမလဲ ကြည့်လိုက်တော့
ရုပ်နဲ့ နာမ်တွေက
ခင်များကို စောင့်နေကြတယ်..
မပြုရသေးတဲ့ အိမ်ထောင်နဲ့ သားသမီးတွေ
ခင်များကို စောင့်နေကြတယ်..

လေပြေတွေက
ခင်များကို ဝင်တိုက်ဖို့ စောင့်နေတယ်
(ယာဉ်တစ်ချို့လည်း ပါကောင်းပါမှာပေါ့)

နောက်ဆုံးပိတ် ဝင်အိပ်ရမယ့်
အလုံပိတ် ခုတင်တစ်လုံးကလည်း စောင့်နေတယ်

အတက်လား၊ အဆင်းလား.. တဲ့
လှေကားထစ်တွေက
ခင်များရဲ့ ခြေလှမ်းကို စောင့်နေတယ်

ကွက်လပ်တွေက ခင်များကို စောင့်နေတယ်
(မဖြည့်နိုင်ကြောင်း မေတ္တာရပ်ခံချက်ကိုလည်း
ဖြစ်ကောင်းဖြစ်မှာပေါ့)
သူတို့ အထဲမှာတော့
ပါရာဒိုကားပေါ်က မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေ၊
စင်ပေါ် စင်အောက် ခွဲခြားမှုတွေ၊
ခန္ဓာကိုယ် အရှေ့မြောက်ဘက်ခြမ်းထဲက အရာတွေ..
ရှိနေတယ်ဆိုတာ
ဖွင့်မကြည့်ဘဲလည်း ခင်များ သိနေတာပဲ..

မရပ်သေးတဲ့ ရင်ခုံသံနဲ့
နာရီတွေလည်း ပါမယ်..

အမောပြေနေတဲ့ စစ်ပွဲတွေက
ဒုတိယပိုင်း ဆက်ကစားဖို့ စောင့်နေတယ်..

ဒါကိုတော့ ခင်များ ဘဝင်ကျဟန် ပုံမပေါ်ဘူး..

နောက်ပြီး
အဖြေရှာတိုင်း မေးခွန်းတွေပဲ တွေ့နေတာ
ဘောင်ခတ်ထားတဲ့ အကြည့်တွေရဲ့ နယ်နိမိတ်ကနေ
မဆိုသလောက်ကလေး အပြင်ထွက်နေတာ..
စာအုပ်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့
ဦးနှောက်တွေက မူမမှန်ဘဲ ဖွံ့ဖြိုးနေတာ..
.. တွေအတွက်တော့
ရှင်းလင်းချက်ဆိုတာ မတောင်းကောင်းပါဘူး။

အဖြေဘာထွက်သလဲ မေးလာရင်
အနီးစပ်ဆုံးက "သုည"ပဲလို့ ဖြေမိမှာ..

လူတစ်ချို့က
ငရဲကို အဆီထုတ်ပြီး
မီးအပူတိုက်ထားတဲ့ အနံလေးကိုတောင်
မခံနိုင်ကြပါဘူးတဲ့..

လောလောဆယ်တော့
ကဗျာတစ်ပုဒ်က
ခင်များကို ပြီးအောင်ဖတ်ဖို့ စောင့်နေတယ်။

Wednesday, December 17, 2008

Diary 18.12.08

ဒီရက်ပိုင်း ညီလေး ကျောင်းလာတက်ဖို့ ရောက်လာလို့ သူ့ကိစ္စတွေ လုပ်ပေးနေရတယ်..
အရင်လို ကွန်ပြူတာကို ကျွန်တော် တစ်ယောက်ထဲ သုံးလို့ မရတော့ဘူး.. ကျောင်းပိတ်ရက်ပေမယ့် project တစ်ချို့နဲ့ လူမှုရေးကိစ္စတွေကြောင့် အလုပ်လည်းမဝင်ဖြစ်သေးဘူး။ ညီလေးပြောလို့ ပြည်မှာ အင်တာနက်ဆိုင်တွေ (၁၀)ဆိုင်လောက် တိုးလာတာ သိရတယ်.. ဒီကောင်ကတော့ လောလောဆယ် full-time chatter ဖြစ်နေတယ်.. ADSL connection နဲ့ member ဝင်လို့ရကြောင်း၊ အင်တာနက်ကို ၂၀၀၀ကျပ်နဲ့ အပြီးသင်ပေးကြောင်းပြောတယ်.. ဘာတွေ သင်ပေးတာလဲလို့ မေးတော့ gtalk account တစ်ခုရယ်၊ website ဝင်တာရယ်၊ ဘယ်လို chat ရတယ်ဆိုတာ သင်ပေးတယ်တဲ့.. တစ်နာရီကို ၁၀၀၀လောက်တော့ ပေးရတယ်.. ကျွန်တော်နောက်ဆုံးပြန်တုန်းပေါ့.. နှစ်ဆိုင်လားပဲ ရှိသေးတယ်.. ဒါပေမယ့် ကော်နက် မဆိုးဘူး.. Blogspot တောင် ဝင်လို့ရလို့ အံ့သြနေတယ်.. ကျွန်တော်ထင်တာ MPT (ဆက်သွယ်ရေး) လိုင်းက ယူထားလို့ ဖြစ်မယ်..
အခုလိုဖြစ်လာတော့ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်ရတယ်.. ဒါပေမယ့် မသိတဲ့ သူတွေလည်း လာ add ကြတယ်.. ကျွန်တော့် Full nameကို ယူသုံးထားတဲ့ accounts တစ်ချို့လည်း တွေ့ရတယ်.. ဘာပဲဖြစ်ဖြစ်မကောင်းဘူးပေါ့.. ကျွန်တော်က ပြောင်းပေးဖို့ပြောတော့.. Block လုပ်လိုက်လားတော့ မသိဘူး.. နောက်မတွေ့ရတော့ဘူး... အဖွားကတော့ ချော်လဲကျလို့ ဆေးရုံတက်နေရတယ်တဲ့... အရိုးပြားသွားပြီး လမ်းမလျှောက်နိုင်သေးဘူး ပြောတယ်...

