Monday, May 10, 2010

ချိတ်

ငါးမျှားရင်းက အမှတ်မထင်
တခြားအရာတွေကို
မိသွားတာမျိုး ကြုံဖူးသလား
(ဆရာချောကတော့ စင်္ကြာဝဠာကြီးကို မိခဲ့ပါတယ်တဲ့)

ငါးစာကို ရေထဲချတဲ့အခါ ငါးကိုမိတယ်
ပင်လယ်စာတွေချမိတဲ့အခါ ပင်လယ်ကို မိမယ်..
လူစာကို ချမိရင်တော့
အဲဒါ ကိုယ့်ကိုယ်ကို ပြန်မိတဲ့နေ့ပဲဖြစ်မယ်။

အဲဒီအခါမျိုးကျရင်
ကိုယ်ဘယ်ကို ပြေးနိုင်ခြေရှိသလဲ
ကိုယ်ကိုယ်တိုင်သိနေတော့
ကိုယ့်ဆီက ကိုယ်လွတ်အောင်
ကိုယ်ဘယ်လိုရုန်းမလဲ

ဒါပေမယ့်လို့
ကိုယ်ဘယ်ကိုပြေးမလဲဆိုတာ
ကိုယ်ကိုယ်တိုင် သိတာသေချာလား
ရည်ရွယ်ချက်တစ်ခုခုကြောင့်
ကိုယ်မဟပ်ခဲ့တာသေချာလား

ကိုယ်ဆွဲတင်လိုက်တဲ့ ချိတ်ရဲ့ထိပ်မှာ
ကိုယ်ကိုယ်တိုင် ပါလာတဲ့
ကိုယ်ရုပ်ကိုယ်ရော ကိုယ်မှတ်မိလား
မှတ်ပုံတင်နဲ့ တိုက်စစ်ကြည့်သေးလား

ကိုယ့်ထက် ကိုယ်ညံ့လို့ပဲဆိုပြီး
အေးအေးဆေးဆေးနဲ့ ငြိမ်ပါသွားတာမျိုးပဲလား
ပြန်လွတ်လိုလွတ်ညား
ရုပ်ပျက်ဆင်းပျက် ဖြစ်ပါစေ ရုန်းမလား

တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ကိုယ်ကို မိလို့ပျော်သွားတာလား
တဖျတ်ဖျတ်နဲ့ ထခုန်နေတာ
ကိုယ့်ချိတ်နဲ့ကိုယ်ဆူးတာ နာနေလို့လား

မမျှားခင်က အချိန်သတ်မှတ်ထားသလား
ဒါမှမဟုတ် မိချင်မိ၊ မမိချင်နေလား..
လိုအပ်ရင် O.T.(overtime) တွေပါ ဆင်းလား
တစ်ကြိမ်တစ်ခါပဲ မိရင်ရပြီလား
ဒါမှမဟုတ် ခဏခဏ ပြန်လွှတ်ပြီး ဖမ်းကြည့်သေးလား

ကိုယ်က ကိုယ့်အတွက် အနစ်နာခံဖို့ ကိုယ့်အစာကိုယ်ဟပ်ခဲ့တာလား
ကိုယ်က ကိုယ့်ကို ညှင်းဆဲဖို့ ကိုယ့်အစာကိုယ်တပ်ခဲ့တာလား

ကိုယ့်ကိုယ်ကို မိအောင် ဘယ်နည်းတွေ သုံးပြီးဖမ်းမလဲ
လေ့ကျင့်ခန်းတွေ ဆင်းရလား၊ အလုပ်သင်တွေ တက်ရသလား
Sponsor အထောက်အပံ့တွေယူသေးလား

ကိုယ့်လက်က ကိုယ်လွတ်အောင် ဘာတွေကြည့်ရှောင်မလဲ
ရာသီဥတုနဲ့ စိတ်အခြေအနေကို ထည့်စဉ်းစားဖို့လိုအပ်လား
ကံ၊ ဥာဏ်၊ ဝီရိယပဲလား

ကိုယ် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဆာမယ်ဆိုတာ
ကိုယ့်ကိုယ်ကို ကြိုသိနေလား..
ဒါမှမဟုတ် ကိုယ့်သဘာဝ ကိုယ်သိဖို့
အင်တာနက်တွေ၊ သုတေသနပြုကျမ်းတွေမှာ လေ့လာရသေးလား
သူငယ်ချင်းတွေကို အသုံးပြု စစ်တမ်းကောက်ကြည့်ဖူးလား..

ကိုယ့်ကိုယ်ကိုမျှားခံထိဖို့ ချိတ်ကို အဝေးကြီးပစ်ရလား၊
ဒါမှမဟုတ် ကိုယ့်အနီးအနားမှာပဲ ချလိုက်ရင်လည်း ဖြစ်သလား
ကလေးများ အလွယ်တကူမရောက်ရှိနိုင်တဲ့နေရာတွေမှာ ထားသလား

ကိုယ့်အစာ ကိုယ်သိဖို့ အလင်းရောင်ကောင်းမွန်စွာရရှိဖို့လိုအပ်သလား
ကိုယ့်အစာ ကိုယ်သိဖို့ အနံ့ခံကောင်းဖို့လိုသလား

ကိုယ့်အစာ ကိုယ်ဟပ်တဲ့အခါ
အမြဲတမ်း သမရိုးကျနည်းလမ်းကို သုံးလား
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို လှည့်စားကြည့်သေးလား..
ကိုယ့်စိတ်ကိုယ်ဆွကြည့်သေးလား

ဒီလိုပဲ ကိုယ့်ကိုယ်ကို ပြန်မိဖို့အတွက်ရော
ဦးနှောက်နဲ့ ကိုယ်ကာယ ဘယ်ဟာကို ပိုသုံးရလဲ
ကိုယ့်ထက် ကိုယ် လည်ဖို့၊ သွက်ဖို့ လိုလား
ဒါမှမဟုတ် တစ်ခါလာလည်း သည်ဖော်မြူလာပဲလား..

ကိုယ့်ကိုယ်ကို မိချင်ပါတယ်ဆိုမှ
သူများတွေက လာဟပ်တာမျိုးရောဖြစ်တတ်လား
အဲဒီအခါမျိုးကျ ဘယ်လိုလုပ်ပစ်လေ့ရှိလဲ

ကိုယ့်လက်ခုပ်ထဲက ကိုယ့်ကို
ကိုယ်ကိုယ်တိုင် အသေမသတ်ခဲ့ရင်တောင်မှ
ကိုယ့်ဟာကိုယ် ပြုခဲ့တဲ့ ဒဏ်ရာကို ကျက်ဖို့
အချိန်ဘယ်လောက်ယူရလဲ

ကိုယ့်ကိုယ်ကို ပြန်လွှတ်ပေးချင်စိတ်များကော
ရှိသလား
တစ်လုပ်စားဖူး သူ့ကျေးဇူးကို ထောက်သလား

အမိခံခဲ့ရတဲ့ ကိုယ်ဟာ
ကိုယ့်ကိုယ်ကို ပြန်မြင်တဲ့အခါမှာရော
ကိုယ်ရုပ်ကိုယ် မှတ်မိလား..
သိသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်မလား
လမ်းတွေ့ရင် နောက်မခေါ်တော့ဘူးလား..
သစ္စာဖောက်တစ်ယောက်လို ဆက်ဆံမှာလား..
သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ သဘောပိုက်လိုက်သလား

