Monday, January 26, 2009

အထွေထွေ စမ်းသပ် ဥသြသံများ (ကျယ်လောင်သွားလျှင် သည်းခံပါ)

ချစ်သူရေ..
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.. ဒါပေမယ့်ကွယ် အောက်စီဂျင်ကို အချိန်မလပ် အခမဲ့ပေးနေကျ စိမ်းပုတ်ရောင် တောအုပ်တွေ၊ မျက်စိပသာဒ ဖြစ်စေတဲ့ ရောင်စုံပန်းလေးတွေနဲ့ ပင်လယ်ထဲက အသဲကွဲနေတဲ့ ငါးလေးတွေ.. သူတို့ဟာ ယောင်လို့တောင် မင်းရော၊ ကိုယ်ရောကို အပြစ်ရှိသူတွေအဖြစ် မမြင်ခဲ့ကြပါဘူး။ တန်းဖိုးမဖြတ်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေများစွာရဲ့အလယ် ကိုယ်တို့နေထိုင်နေကြတယ်။ ရိုးသားမှုကိုတော့ဖြင့် ယဉ်ကျေးမှုရဲ့ အရေခွံလို့ ကိုယ် မပြောလိုဘူး။
*
ကျွန်တော်တို့တွေ “လူ”ဆိုတာကို ရွေးချယ်ခွင့်မရခဲ့ဘဲ ဖြစ်လာခဲ့တယ်။ ဒီစာကို ကျွန်တော်ရေးတယ်၊ ခင်များ ဖတ်တယ်။ ကျွန်တော်တို့တွေ အမြီးမဲ့မျောက်တွေအဖြစ် ကိုယ့်ကိုယ်ကိုတွေ့ရှိခဲ့ကြတယ်။ သမ္မာကျမ်းစာလည်း ငါ့တို့သမိုင်းမှာ ရှိခဲ့ပြီ။ ငါတို့ နှလုံးသွေးကြောတွေဟာ ကွန်ပြူတာ ဝိုင်ယာကြိုးတွေလည်း ဖြစ်ခဲ့ဖူးပြီ၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့လည်း ဖြစ်တယ်။ ငါတို့ အမြီးမဲ့မျောက်တွေ အချင်းချင်းလည်း သေရာပါ တစ်ကောင်နဲ့ တစ်ကောင် ဆွဲဆောင်မှုတွေတောင် ပြုတတ်နေတာလည်း ကြာပေါ့။ “လူဆိုတာ” ၊ “လူဆန်ဆန်” ဆိုတဲ့ စကားအကာတွေနဲ့ အနှစ် အကုသိုလ်ကိုလည်း အနံ့မထွက်အောင် ဖုံးတတ်နေကြပြီ။ မျောက်နေမှု အဆင့်အတန်းတွေ မြင့်တက်၊ မျောက်နေမှုစရိုက်တွေ သတ်မှတ်၊ မျောက်ထုအော်သံ၊ မျောက်ဘောင် အဖွဲ့အစည်း၏ အရေးပါပုံ၊ စသဖြင့်.. စသဖြင့်..။ (သို့သော် ဤစာပိုဒ်အား လူနှင့်မျောက် မကွဲမီ အမှတ်၏ ဒဿမတစ်နေရာ လျော့လျက်ရှိသောနေရာမှစ၍ ဆက်လက်အတည်ပြုခြင်းမပြုပါရန်။)
ဓါတုဗေဒပညာအရ လူ့ခန္ဓာကိုယ်ရှိ နှာသီးဖျားလေးနှင့် ကမ္ဘာ့လေထုတို့ ဓါတ်ပြုသောအခါ ပစ္စုပ္ပန်များထွက်ပေါ်လာစေရန် မည်သူဖန်တီးခဲ့ပါသနည်း။ နောက်ဆက်တွဲ လေ့လာတွေ့ရှိချက်များတွင် ထိုလေတို့သည် ပစ္စုပ္ပန်မဖြစ်မှီက အနာဂတ်အမည်နှင့် နှာခေါင်းဝတစ်ဝိုက်တွင် အခြေချနေထိုင်လေ့ရှိကြောင်းနှင့် ပစ္စုပ္ပန်ဖြစ်ပြီးသော ကာလတွင် မေ့လျော့အတိတ်အဖြစ် ထွက်သက်အခြေအနေသို့ ရောက်ရှိသွားလေ့ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သုံးသပ်ချက်များအရ အမှာစကားမှာ “အသုံးမဝင်တော့တဲ့ စိတ်ဒဏ်ရာအဟောင်းတွေနဲ့ အမည်းစက်ဆိုတာတွေထဲက သင်ခန်းစာတစ်ချို့လောက် ထုတ်ထားပြီး ကျန်တာကို ထွက်သက်တွေနဲ့အတူ ရှူထုတ်လိုက်နိုင်ရင် သိပ်ကောင်းတာပေါ့ဗျာ၊…..” ဒီလိုနဲ့ ငါတို့ကိုယ် ငါတို့ တူးဆွချက်တွေဟာ ပိုနက်သထက် နက်လာခဲ့တာပေါ့။ အာရုံခံစားမှုတွေဟာ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ညနဲ့ မနက် ကောင်းကင်မှာ ဒီနေတစ်စင်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ရာသီတွေလည်း ဒီလိုပဲ အလုပ်ရှုပ်၊ ငါတို့အားလုံးလည်း ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်။

ခွင့်လွှတ်ပါ ချစ်သူရယ်.. တကယ်တော့ အဲဒီနေ့က ကိုယ်ပြောချင်ခဲ့တာက “အချစ်ဆိုတာ…” အစပြုလို့ တစ်စုံတစ်ခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အဲဒီလျှာပေါ်ကို မင်း ခတ်ခဲ့တဲ့ အခါးတွေဟာ တစ်ရက်ပြီးတစ်ရက် တစ်စက်ပြီး တစ်စက်နဲ့.. ကိုယ်ထင်သလို ခါးသက်ခြင်းတွေမဟုတ်ဘဲ၊ ခါးသီးခြင်းတွေဖြစ်ကြောင်း တွေ့ရှိချိန်မှာ အားလုံးဟာ အနာသိပေမယ့် ဆေးမရှိတဲ့ နာကျင်စရာတွေတောင် ဖြစ်ကုန်ပေါ့။ (ထိုခါးသီးခြင်းတို့ကို ဓါတ်ခွဲကြည့်သောအခါ အလွမ်း ၇၄% နှင့် အသဲကွဲစေသော elements ၂၅% ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။) အချိန်တန်ရင် ဆယ်စားလို့ရမယ့် ဘဲဥတစ်လုံးဟာ အချစ်မဟုတ်တာတော့ သိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ အချစ်ဟာ ကိုယ့်အတွက် အစရှာမရပုံချင်း တူနေသလားလို့။ ဒါကို အကြောင်းပြုပြီး သူတို့ (၂)ခုဟာ Hyperspace သီအိုရီထဲက wormholes တွေလိုများ ဆက်စပ်နေမှာလား။ ဥာဏ်မမှီဘူး ချစ်သူ။ ဒါမှမဟုတ်လည်း အမြဲလှနေတဲ့ မင်းရဲ့ နဖူးပေါ်က လတ္တီကျု အမျှင်အတန်း ဆံစလေးများလား.. (ကိုယ် သိပ်တက်မက်ခဲ့ပေါ့)
*
တစ်ခါတစ်လေလည်း ဘဝမှာက အရသာတင်မကပဲ၊ အဓိပ္ပါယ်လေးပါ ရှိချင်သေးတာကိုး။ ဒီလောက်တော့ တွေးမိခဲ့ရဲ့။ ခက်တာက ရိုးသားမှတ်ကို ကျော်လွန်ပြီး ‘အ’အ သွားတာကို ထိန်းမရဖြစ်နေတယ်။ ဦးခေါင်းဆိုတာ လက်ကကုပ်ဖို့သက်သက် ပုံခုံးနှစ်ဖက်ပေါ် ပေါက်နေတာ မဟုတ်ဘူးလေ။ မဖြစ်နိုင်တာတွေကို သူကောင်းပြုထားတာ ကျွန်တော်တို့အတွက် သိပ်များနေလို့လား။ ဥပမာ. လုံ့လရှိခိုက် အချိန်စိုက်ပေးပါ၊ ရေခံလိုချိန် မိုးရွာပါ၊ ဗိုင်းထုတ်မှ လသာပါတို့။ အခါအားလျော်စွာ ကျွန်တော်တို့ အချိန်နဲ့ ဒီရေကို ယောင်ပြီး စောင့်နေတတ်ကြတယ် မဟုတ်လား။ ဖြစ်ရင်ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ လက်ခံဝေမျှကြပါစို့။ မိတ်ဆွေဆိုတာ သေတော့မှ ဝမ်းနည်းဖို့သက်သက် ခင်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်သူငယ်ချင်တစ်ယောက်က သူ့အမျိုးသမီးနဲ့ ပြတ်စဲပြီးနောက် ကျွန်တော့်ကို ပြောခဲ့ဖူးတယ်..