အစကတော့ နောက်နှစ် final year projectကို တခြားနိုင်ငံတစ်ခုမှာ သွားလုပ်မလို့.. အခုတော့ ညီလေးရောက်လာတာနဲ့ မသွားဖြစ်လောက်တော့ဘူး.. အဖေ့ကို ဖုန်းထဲမှာ စရင်းနဲ့ တရုတ်ပြည်သွားရင် ကောင်းမလားမေးတော့ ကျွန်တော့်ကို ခနဲ့တဲ့တဲ့နဲ့.. ငြင်းတော့ မငြင်းရှာဘူး..း) ကိုလေးကြီးရဲ့ BOB သီချင်းတွေလည်း ဒီရက်ပိုင်း ကျွန်တော့်ကို ငွေ့ငွေ့လေး ပြန်လောင်နေတယ်.. (အချိန်ရရင်တော့ reviewလေးလည်း ရေးချင်သေးတယ်)
ပြက္ခဒိန်ပေါ် နံပါတ်တွေကို ထုတ်ရေရင်းက.. စိတ်တွေလည်း တရုတ်ပြည်ရဲ့ ခြေရင်းက ခွာနိုင်ပါ့မလား...

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများကို ဆက်ထားခြင်း

ထိုင်ခုံများသည် ဒြပ်ရှိပြီး၊ သက်မဲ့သောပစ္စည်များ ဖြစ်ကြသည်။

ရုပ်ရှင်ရုံရောက်တိုင်း အောင်လင်း အမြင်ကတ်လေ့ရှိသည့် ထိုင်ခုံများ ရှိသည်။

မောင်မြင့်၏ လက်သုပ်ဆိုင်တွင် ထိုင်ခုံတစ်ချို့မှာ လက်ရာနှင့်အတူ ဟောင်းလျက်ရှိသည်။

လူအမျိုးမျိုး၊ ထိုင်ခုံအထွေထွေ။

ထိုင်ခုံအမျိုးအားကို ကြည့်၍ လူတစ်ဦး၏ အဆင့်အတန်းကို ခွဲခြားနိုင်ပါသလား။

အင်္ဂလိပ်စာ၏ chairman ဆိုသော အသုံးအနှုန်းကို တိုက်ရိုက်ဘာသာပြန်လျှင် ထိုင်ခုံလူကြီးဟု အဓိပ္ပါယ်ရလေသည်။

ထိုင်ခုံတို့ကို လူသတ္တဝါများက ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ထီထွင်ခဲ့ခြင်းဖြစ်လေသည်။ သစ်ပင်များသည်လည်း လူတို့အတွက် ကျောက်ခေတ်မှသည် ယနေ့အထိ မူလလက်ဟောင်း အကျိုးပြု ထိုင်ခုံများ ဖြစ်ခဲ့ကြသည်။ ရုပ်ရှင်ရုံတွင် အောင်လင်း ကြည့်မရသော ထိုင်ခုံများမှာ couple seats ဟု ခေါ်သည့် အတွဲထိုင်ခုံများ ဖြစ်သည်။ အဆင့်အတန်းကို ထိုင်ခုံပေါ်ကြည့်၍ ခွဲခြားမည်ဆိုလျှင် လောကကြီးက သင့်ကို ဝါးလုံးခေါင်းထဲ ဟန်ပါပါပြုံးပြနေသည့် အဆင့်အတန်းတစ်ခုကို လက်ဆောင်ပေးလိမ့်မည်။ ဆိုင်တွင် လက်သုပ်လာစားသော ကျောင်းသူလေးများ ခုံပြောင်းထိုင်ကြသည်ကိုမြင်တိုင်း မောင်မြင့်သည် သူ ငယ်စဉ်က စာသင်ခန်းထဲတွင် ထိုင်လေ့ရှိသည့် တင်ပါးညပ်သော ခုံကလေးကို သတိရမိ၏။

ကမ္ဘာကျော် ဘီလျံနာကြီးမှသည် ပညာရှင်၊ ကုန်သည်ပွဲစား အလယ် ခေါင်းထိုးရွက်ဖျင်ဈေးသည်နှင့် သူဖုန်းစားအဆုံး ထိုင်ခုံတစ်လုံးကိုတော့ ထိုင်ခဲ့ဖူးကြသည်။ အနော်ရထာထိုင်သော ထိုင်ခုံကို ပလ္လင်ဟု ခေါ်တွင်၍ ကျွန်တော်ထိုင်သော ခုံကိုမူ ကုလားထိုင်ဟု ခွဲခြား ခေါ်ခံခြင်းအတွက် ကျွန်တော် ဝမ်းမနည်းဖူးပါ။ ထိုင်ခုံများပေါ်ပေါက်ရာသမိုင်းတွင် ကျောက်တုံးများသည် ပထမဆုံး ထိုင်ခုံလုပ်နည်း အတွေးကို ပေးခဲ့ဟန် ရှိသည်။ အောင်လင်း မုန်းသော couple seatsများမှာ သူ မနှစ်မြို့သလောက် သူ့ဘဝတွင် အထိုင်ချင်ဆုံးနှင့် တစ်ခါမှ မထိုင်ဖူးသေးသော ထိုင်ခုံအမျိုးအစားတစ်ခုဆိုလျှင်လည်း မမှားပေ။ ထိုရည်မှန်းချက်၏ အကောင်အထည်အဖြစ် တစ်လတိတိ အချိန်ယူရေးလျက်ရှိသော မယ်လေးခင်ကို ပေးဖတ်မည့် ရည်းစားစာတစ်စောင် ဒိုင်ယာရီထဲတွင် ခေါက်လျက် ရှိနေပြီဖြစ်သည်။ ဆရာဝန်မလေး မသန္တာသည် သူ့မ၏ ဆေးခန်းရှိ လူနာစောင့် ခုံတန်းရှည်လေးကို ပြန်ပြင်ရန် ဈေးသွားခါနီး အဒေါ်အား လိုအပ်သည့် ပစ္စည်းများ (သို့မဟုတ်) လိုအပ်သည်များ မှာကြားနေ၏။

သမိုင်းဦးခေတ် မူလအသုံးပြုရာ ကျောက်တုံးများမှစ၍ သံ၊ သစ်သား၊ ပလတ်စတစ်၊ ဝါး၊ ကြိမ်၊ ဆိုဖာ၊ သားရေများအထိ ထိုင်ခုံတစ်လုံး၏ ဖွဲ့စည်းရာ၌ အဓိကပစ္စည်းများအဖြစ် ပါဝင်လာခဲ့ကြသည်။ နည်းပညာသစ်များဖြင့် ပေါင်းစပ်ကာ နတ်တို့ မလိုက်နိုင်သော လူ့အလိုကို လူအချင်းချင်းလိုက်ရန် ကြိုးစားနေကြသည်။ အောင်လင်းသည်လည်း သူ၏ ရည်းစားစာ project သို့ သူငယ်ချင်း ကဗျာဆရာ ဇော်မိုးကို အကူအညီအဖြစ် ဖိတ်ခေါ်ကာ due date သတ်ရန် ကြိုးစားနေလေသည်။ မောင်မြင့်၏ စာသင်ခန်းတွင် ထိုင်ခဲ့သော ခုံလေး၏ မျက်နှာပြင်မှာ နဂိုက သစ်သား သုံးပြား ဆက်ထားသော မျက်နှာပြင်တစ်ခု ဖြစ်၍ အချိန်ကြာလာသောအခါတွင်မူ သံများလျော့ရဲကာ အဆက်နေရာများက ပိုဟလာပြီး တင်ပါးကို ညှပ်မိနေခြင်းဖြစ်သည်။ ထို့ကြောင့် သတိထား ထိုင်နေရသည်။ ဒေါက်တာသန္တာ၏ ခုံတန်းရှည်လေးမှာ နောက်တစ်နေ့ နံနက်တွင် တစ်ဦးတည်းသော သမီးရှင် ဦးဘဝင်း၏ အိမ်ရှေ့၌ စာနှင့်တကွ ရောက်လျက်ရှိသည်။ ထိုစာမှာ “တုံကင်ယူ၍ တန်းစီပါ” ဟူ၍ ဖြစ်လေသည်။