တစ်ခါတစ်လေ (ဒါမှမဟုတ်) ဘယ်တော့မှ
ကိုယ့်ချိတ်ဟာ ကိုယ့်ဆီ ပြန်မရောက်လာတာမျိုး ဖြစ်ဖူးလား
ဒါနဲ့
ကိုယ့်ကိုယ်ကိုယ်ရော ပြန်မျှားကြည့်ရဲလား


ခန့်နေ



မှတ်ချက်။ ။တခြားကဗျာတွေမှာ မှတ်ချက်၊ ရှင်းလင်းချက်တွေ မရေးဖြစ်တာကြာပေမယ့်
ဒီကဗျာမှာတော့ အထူးတလည် ရေးလိုပါတယ်။ ဒီကဗျာမှာ နည်းနည်းပြောစရာရှိပါတယ်။ မပြောလည်း ဖြစ်လို့ရပါတယ်။ ဆရာချော(မောင်ချောနွယ်) ခရေဇီတွေနဲ့ အခြားသော သူ့ကဗျာဖတ်ဖူးသူတွေအတွက် ထင်စရာတစ်ခုဖြစ်နေပါလိမ့်မယ်။ ဘာလဲဆိုတော့ ဆရာ့ရဲ့ “ပြီးပါပြီ”ဆိုတဲ့ ကဗျာထဲမှာ နောက်ဆုံး
“ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး။
ငါ့ဘဝ ငါးစားကိုသာ ငါဟပ်ခဲ့တယ်။ ။”
ဆိုတဲ့ နှစ်ကြောင်းကို ဒီကဗျာဟာ ဆွဲဆန့်ရေးထားသယောင်ဖြစ်နေမယ်လို့ ကျွန်တော်ခံစားမိပါတယ်။
ဒါပေမယ့်လို့ ကျွန်တော် ဒီကဗျာကို စရေးတုန်းက အဲလို မရည်ရွယ်ခဲ့ရိုး အမှန်ပါ။
ကျွန်တော် အကြိုက်ဆုံး “ငါး”ထဲက တစ်ကြောင်းကိုသာ ရည်ညွှန်းအဖြစ်နဲ့ ပြန်သုံးခဲ့ပါတယ်။
ကဗျာအဆုံးသတ်ခါနီးကျမှ ကျွန်တော့်စိတ်ထဲ အဲ့အပေါ်က နှစ်ကြောင်းကို သွားသတိရမိလို့ အခုလို ရှင်းလင်းချက်ကလေး ထုတ်ဖြစ်ကြောင်းပါ။


ဆရာချောသို့ သတိတရ
ခန့်နေ

Sunday, May 9, 2010

တစ်နေ့မှ မေ့မရသူလေးသို့

လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ် မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ် တုတ်ချောင်းနဲ့ ရေးခြစ်ထားသလို
ဖြစ်လွယ်ပျက်လွယ်တွေ ချည်းပါပဲကွယ်။
မင်းတစ်ဘဝလုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုပ်နှိပ်မိတဲ့ လူတစ်ယောက်ရယ်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။
ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။
တစ်နေ့မှ မေ့မရသူလေးရေ..
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းတိုင်း တင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။
ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ့်နာမည် ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။
မင်းဖို့ ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။


ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဒီဇင်ဘာ၊ ၁၉၉၇။
(ဣတ္ထိယတောင်တန်း ကဗျာများ)

Saturday, May 8, 2010

ဆယ်ကမ္ဘာပေါ့.. ဟုတ်လား နှင်း..

Marina Bayသို့
ဆိုက်ကပ်ရန် ရထားကြီးဟာ
ဦးတည်ချက်တွေ မပြောင်း၊
ရည်ရွယ်ချက်သာ ပြောင်းခဲ့လေတယ်

နံဘေးက မိုးရေသံတွေ
မှတ်တိုင်ကျော်သွားတဲ့ အိပ်မက်တွေနဲ့
ကျောင်းသူလေး နင်းရာ လမ်းက
ကျောင်းသားလေး ခင်းရာ ပန်းများလည်း မလန်းနိုင်တော့ပြီ။

လက်ကြားက မီးတိုင်တိုတိုလေးတွေကို
စုပ်ယူအားပြုလို့
ငါတို့ကြားက စကြာဝဠာကြီးဟာ
ဒီလောက်တောင် ကွာခဲ့ရပါသတဲ့ကွယ်..

ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
ဘာတွေပဲ ဖြစ်လိမ့်ဖြစ်လိမ့်
ကျွန်တော်ဟာ နေပြန်မကောင်းနိုင်တော့လို့..
အတောင်မဲ့ နတ်သမီးလေး“နှင်း”ရေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်...


ခန့်နေ

Thursday, May 6, 2010

အမျိုးအစား- အတွင်းလှိုက်စားရောဂါ

ဟောဒီမှာ တစ်ယူဇနာ ဆားငန်ရည်တွေ
ဟောဒီမှာ တစ်ယူဇနာ သဲပွင့်တွေနဲ့
ဟောဒီက ကျောက်ဆောင်တို့
ကဲ ပင်လယ်ဖြစ်ဖို့ ဘာကျန်သေးလဲ..
သူ ရင်ခုံတဲ့အခါ
လှိုင်း တွေ ထ ကမယ်


ခန့်နေ

Sunday, May 2, 2010

နှစ်နှစ်သား အနိဋ္ဌာရုံသို့တဖန်

နာဂစ်နဲ့ ပတ်သတ်လို့ ကျွန်တော့်မှာလည်း ဒီတစ်ပုဒ်ပဲ ရှိတော့ကာ..


“မာရ်နတ်ရေးတဲ့ နာဂစ်ဇာတ် (သို့မဟုတ်) ပြာပုံထဲက ကဗျာ”



တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။

အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။

သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။

ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။

ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ်
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။


ခန့်နေ


ဒီကဗျာကို ၂၀၀၈၊ သြဂုတ်လလောက်မှာ ရေးပြီးခဲ့ပါတယ်။ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း ကို ပထမဆုံးပို့ဖြစ်ပြီး ဖော်ပြခံတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၀ မေလ(၂)ရက်၊ နာဂစ်ဖြစ်ခဲ့တာ နှစ်နှစ်မြောက်အဖြစ် ပြန်လည် မှတ်တမ်းတင်လိုက်ပါတယ်..

ငါတို့ ဘာသာစကားကို ပြောတတ်သူတွေ

စကားတတ်သူ၊ ကစားတတ်သူများ၊
ရေလျှံသူ၊ ရန်ရှည်သူများ၊
ရေတိမ်နစ်သူ၊ ရေနစ်တိမ်သူများ၊
ဝါးကူထိုးသူ၊ သူထိုးကူဝါးများ၊
သမ်းဝေနေသူ၊ ဝမ်းသေနေသူများ၊
ထိပ်တိုက်တွေ့နေသူ၊ ထိပ်တွေ့တိုက်နေသူများ..