“ဒီကိစ္စမှာ ကျွန်တော့်ဘက်ကစပြီး အပြစ်ရှာ ဖြတ်ပြစ်ခဲ့တာ၊ ဒီလိုဆို ခက်နေတာက ကျွန်တော်လို့ ခင်များ ထင်ကောင်းထင်နိုင်တယ်.. ကိုယ့်လူရယ်.. တစ်ခါတစ်လေကျတော့ ဘဝတစ်ခုထဲ ပျော်ရွှင်ဖို့တွေနဲ့ သားကျွန်၊ မယားကျွန်ဖြစ်ခြင်း ကိစ္စတွေမှာ ကျွန်တော့်စိတ် ကျွန်တော် သက်တမ်းတိုးနိုင်ဖို့ အရည်အချင်း မရှိတော့ဘူးဗျာ”။

“.. အနည်းဆုံးတော့လည်း ရေနစ်သူအချင်းချင်း လက်ကမ်းခွင့်လေးလောက်ပေါ့ဗျာ.. ”ဟု ကျွန်တော်ပြန်ပြောမိလိုက်သည် ထင်သည်။ သူ့အမျိုးသမီးနာမည်က မုသားမပါ လင်္ကာမချော တဲ့၊ ခင်များတို့ ကြားဖူးမလားတော့ မသိဘူး.. ။
*
ပြန်ဆက်ရရင်တော့ ချစ်သူရယ်.. သိပ္ပံပညာရပ်မှာ ပထမဦးဆုံး စမ်းသပ်ရှာဖွေတွေ့ရှိခံ ပစ္စည်းကို တွေ့ရှိသူရဲ့ နာမည် ဂုဏ်ပြုပေးသလိုမျိုးပဲ ကိုယ်တစ်ယောက်ထဲ စူးစမ်းလေ့လာရင်း ရှာတွေ့ခဲ့တဲ့ တည်နေရာ မင်းရဲ့ပါးပြင်ပေါ်က၊ ပါးချိုင့်လေးတွေကို “Eduking’s dimples” များအဖြစ် သတ်မှတ်ပေးစေလိုကြောင်း၊ ဒါပေမယ့်လည်း အတန်းဆင်းချိန်မှာ အဲဒီနာမည်အစား ကြိမ်လုံး (၂)ချက်ကိုပဲ ဆရာမဆီကနေ ကိုယ်ရရှိခဲ့ရတယ် မဟုတ်လား။ ကိုယ်ဟာ သူတို့ပြောသလိုမျိုး ခွေးလေးတစ်ကောင်ပမာ ကြိုးချည်ခံထားရတာ မဟုတ်ကြောင်းနဲ့ ကိုယ်တို့ရဲ့ သံယောဇဉ်တွေဟာ wireless(ကြိုးမဲ့) သက်သက်ဖြစ်ကြောင်းကိုတော့ မင်းပဲ သူငယ်ချင်းတွေကို ရှင်းပြပေးလိုက်ပါ။ မင်းရဲ့ မျက်ဝန်းလေးသက်သက်နဲ့ ဆက်ခဲ့ဖူးတဲ့ ကိုယ့်သမိုင်းစာမျက်နှာတွေကိုတော့ ကျောင်းတက်ရက်များလို့ သမုတ်ချင်တယ်ကွယ်။ အချိန်ဇယားတွေ စီးထားတဲ့အရာကို သဲကြိုးဖြတ်နိုင်ခဲ့ဖို့အတွက် ကိုယ် အများကြီးလိုအပ်ခဲ့ပါတယ်။

“ဒီနေ့အဖို့ အတန်းတွေကော ပြီးပြီးလား”

“သြော်.. ဒါနဲ့ ကမ္ဘာကြီးဟာ အရင်ကထက် အပူချိန်ပိုလာတယ်နော်.. ကိုယ်ကတော့ မင်းရဲ့ အေးစက်မှုတစ်သောင်းဆောင်ဆဲ အကြည့်တွေကြောင့် ရာသီမရွေး အနွေးထည်တွေ တပ်ထားရသူတစ်ယောက်ပေါ့”

နောက်တစ်ခုက ကိုယ်ဟာ ချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းပြဖို့ ချစ်သူတစ်ယောက် အမှန်တကယ်ရှိရမယ်လို့ အဲဒီလူသားအပေါင်းဟာ ယူဆနေကြတယ်။ မင်းရဲ့ အသက်ရှူချက်တိုင်းမှာ ကိုယ်တစ်ယောက်ထဲ စိတ်တွေ ဝင်သွားလိုက်၊ ထွက်သွားလိုက် လိုက်ဖြစ်နေတာကိုတော့ အချစ်လို့ပဲ လွှဲချရတော့မယ်ထင်တယ်။
*
ဖြစ်နိုင်ရင်.. လှလှပပ ကန်သွင်းချင်နေတဲ့ မျက်နှာတွေကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ချင်တယ်။

ဖြစ်နိုင်ရင်.. တစ်ကိုယ်လုံးက အလွမ်းတွေကို လက်ထိုးပြီး အန်ထုတ်ပစ်လိုက်ချင်တယ် ဆရာ။

ဖြစ်နိုင်ရင်.. အဲဒီ “ဖြစ်နိုင်ရင်” ဆိုတဲ့ စကားလုံးတွေကို လက်ကနေ ထက်ပြီး ထွက်မကျနိုင်အောင်လည်း ရေရှည် ထိန်းသိမ်းထားလိုက်ချင်တယ်။

လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုတာ တစ်ပန်းကန်ထဲမှာပါတဲ့ ထမင်းနဲ့ ဟင်းလို.. မျှစားတတ်ရမယ် မဟုတ်လား။ အဖြေရှာဖို့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေချလိုက်တော့ ထင်ထားတဲ့ အရသာအတိုင်း လဘ္ကရည်တစ်ခွက်ဟာ ဖြစ်နေတဲ့အခါ ကျွန်တော့်နေ့ရက်တွေဟာ သောက်လို့သိပ်ကောင်းနေတာ တွေ့ရတယ်။ ပုံပြောသူနဲ့ ပဲများသူများမှအပ ဘယ်သူမဆို ဒီရင်ကို ငှားခွင့်ရှိပါတယ်။ လမ်းကြုံရင်ပေါ့။ ဝတ်ထားတဲ့ ခြေအိတ်နှစ်ဖက်တောင်မှ အရောင်တူပြနေစရာ မလိုဘူး။ ဤအကြောင်း မပါ၊ ထိုအကြောင်း မပြောဘူး။ ဤအကြောင်းနဲ့ ထိုအကြောင်းမှလွဲရင် ကျန်တာပြောစရာမလို။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကြိုက်သလောက် ပြောနိုင်ပါတယ်။ အနာဟောင်းတွေကိုတော့ ကဗျာစာကြောင်းတွေနဲ့ပဲ ကြိုးစားချုပ်လိုက်ပါ့မယ်။ တစ်ဆိတ်ဗျာ.. ကျွန်တော့်စိတ်တွေဟာ ဖိတ်ခေါ်ချိန်းဆိုမှုကို ငြင်းပယ်ရန် ခက်လှပါသောကြောင့် အနိမ့်ဆုံးတွေသို့ မနိမ့်ဆင်းမီ၊ အတောင်တွေလည်း မဆွေးမြေ့ မကုန်ခမ်းမီ၊ သံချေးတက်နေသော စကားလုံးထိန်း ခလုတ်တွေနဲ့အတူ သမိုင်းပေးတာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက်တော်မူပါအုံးမည်။