ထိုနေ့က အောင်လင်း၏ တစ်လေကျော်ကြာ couple seat စီမံကိန်းကြီးလည်း ဆုတ်ဖြဲခံခဲ့ရသော ရေမွှေးစက္ကူစများနှင့်အတူ မယ်လေးခင်၏ ဖိနပ်အောက်တွင် ကျိုးကြေ ကြေမွ ပျက်စီးခဲ့လေသည်။ တရားခံမှာ ရည်းစားစာ စကားလုံးများကို rap သီချင်း စာသားများမှ ဇော်မိုးက ကူးယူခဲ့ခြင်းကို
hip-hop ဂီတ ပရိတ်သတ်တစ်ယောက်ဖြစ်သော မယ်လေးခင် သိနေခြင်းကြောင့် ဖြစ်လေသည်။ ထိုင်ခုံများ ဖန်တီးရာ ပုံစံနှင့် ဒီဇိုင်းတွင်လည်း အစက ရိုးရှင်သော ခြေလေးချောင်းထောက် ခွေးခြေများမှသည် ဆုံလည်ကုလားထိုင်များ၊ ခြေထောက်တင်နိုင်သော၊ ကျောခင်း နောက်မှီနိုင်သော၊ ကြွက်သားများကိုပင် အလိုလျောက် နှိပ်ပေးနိုင်သော နောက်ဆုံးပေါ် ထိုင်ခုံများအထိ နည်းပညာသစ်များ၏ စွမ်းပကားဖြင့် ပေါင်းစပ်တီထွင်မှုများ ရှိလာခဲ့သည်။ ဘီလျံနာကြီးသည် အလုပ်စားပွဲရှိ ထိုင်ခုံကို အနည်းဆုံး တစ်လတစ်ခါမှသာလျင် အသစ်လဲနိုင်သော်လည်း လမ်းဘေး ဈေးသည်များမှာ တစ်ရက်တစ်ခါ ထည်လဲ ပြောင်းနိုင် နေသည်ကို တွေ့ရသည်။ သူတို့၏ ထိုင်ခုံများမှာ တစ်ခါတစ်လေ ခွေးခြေအပု၊ တစ်ခါတစ်ရံ ဖက်ရွက်ခင်း၊ တစ်ခါတစ်လေ ဂုန်နီအိတ်၊ တစ်ခါတစ်ခါ ကတ်ထူပြား၊ တစ်ခါတစ်လေ ဖိနပ်ခုနှင့် သံမံတလင်း၊ ပလက်ဖောင်း အစသဖြင့် တစ်နေ့တစ်မျိုး မရိုးအောင် လဲနိုင်ကြပေသည်။

သူများတွေလို အတန်းမစမီ ခုံအကောင်းနှင့် လဲထားရန်မှာလည်း ကျောင်းပုံမှန် နောက်ကျလေ့ရှိသော မောင်မြင့်အဖို့ မဖြစ်နိုင်။ မျက်မှန်ဝယ်ရန် မတတ်နိုင်သော သူ့အတွက် အတန်းရှေ့က ထိုခုံနေရာလေးသည် တကျီကျီ (သို့မဟုတ်) တကျွီကျွီမြည်သံနှင့် မြေဖြူမှုန့်ရှူ၊ သင်ပုန်းဖျက်၊ တင်ပါးညပ်ရုံမှလွဲ၍ အားလုံး အဆင်ပြေ၏။ ၂၀၁၀ခုနှစ်တွင် သိပ္ပံပညာရှင်များက မည်ကဲ့သို့သော ထိုင်ခုံအသစ်အဆန်းများကို တီထွင်အုံးမည်နည်း။ ဦးဘဝင်းလည်း ခုံနှင့်စာကို မြင်လျှင်မြင်ချင်းပင် ဒေါသထွက်လျက် အနီးရှိ ခွေးခြေအပုလေးကို ပိတ်ကန်လိုက်ရာ အစထွက်နေသော သံစနှင့် ခြေထောက် ခြစ်မိပြီး ထိုနေ့အဖို့ မသန္တာ၏ ဈေးဦးပေါက်လူနာ ဖြစ်ခဲ့လေသည်။ (ဆေးထိုးအပ်ထဲမှ ဆေးရည်မှာ မေးခိုင်ကာကွယ်ဆေးဟု ဖော်ပြရန် လိုအပ်မည် မထင်ပါ၊ သို့သော် အစစ်ဖြစ်ကြောင်း အာမ မခံ။)

သေချာကြည့်လျှင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည်လည်း တိုက်တာ အဆောက်အဦး၊ မြစ်ပင်လယ်နှင့် တောင်တန်းများ စုပြုံနေထိုင်ရာ ထိုင်ခုံကြီးတစ်လုံး ဖြစ်လေသည်။ ကျွန်တော့်အဖို့ မြင်းများမှာမူ ဒြပ်လည်းရှိ၊ အသက်လည်းရှိ၍ လိုက်ပါစီးနင်း ရွေ့လျားနိုင်သော ထိုင်ခုံများနှင့် တူသည်။

သူတောင်းစားတို့အတွက် အလုပ်ချိန်အတွင်း လိုက်ဖက်သော ထိုင်ခုံမှာ မပြောင်းလဲသော မြေကြီး ဖြစ်လေသည်။ သို့သော် ထိုင်ခုံတစ်ချို့ပေါ်တွင် ထိုင်နေသော သူတောင်းစား တစ်ချို့လည်း ရှိသည်။