ကျွန်ုပ်တို့၏ အဓိပ္ပာယ်ကို
ကျွန်ုပ်တို့က ဖော်ပြဖို့
ကျွန်ုပ်တို့၏ ဘာသာစကားနှင့်ပင် လုံလောက်ပါ၏။


ခန့်နေ

Thursday, April 29, 2010

ဆောင်းရာသီဖြတ်သန်းသွားလာမှု မှတ်တမ်း

ဆောင်းရာသီဟာ ကိုယ်လက်မအီမသာဖြစ်နေတယ်
ဆောင်းရာသီဟာ ဒီနေ့ ဖားမမိလို့/ မဖားမိလို့
ဆောင်းရာသီဟာ လမ်းသလားနေရခြင်း
ဆောင်းရာသီဟာ လည်ပင်းမှာ ဆောင်းရာသီဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့
ဆောင်းရာသီဟာ လည်မျိုမှာ ကဗျာတွေ မျိုထားတယ်
ဆောင်းရာသီဟာ လည်ရှည်ဖိနပ်ကြီးကို စီးလို့
ဆောင်းရာသီဟာ မြို့ရဲ့ အထဲကို ဝင်လာပြီ
ဆောင်းရာသီဟာ လည်ပြန်တောင် ငဲ့မကြည့်ဘူး
ဒီလိုနဲ့ ဆောင်းရာသီဟာ ပန်ကာလေအပေါ် သံသယ/ရာ ဝင်မိတယ်
ဆောင်းရာသီဟာ ဆောင်းရာသီမှာ စွပ်ကျယ်တွေ ဈေးလျော့ရောင်းမိသလို
ဆောင်းရာသီဟာ ဆောင်းရာသီမှာ နှင်းတွေကို ဈေးတင်ခေါ်မိလေတယ်
ဆောင်းရာသီဟာ ဆောင်းတစ်ဦးရာသီနဲ့ ဆောင်းရာသီတွေရှေ့မှာ (ကြိယာဝိသေသနတွေမပါပဲ) လက်ထပ်ခဲ့လေတယ်
ဆောင်းရာသီဟာ ဆောင်းရာသီမှာ ဆောင်းရာသီနဲ့ အတောင်ပံချင်းခတ်မိရာကနေ နှင်းတွေ လွင့်လွင့်ထွက်လာသတဲ့
ဆောင်းရာသီဟာ ဆောင်းရာသီရောက်ရင် ဆောင်းရာသီအချင်းချင်း သတိရှိကြဖို့ လက်အောက်ဆောင်းငယ်ရာသီများကို ခေါ်ယူသတိပေးခဲ့တယ်
ဆောင်းရာသီဟာ ဆောင်းရာသီဈေးကွက်မှာ ငယ်မွေးဆောင်းပေါက်ရာသီများကို ခေါ်ယူဖို့ အထက်ဆောင်းရာသီကြီးမင်းထံ အစီအရင်ခံထားတယ်
ဆောင်းရာသီဟာ ဆောင်းချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စွာနဲ့ ဆောင်းဥအတုလေးတွေကို ဥချခဲ့တယ်..
"ဒါပေမယ့်လို့ နွေထီးခေါင်ကြီး နှင်းကိုမျှော်တဲ့ကိစ္စကတော့
ကိုယ့်စိတ်ကိုယ်ကို အတင်းအဓမ္မပြုကျင့်နေတဲ့ အရူးရဲ့ အလုပ်သာဖြစ်ပေလိမ့်မယ်"လို့
ဆောင်းဂျာနယ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆောင်းဘာသာစကားနဲ့ အတည်အလင်းပြောကြားသွားခဲ့ပါတယ်
အလို... ဆောင်းဘာသာစကားဟာ “နှင်း” မှ ဟုတ်ပါစ...

ခန့်နေ

Tuesday, April 27, 2010

ငါ့ရင်ခွင်ကို (ဇော်ဝင်းထွဋ်)



ဒီသီချင်းကို အစ္စဏီဆိုတော့မှ ကြားဖူးတာ.. နောက်ပြီးမှ ဇော်ဝင်းထွဋ် versionကို ပြန်နားထောင်ဖြစ်တယ်.. အသက်(၂၀)ပြည့်ပြီးနောက်ပိုင်း ဆောင်းဦးလှိုင်ရဲ့ စာသားတွေ ပထမဆုံး ပြန်မှန်တဲ့အကြိမ်ပေါ့ ...