ချစ်သူရေ.. ဒီလူကို နေရောင်ခြည်နဲ့ စကားလုံးတွေ တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ ထားလိုက်ပါတော့။ (မြန်မြန်လေး)

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သစ်ပင်တွေဟာ လူတွေကို စိုက်လာခဲ့တာ ဟိုးရှေးရှေးတုန်း ကတည်းကဆိုတာ သိဖို့ပါပဲ။ (ဒါဟာ ပုံပြင်အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဖြစ်ခွင့်လည်းပေးပါတယ်)

ကျွန်တော့်ရဲ့ လက်တစ်ဖျစ်စာ နှာစေး၊ ချောင်းဆိုးသံများက သင်၏စိတ်ကို အနှောက်အယှက်ဖြစ်သွားလျှင်တော့ ခွင့်လွှတ်ပါ မိတ်ဆွေ။
.....................................................................................................

မှတ်ချက်။ ။ စာမေးပွဲတွေ ပြန်ရောက်လာလို့ဗျာ.. စာရေးတာကိုတော့ (တစ်လလောက်) ကျွန်တော် ခဏနားပါမယ်.. ဒီကြားထဲမှာ ရောဂါပြန်ထရင်တော့ တင်ဖြစ်ချင်တင်ဖြစ်ပါ့မယ်.. အနည်းအကျဉ်းပေါ့.. :D အားလုံးအဆင်ပြေကြပါစေး)

Sunday, January 25, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)

ဒီနေ့ ၂၀၀၉ ဇန်နဝါရီအတွက် သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ အတွဲ(၃) အမှတ် (၁) ထွက်လာပါပြီ.. အရင်က ကျွန်တော့် ဘလော့မှာ ဖော်ပြဖူးတဲ့ "ခေါင်းစဉ်မရှိ စောင့်စားခြင်း" ကဗျာလေး စာမျက်နှာပေါ်ပါလာတဲ့အတွက် အတိုင်းမသိ ကျေနပ်မိပါတယ်..ပါဝင်မယ်လို့ ကျွန်တော် မထင်မိတာက သတ်မှတ်ရက်ထက် ပို့တဲ့အချိန် နည်းနည်းနောက်ကျသွားတာကြောင့်ပါ။ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ သုံးပေးတဲ့ သံလွင်ကိုရော၊ ကဗျာလေးအတွက် ဒီဇိုင်းဆွဲပေးထားတဲ့ မပန်ဒိုရာကိုပါ ဒီနေရာကနေ ကျေးဇူးမှတ်တမ်းတင်ပါတယ်ခင်မျာ...

ဒါနဲ့ ပထမ တစ်ခေါက် သံလွင်ကို အွန်လိုင်းမဂ္ဂဇင်းမှန်း မသိခင်တုန်းက ဝယ်သိမ်းထားရအောင်ဆိုပြီး မြန်မာစာအုပ်ရောင်းတဲ့ဆိုင်တွေမှာတောင် လိုက်မေးကြည့်ခဲ့သေးတယ်.. :D

Saturday, January 24, 2009

ကျည်ဆံတွေ ရှိသလောက် ခြေလှမ်းတွေရှိရမယ်လို့
ဒီခရီးကို ငါတက်ခဲ့...
အရှောင်အတိမ်း၊ အကွေ့အဝိုက် ရေလဲလိုသုံးခဲ့တယ်
ငါ စိုးရိမ်တာ ရန်သူ သတ်မှာကိုမဟုတ်ဘူး..
ငါ စိုးရိမ်တာ ရိက္ခာပြတ်မှာကို မဟုတ်ဘူး..
ငါ စိုးရိမ်တာက
ကျောခိုင်းထားတဲ့ ကွင်းပြင်တည့်တည့်ဆီ..
တိတ်ဆိတ်ခြင်းတွေ ဝင်သွားမှာကိုပဲ..

Tuesday, January 20, 2009

Diary 21.01.09

E-books တွေကို print out ထုတ်ပြီး ဘယ်လို သိမ်းရင်ကောင်းမလဲ စဉ်းစားနေတာ..
မနေ့ကမှ ကျောင်းမှာ စာအုပ်ချုပ်တဲ့ ပုံစံလေးကို သတိရပြီး ကျောင်းက မိတ္တူကူးတဲ့ ဆိုင်မှာ သွားလုပ်မိတယ်..
ဖတ်ရတဲ့ ပုံစံကတော့ ပုံမှန်စာအုပ်လို မဟုတ်ဘဲ.. ပြက္ခဒိန်စာရွက်တွေလို အပေါ်ကို စာမျက်နှာတွေ လှန်သွားရတာပေါ့.. ဒါပေမယ့် အန်တီတရုတ်မရယ် ရက်စက်လိုက်တယ်.. စာရွက်တွေ မပေးခင်က ပြောင်းပြန်ဖြစ်မှာစိုးလို့ကို သူ့လက်ထဲ သေချာစီပေးလိုက်တာ.. တစ်ဝက်လောက်လဲ ချုပ်ပြီး ဒါမှန်လားတဲ့ လာလဲမေးတော့မှ ကြည့်လိုက်တာ တကယ့် ဇောက်ထိုးကြီး.. ကျွန်တော်လည်း မထူးပါဘူးလေဆိုပြီး.. အိုကေတယ်လို့..
သြော်.. သူ့ခမျာ မြန်မာစာမှ မတတ်ရှာပဲကိုး..