Saturday, December 13, 2008

Diary 14.12.08

မနေ့ကတော့ mid-term စာမေးပွဲတစ်ခု ပြီးသွားလို့ အခု break (၂)ပတ် ရထားတယ်.. ဒီတစ်ခါ စာမေးပွဲက မေးခွန်းတွေ အများကြီး လှည့်တာ မပါလို့.. မဟုတ်ရင် ကျွန်တော်တော့ မဖြေနိုင်တာနဲ့တင် holiday လည်း ဘယ်လိုပြီးသွားမှန်း သိမှာမဟုတ်ဘူး.. ဒီ semester လောက် ကျွန်တော် စာမလုပ်တာ ဒီ semester ပဲ ရှိမယ်.. စာမေးပွဲအနားနီးတော့မှ ကပ်ကြည့်ရတာတွေချည်းပဲ.. ကျွန်တော် စာဖက်မှာ တော်တော်လေး လျော့နေပြီ.. ကိုယ့်ဟာကိုလည်း သိနေရက်နဲ့.. ဒါတောင် သူငယ်ချင်းတစ်ယောက်နဲ့ စာအုပ်လဲထားတော့ သူရဲ့ သေချာလိုက်မှတ်ထားတဲ့ notesတွေနဲ့ မေးခွန်းဟောင်းတွေ လေ့လာဖို့ ရှိနေလို့.. သူ့ကို ကျေးဇူးတင်ရမယ်..ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ရတယ်.. မဟုတ်ရင် ကျွန်တော် အောင်ဖို့တောင် မျှော်လင့်ရဲမှာ မဟုတ်ဘူး.. နောက်ပြီး ဒီလ အကုန်ပိုင်းလောက်မှာ နောက်ဆုံးနှစ်အတွက် အထူးပြု ဘာသာရပ်တစ်ခုလည်း ရွေးရမယ်.. လေကြောင်းနဲ့ ပတ်သက်တာ ယူဖြစ်ဖို့များနေတယ်.. လောလောဆယ် ကျွန်တော့်ကို ဆွဲဆောင်နေတာတော့ အဲဒီတစ်ခုနဲ့ Automation ပဲ.. ဒါနဲ့ စာမေးပွဲရက်အတောအတွင်းက ဝထ္ထုတစ်ပုဒ်ရေးဖို့ idea ရခဲ့တယ်.. အခုတော့ စရေးဖြစ်နေပြီ.. ဒါပေမယ့် ကျွန်တော် နိုင်မနိုင်မသေချာသေးဘူး.. အကြောင်းအရာရှိပေမဲ့ ဆင်ပြီးရေးရတာ ကျွန်တော့်အတွက် တော်တော် ခက်တယ်..

ဒါနဲ့ စကားမစပ်.. Html မှာ ကျွန်တော် ရှာနေတဲ့ coding လေးတစ်ခုကို ဒီနေ့ တွေ့ခဲ့တယ်.. အဲဒီကောင်က ဘယ်လို အလုပ်လုပ်လဲဆိုတော့ ပုံမှန် URLတွေကို လင့်ခ်ချိတ်ပြီး တက်လာတဲ့အခါ New Pageက နဂို page ပေါ်မှာ ထပ်မသွားဘဲနဲ့ browser အသစ် ဒါမှမဟုတ် tab အသစ် တစ်ခုအနေနဲ့ တက်လာတာပါ.. ဒါကို ကျွန်တော့် side barက Blogs တွေကို လင့်ခ်ထားတဲ့နေရာမှာ တွေ့နိုင်ပါတယ်.. ပုံမှန်အတိုင်းဆို click နှိပ်လိုက်တဲ့အခါ ကျွန်တော့် pageကို ဖုံးသွားပြီး အသစ်စာမျက်နှာတစ်ခု တက်မှာပါ.. အခုတော့ နောက် tab တစ်ခု အနေနဲ့ တက်ပါတယ်.. ဒီကုဒ်ဒင်း မသုံးဘဲ အရင်အဟောင်း ကုဒ်ဒင်းကိုပဲ right click နှိပ်ပြီး new window/tab ရွေးရင်လည်း အတူတူပါပဲ.. အဲဒီ ထပ်ဖြည့်ပေးရမယ့် ကုဒ်ဒင်းလေးကတော့ target="_blank" ။ သူ့ကို ကူးယူပြီး ပုံမှန် ချိတ်နေကျ ကုဒ်ဒင်းရဲ့ URL အနောက်မှာ ကပ်ထည့်ပေးရုံပါပဲ.. အောက်ပါအတိုင်းပါ..

Normal coding

[a href="http://www.eduking.blogspot.com/"]eduking[/a]


Modified coding

[a href="http://www.eduking.blogspot.com/"target="_blank"]eduking[/a]

ဒီနေရာမှာ “<” နဲ့ “>” နေရာမှာ “[” နဲ့ “]” အသုံးပြုထားပါတယ်.. ဒါကြောင့် ကူးယူတဲ့အခါ ဒီ signs လေးတွေကို ပြန်ပြောင်းပေးဖို့တော့ လိုအပ်ပါတယ်..

ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ လင့်ခ်ကင်းနိုင်ကြပါစေ..း)

Friday, December 5, 2008

Poem part- 17

ဒီကဗျာလေးကို ကျွန်တော် မေလ (၁၂)ရက်နေ့လောက်က ရေးခဲ့တာ.. လက်ရှိ IT Age မင်းခယောက်ျားတွေအတွက် ကိုယ်စားပြုပေါ့.. ကျွန်တော်ကတော့ အခု အဲဒီအထဲက နှုတ်ထွက်တော့မလို့.. :D

အဝေးရောက် ဝန်ခံချက်

အနေတွေ ဝေးပေမယ့်
သွေးတွေတော့ နွေးနေဆဲပဲ..

တင်ပို့ရန် ကဗျာတွေ
ဘယ်လို ရေးရမလဲ..

အခုလိုအချိန်…
နှစ်ကိုယ်ဝေးကြဆဲ..
(ရကောက် ဆိုသော
အပျိုလေးက မရှိ)
ဒဏ်ရာတွေက
ကြိုးဘယ်လိုပေးကြမလဲ
မသိရပေမယ့်
သတိရခြင်းတွေ အတွက်
အဆာဖြေရာ

နင်တစ်ယောက်ထဲပဲ
ဒီကမ္ဘာမြေမှာ ရှိပါတယ်…

တယ်လီဖုန်းတွေ ပျက်၊
chatting တွေလည်း မတက်ဖြစ်တဲ့အခါ
အိပ်မက်တွေကို တံခါးခေါက်ခွင့်တော့ပြုပါ၊
မိန်းကလေး...