Sunday, April 25, 2010

ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ

သူဝင်သွားတဲ့အချိန်မှာ အခြေအနေက သိပ်မဟန်တော့ဘူး.. ကော်ဖီခွက်ထဲမှာ နို့ဆီလျော့နေပြီ။
ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီးတော့ အကြွေတွေကို ရေကြည့်နေတယ်.. အဝေးပြေးကားဂိတ်က မွေးနေ့ကိတ်ဟာ လက်သည်ပေါ်ပေါ် အလှီးခံနေရတယ်။
ဘာမှမတတ်နိုင်တော့ဘူး။ ပိုက်ဆံစုထားတာပြည့်ရင် သေကြောင်းကြံနည်း (၁၀၀)စာအုပ်ကို သူဝယ်ဖတ်ဖို့ စဉ်းစားထားတယ်.
သေကြောင်းကြံရန်အသင့်ဖြစ်ဖို့အတွက် ဟိုနေ့က ကျန်းမာရေးဒေါင်ဒေါင်မြည်ကြောင်း သူ့အစ်ကို ဆရာဝန်တစ်ယောက်ဆီမှာ သွားစစ်တယ်။ အားလုံး အိုကေပဲ။
ဆေးတွေကို လှုပ်မသောက်မိဖို့ ပြောတဲ့ဆရာဝန်ထဲမှာတော့ အဲဒီအစ်ကိုဟာ ပထမဆုံးဖြစ်မယ်။ ဟိုတစ်နေ့ကပဲ သူနဲ့ သူ့ကောင်မလေး စေ့စပ်လောင်ကျွမ်းခြင်း ပြီးစီးသွားတယ်။ (တကိုယ်လုံး ရစရာကိုမရှိခဲ့၊ ပေးစရာလည်း မရှိခဲ့)
“တကယ်တော့ နှစ်ယောက်လို့ပြောလို့ မရဘူး.. အမှန်က နှစ်စဗျ.. နှစ်စ.. မင်း တစ်စဟာ ဟိုတစ်စနဲ့ သွားသွားညိနေတာ..” သူ့ဦးလေးကဗျာဆရာပြောတဲ့ စကား နားထဲဝင်၊ လျှံ တက်သွားတယ်။
နှစ်ယောက်ရှိတာ သေချာပလားဆိုတဲ့ စကားကို သူ ရွံရှာမုန်းတီးခဲ့တယ်။ ဒီလိုနဲ့ ရှူနေကျ ရှူဆေးဘူးကို သူလိုက်ရှာကြည့်တယ်။ မီးခိုးရောင် မီးခိုးတွေဟာ ကောင်းကင်ပေါ်လိမ့်လိမ့်/လိမ်လိမ် တက်လာတယ်။
ဘယ်ဆီ ဘယ်ဝယ်မှန်း သူမသိချင်ဘူး။ ဓါတ်မီးတစ်လက်နဲ့ ဟိုရှာ ဒီရှာလုပ်ကြည့်တယ်.. သူ့ကိုယ်သူလည်း တွေ့လိုတွေ့ညား..။ အိပ်နောက်ဖေးက ဂိုဒေါင်မှာ လူတစ်ယောက်ကို လှမ်းတွေ့တယ်။ အချိန်အတော်ကြာ သူနဲ့ စကားတွေပြောဖြစ်ကြတယ်
ဟိုလူက အဆိပ်သုံးတဲ့အခါ ကိုယ်နဲ့တည့်တဲ့ အဆိပ်ကို ရွေးသုံးသင့်ကြောင်း.. ဒါမှသာ သေခြင်းဟာ ကြာရှည်ခံမှာဖြစ်ကြောင်း.. အလာ့ဂျစ်ဖြစ်မဖြစ်လည်း အရင် နည်းနည်းစီ စမ်းသုံးကြည့်သင့်ကြောင်း။
သူက သူသေကြောင်းကြံစည်ဖို့လျှောက်လွှာတင်ထားတာ အခုထိမကျသေးကြောင်း.. အင်တာဗျူးတစ်ခု၊ နှစ်ခု ဖြေပြီးသော်လည်း သေချာပေါက်သေဖို့မှာ မသေချာသေးကြောင်း.. ခန့်မှန်းရန်ခက်ကြောင်း..
နှစ်ပတ်၊ သုံးပတ်လောက် ထပ်စောင့်ရမှာဖြစ်ကြောင်း.. စသဖြင့်ပေါ့.. သူ့ကိစ္စကို ဟိုရောက် ဒီရောက် လျှောက်ပြောနေမိတယ်..
သူ့မှာ (ကျန်းမာရေးစစ်ဆေး/ဆေးစစ်ချက်အရရော၊ စိတ်ဓါတ်၊ ကံဇာတာ၊ ပညာအရည်အချင်းအရပါ) သေဖို့အရည်အချင်းပြည့်မှီနေတာပဲ..
ဘာ့ကြောင့်များပါလိမ့်.. သူစဉ်းစားမရဖြစ်နေတယ်။ ဟိုလူကတော့ ဆိတ်ဆိတ်နေပြီး တစ်နာရီလောက်ကြာမှ တစ်ခွန်းဟ၊ နှစ်ခွန်းဟ ပြန်ပြန်ပြောတယ်။ နောက်တော့ သူလည်း ပိုပြောလာတယ်။
သေဖို့ ကိစ္စမှာ သိပ်လောရင် မကောင်းကြောင်း.. အခုခေတ် သေဆုံးခွင့်နည်းလမ်းတွေဟာ အနည်းဆုံး (၂)နှစ် (၃)နှစ်လောက် သေဖူးတဲ့အတွေ့အကြုံရှိမှသာ တိုးပေါက်ကြောင်း။
သေချင်သူတွေများနေကြောင်း။
သူဟာ အခုမှ အစိမ်းသက်သက် သေရမှာဖြစ်တဲ့အတွက် အခွင့်အလမ်း မဆိုသလောက် နည်းပါးကြောင်း၊ ဖြစ်နိုင်ရင် လျှောက်လွှာတင်ထားချိန်တွေမှာ အချိန်ပိုင်း သေဆုံးခွင့် နည်းဗျူဟာ၊ သီအိုရီများကို လေ့လာနေသင့်ကြောင်း။
ဒါမှမဟုတ် အသက်ပေးလမ်းကြောင်းပညာဘွဲ့ကို နောက်ထပ် (၃)နှစ်လောက် ထပ်တက်လိုက်ရင်တော့ သေခွင့်ရဖို့ တပမ်းသာ၊ ပိုသေချာကြောင်း။
“နာရေးလျှောက်လွှာခေါ်ယူမှု မှန်သမျှ ကျွန်တော်လျှောက်ထားတာပဲ ခင်မျာ” ဒီလောက်ကြီးတော့လည်း မရှားပါးသင့်ဘူး ထင်တယ်။ သေဆုံးပြီးသူတချို့ဆီက ထောက်ခံချက်လည်း ပါတာပဲ.. တစ်ခုခုများ လွဲနေလို့လား..
လျှောက်လွှာတင်တုန်းက ဓါတ်ပုံတွေ ဘာတွေက ဟောင်းနေလို့များလား.. ဖောင်မှာ ဖြည့်တဲ့လက်ရေးက မလှလို့လား.. မှင်က သူတို့ လိုချင်တဲ့ကာလာ မဖြစ်လို့လား.. ထင်ရှားသည့် အမှတ်အသားကို မကြိုက်လို့လား..
ဒါမှမဟုတ်.. သူအိပ်မောကျနေတဲ့အချိန် တယ်လီဖုန်းတွေ ဘာတွေများ ဆက်လို့ မသိလိုက်ရတာများလား။ ဒါမှမဟုတ်.. အသက်ကြီးနေလို့ မသေသင့်တာများလား..
ဒါတော့ မဖြစ်နိုင်ကောင်းရဲ့.. သူ့သူငယ်ချင်းတွေ တော်တော်များများတောင် စသေရမယ့်ရက်ကို ရက်ချိန်းယူပြီးသွားကြပြီ.. တချို့ကလည်း မသေချင် သေချင်နဲ့သေရ။ တချို့ကျတော့ သေချင်လို့ တစ်ပိုင်းသေနေတာတောင် မသေရ။
သေခွင်တွေ ဘာတွေ သေချာတွက်ကြည့်ပြီး ယတြာလေးဘာလေးရော..
တော်.. တော်ပါဗျာ.. ရယ်စရာတွေ မပြောပါနဲ့..
နေပါအုံးကွာ.. မင်းက ဘာရည်ရွယ်ချက်နဲ့ သေချင်ရတာတုန်း.. သူများတွေ သေနေလို့ popping လိုက် သေချင်နေတာလား..
ဟာ.. ခင်များမို့ ပြောရက်တယ်ဗျာ.. ကျုပ်က သေခြင်းကို နက်နက်နဲနဲ လေ့လာလိုက်စားနေတဲ့ သူဗျ..
အေးလေ.. အဲဒါကြောင့်လည်း မင်းခံနေရတာပေါ့..
အွင်.. ဝါသနာ၊ စိတ်ပါရာဖြစ်လို့ သေခွင့် လျှောက်ပါတယ်.. ခင်များပြောမှပဲ ရှင်ချင်စော်ကို နံသွားတာပဲ..
အဲဒီအချိန်မှာပဲ ရုတ်တရက် ရဲတွေဝင်လာပြီး ပြောလိုက်တာကတော့..
“ဟေ့.. မင်းတို့ နှစ်ကောင်ကို အသက်ရှူသံအတုပြုလုပ်မှုနဲ့ ဖမ်းလိုက်ပြီ.. ဝရမ်းအမိန့်အရ.. လူ့ပြည်မှာ လူဒဏ် တစ်သက်တစ်ကျွန်းခံဖို့သာ ပြင်ထားပေတော့”

“ဟိုက်.. .. ... ရှင်သာ ရှင်လိုက်ချင်တော့တယ် ကိုယ့်လူရေ”

ခန့်နေ

update။ ။ခေါင်းစဉ်ကို ပြန်လည်ပြုပြင်။

Friday, April 23, 2010

တာရာမင်းဝေကဗျာများ (မိုးခေါင်လို့ တီးတဲ့ဗုံသံ ကဗျာစာအုပ်မှ)

အခုတလော ဖတ်ဖြစ်နေမိတဲ့ ဆရာတာရာရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံတွေထဲက ကျွန်တော်နဲ့ လိုက်တဲ့ကဗျာတွေပေါ့..