ဒါနဲ့ သတိထားမိသလောက် လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး ကျွန်တော် ကော်ဖီနဲ့ လက်ဘ္ကရည်ကို သိသိသာသာကြီး စွဲနေတယ်.. တစ်နေ့ကို အနည်းဆုံး နှစ်ခွက်လောက်သောက်ဖြစ်နေကျ.. လဘ္ကရည်ကတော့ ထမင်းစားတိုင်းလိုလိုပဲ.. အအေးအစား သောက်တယ်.. လက္ဘရည်ကိုသောက်ရတာက အရသာကို ကြိုက်လို့ သောက်နေတာမျိုးလည်း မဟုတ်... ဘယ်လိုပြောရင်ကောင်းမလဲဗျာ.. သောက်ရင်း၊ သောက်ရင်းနဲ့ သံယောဇဉ်ရှိလို့ ဆက်သောက်နေသလိုမျိုးပေါ့..နည်းနည်းတော့ ကြောင်တယ်ဗျ..။ နောက်ပြီး ဒီက လက္ဘရည်ဆိုတာက သောက်ဖူးသူတိုင်းသိပါတယ်.. အရိုးစွဲ ဘားမားလဘ္ကရည်နဲ့ တခြားစီ.. ကျောင်းမှာက တစ်ခွက်ကို ပြားငါးဆယ်ပေးရလို့သာ.. (ဒါတောင် မြန်မာငွေနဲ့ ၄၀၀လောက်သွားကျ) ကော်ဖီကတော့ အိမ်မှာနေရင်း သောက်ဖြစ်တာများတယ်.. တစ်ခုခုလုပ်စရာရှိတယ်ဆို တစ်ခွက်လောက်ဖျော်ထားပြီး တစ်ကျိုကျိုက်မော့ရတာလည်း အရသာတစ်မျိုးပေါ့..
တော်တော်များများတော့ အိမ်က ပို့ပေးတာပါ.. တစ်ခါတစ်လေ ပျက်သွားရင်တော့ Nestleပဲ ဝယ်ဖြစ်တယ်.. အိမ်က ပို့ထားတာ super ရယ်၊ premier ရယ်၊ master cup ရယ်.. Premier ကိုတော့ တော်တော်လေး သောက်ရတာ အဆင်ပြေသလိုပဲ.. သူက နို့မှုန့်တော့ ထပ်ရောရတယ်.. ကုန်မှာစိုးလို့ တစ်ခါတစ်လေ ကိုယ်စိတ်တွေ့တဲ့ ရက်တွေမှာပဲ ခြွေတာသောက်လာတာ.. အခုတော့ ပြောင်သွားပြန်ပြီ..
အရင်က စာတွေထဲမှာတော့.. တစ်နေ့ကို ကော်ဖီ (၅)ခွက်ထက် မပိုသင့်ဘူးလို့ ဖတ်ဖူးတယ်.. ကော်ဖီမှာ နှလုံးကို နိုးကြားစေတဲ့ ကဖင်းဓါတ်ပါတယ်.. အဲဒီရဲ့ ဆိုးကျိုးကတော့ အိပ်ရေးကို ထိခိုက်စေနိုင်တာပါ..
နောက်ပြီး စိတ်တည်ငြိမ်မှုကိုလည်း အနည်းနဲ့ အများ နှောက်ယှက်ပါတယ်.. အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်ဘူးလို့လည်း ဆိုထားတယ်.. လဘ္ကရည်ကတော့ ယေဘုယျအားဖြင့် ကော်ဖီထက်စာရင် ကဖင်းဓါတ်ပါဝင်မှု နည်းပါတယ်.. လဘ္ကရည်ကိုတော့ တော်တော်များများမှာ ကျန်းမာရေးအတွက် အပေါင်းလက္ခဏာဆောင်ပြီး ပြောကြတယ်.. ဒါပေမယ့် စာတမ်းတွေထဲ လဘ္ကရည်လို့ဆိုတာမှာ နို့မပါဝင်တဲ့ လဘ္ကရည်ကြမ်းသက်သက်ကိုဆိုလိုချင်တာဖြစ်ပါတယ်..
နွားနို့၊ နို့ဆီတို့နဲ့ ရောထားတဲ့ လဘ္ကရည်ကတော့ ခန္ဓာကို အကျိုးပြုမှု နည်းပါတယ်.. ဘာပဲဖြစ်ဖြစ် တန်ဆေး၊ လွန်ဘေးပေါ့ဗျာ..

ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးမိနေတာက
လူတွင်ကျယ် လုပ်ချင်နေတဲ့ စိတ်ကိုလျော့..
မတန်တဲ့ နေရာတွေကို မလိုချင်၊ မတပ်မက်နဲ့..
တစ်ယောက်အားနှင့်ယူသော် မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏။


အားလုံး.. တရုတ်နှစ်သစ်ကူးမှာ လန်းနိုင်ကြပါစေဗျာ..း)

Saturday, January 17, 2009

Diary 18th Jan 09

ဘာကြောင့်ရယ် မသိဘူး.. နောက်ပိုင်း ဘလော့ရေးတဲ့အခါ အရင်ကထက် ပိုပေါ့ပါးလာတယ်.. အခုရက်ပိုင်းတော့ စိတ်ဖိစီးမှုလျော့ကျမယ့် အလားအလာတစ်ချို့ ရှိနေတယ်..ကျွန်တော် ဝင်ပါထားတဲ့ ကျောင်းက Activity Club တစ်ခု.. အဓိက လှုပ်ရှားမှုတွေ တော်တော်များများ ပြီးသွားပြီ.. ဆုပေးပွဲတစ်ခု မတ်လ ၂၈မှာ ရှိတယ်.. ဆရာက ကျွန်တော့်ကို မြန်မာပြည်မပြန်ဖို့နဲ့ ဆုပေးပွဲတက်ဖို့ပြောတယ်.. အဲဒီအထိတော့ ကျွန်တော် ဒီမှာ မရှိနိုင်ဘူးပြောတော့.. သူက ဘဝင်ကျဟန်မတူဘူး.. ကျွန်တော် မတက်ဖြစ်ရင် ဆုကို တစ်ခြားလူတစ်ယောက်ကို ပြောင်းပေးမယ့် ပုံပဲ.. ဘာကြောင့်ရယ်.. ကျွန်တော် နားမလည် နိုင်ဘူး..
ကျန်ခဲ့တဲ့တစ်ပတ်က ကျောင်းမှာ ကျောင်းသားတွေအတွက် Stress (စိတ်ဖိစီးမှု) ကိုယ်တိုင် လျှော့ချနိုင်မယ့် ပညာပေး ပွဲလေးသဘောမျိုးရှိခဲ့တယ်.. အဓိကကတော့ စာမေးပွဲ၊ လူမှုဆက်ဆံရေး ဘာညာနဲ့ ပတ်သက်လို့ပေါ့.. သူတို့က self-esteem (မြန်မာလိုဆို ကိုယ့်ကိုယ်ကို လေးစား၊ကြည်ညိုမှုလို့ခေါ်မလား) ကို မြှင့်ထားဖို့ပြောတယ်..ဒါပေမယ့် ကျွန်တော့် အမြင်တော့ အဲဒါဟာ အဓိကဖြစ်ပေမယ့် နည်းနည်း ထဲထဲဝင်ဝင်လေး ပိုပြောပြရင်တော့ ကောင်းလိမ့်မယ်ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ self-esteem ဆိုတာ လူတစ်ယောက်ထဲအတွက် ကိစ္စတစ်ခုနဲ့ တစ်ခုမှာ အနိမ့်အမြင့် မတူနိုင်ဘူးလေ.. ဥပမာ. ကျောင်းစာမှာ ခင်များကိုယ် ခင်များ self-esteem သိပ်မြင့်နေပေမယ့်၊ တစ်ခြားကိစ္စတွေ ဖြစ်တဲ့ အချစ်ရေးတို့၊ မိသားစုနဲ့ ဆက်ဆံရေးတို့မှာ နိမ့်ချင်နိမ့်နေမှာပေါ့။ နောက်ပြီး ကောင်းသော မြင့်ခြင်း၊ မကောင်းသော မြင့်ခြင်းလည်း ရှိအုံးမယ်.. လွန်သွားရင် သူက ဘဝင်မြင့်ရောဂါမျိုး ဖြစ်သွားတတ်တယ်.. အဲဒီ အခါကျရင်လည်း စိတ်ဖိစီးမှု ဖြစ်ရပြန်ရော.. ဥပမာ၊ ကျွန်တော့်လိုပေါ့.. တခါတလေကျ အနာသိ၊ ဆေးရှိပေမယ့်လည်း ကုလို့မတတ်တာ ခက်နေတယ်.. ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်.. Ong Bak 2 နဲ့ Ip Man နှစ်ကား.. Ong Bak 2 ကတော့ ထိုင်းကားမလို့ အိမ်နီးချင်းအငွေ့အသက်လေးတွေ မြင်ရတယ်..အပြင်အဆင်နဲ့ သရုပ်ဆောင်တွေလည်း မဆိုးဘူး.. ပြီးခါနီး သိုင်းကွက်တွေ ပြတာတော့ နည်းအီလို့.. အကြိုက်ကြီးတော့ မဟုတ်လှပေမယ့် မွေထိုင်းအကွက်တွေကြောင့် ကြည့်လို့ တန်တဲ့ ကားတစ်ကားပါ.. နောက်တစ်ခု Ip Man ကတော့ တော်တော်လေးစွဲခဲ့တဲ့ကားပါ.. အသံထွက်က အစ်(ပ်)မန် လို့ထွက်တယ်.. တရုတ်စကားပြော အင်္ဂလိပ်စာတန်းထိုး.. ကြော်ငြာအဖြစ် အမြည်းကြည့်ရတုန်းက ဒီလောက်ကြီး မထင်ထားပေမယ့် အများကြီး လုပ်ပြသွားနိုင်ခဲ့တယ်.. ရုပ်ရှင်ဆိုတာ အမျိုးသားရေးတစ်ရပ်လို့မြင်တယ်ဆိုတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းရဲ့ ဆိုလိုချက်ကို ဒီကားမှာ ကျွန်တော်တွေ့ခဲ့တယ်..Ip Man ဆိုတာ နာမည်ကြီး သိုင်းအက်ရှင်မင်းသား Bruce Lee ရဲ့ ဆရာပေါ့.. သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ရိုက်ထားတာပါ..အထူးသဖြင့် သူ့နယ်ကို ဂျပန်တွေ ဝင်သိမ်းတုန်းက ဂျပန်စစ်တပ်ကို တရုတ်သိုင်း သင်ပေးဖို့ ငြင်းခဲ့သူ..သူ ကစားတဲ့ သိုင်းက Wing Chun လို့ခေါ်တယ်.. အဲဒါကို တီထွင်ခဲ့တာတော့ မိန်ကလေးတစ်ယောက်ပါတဲ့.. အထူးသဖြင့် fisting ထိုးတာလေးတွေ ကျွန်တော် စွဲသွားတယ်.. တကယ့် သိုင်းကားတစ်ကားအနေနဲ့ ဖြစ်သင့်တဲ့ ကားမျိုးပါ..စကားပြော၊ အမူအယာလေးတွေမှာ ရယ်စရာ ဟာသလေးတွေ ညှပ်ထားလို့ ဇာတ်ကားတစ်ကားလုံး လေးမနေဘူး။True story အတိုင်း 100% real ရိုက်ထားတာတော့ မဟုတ်ပါဘူး.. Wikiမှာတော့ သူ ဟောင်ကောင်ကို ထွက်တဲ့အခါမှာ မိသားစုပါမသွားဘူးလို့ ဆိုထားတယ်..ရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာက လိုက်သွားခိုင်းတယ်..း) Ong Bak 2 ရော၊ Ip Man ကိုပါ ဒုတိယပိုင်းထက်ထွက်မယ်လို့ သိရပါတယ်..(movieတွေကို ပို့စ်တစ်ခုအနေနဲ့ ရေးချင်ပေမယ့် ကျွန်တော့် အများကြီး မဝေဖန်တတ်လို့)
စာအုပ်တွေ အနေနဲ့တော့ ဒီရက်ပိုင်းမှာ http://yeyintnge.blogspot.com က ဒေါင်းလာတဲ့ ဦးနုရဲ့ တာတေစနေသား ဖတ်ဖြစ်နေတယ်..