အထိအတွေ့လေးတွေနဲ့ ဝေးလို့
သတိမေ့ဆေးတွေလည်း ပေးဖို့
ည တစ်ကောင်ဟာ
ငါ့ကို ကြိုးစားနေလေရဲ့ ။



Tuesday, December 2, 2008

မယ်Ting

အခုတလော.. ဘာရယ် မဟုတ်ဘူး.. ကျွန်တော် ဟာသပိုစ့်တွေ ရေးဖြစ်နေတယ်.. (အကြောင်းကြောင်းကြောင့် ဒီBlogမှာ မတင်ဖြစ်ပေမဲ့လို့) တနေ့ကပဲ.. မယ်တင်ဆိုတဲ့ သီချင်းလေး ပြန်နားထောင်ရင်းနဲ့ စိတ်ထဲ ဟာသဆန်ဆန် idea လေးတွေ ပေါ်လာတယ်.. အဲဒါနဲ့ သီချင်းအလိုက်ကို ကျွန်တော် စဉ်းစားမိတာလေးတွေနဲ့ လိုက်ဖြည့်ရေးလိုက်တယ်.. သံဇဉ်မသိဘဲ ဖတ်ကြည့်ရင်လည်း သူက ကဗျာလေးတစ်ပုဒ်လိုပါပဲ.. ပြင်ထားတဲ့အကြောင်းအရာကိုတော့ စင်္ကာပူမှုပြုထားတယ်ပေါ့ဗျာ..
နာမည်ကိုတော့ မယ်Tingလို့ ပြင်ပေးလိုက်တယ်.. စင်္ကာပူနဲ့ မရင်းနှီးတဲ့ သူတွေအတွက်ကိုတော့ နောက်ဆုံးမှာ ကျွန်တော် တတ်နိုင်သလောက် ပြန်ရှင်းပေးထားပါတယ်..
ပေါ့ပေါ့ပါးပါးပေါ့ဗျာ...း)

မယ်Ting
အရင်လိုပါပဲ.. လူတွေကြားထဲ
MRT တိုးဝှေ့စီးရင်းနဲ့
အရင်လိုပါပဲ.. အသံကြောင်တတ်တဲ့
Nokia Ringtone စမ်းနေတယ်..

အရင်လိုပါပဲ.. Yong Tau Fu ထဲ
ကြုံရာ ငါ ပစ်ထည့် ဝါးရင်းနဲ့
အဆင်ပြေတော့လည်း
ငါထွေနေရင်းနဲ့ ..
မယ်ting.. ငါ နင့်ကို လွမ်းပါရဲ့..

ရောင်နီလာတဲ့
Game ကစားအပြီးမှာ လွမ်းတယ်..
နေညိုရင်လည်း
Orchard road က လွမ်းတယ်..
Burger ကိုက်ရင်း
Coke သောက်ရင်း.. ငါ လွမ်းတယ်..
မယ် ting.. ငါလည်း နင့်ကို လွမ်းပါတယ်..

အရင်လိုပါပဲ..
Maria Bayလည်း
Weather အစုံ.. လင်းလက်တောက်ပဆဲ..
အိမ်ပေါ်မှာလည်း
ငါ ကောက်ထားတဲ့
အိမ်အပြင်က ခုံတွေ ရောက်နေတယ်..

မရည်ရွယ်ပါဘဲ.. ငါ ပေါင်ဖြစ်သွားတဲ့
နင်မှန်မှန် chat တဲ့ MacBookလည်း..
အဆင်ပြေမှပဲ.. ငါ ပြန်ရွေးမယ်..
မယ်ting.. နင် ငါ့ကို စိတ်မကုန်နဲ့...

Battery ကုန်နေတဲ့
Handphone ကြီးက လွမ်းတယ်..
ယောင်ချာချာပဲ
'ရသ' သီချင်းနဲ့ လွမ်းမယ်..
Lecture လိုက်ရင်း
အိပ်ငိုက်ရင်း.. ငါ လွမ်းမယ်..
မယ်ting.. ငါလည်း နင့်ကို လွမ်းပါရဲ့..

ဒီလိုနဲ့ပဲ..
Bills တွေပို့တဲ့
Companyက မေးငေါ့ နှာခေါင်းရှုံ့တယ်..
နင်ပြန်လာမှ.. အကုန်လိုက်တောင်းမယ့်
ငါယူတဲ့ အကြွေးတွေ
ဝိုင်းနေတယ်...

အရင်လိုပါပဲ..
Terminal one ထဲ
ငါ မှိုင်တွေ ငေးမောရင်းနဲ့ပဲ..
အဆင်ပြေရင်တော့
ငါ သိပ်လွမ်းလို့..
Changi အပြန်..
နင့်ကို တွေ့ချင်တယ်..

UOBလည်း
အကြွေးတောင်းရအောင် လွမ်းမယ်..
Cinemaက hot dog ကြီးလည်း လွမ်းမယ်..
Bloggerတွေလည်း အတင်းပြောရအောင် လွမ်းမယ်...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...

Battery ကုန်နေတဲ့
Handphone ကြီးက လွမ်းတယ်..
ယောင်ချာချာပဲ
ရသ သီချင်းနဲ့ လွမ်းမယ်..
ဖုန်တင်နေတဲ့
Lotionဘူးတွေ လွမ်းမယ်..
မယ်ting.. ငါလည်း နင့်ကို လွမ်းပါရဲ့..

မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...
မယ်ting.. ငါလည်း.. နင့်ကို လွမ်းပါရဲ့...

အရှင်း
MRT = စင်္ကာပူမှာ သုံးတဲ့ မီးရထားအမျိုးအစားပါ (Massive Rapid Train)
Yong Tau Fu = ကိုယ်နှစ်သက်ရာ အသားတို့၊ အရွက်တို့ကို ရွေးပြီး အသုပ်(သို့) ဟင်းရည်အဖြစ် စားကြတဲ့ အစားအစာ နာမည်တစ်ခုပေါ့..
Marina Bay = စင်္ကာပူရဲ့ အထင်ကရ နေရာတစ်ခုပါ..
Changi = စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်

သြော်.. ဒါနဲ့ ကျွန်တော် စာမေးပွဲတစ်ချို့ရှိနေလို့ ဒီဇင်ဘာ(၁၃)လောက်အထိ ခွင့်ယူချင်တယ်ဗျာ..
အဲဒီမတိုင်ခင်.. ကဗျာတစ်ပုဒ်တော့ အပြီးသတ်ဖြစ်ရင်.. တင်ဖြစ်ပါမယ်..