ဗျတ်စောင်း ဘာသာဗေဒ

လခြမ်းအဝါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့ တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကို ကယ်ပါ
မင်းရဲ့ အဖြူတစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။


လယ်သူမ

ကျွန်တော့် တောင်ကုန်းကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။



အနုပညာ မှော်ဝင်စားမှု

ကြေးနီရောင်သင်းတဲ့
မြားကျိုးတစ်စင်း ထိမှန်ထားတယ်။

လက်ဖဝါးခြေဖဝါးမှာ
အမေဝတ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ
ပန်းရောင်ပျပျကလေးသာ ရှင်းပလာ...။

တကယ်တော့
မြို့ပျက်တစ်ခုပါပဲ
ဒါပေမယ့်.. ဗျတ်စောင်းတစ်လက်ရှိနေလို့
ကိုယ်.. ချိုနေမိတယ်။



နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ဝတ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့.. လှလို့။

ငါ.. တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။


ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။

တာရာမင်းဝေ

Thursday, April 22, 2010

အဲလိယစ်တ်ပြောတဲ့ Sensibility (ဇေယျာလင်း)

ဆရာဇေယျာလင်းရဲ့ ကဗျာဘဝရှာတော်ပုံ ဆောင်းပါးချုပ်စာအုပ်ထဲက ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို အရင်က တင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဆောင်းပါးတွေကို ကျွန်တော်လက်လှမ်းမှီသလောက်တင်ပြရတာဟာ ဒီနေ့ ခေတ်ပြိုင်ကဗျာတွေကို ထဲထဲဝင်ဝင်မရှိသူတွေအတွက် မိတ်ဆက်သဘောနဲ့ ရှိပြီးသားသူတွေအတွက်တော့ အထောက်အကူ (ပြန်နွေး)ဖြစ်လိုဖြစ်ညား သဘောသက်သက်သာဖြစ်ပါတယ်။ ကဗျာအမြင်မတူသူတွေအတွက်တော့ ရှုထောင့်သစ်တွေကို အကဲခတ်ရန်ပေါ့။ သူ့ကဗျာတွေဟာ ရှုပ်ထွေးအောင် တမင်ပြုလုပ်ထားတယ်လို့ ထင်ရသလောက် ဆောင်းပါးတွေမှာတော့ ရှင်းခနဲ၊ လင်းခနဲတွေ ဖြစ်နေတာမျိုး ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါတယ်။ အခု ဆောင်းပါးကတော့ အဲဒီစာအုပ်ထဲကပဲ စာမျက်နှာ ၁၆၄မှာပါတဲ့ "အဲလိယစ်တ်ပြောတဲ့ Sensibility" ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ (အဲလိယစ်တ် = T.S.Eliot)
အချိန်ရရင် ရသလို ကျန်တဲ့ ဆောင်းပါးများကိုလည်း တင်ပေးချင်ပါတယ်။..
...........................................................

အဲလိယစ်တ်ပြောတဲ့ Sensibility

ကျွန်တော်တို့ မြန်မာကဗျာလောကမှာ sensibilityကို “အာရုံခံစားမှု”လို့ ပြောကြတာရှိပါတယ်။ ခေတ်ပေါ်ကဗျာဆိုတော့ ခေတ်ပေါ်အာရုံခံစားမှုပေါ့။ modern sensibility လို့ သုံးကြတာလည်း တွေ့ရပါတယ်။ ခက်တာက ဒီ “ခေတ်ပေါ်အာရုံခံစားမှု”မှာ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိတာပဲ။ ခေတ်မှာပေါ်လာတဲ့ အာရုံခံစားမှုလို့လည်း အလွယ်တကူပြောမရ၊ ဘာကို အာရုံခံစားတာလဲ ဆိုတာလည်း ပြောရခက်။ ပြည်သူ့ဘဝသရုပ်ဖော်လိုလို၊ ပြည်သူ့ကိုယ်စားကဗျာရေးသူရဲ့ ခံစားချက်လိုလို၊ ကဗျာရေးသူရဲ့ တသီးပုဂ္ဂလခံစားချက်လိုလို၊ “ခေတ်ကိုထင်ဟပ်တဲ့” အာရုံခံစားမှုလိုလို၊ အားလုံးလည်း ပါဝင်ကောင်း ပါဝင်ကြပါလိမ့်မယ်။အသေအချာပြေကြတာကတော့ ခေတ်ပေါ်ကဗျာကို ခေတ်ပေါ်အာရုံခံစားမှုနဲ့ ရေးရတယ်ဆိုတာပါပဲ။ အဲဒီခေတ်ပေါ်အာရုံခံစားမှုဆိုတာ နေ့စဉ်ဘဝရဲ့ အဖြစ်သနစ်တွေ၊ ရိုက်ခတ်မှုတွေ၊ တွေ့ကြုံရင်ဆိုင်ရမှုတွေပေါ် တုန့်ပြန်မှုတွေချည်းသက်သက်လား။ ဘာသာစကားပေါ်မှာ၊ မီဒီယာတွေပေါ်မှာ၊ လူထုဆက်သွယ်ရေးစနစ်တွေပေါ်မှာကော အာရုံခံစားမှုမရှိနိုင်ဘူးလား။ မရှိဘူးလား။ အာရုံခံစားမှုပေါ်မှာ ပြန်အာရုံခံစားမှုမျိုးကော မရှိနိုင်ဘူးလား။ အာရုံခံစားမှုထဲမှာ အတွေးကော မပါဘူးလား။ အာရုံခံစားမှုနဲ့ အာရုံသိမှုဟာ အတူတူပဲလား။ ကွဲပြားမှုရှိသလား။ “အာရုံ”ဆိုတဲ့ စကားကို ဘုံထုတ်လိုက်ပြီး “ခံစားမှု”နဲ့ “သိမှု”ကို ဘယ်လိုခွဲခြားမလဲ၊ ဘယ်လို ဆက်စပ်မလဲ။