Ip Man- Uploaded from Wikipedia



Ong Bak 2- Uploaded from Wikipedia

Wednesday, January 14, 2009

ခေါင်းစဉ်က ညီမလေးနဲ့

အမြင်ကတ်စရာကောင်းအောင်
ပြောင်းလဲနေတဲ့ ရာသီတွေနဲ့
မြှောက်ထိုးပင့်ကော်
ကြံရာပါ နာရီတွေဆီကနေ
စာသင်ကျောင်းက ညီမလေးကို ပြန်ခေါ်ပေးဖို့
ကာလယန္တရားကို ငါ ပြန်ပေးဆွဲလာခဲ့တယ်..

အချိန်တွေကို စိတ်ကြိုက် ဘက်ဂီယာပေးပြီး
ချောင်းပြင်လို့ တစ်ချက်ဆိုးလိုက်တဲ့အခါ
ကျောင်းအပြင်ဘက်ရှိ ကောင်းကင်တစ်ချပ်မှလည်း
သူမ၏ အိမ်ပြန်ရာလမ်းကို
အချိန်အတန်ကြာ
တိမ်ဆိုင်တစ်ချို့ ဖျော်ချခဲ့ပေးပါ။
(ခပ်ပေါ့ပေါ့ ရုပ်ရှင်တွေထဲလောက်ပဲဖြစ်ဖြစ်
မိတ်ဆက်ခွင့်လေးပေးပေါ့)

ကာရံတွေ သတိစွဲကာ
တီထွင်မှုမဲ့တဲ့ ဖီလင်ထုတွေ
အထူးစီမံထားသော စာဖြူလွှာအားလည်း
အောင်သွယ်တော် လွယ်အိတ်နီနီမှတဆင့်
ရှောင်ဖယ်နေသူထံ အစီအရင်ခံခဲ့ရလိုပါ၏။

"ဒေသနာတော်အရ
သံသရာကို ဆွဲဆန့်မယ့် စကားလေးတစ်ခွန်း
ပြောပြမယ် ညီမလေးရေ..
နင့်ကို ချစ်တယ်"

ခေါင်းလောင်းသံ ခေါ်ဆောင်ရာတလျှောက်
နွေနေပူပူ၊ ဖိနပ်ဖြူဖြူလေးအောက်မှ
ကျောင်းသူလေး နင်းမယ့် လမ်းမှာလည်း
ကျောင်းသားလေး ခင်းမယ့် ပန်းတွေ ပွင့်ရပါလို၏။

အိပ်မက်ဆိုးတို့ရေ...
သင်တို့ထံ လက်နက်နဲ့ ငြိမ်းချမ်းရေးအားလည်း
စာဖြူနဲ့ ချစ်သူအဖြစ် အလင်းဝင်ပါရစေ..

ကမ္ဘာအဝေး မုန်တိုင်းတွေထန်လည်း
အရာရာဟာ ညီမလေးပဲ ဆန်နေလို့
တောင်းဆိုထားတဲ့ အချက်တွေအတိုင်း
လိုက်ရောညီထွေ ပြန်ဆုံချင်တယ်
အို.. အိပ်မောကျနေတဲ့ ရင်တွေတောင်
ပြန်ခုံနေပေါ့....

Saturday, January 10, 2009

ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

အမေနေ့တဲ့.. ရိုးရိုးသားသား ဝန်ခံရရင်တော့ ကျွန်တော် တခါမှ မသိခဲ့တဲ့ အမှန်ပဲ.. အမေကျော် ဒွေးတော်လွမ်းပြီး အင်္ဂလိပ်လို Mother's day ကိုပဲ သတိထားမိလေရဲ့.. ဒီနှစ်တော့ ဇန်နဝါရီ ၁၀မှာ ကျရောက်ခဲ့ပါတယ်.. မြန်မာလိုတော့ ပြာလိုလပြည့်နေ့ကို သတ်မှတ်ထားတာပါ..မတိုင်ခင် ၉ရက်နေ့က ကိုရင်ညိန်းနဲ့ chat မှာတွေ့ပြီး.. သူပြောပြလို့သာ သိရတာ.. အမေနေ့အကြောင်း သူ e-book တစ်အုပ် စီစဉ်နေကြောင်း အဆင်ပြေရင် ကဗျာလေးတွေနဲ့ ဝိုင်းပေးဖို့ ပြောပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ပူပူနွေးနွေး ပြီးထားတာလေး တစ်ပုဒ်ရှိတော့ ပို့ပေးဖြစ်တယ်.. အခုတော့ အဲဒီ e-book လေးထွက်လာခဲ့ပါပြီ.. ကျွန်တော် အပါအဝင် ဘလော့ဂါ/ ကဗျာဆရာ၊ ဆရာမတွေ စုစုပေါင်း (၂၁)ယောက်၊ တစ်ယောက်တစ်ပုဒ်နှုန်းစီနဲ့ ပါဝင်ထားပါတယ်.. ကျွန်တော့် ကဗျာလေးကတော့ အမေ့အကြောင်းထက် အဝေးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ပြန်ပြောပြထားတဲ့ သားတစ်ယောက်ရဲ့ စာမျိုးလေးပါ.. ကလောင်ကိုတော့ ခန့်နေလို့ တပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လေးစားအားကျရတဲ့ နောင်တော် ကဗျာဆရာတွေ.. အထူးသဖြင့် ကိုကောင်းကင်၊ ကိုညိမ်းညိုတို့နဲ့ ဒီလို တစ်အုပ်ထဲ အတူတူပါဝင်ခွင့်ရတာကို ဝမ်းသာမိတယ်ဗျာ..