Wednesday, November 26, 2008

Diary 26.11.08

ဒီနေ့ စင်္ကာပူမှာရှိတဲ့ Alliance Francais (ပြင်သစ်အဖွဲ့အစည်း) ဆီ အလည်ရောက်ခဲ့တယ်.. ညနေ အတန်းပြီး (၃)နာရီလောက်ကနေ ည(၁၀)နာရီလောက်မှ အိမ်ပြန်ရောက်တယ်.. ပြင်သစ်ယဉ်ကျေးမှု၊ ပြင်သစ်ဘာသာရပ်နဲ့ ပတ်သက်ပြီး အသိတွေ ပေးတဲ့နေရာပေါ့။ အဲဒီမှာ စာကြည့်တိုက်ရယ်၊ စာသင်ခန်းတွေရယ်၊ ကော်ဖီဆိုင်ရယ် ရှိတယ်။ စာကြည့်တိုက်ထဲ ဝင်ကြည့်တော့ ကျွန်တော်တို့ ဗမာပြည်အကြောင်း စာအုပ်တွေလည်း တွေ့ခဲ့ရလို့ ဝမ်းမြောက်မိတယ်... ဓါတ်ပုံတွေလည်း ဝေဝေဆာဆာနဲ့.. ကျွန်တော်တော့ ပြင်သစ်ဘာသာ မဖတ်တတ်တာနဲ့ ဓါတ်ပုံတွေ အဝကြည့်ခဲ့တယ်.. တချို့ပုံတွေဆို ရှားပါးစာရင်းတောင် ဝင်ကောင်းဝင်နိုင်တယ်..ခေတ်ဟောင်း မြင်းလှည်းပုံတွေ၊ ဘစ်ကားအိုကြီးတွေ၊ အနယ်နယ် အရပ်ရပ်က ဘုရားပုထိုးတွေနဲ့ မြင်နေကျမဟုတ်တဲ့ ရှေးခတ် နန်းတွင်း ဓါတ်ပုံတစ်ချို့တောင် တွေ့ခဲ့ရပါတယ်.. ညနေ(၆)နာရီလောက်ကျတော့ ကျွန်တော်တို့ကျောင်းက အဖွဲ့ကို အခမဲ့ အတန်းတစ်ချိန် တက်ခွင့်ပေးပါတယ်.. နည်းနည်းတော့ ပျင်းဖို့ကောင်းခဲ့တယ်..
သူတို့သင်နေတဲ့အဆင့်က ကျွန်တော့် level နဲ့ မလိုက်နိုင်သေးဘူး.. ပုံမှန် အဲဒီမှာ အတန်းတက်မယ်ဆိုရင်တော့ သင်တန်းကြေးက မနည်းပါဘူး။(၁)ပတ် တစ်ချိန်(၂)နာရီနဲ့ (၂)လစာ အတန်းတစ်ခုကို စင်္ကာပူဒေါ်လာ (၂၄၀) ပေးရပါတယ်.. နှစ်ချိန်စာဆိုရင်တော့ (၃၄၀)ပါတဲ့.. ဒါနဲ့ ကျွန်တော်တို့ ဗမာပြည်မှာလည်း အဲဒီအဖွဲ့အစည်း ရန်ကုန်မှာ ရှိတယ်လို့ သိရတယ်.. သင်တန်းကြေးတွေတော့ ဘယ်လောက် ရှိတယ်မသိ..

အိမ်ပြန်ရောက်တော့ ည(၁၀)နာရီထိုးနေပြီ... ကွန်ပြူတာနဲ့ (၂)ရက်လောက် ဒေါင်းထားတဲ့ ရုပ်ရှင်လေးတစ်ခု ပြီးနေတာနဲ့ အားရဝမ်းသာ ဖွင့်ကြည့်လိုက်တော့ ဖိုင်က ဖွင့်မရ ဖြစ်နေတယ်..
အခုတလောမှ ရုံတင်တဲ့ ကျွန်တော် အရမ်းကြည့်ချင်နေတဲ့ actionကားတစ်ကားပေါ့.. ကျွန်တော်ကြိုက်တဲ့ Leonardo ပါလို့ပါ.. သူ့ရဲ့ actingတွေကို Blood Diamond မှာ စလို့ တော်တော်လေး သတိထားမိတယ်.. The Departedမှာလည်း မိုက်တယ်.. ဒီကောင်က လူလည်လုပ်တဲ့ နေရာတွေမှာ သရုပ်ဆောင်ရတာ သိပ်ပိုင်တယ်.. ရုပ်ရှင်ကို ဖွတ်ကလိဒေါ်လာမကုန်ဘဲ အိမ်မှာများကြည့်ရမလားလို့...ပိုက်ဆံက အခုတလော တော်တော်ကုန်နေတယ်.. ကျွန်တော် အစားကြီးတာရယ်၊ နောက် စိစိစစ်စ်သုံးတဲ့ အကျင့်မရှိတာရယ်ကြောင့်..
အခုလာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက်တောင် ပြန်ချင်ပေမယ့်၊ ဒီပုံစံအတိုင်းဆို မပြန်ဖြစ်လောက်တော့ဘူး.. လေယာဉ်ခရီးကလည်း သိပ်ဈေးကြီးနေတယ်.. ပြန်ချင်ရတဲ့ ရည်ရွယ်ချက်က ဒီဇင်ဘာဆို ဟိုမှာ (ရာသီဥတုအရ) နေလို့ကောင်းမယ် ထင်တာရယ်၊ ရှုပ်နေတဲ့ စိတ်တွေကို ခဏလောက်ပဲ ဖြစ်ဖြစ် အပန်းဖြေချင်တာရယ်ကြောင့်ပါ..

ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ "ပြည်မှာ.. ဆောင်း" အိပ်မက်လေး ပျက်ပြယ်ခဲ့ပေါ့..
ဒီဇင်ဘာ (၁၃)နောက်ပိုင်း စင်္ကာပူ-မြန်မာ လေယာဉ်လက်မှတ်အပိုလေးများ ကောက်ရရင် ကျွန်ုပ် edukingထံ အကြောင်းကြားနိုင်ပါကြောင်း...

Tuesday, November 18, 2008

Poem part- 16

စရေးခဲ့တဲအချိန်က တွက်ရင် ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တာ ကြာပါပြီ..
မကြိုက်တာတွေဖြုတ်လိုက်၊ အိုင်ဒီယာ မထွက်လိုက်နဲ့ အချိန်တော်တော် ယူသွားတယ်..
တစ်နေ့ကမှ project လုပ်နေရင်းနဲ့ ပြန်ရေးဖြစ်တာ..
စလုံးသူငယ်ချင်းရှေ့မှာ ခပ်တည်တည်နဲ့.. ဘာလုပ်နေတာလဲ မေးတော့ research လုပ်နေတာပါဆိုပြီး..

Virus တိုက်ပွဲ


ဒီပြဿနာဟာ
လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကပေါ့..