ဒါတွေဟာ ဘာသာစကားကို စိတ်ဝင်စားတဲ့ ကျွန်တော့်ဝသီကြောင့် ကျွန်တော်လျှောက်တွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေ မတွေးဘဲ၊ မစဉ်းစားဘဲ၊ သိစရာမလိုဘဲ ကဗျာတွေ ရေးနေလို့လည်း ရတာပဲမဟုတ်လား။ အဲဒါတွေ မပါဘဲ ဆုရကဗျာတွေတောင် ရေးလို့ရတာပဲ မဟုတ်လား။ “ကဗျာဆိုတာ ခံစားမှုကလာတာ၊ သိမှုတတ်မှုတွေဟာ ကဗျာကို ဖျက်စီးတယ်”ဆိုတဲ့ ရောမန္တိက အယူအဆကလည်း အခြေခိုင်နေသေးတယ် မဟုတ်လား။ ဒါတွေဟာလည်း အယူအဆကိစ္စတွေပါ။ အတ္တနောမတိတွေနဲ့လည်း ယှက်နွယ်လာတော့ ကိုယ်မှန်တယ်ထင်တာ ကိုယ့်အမှန်တရားပေါ့။ ဒါပေမယ့် ကဗျာဗေဒဆိုတာ ရှိသေးတယ်လေ။ ကဗျာဆိုတာ အနုပညာဖြစ်တယ်ဆိုရင် “အနုပညာ”မှာ “ပညာ”ဆိုတဲ့ စကားလုံးနဲ့ အဲဒီစကားရဲ့ အနက်အဓိပ္ပာယ်ရှိသေးတယ်ဆိုတာ မမေ့အပ်ဘူးလို့ ထင်ပါတယ်။ ပညာဆိုတာကလည်း လေ့လာလိုက်စားသူအတွက် ကြိုက်နှစ်သက်စရာ တန်ဖိုးရှိတဲ့ ကြိုက်နှစ်သက်စရာလည်း ဖြစ်ပါတယ်။ ကဗျာဗေဒလည်း ထိုနည်းတူပေါ့။

အဲဒီတော့.. တီ၊ အက်စ်၊ အဲလိယစ်တ်ရဲ့ sensibility။ ဒီ sensibility ကိစ္စကို အဲလိယစ်တ်က The Metaphysical Poets ခေါင်းစဉ်တပ် essays ထဲမှာ ရေးသားဖော်ပြခဲ့တာရှိပါတယ်။ ၁၉၂၀လောက်ကပါ။ ဗြိတိသျှနိုင်ငံ၊ ပထမအလစ်ဇ်ဘက်သ်ဘုရင်မခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကဗျာဆရာတွေရဲ့ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ဦးဆောင်သူတွေထဲမှာ ထင်ရှားကျော်ကြားခဲ့တာကတော့ John Donne ဖြစ်ပါတယ်။ ဒီကဗျာဆရာတွေနဲ့ ဆက်နွယ်ပြီး အဲလိယစ်တ်ထွင်လိုက်တဲ့ စကားနှစ်ခွန်းကတော့ “Unification of sensibility” (အာရုံခံစားမှု ဆက်စပ်စည်းလုံးခြင်း)နဲ့ “Dissociation of sensibility” (အာရုံခံစားမှု အဆက်အစပ်ပြတ်တောက်ခြင်း)လို့ ကျွန်တော် ဘာသာပြန်ကြည့်လိုက်ပါတယ်။

အဲလိယစ်တ်ရဲ့ sensibility ဟာ ကျွန်တော့်တို့ သာမန်သုံးစွဲနေကြတဲ့ “အာရုံခံစားမှု/ အာရုံခံစားနိုင်စွမ်း” ဆိုတဲ့ အဓိပ္ပာယ်ထက် ကျယ်ဝန်းနက်ရှိုင်းတာကို တွေ့ရပါတယ်။ အဲလိယစ်တ်ပြောခဲ့တဲ့ sensibility ဆိုတာ သူကိုယ်တိုင်ရှင်းပြတဲ့ “synthetic faculty” ဖြစ်ပါတယ်။ “ပေါင်းစပ်နိုင်တဲ့ စွမ်းရည်”လို့ အဓိပ္ပာယ်ယူလို့ ရပါတယ်။ အဲဒီတော့ အဲလိယစ်တ်ရဲ့ sensibility ဟာ အာရုံခံစားမှုဆိုတာထက် “အာရုံများပေါင်းစပ်နိုင်တဲ့ စွမ်းရည်”၊ သို့မဟုတ် “အာရုံခံစားမှုများ ပေါင်းစပ်နိုင်တဲ့ စွမ်းရည်” ဖြစ်ပါတယ်။ ကဗျာရေးသူတွေမှာ ရှိ(သင့်)တဲ့ စွမ်းရည်လို့ အဲလိယစ်တ်က ဆိုပါတယ်။ အဲလိယစ်တ်ရဲ့ အလိုအရ ဒီMP ကဗျာဆရာတွေဟာ ပညာရပ်တွေကို အထူးလိုက်စားကြတယ်။ ဗဟုသုတအမျိုးမျိုးကို ရှာမှီးကြတယ်။ စာတွေအများကြီး ဖတ်ကြတယ်။ ဖတ်ပြီး ကြေကြေညက်ညက် စဉ်းစားကြတယ်။ ဒီလိုပညာတွေ၊ ဗဟုသုတတွေ ရှာမှီးစုဆောင်းခြင်းအားဖြင့် သူတို့ရဲ့ (အာရုံ)ခံစားပုံဟာ တစ်နည်းတစ်ဖုံပြောင်းလဲသွားကြတယ်။ သူတို့ဟာ အတွေးနဲ့ ခံစားမှုကို ပေါင်းစပ်လိုက်ကြတယ်။ နှင်းဆီတစ်ပွင့်ရဲ့ ရနံ့ကို တိုက်ရိုက်ခံစားသလို အတွေးတစ်ခုကိုလည်း တိုက်ရိုက်အာရုံခံစားဖို့ ကြိုးစားတယ်။ အတွေးနဲ့ (အာရုံ) ခံစားမှုကို မခွဲခြားတော့ဘူး။ အတွေးကို အာရုံခံစားပြီး အာရုံခံစားမှုကို တွေးကြတယ်။ တွေးခြင်းဟာ အာရုံခံစားခြင်းဖြစ်တဲ့အထိ။ အတွေးနဲ့ အာရုံခံစားခြင်ဟာ တစ်သားတည်းဖြစ်တဲ့အထိ။