စီစဉ်သူ နယ်တူသား ကိုရင်ညိန်းကိုလည်း အတိုင်းထက်အလွန်၊ ကျေဇူးမှတ်တမ်းတင်ပါတယ်ခင်မျ..း)

Mother Day Poems2

Download:
  • ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

  • Thursday, January 8, 2009

    မေမေသို့

    သို့ မေမေ
    နေကောင်းရဲ့လား..
    သတိရစွာနဲ့ ကျွန်တော်စာရေးလိုက်ပါတယ်
    ကျွန်တော်တော့ နေကောင်းနေတယ်
    ရာသီဥတုကတော့ အရင်လို
    ပုံမမှန်တာ ပုံမှန်တုန်းပဲ။
    ပူလိုက်၊ အေးလိုက်ပေါ့။

    အိမ်ထဲမှာ အဲယားကွန်းတွေတပ်ထားပေမယ့်
    ထစ်ခနဲရှိ အငွေ့ပျံချင်နေတဲ့ အရည်ပျော်အိပ်မက်တွေကို
    ယပ်ခတ်ပေးနေရတာတော့ရှိတယ်။

    ဒီမှာတော့
    တစ်နှစ်ပြည့်သွားတိုင်း
    ဖျက်မရတဲ့ အိုးမည်းတွေနဲ့အတူ
    ကျွန်တော်လည်း သိုးမည်းတစ်ကောင် ဖြစ်နေပေါ့။

    ဒါနဲ့..
    ကျွန်တော် အရင်ကထက်
    အရပ်ရော၊ လျှာပါ နည်းနည်းပိုရှည်လာတယ်.. သိလား

    ကျွန်တော်ဟာ အေးခဲစွာနဲ့ ပျော်နေသူတစ်ယောက်ဆိုတာ
    သူတို့ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး။

    မေမေပို့ပေးတဲ့ အပင်တစ်ချို့လည်း
    ကျွန်တော် စိုက်ထားတယ်
    ဒီမြေမှာ နေဝင်နေထွက် ရိုးသားမှုက လွဲရင်
    ကျန်တာ အပေါက် သိပ်မြန်တယ်

    ပထမကမ္ဘာမှာက
    ကျွန်တော်တို့တွေလို
    အချိုမှုန့်ကို ဟင်းခတ်မယ့်အစား
    စကားပြောတဲ့အခါနဲ့ အပြုံးတွေထဲကို ပြောင်းခတ်နေကြပြီ။

    ပေါပေါများများတွေ့ရတာတော့
    ရယ်ဒီမိတ် ပစ္စည်းရယ်၊ ပါးစပ်ပေါက်တွေရယ်ပဲ..
    .... ရယ်ဒီမိတ် စရိုက်၊ ရယ်ဒီမိတ် ဒီပလိုမာ
    ရယ်ဒီမိတ် ခေါက်ဆွဲခြောက်၊ ရယ်ဒီမိတ် ဆက်ဆံရေး ...
    (မပြောကောင်း၊ မဆိုကောင်း
    ရယ်ဒီမိတ် ကဗျာတွေ လုပ်ရောင်းရင် ကောင်းမလားတောင် စဉ်းစားမိသေး)

    အချိန်တော်တော်များများမှာ
    ကိုယ့်ကိုယ်ကို ပြန်ကျပျောက်နေတာ သိပ်ဆိုးတယ် မေမေရယ်
    စုန်ချင်တဲ့ စိတ်ကို ဇက်သပ်နေရတာ
    လုံးလည်ချာလည်နဲ့..

    ကြက်ခြေခတ်ဦးရေ မထူထပ်ခင်
    အချိန်မှီ.. မျက်လုံးတွေကို ဘောင်ဆွဲခတ်နေရတာလည်း ပါတယ်။

    လူမျှားချိတ်တွေကလည်း
    အမျှားခံချင်စရာ ကာလာစုံပဲ
    ပြာနန့်နန့်နဲ့ တစ်ခုဟာ ကျွန်တော့် အကြိုက်လေ
    ဘာပဲဖြစ်ဖြစ်
    ကွန်ပစ်တဲ့အထဲ ပါသွားတာထက်စာရင် တော်သေးတာပေါ့။

    ချစ်သူတော့ မရှိသေးပါဘူး
    ဒီမျောက်ဟာ အမြီးပဲ မပေါက်နိုင်ဘူးလို့
    မေမေ ပြောတော့မယ်မလား
    လူအချင်းချင်း ဆွဲဆောင်တဲ့အလုပ်မှာ ကျွန်တော် ညံ့ပေမယ့်
    ရုပ်ရှင်ရုံတွေက လက်မှတ်တစ်စောင်ထဲလည်း ပေးဝယ်ပါတယ်ဗျ
    တစ်ရေးနိုးတိုင်း
    လက်ကလေးတစ်ခုကို ကိုင်ထားချင်တဲ့ ရောဂါကလွဲရင်
    အားလုံး အဆင်ပြေပါတယ်။

    ကျွန်တော် မှာလိုက်တဲ့စာအုပ်တွေရော ရှာလို့တွေ့ရဲ့လား
    မေမေလည်း ပျော်အောင်နေနော်..

    အဝေးက သား
    edu

    Friday, January 2, 2009

    ကြိုးတပ်ထားသော ပန်လိုစိတ်

    "မနက်ဖြန်" အား
    "ဒီနေ့" အဖြစ်
    အမည်ပြောင်း ကင်ပွန်းတပ်ပွဲတွေနဲ့အတူ
    သစ်ပင်တွေ
    အလိုက်အထိုက် ဆံပင်ရှည်လာကြတယ်..
    (ငါ့ စိတ်တွေ မဟုတ်လို့နဲ့ ထင်တယ်)

    သောင်းကျန်းနေတဲ့ စွဲလမ်းစိတ်တွေဟာ
    လှည်းနေ လှေအောင်း
    မြင်းဇောင်းမကျန်ကို
    ချဉ်းနင်း ဝင်ရောက်နေကြလို့..
    ဒီအချိန်မှ မျဉ်းကြားခင်းလည်း
    ဒီသူရဲကောင်းမှာ
    ဖြတ်ကူးစရာ ခြေထောက်မှ မကျန်တော့တာ။

    အလွတ်ကျက်ထားတဲ့ နင့်ရဲ့ကောက်ကြောင်းတွေ
    ချရေးလိုက်တဲ့ နေ့ကများ
    ငါ တစ်ယောက်ထဲ လူကျွံနေခဲ့သလား...
    မသေချာဘူး။

    ချုပ်ရိုးတွေ မကျပ်ခင်
    အဲဒီ နေဝင်မယ့်လမ်းကို
    နေရာဖယ်ပေးခဲ့တာကိုက
    ငါတို့ မှားတယ်။

    နောက်ထပ်..
    နာရီတွေကို လည်ဖို့
    အချိန်ထပ်ပေးခဲ့တာလည်း
    ငါတို့ မှားတယ်
    ဆက်ပြီး မှားတယ်...
    ဆက်ပြီး မှားတယ်...
    တောင်းတဲ့ဆုဆိုတာ
    အခွန်မဲ့တိုင်း မချဲ့ကောင်းဘူး..