လွတ်လပ်ရေး Hard disk ပေါ်က
နယ်ချဲ့ယန္တရားကို remove လုပ်ပြီးမှ
local virus ဝင်ကိုက်ခံရတဲ့ အဖြစ်လိုမျိုး


မညီတဲ့ အသံတွေ
မမှီတဲ့ ဥာဏ်တွေကြားက
errorတွေကို ဖယ်ရှာနေဆဲ..
အောင်မြင်မှုအတွက်
တော်လှန်ရေး program တစ်ခု ရှိတယ်။

အနီးကပ်နဲ့ အဝေးပစ်
သံတိုင်.. အတွင်း/အပြင်
သက်ရှိရော သက်မဲ့အဖြစ်ပါ
နှုတ်မထွက်သေးတဲ့
programmer တွေလည်း ရှိတယ်။


ပျက်နေတဲ့ မီးတွေကြောင့်
ရပ်ခဲ့ရတဲ့ ခရီးများစွာ ရှိတယ်


ကောက်မကုန်တဲ့ အလောင်းတွေကြား
ပြန်မဆက်နိုင်တဲ့ လှော်တက်တွေနဲ့
ဆန်တက်ရတဲ့ မြစ်တစ်စင်း ရှိတယ်


ထောင်ပစ်လိုက်တဲ့ ကျည်ဆံတွေကြောင့်
ကြွေကျသွားတဲ့ ကြယ်တွေရဲ့
တရားမဲ့ နိဂုံးနဲ့
ပစ္စုပ္ပန်တွေ ရှိတယ်


တိုက်စားခံ motherboard ပေါ်က
နှိုက်သွားတဲ့
လွတ်လပ်ရေး spaceတွေအတွက်
ပြန်လည် ရယူပိုင်ခွင့်တွေလည်း
အပြည့်ရှိတယ်


programmer နဲ့ virus ကြား
စွန့်လွှတ်မှုနဲ့ ယုတ်မာမှုတွေ
အစွန်းရောက်
နှိုင်းစရာ..
အတိုင်းအတာတွေ မဲ့နေချက်က..


တရားစကားနဲ့ မလုံလောက်လို့
ဓါးသွားနဲ့ အကုန်ကြောက်အောင်
ခြောက်ရတော့မယ့်...


မိုက်မဲမဲ..
ဗိုက်ရွဲရွဲ virus တွေနဲ့
မစဲသေးတဲ့ တိုက်ပွဲတစ်ပွဲ... ။

Friday, November 7, 2008

Diary 7 Nov

အခုရက်ပိုင်းမှာ ကျွန်တော် စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခု ရှိတယ်။ အဲဒါကတော့ မှန်ပေါက်ကလေးထဲကနေပြီး မြင်ကွင်းတွေကို ချောင်းကြည့်ရတဲ့ ဓါတ်ပုံပညာ ပေါ့။ အဓိကတော့ ကင်မရာတွေနဲ့တွဲပြီး ဓါတ်ပုံဘက်ကို စိတ်ပါလာတာ.. အရင်လက လုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်ထဲမှာ ကျွန်တော့်နေရာက ကင်မရာတွေ ရောင်းတဲ့ station နဲ့ နီးတော့ အဲဒီကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့ဆီကနေ နည်းနည်းပါးပါး တီးမိ ခေါက်မိလာတယ်.. ဓါတ်ပုံပညာအကြောင်းတော့ လုံးဝကို မသိသေးဘူး.. အဲဒါကြောင့် လက်ဆော့ရင်း သင်ဖို့ ကင်မရာလေးတစ်လုံးလောက် ဝယ်မလား စဉ်းစားမိတော့.. ဈေးက စင်္ကာပူဒေါ်လာနဲ့ဆို ၃၉၉တဲ့.. ကျွန်တော် ခိုက်နေတဲ့ ကင်မရာလေးလေ.. (DSLR (digital Single Lens Reflex) ဆိုတာ Professional ကင်မရာသမားတွေ အများစု အသုံးပြုတဲ့ (အလွယ်ပြောရရင်) မှန်ပြောင်းတွေ တပ်ပြီး သုံးလို့ရတဲ့ ကင်မရာပေါ့..) သူက DSLR တော့ မဟုတ်ပါဘူး.. Zoom 12x အထိရပြီး.. Mega pix 10 နဲ့ ISOကတော့ 3200..ပေါ့ ။

လောလောဆယ်တော့ ဝယ်နိုင်ဖို့ ဝေးနေသေးတယ်.. ဒါပေမယ့် ကင်မရာနဲ့ ဓါတ်ပုံပညာအကြောင်းတော့ လေ့လာဖြစ်မယ်ထင်တယ်.. နောက်ပြီး အနုပညာဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကို အခုနောက်ပိုင်း ပိုမြင်လာတယ်.. တကယ်တမ်းတော့ အားလုံးဟာ Presentation တွေပါပဲ.. ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ဖန်တီးပြသနိုင်သလို ရုပ်ရှင်နည်းပညာတွေ အသုံးပြုပြီး ကဗျာတွေကို ခြယ်မှုန်းနိုင်လာတော့ တွေ့ရတယ်.. နောက်ပိုင်း ကျွန်တော် ကဗျာတွေရေးဖြစ်တဲ့ အခါမှာလည်း စကားလုံးအလှအပထက် သဘာဝကျမှုကို ဦးစားပေးလုပ်ဖို့ စဉ်းစားထားတယ်.. ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျွန်တော့်ကဗျာထဲက သရုပ်ဆောင်တွေကို over-acting တွေ ပေးမလုပ်တော့ဘူး.. လေ့လာမှုအပိုင်းမှာ ကျွန်တော် အားနည်းနေပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်တယ်.. ဆရာဇေယျာလင်းရဲ့ ဘာသာပြန်စာအုပ်တစ်ခုမှာ ဖတ်ဖူးတာတော့ တရုတ်လူမျိုး နာမည်ကျော် ကဗျာဆရာတစ်ဦးဖြစ်တဲ့ Bei Daoက သူရဲ့ ကဗျာတွေထဲမှာ ရုပ်ရှင်တက္ကနိဖြစ်တဲ့ Montage (ပြကွက်တစ်ခုတွင် အခြားပြကွက် (သို့မဟုတ်) အခြားပြကွက် အစိတ်အပိုင်းကို ပေါင်းစပ်ထည့်သွင်းခြင်း) ကို တွင်တွင်သုံးပါတယ်တဲ့။