နောက်တစ်ခုက ကွဲပြားခြားနားပြီး အဆက်အစပ်မရှိတဲ့၊ သာမာန်အားဖြင့် ဆက်စပ်လို့မရတဲ့၊ ဆန့်ကျင်ဘက်တွေတောင်ဖြစ်နေကြတဲ့ တွေ့ကြုံခံစားမှုတွေ၊ အတွေးတွေကို ပေါင်းစပ်ယူလိုက်ကြတာ ဖြစ်တယ်။ သိမှု၊ စဉ်းစားမှု၊ ယုတ္တိနဲ့ ယှဉ်ကြည့်ရင် ကွဲပြားခြားနားကြပေမယ့် အာရုံခံစားမှုမှာ သွားတူတာတွေကို ပေါင်းစပ်လိုက်တာဖြစ်တယ်။ ဂျွန်ဒေါန်ရဲ့ အချစ်ကဗျာတစ်ပုဒ်မှာဆိုရင် သန်းတစ်ကောင်ကို ပင်မဇာတ်လိုက် လုပ်ထားတာတွေ့ရပါတယ်။ အချစ်ကဗျာဆိုမှတော့ အချစ်ခံစားမှုအကြောင်း ရေးဖွဲရမှာပေါ့။ ဘာဖြစ်လို့ ဒီရွံ့မုန်းစရာကောင်းတဲ့ သန်းက ဇာတ်လိုက်ဖြစ်နေရတာလဲ။ ကဗျာထဲမှာ အမျိုးသားဇာတ်ဆောင်ဟာ သူချစ်ရတဲ့ အမျိုးသမီးဇာတ်ဆောင်ကို ပြောနေတာဖြစ်ပါတယ်။ မင်းနဲ့ငါ ချစ်ကြလျက်သားနဲ့ မပေါင်းစပ်နိုင်ကြ၊ မစပ်ယှက်နိုင်ကြတာဟာ သန်းတစ်ကောင်ရဲ့ ဘဝလောက်တောင် မကောင်းရှာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသန်းဟာ မင်းကိုကိုက်ပြီး မင်းရဲ့သွေးကို စုပ်ယူတယ်။ ပြီး ငါ့ကို ကိုက်ပြီး ငါ့ရဲ့သွေးကို စုပ်ယူတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ မင်းရဲ့သွေးနဲ့ ငါ့ရဲ့သွေးတွေရောနှောခွင့်ရကြတယ်။ မင်းနဲ့ ငါကျတော့.. ။ နောက်တစ်ပုဒ်မှာ သူနဲ့ သူ့ချစ်သူကို ကွန်ပါချွန်ရဲ့ ထောက်နှစ်ဖက်နဲ့ နှိုင်းထားတာ တွေ့ရပါတယ်။ အဲသလို မဆက်စပ်အပ်ရာတွေကို ဆက်စပ်ပြီး ရေးသားကြတဲ့အတွက် အဲဒီ MP ကဗျာတွေကို မဆီမဆိုင်တာတွေကို အတင်းအဓမ္မဆက်စပ်ရေးသားကြတဲ့ ကဗျာတွေကို ဝေဖန်ပုတ်ခတ်ခဲ့ကြပါတယ်။ အဲလိယစ်တ်ကတော့ အဲဒါကိုပဲ အထူးနှစ်သက်ခဲ့ပါတယ်။ အဲဒီကဗျာတွေမှာ Unification of sensibility ကို တွေ့ရှိရပြီး နောက်ပိုင်းကဗျာတွေမှာ အဲဒီ sensibility မျိုး ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ အဲလိယစ်တ်ရဲ့ modern sensibility ဆိုတာ အဲဒီ sensibility ကို ၂၀ရာစုဦးပိုင်း modern သမိုင်းကာလမှာ ပြန်ပျိုးထောင်လေ့ကျင့် သင်ယူသုံးစွဲနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။

ဘာဖြစ်လို့ modern sensibility လဲ။ ၂၀ရာစုဦးပိုင်း လူ့သမိုင်းမှာမကြုံစဖူး အဖြစ်ထူးတွေပေါ်ပေါက်လာခဲ့ပါတယ်။ စက်မှုထွန်းကားပြီး တီထွင်မှုတွေများပြားလာတဲ့အလျောက် လူနေမှုဘဝပုံစံတွေ ပြောင်းလဲသွားကြပါတယ်။ အာရုံတွေများလာတယ်။ မြန်လာတယ်။ ပြိုကွဲလာတယ်။ ယဉ်ကျေးမှုမြင်မားလှချည်ရဲ့ဆိုတဲ့ အနောက်တိုင်းသားတွေဟာ ဥရောပမှာ ကမ္ဘာ့စစ်ကြီး ဖန်တီးပြီး လူသတ်ပွဲကြီး ကျင်းကကြပါတယ်။ ဘယ်မှာလဲ၊ ဆင်ခြင်ယုတ္တိမြင့်မားမှု။ ဘယ်မှာလဲ၊ အသိတရားနဲ့ မေတ္တာရှေ့ထားမှု။ ဘယ်မှာလဲ၊ သိပ္ပံနဲ့ နည်းပညာက တကြော်ကြော်အော်လာခဲ့တဲ့ လူနေမှုဘဝမြှင့်တင်မှု။ ဘယ်မှာလဲ သမိုင်းရဲ့စဉ်ဆက်မပြတ်တိုးတက်မှု။ ဘယ်မှာလဲ၊ အမှန်တရား။ ဘာလဲ၊ အနုပညာ။ အကုန်လုံးပြိုကွဲသွားခဲ့ပြီ။ အဲဒီလို အပိုင်းပိုင်းအစစ၊ သမိုင်းခေတ်ရဲ့ ရလဒ်၊ modern သမိုင်းခေတ်ရဲ့ စရိုက်လက္ခဏာ၊ modern သမိုင်းခေတ်ရဲ့ ရလဒ်၊ modern သမိုင်းခေတ်ရဲ့ အာရုံခံစားမှု။ အဲဒီလို အပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမွှာမွှာပြိုကွဲသွားခဲ့ပြီဖြစ်တဲ့အတွက် အဲဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာ fragments တွေနဲ့ပဲ ဖန်တီး၊ ဖွဲ့စည်း၊ တည်ဆောက်ယူရတော့မှာပဲ ဖြစ်တော့တယ်။
အဲလိယစ်တ်ရဲ့ The Wasteland ကဗျာမှာပါတဲ့တစ်ကြောင်းက ‘These fragments I have shored against my ruin’ ‘ငါ့ ပျက်ဆီးခြင်းကို ဟောဒီအပိုင်းပိုင်း အစစ၊ အစိပ်စိပ်အမြွှာမြွှာတွေနဲ့ပဲ ငါ ကျားကန်ခဲ့ရပြီ’ ။
အဲလိယစ်တ်ရဲ့ modern ခေတ်မှာ ဘယ်ဟာကိုမှ သူ့ချည့်သက်သက် တစ်လုံးတစ်ဝန်းတည်း အာရုံခံစားလို့ မရတော့ဘူး။ အာရုံ ခံစားမှုကိုယ်တိုင်ဟာ ပြိုကွဲခဲ့ပြီ။ ဘယ်အရာကိုမဆို အပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာသာ အာရုံခံစားလို့ ရတော့တယ်။ အဲဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာအာရုံတွေဟာလည်း အဆက်အစပ်မရှိ၊ ဆက်စပ်လို့မရ၊ ဖရိုဖရဲ။ modern သမိုင်းခေတ်ကာလမှာ ကဗျာရေးသူရဲ့ sensibility ဟာ အဲသလိုဖြစ်သွားတော့တယ်။ အဲသလိုပဲ အာရုံခံစားရတော့တယ်။ အဲဒီ အဆက်အစပ်မရှိတဲ့ အပိုင်းပိုင်းအစစ၊ အစိပ်စိပ် အမြွှာမြွှာအာရုံတွေနဲ့ပဲ ကဗျာရေးကြရတော့တာပဲပေါ့။ အဲဒါကြောင့် အဲလိယစ်တ် နှစ်သက်ခဲ့တဲ့ Metaphysical Poetry ။ အဲဒါဟာ အဲလိယစ်တ်ရဲ့ modern sensibility ။ အဲဒါဟာ အဲလိယစ်တ်ရဲ့ modern poetry ။ အဲဒီနည်းနဲ့ပဲ အက်ဇရာပေါင်းန်ဒ် ဆော်သြလိုက်တဲ့ ‘Make it new’ (အသစ်ဖြစ်အောင် ပြုလုပ်ကြ)။ အဲဒါကြောင့် အပေါ်ယံကြည့်ရင် အဆက်အစပ်မရှိတဲ့ နိမိတ်ပုံတွေ၊ အဲဒါကြောင့် “မျဉ်းသဘော မဆောင်၊ အကွက်သဘောဆောင်”တွေ။ အဲဒါကြောင့် “ဝေ့ကာ၊ ဝိုက်ကာ”တွေ။ အဲဒါကြောင့် . . . ။