    နွေရောက်တော့မှာမို့
    ရေတစ်ပေါက်လောက်ကို
    သေမလောက်အောင် လိုနေသူဆိုတာ
    စကားလုံးတိုင်းရဲ့
    အကြောအချဉ်၊
    အရိုးအမျှင် တစ်ခုချင်းစီမှာ
    ခွဲ-စိတ်-ဖြတ်တောက် အဖြေရှာကြည့်လို့ရတယ်။

    ဘာပဲဖြစ်ဖြစ်
    လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်လေးတစ်ခု
    အစပြုလို့
    (၁) ရေပူရေချမ်း ကမ်းလှမ်းခွင့်
    (၂) ငါ တစ်ထမ်း၊ နင် တစ်ရွက်ခွင့်
    (၃) အာရုံ ငါးကြိုးမှာ
    တစ်ယောက်နဲ့ တစ်ယောက်
    လူဆန်ဆန်လေး ချည်ပေးခွင့်တွေလောက်
    ရည်ရွယ် ဖြစ်မိတယ်။

    " နှံကောင်မလေးရေ..
    ......အစာနဲ့ ရေတွေ စုဆောင်းလို့
    ......ဒီမိုးတွေကို
    ......တို့နှစ်ယောက်အတူ ဖြတ်သန်းကြမယ်လေ

    ဒီမှာ..
    ကြွပ်ဆတ်ဆတ်နဲ့
    ကျောက်ခေတ်ရင်ခွင်ကြီးတစ်ခုက
    အရေးပေါ် အခြေအနေထိတိုင်အောင်
    ယဉ်ကျေးနေတုန်းပါပဲ "


    Wednesday, December 31, 2008

    Diary 01.01.09

    ဇန်နဝါရီ (၁)ရောက်တိုင်း
    နှစ်ဟောင်းတွေဟာ
    အင်္ကျီအသစ်ကို ကောက်စွပ်ကြ
    မဝတ်ချင်လည်း ဝတ်
    ဝတ်ချင်လည်း ဝတ်..
    ခန္ဓာအဟောင်းနဲ့ နှစ်သစ်တွေ။

    လူတွေက မျက်နှာတွေ
    ကောက်သစ်ကြ
    မသစ်ချင်လည်း သစ်၊
    သစ်ချင်လည်း သစ်
    မျက်နှာအဟောင်းနဲ့
    လူ __ တွေ။

    နှလုံးသားတွေကို
    နှလုံးသားတွေနဲ့ ဖာထေး..
    နှစ်သစ်မှာ
    နားလည်မှုတွေ လျှော့ဈေးရနေ..
    ငြိမ်းချမ်းရေး (၁)ခုယူရင်
    (၂)ခု အလကား ပေး....

    ကမ္ဘာသစ်မှာ
    ဗမာဖြစ် ကဗျာအစစ်တွေရော
    ပါရဲ့လား ?

    မိသားစု

    အခုတလောမှတင် မဟုတ်ဘူး.. ကျွန်တော် ရှေ့အကြောင်း စဉ်းစားမိနေတာ ခဏခဏပဲ..
    အနီးကပ်ဆုံးက ကျောင်းပြီးသွားရင် ဘာလုပ်မလဲ၊ ဘာဖြစ်မလဲပေါ့.. ပုံမှန်လို အလုပ်ရ၊ Perment Resident ယူပြီးသွားမလား.. ဒါမှမဟုတ် အမှတ်မှီပြီး တက္ကသိုလ်ဆက်တက်မလား.. တစ်ခါတစ်လေလည်း ကျောင်းပြီးသွားရင် မြန်မာပြည်ပြန်ဖို့အတွက် ကျွန်တော် စဉ်းစားမိတယ်... ဒီမှာ မပျော်ဘူးဆိုတာထက် ငြီးငွေ့လာတယ်.. သူတို့သတ်မှတ်ချက်ထားတဲ့ စံချိန်၊ စံညွှန်းတွေကို ကျွန်တော် မကိုက်ညီချင်ဘူး.. ကိုယ့်ကိုယ်ကို ရင့်ကျက်ချင်ယောင်ဆောင်နေရတာ.. ကိုယ့်ကိုယ်ကို ပြန်ဖွက်နေရတာနဲ့တင်.. နောက်ဆုံး ကိုယ်ဘယ်နားမှာ ကျကျန်ခဲ့မှန်းတောင် မသိတော့ဘူး.. အားလုံးဟာ ကျွန်တော် ထင်ထားသလို လေးနက်မှုတွေမရှိဘူး.. ကျွန်တော်တစ်ယောက်ထဲရဲ့ စိတ်ကပဲ ပုံမှန် အရောင် ရှိမနေတာ ဖြစ်ချင်ဖြစ်မှာပေါ့လေ...

    လမ်းအိုလေးကနေ ဒေါင်းထားတဲ့ ကဗျာတွေ တစ်ချို့ပြန်ဖတ်နေမိတယ်.. အဲဒီအထဲမှာ ဆရာစိုင်းဝင်းမြင့်ရဲ့ မိသားစုကဗျာလေးက အခုတလော ကျွန်တော် ဖြစ်နေတဲ့ စိတ်တွေနဲ့ တိုက်ဆိုင်နေလို့လားတော့မသိဘူး.. ကျွန်တော့် စိတ်ထဲ တော်တော်လေး စွဲနေတယ်.. အထူးသဖြင့် ကဗျာအဦးက စာကြောင်းတစ်ချို့ပေါ့..

    မိသားစု

    မိသားစုဆိုတာ
    တစ်ယောက်ရှေ့ရောက်ဖို့
    တစ်ယောက်နောက်ဆုတ်ရတယ်
    သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
    သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
    မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
    သံစုံမြည်တယ်။

    မိသားစုဆိုတာ
    လူခြောက်ယောက်ရှိ လူခြောက်ယောက်
    လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
    ခေတ်ကတောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
    အိမ်ရှိ လူအကုန်။

    မိသားစုဆိုတာ
    ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
    ရန်ကုန်ဟာ စစ်မြေပြင်

    လဲကျသွားတဲ့ ငါ့အဖေနေရာကို
    ငါ့ညီလေးဝင်ခဲ့တယ်
    ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
    ငါ့ညီမလေးဝင်ခဲ့တယ်
    မိသားစုကို ငါမပြင်ခဲ့ဘူး။

    ငါ့အတွေးအခေါ်
    သားသမီးဆိုတာ သီးခြားရှင်သန်ရမယ့် ဘဝတစ်ခု

    ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
    လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်
    ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
    ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
    ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
    ငါ့မိသားစုမှာ မိုးယိုပေါက်လေးတစ်ပေါက် ရှိနေတယ်ဆိုရင်လည်း
    ငါပဲဖြစ်မှာပါ။

    ငါ့မိသားစုမှာ
    ကြမ်းခင်တစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
    ငါပဲဖြစ်မှာ
    မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
    မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

    စိုင်းဝင်းမြင့်
    [ရွှေမော်ကွန်း - ဇန်နဝါရီ၊ ၂၀၀၃]

    စာမျက်နှာပါအရဆို ၂၀၀၃ ဇန်နဝါရီက ရွှေမော်ကွန်းမှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပေါ့..
    အခုနောက်ပိုင်း ဆရာ့ရေးဟန်တွေက အဲဒီတုန်းကနဲ့တော့ မတူတော့ပါဘူး..
    အထူးသဖြင့် နောက်ဆုံးထွက်ထားတဲ့ "များများမြန်မြန်" ကဗျာစာအုပ်မှာ တွေ့နိုင်ပါတယ်..

    Saturday, December 27, 2008

    ဟိုရောက် ဒီရောက် ဒီဇင်ဘာ ၂၇ ဒိုင်ယာရီ

    Dဇင်ဘာ.. ဒီဇင်ဘာဟာ ကျွန်တော့်အတွက်တော့ ဘာမှထူးထူးခြားခြား မရှိခဲ့ပါဘူး..
    နှစ်တိုင်းလိုလိုပဲပေါ့။ Stage ကျောင်းတုန်းကတော့ အားကစားပွဲတွေနဲ့ လူထုလမ်းလျှောက်ပွဲတွေ ရှိလို့ ပျော်ခဲ့ဖူးတယ်.. ခရစ်စမတ်မှာ ကျောင်းပိတ်ရက် (၁)ပတ်လောက် ရတယ်လေ..
    New Year ကိုတော့ နှစ်တိုင်းလိုလို မကျင်းပဖြစ်တာ များတယ်။ မြန်မာပြည်မှာတုန်းက အိမ်အနီးအနားမှာ မီးပုံပွဲတွေ လုပ်ဖြစ်ကြပေမယ့် ကျွန်တော့် အိမ်က ပုံမှန်အချိန်အတိုင်းပဲ တံခါးပိတ်တာကြောင့် (၁၂)နာရီအထိမနေရခင် ပြန်အိပ်ရပြီ... တခြားအိမ်မှာ အိပ်တဲ့အကျင့်လည်း အဲဒီတုန်းက မရှိခဲ့ဘူးလေ..
    အခု စလုံးရောက်တော့တော့ ပြီးခဲ့တဲ့နှစ်က Singapore poly က သူငယ်ချင်းတွေနဲ့ အတူတူရှိနေခဲ့တယ်..
    တစ်ယောက်နဲ့ တစ်ယောက် စရင်း နောက်ရင်း ပုံပြင်တွေပြောပြလိုက်၊ ကစားနည်းတွေ ကစားလိုက်နဲ့ မိုးလင်းပေါက် west coast မှာ ထိုင်ခဲ့ကြတယ်.. အခုနှစ်တော့ ဘာတွေ လုပ်ဖြစ်မလဲ မသိသေးဘူး...