သြော်.. ဒါနဲ့ စကားမစပ်.. ကျွန်တော်တို့ စင်္ကာပူမှာရှိတဲ့ Polyကျောင်းပေါင်းစုံက မြန်မာကျောင်းသားတွေ စုပြီး Interpoly ဘောလုံးပွဲ Leagueလေးတစ်ခုကို အခု နိုဝင်ဘာလထဲမှာ လုပ်ဖြစ်တယ်.. စုစုပေါင်း အသင်း (၅)သင်းပါဝင်တယ်.. ကျောင်းတွေကတော့ Singapore Poly, Ngee Ann Poly, Temasek Poly, ကျွန်တော်တို့ Nanyang Polyနဲ့ Nanyang Technological Universtiy တွေပေါ့။ ကျွန်တော်တို့ ကျောင်းကတော့ Singapore Poly နဲ့ အဖွင့်ပွဲမှာ ၇ဂိုး ၁ဂိုးနဲ့ ရှုံးသွားတယ်.. ဒါပေမယ့် အသင်းသားတွေ အားလုံး စိတ်မပြတ်ကြဘူး.. အားလုံးဟာ ကြိုးစားလိုစိတ်တွေ ပိုတက်လာကိုတောင် တွေ့ရတယ်.. ကျွန်တော်တို့ ကိုယ်တိုင်ဖွဲ့ခဲ့ရတဲ့ အသင်းအတွက် ကျွန်တော် အရမ်းဝမ်းသာတယ်.. ဒီအသင်းကြောင့် ကျွန်တော်တို့တွေကြား တစ်ဦးနဲ့ တစ်ဦး အသင်းစိတ်ဓါတ်တွေ၊ နားလည်မှုတွေ ပိုရလာတယ်..အဲဒီနေ့က လာအားပေးတဲ့ ပရိတ်သတ် အင်အား အဲဒီလောက်ထိ ကျွန်တော် ထင်တောင် ထင်မထားမိတာ အမှန်ပဲ.. ရှုံးပေမယ့်လည်း လာအားပေးကြတဲ့ သူငယ်ချင်း ပရိတ်သတ်တွေ၊ ကစားသမားတွေ အချင်းချင်းကြား အပြစ်တင် ပြောတာမျိုး မရှိခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်ကြတယ်.. တကယ်တော့ ကျွန်တော်တို့ အသင်းဟာ ဒီleagueဖြစ်ပြီဆိုမှ စဖွဲ့ခဲ့တဲ့ အသင်းပါ။ အဲဒီအတွက်ကြောင့် နည်းစနစ်ပိုင်း၊ training ပိုင်းမှာ တခြားအသင်းတွေထက် အားနည်းခဲ့တာ အမှန်ပဲ.. ကစားသမားအများစုက ကိုယ့်ကျောင်းဆိုတဲ့ စိတ်ဓါတ်ကလေးတစ်ခုနဲ့ ဝင်ကစားပေးကြတာပါ.. ပွဲမစခင် တစ်ပတ်အလိုထိတောင် ကျွန်တော်တို့ဟာ ကွင်းထဲဝင်ဖို့ ပြဿနာတွေနဲ့ ဝတ်စုံတောင် အပြည့်မရှိတဲ့ အသင်းတစ်သင်းပေါ့.. သူငယ်ချင်းတွေရဲ့ လက်ခုပ်သံတွေ.. မခံချင်စိတ်တွေနဲ့ ကျွန်တော်တို့ စည်းလုံးတဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါပြီ..

တကယ်တော့ နိုင်ရဲတာမှ မဟုတ်ပါဘူး.. တစ်ခါတစ်လေ ရှုံးဝံ့တာလည်း သတ္တိပါပဲ..

Sunday, November 2, 2008

Tag from သံလွင်Hero

အရှေ့ကခေါင်းစဉ်နဲ့ အတူတူပဲဖြစ်ပြီး.. ဒီတစ်ခုကတော့ သူငယ်ချင်း သံလွင်က heroကြီးဆီက ဒုတိယမြောက် အtag ခံလိုက်ရတဲ့ tagပါ..

(1) Your relationship with him/her is:

Friend who is honest and friendly.


(2) Your five impressions of him/her:

free in lifestyle, honesty, helpful.


(3) The most memorable thing that he/she had done for you:

helping me out when i gotta b homeless


(4) The most memorable thing that he/she had said to you:

I m not sure, man..


(5) If he/she becomes your lover, you will:

kiss him on the cheeks (hahaxx)


(6) If he/she becomes your lover, thing he/she has to improve on will be:

save more money


(7) If he/she becomes your enemy, you will:

keep away from him, lolz


(8) If he/she becomes your enemy, the reason will be:

showing me off the things :D


(9) The most desired thing you want to do for him/her now is:

getting a girlfriend


(10) Your overall impression of him/her is:

Great! he can use his luckiness well..


(11) How you think people around you will feel about you?

quite for some, funny for some, dust for some..


(12) The characteristics you love of yourself are:

good-natured & understandable. Lolz


(13) On the contrary, the characteristics you hate of yourself are:

sometimes introvert, & too flexible


(14) The most ideal person you want to be is:

a contented and positive person


(15) For people who care for and like you, say something to them:

are you sure ?


(16) Pass this quiz to 10 persons that you wish to know how they feel about you?

ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုလည်း ချမ်းသာပေးနော်…း)



Tag from aunty bunny

သူငယ်ချင်းတွေအတွက် tag ရှင်းတမ်းလေးပါ.. ရေးဖို့လုပ်နေတာ တော်တော်ကြာသွားတယ်.. ပထမဆုံးကတော့ bunny လို့ ခေါ်တဲ့ ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်အတွက်ပါ..

(1) Your relationship with him/her is:

Just a friend who have weird understanding with me.


(2) Your five impressions of him/her:

cute height, independence, self-esteem, helpful.


(3) The most memorable thing that he/she had done for you:

cheering me up everytime I am down


(4) The most memorable thing that he/she had said to you:

"i like ur poems" (not exactly, something like that pop)


(5) If he/she becomes your lover, you will:

gotta talk a lots


(6) If he/she becomes your lover, thing he/she has to improve on will be:

fashioning me lolz.


(7) If he/she becomes your enemy, you will:

neglect her.


(8) If he/she becomes your enemy, the reason will be:

misunderstanding (talking me bad behind)


(9) The most desired thing you want to do for him/her now is:

full-filling her wishes like taller height, buying harry poter things.. hahax

sharing opinions on people, things, abstracts


(10) Your overall impression of him/her is:

(I don't wanna comment people, girl..) for her, she is like kind of durian (soft in inner mind, covered with hardness on the surface)


(11) How you think people around you will feel about you?

quite for some, funny for some, dust for some..


(12) The characteristics you love of yourself are:

good-natured & understandable. Lolz


(13) On the contrary, the characteristics you hate of yourself are:

sometimes introvert, & too flexible


(14) The most ideal person you want to be is:

a contented and positive person


(15) For people who care for and like you, say something to them:

are you sure ?


(16) Pass this quiz to 10 persons that you wish to know how they feel about you?

ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုတော့ ချမ်းသာပေးနော်…း)

Free counter and web stats