    လောလောဆယ် ကျောင်းပိတ်ရက်အတွင်းတော့ ကျွန်တော်လုပ်ချင်တာလေးတွေ လုပ်နေရလို့ လုပ်သင့်တာတွေတောင် မလုပ် ဖြစ်လိုက်ဘူး။ စာပေနဲ့ ပတ်သတ်ပြီး ကျွန်တော် ပိုလေ့လာဖြစ်တယ်။ စိတ်ဝင်စားတဲ့ မော်ဒန်စာပေအပိုင်းပေါ့။ ပြည်ပမှာဆိုတော့ စာအုပ်တွေက ရန်ကုန်မှာလောက်တော့ ရှာရမလွယ်ဘူး။ ဒါတောင် e-books တွေ လုပ်ပေးထားတာရှိနေလို့၊ လက်လှမ်းမှီသလောက် ကြည့်နိုင်တာ..
    တလောက ကိုညိမ်းညိုကျေးဇူးကြောင့် ဆရာဇော်ဇော်အောင်နဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်။ e-books တွေ ဆိုတော့ Print out ပြန်လုပ်ရတာတော့ ရှိတယ်။ ကွန်ပြူတာနဲ့ဆို ကျွန်တော်လည်း ဘယ်လိုမှ ဖတ်မရလို့။ နောက်တော့ သူငယ်ချင်း နတ်ကလေး အိမ်ရောက်ရင်း.. သူနဲ့ မော်ဒန်အကြောင်း တော်တော် ပြောဖြစ်လိုက်တာ.. မနက်(၄)နာရီလောက် အထိ ဖြစ်သွားတယ်.. ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးထားတာလေးတွေနဲ့ သူ့ရဲ့ အမြင်လေးတွေ ဖလှယ်ဖြစ်တယ်.. မော်ဒန်ကို ကျွန်တော်တို့တွေ အရမ်းကြီး နားလည်နေလို့တော့ မဟုတ်ပါဘူး.. တကယ်ကြည့်မယ်ဆိုရင် အပေါ်ယံသက်သက်ပဲ ဖြစ်ကောင်းဖြစ်မယ်.. ကြားဖူးနာဝလေးတွေပေါ့.. ဒါပေမယ့် အဲဒီလို ပြောဆို ဆွေးနွေးရတာလေးကို ကျေနပ်မိတယ်.. (အနုပညာနဲ့ ပတ်သတ်လို့ ကျွန်တော့်မှာ သူငယ်ချင်းသိပ်မရှိပါဘူး) နတ်ကတော့ သူလုပ်ဖြစ်နေတဲ့ ခဲချစ်ပန်းချီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ပြောတယ်.. အနုပညာဟာ တစ်ခုနဲ့ တစ်ခု ထိစပ်နေတယ်ဆိုတာကို ကျွန်တော်တို့ ပိုပြီးသဘောပေါက်လာကြတယ်..

    အခုနောက်ပိုင်း ကျွန်တော့် ကဗျာတွေကတော့ (အရင်ကလို အလွတ်ကာရံသဘောထက်စာရင်) မော်ဒန်ပုံစံတွေ ဖြစ်ဖို့များမယ်ထင်တယ်.. ကျွန်တော် တမင်ဖန်တီးယူပစ်လိုက်တာတော့ မဟုတ်ပါဘူး။
    ကျွန်တော့် စိတ်၊ ကျွန်တော့် mood ပေါ့.. လောလောဆယ် မော်ဒန်စာပေမှာ သက်ဝင်နေလို့..
    အတိုင်းအတာတစ်ခုအထိ ကျွန်တော် အရေးကျဲကောင်းလည်း ကျဲသွားနိုင်တယ်..
    တချို့ သဘောတရား၊ အယူအဆ၊ ရေးပုံရေးနည်း စနစ်တွေနဲ့ ပတ်သတ်လို့ ကျွန်တော် နားမလည်တာ၊ သဘောမပေါက်တာတွေ အများကြီးရှိနေလို့.. ရတဲ့ အချိန်လေးတွေဖဲ့ပြီး စာအုပ်တွေဖက်လှည့်ချင်တယ်.. တစ်ခါတစ်လေလည်း အကြောင်းအရာ အပြောင်းအလဲအနေနဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ်.. ဆရာကြီးရဲ့ စာတွေကို အရင်က မဖတ်ဖူးပါဘူး။ အခုလက်ရှိတော့ "မြန်မာပြည်အုပ်ချုပ်ရေး" ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်နေတယ်.. ဆရာကြီးရဲ့ စာတွေထဲမှာ သူ့ရဲ့ တိတိကျကျလေ့လာထားမှုကို စာအရေးအသားမှာ ကြည့်ရင် သိနိုင်ပါတယ်.. ဖတ်တဲ့သူကိုလည်း ရှင်းအောင်၊ နားလည်လွယ်အောင် ရေးပြတတ်တယ်..

    ဒါတွေကတော့ ၂၀၀၈ ဒီဇင်ဘာထဲ ကျွန်တော် လုပ်ဖြစ်နေတဲ့ အရာတွေပေါ့.. တချို့ရက်တွေမှာ ရန်ကုန်ကနေ အလည်ရောက်လာတဲ့ သူငယ်ချင်းတွေနဲ့အတူ စလုံးမြေတစ်လျှောက် လျှောက်သွားဖြစ်တယ်။ ခရစ်စမတ်ရက်ကတော့ ကျောင်းက သူငယ်ချင်းတစ်ချို့နဲ့ နည်းနည်းသောက်လိုက်တာ.. ဗိုက်က ဘယ်လို ဖြစ်သွားတယ် မသိဘူး.. (၂)ရက်လောက် နေလို့ မကောင်းတော့ဘူး။ ညီလေး ကိစ္စတွေတော့ အားလုံးအဆင်ပြေပြီး ကျောင်းတက်ဖို့ပဲ ကျန်တော့တယ်။ အဖွားလည်း ဆေးရုံက ဆင်းလို့ ရပြီး အဒေါ့်အိမ်မှာ နားနေတယ်။ လမ်းလျှောက်နိုင်ပေမဲ့ ကြာကြာထိုင်လို့တော့ မရဘူးပြောတယ်.. ဘာပဲဖြစ်ဖြစ် အသက်အရွယ်အရ အရမ်း အဆိုးကြီးဖြစ်မသွားတာလို့ တော်သေးတယ်။

    အင်း.. ဒါနဲ့ ခင်များတို့ရော နယူးကလီးယား.. အဲလေ.. new year မှာ ဘာတွေလုပ်ဖြစ်မလဲဗျ။
    ထူးထူးခြားခြား အစီအစဉ်လေးတွေရှိရင် ရှယ်ခဲ့ပေါ့။ ကျွန်တော်တော့ new year ရယ်၊ အိပ်မက်ရယ်ကို (၁၂)နာရီတိတိ၊ အိမ်မှာ ဆုံဖို့ ချိန်းလိုက်ပြီ..။

    အားလုံးပဲ ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ ခင်မျာ..း)

    Free counter and web stats