ဒီအပိုင်းပိုင်းအစစ၊ အစိပ်စိပ်အမြွှာမြွှာအာရုံတွေနဲ့ပဲ နိမိတ်ပုံတွေဖွဲ့စည်းရေးသားနိုင်တာ modern sensibility ရှိလို့ ဖြစ်တယ်။ အဲလိယစ်တ်ရဲ့ အလိုအရ ကဗျာရေးနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေတဲ့ ကဗျာဆရာရဲ့ စိတ်ထဲမှာ အဲဒီလို ဆက်စပ်မှုမရှိတဲ့ အပိုင်းအစ၊ အစိပ်အမြွှာတွေဟာ အပေါင်းအစည်းသစ်တစ်ခုအဖြစ် လာရောက်စုစည်းတာဖြစ်တယ်။ တစ်နည်းပြောရရင် ဒီအပိုင်းအစတွေနဲ့ အပေါင်းအစည်းသစ်တစ်ခုကို ပြုလုပ်ယူတာဖြစ်တယ်။ သာမာန်လူဟာ ချစ်စိတ်ဝင်နေမယ်၊ စပီနိုဇာရဲ့ ဒဿနကျမ်းကို ဖတ်နေမယ်၊ လက်နှိပ်စက် ရိုက်သံကြားနေမယ်၊ မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ ဟင်းရနံ့တွေ ရနေမယ်။ ဒါပေမယ့် ဒါတွေဟာ ဆက်စပ်မှုမရှိတဲ့ သီးခြားကိစ္စတွေ ဖြစ်နေတယ်။ ကဗျာဆရာမှာတော့ ဒီအာရုံတွေရောက်လာပြီး ဒီအာရုံတွေကိုပဲ ဆက်စပ်ဖွဲ့စည်းပြီး ကဗျာဖြစ်စေတာ၊ ကဗျာပြုလုပ်တာ ဖြစ်တယ်။ အဲသလို ဖရိုဖရဲအာရုံတွေကို စုစည်းဆက်စပ်နိုင်တာဟာလည်း modern sensibility ရှိလို့ ဖြစ်တယ်။ ဒီလို modern sensibility နဲ့ ရေးမှ modern poetry ဖြစ်တယ်။ modernism (အထူးသဖြင့် အနောက်တိုင်း modernism) ရဲ့ အမြင်၊ အယူအဆ၊ ဝါဒ၊ အာရုံခံစားမှု၊ အာရုံခံစားမှုပေါင်းစပ်ယူမှုတို့နဲ့ ရေးသားဖွဲ့စပ်ထားတဲ့အတွက် ဒီကဗျာတွေကို modernist poetry လို့ သုံးနှုန်းတာလည်း ရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ modern ဆိုတာ “ခေတ်ပေါ်”လို့လည်း အဓိပ္ပာယ်ထွက်တဲ့အတွက် ခေတ်ပေါ် modern ကဗျာနဲ့ modernistရဲ့ modern sensibility နဲ့ ရေးသားတဲ့ modernist ကဗျာ ကွဲပြားစေလိုတဲ့သဘောလို့လည်း ယူလို့ရပါတယ်။ ဥပမာ၊ ဒီနေ့ အိန္ဒိယမှာ ရေးနေတဲ့ ကဗျာကို Modern India Poetry လို့ ခေါ်ကြပေမယ့် modernist ဟုတ်ချင်မှ ဟုတ်မှာဆိုတဲ့ သဘောပါပဲ။ အဲဒါကြောင့်လည်း modern၊ modernist စတဲ့ label မတတ်တော့ဘဲ Contemporary ခေတ်ပြိုင်လို့ပဲ သုံးလာကြတာလည်း တွေ့ရပါတယ်။

အဲဒီတော့ အဲလိစ်တ်ရဲ့ ‘modern sensibility’ နဲ့ မြန်မာကဗျာလောကမှာ သုံးနေတဲ့ “ခေတ်ပေါ်အာရုံခံစားမှု”တို့ တူ၊ မတူ စဉ်းစားလို့က စဉ်းစားနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ၁၉၆၈ လောက်က စခဲ့တဲ့ “မော်ဒန် ပေါ်ယဲ့ထရီ” ကိစ္စ၊ မြန်မာမော်ဒန်ကဗျာခေတ်ဦးကာလတုန်းက (“ခေတ်ပေါ်”လို့ မသုံးဘဲ “မော်ဒန်”လို့ သုံးခဲ့တဲ့) ကဗျာကိစ္စ၊ တိုက်ခိုက်ရေးသားခဲ့တာတွေရဲ့ ကိစ္စ၊ “မော်ဒန်”ကဗျာကနေ “ခေတ်ပေါ်”ကဗျာ ပြောင်းသွားတဲ့ကိစ္စ၊ အဲဒါတွေကိုပါ မြန်မာ ခေတ်ပေါ်ကဗျာသမိုင်းဖြစ်စဉ်အမြင်နဲ့ ရှုထောင့်တစ်ခုကနေ စဉ်းစားကြည့်ကြရအောင်ပါ။ စဉ်းစားခြင်းအလေ့အထရှိသူတွေတော့ စဉ်းစားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ အားနာစရာတစ်ခုတော့ ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ ဒီနေ့လို ၂၁ရာစုဦးပိုင်းကာလမှာ ၂၀ရာစုအစောပိုင်းကာလတုန်းက ကဗျာအကြောင်းကိစ္စကို ပြောနေရသေးလို့ပါပဲ


ဇေယျာလင်း
၂၁၊ စက်တင်ဘာလ၊ ၂၀၀၇
(ကဗျာ ဘဝ ရှာတော်ပုံမှ)

Wednesday, April 21, 2010

ဟုတ်စေ/ဟုတ်ကဲ့

ယို့.. ယို့..
ဟုတ်ချင် ဟုတ်မယ်
မဟုတ်ချင် မဟုတ်ဘူး
အောင်စေ ပိုင်စေ နိုင်စေ ပွဲပေါင်း
ဟုတ်ဒါန်း ငယ်ဆောင်
ဟုတ်ဒါန်း ငယ်ဆောင်
မဟုတ်က ဟုတ်ကတွေဗျာ
ဟုတ်ရမယ်လို့ နင့်ကို ပြောနေလို့လား..
အဲဒါ ဟုတ်ကို မဟုတ်တာ
မင်းလည်း မင်းဘာသာဟုတ်
ဟုတ်ရဲ့လား၊ ဟုတ်ပြီလား..
တကယ် အဟုတ်ကြီး
တယ်ဟုတ်ပါလား..
“ဟာ”တွေ ဖြုတ်လိုက်ရင်တော့
အဟုတ်ဗျာ
သူ့ဟာနဲ့ သူတော့လည်း
ဟုတ်နေတာပဲလေ
ဒါ “ဟုတ်”အကြောင်းတွေ မဟုတ်လား..
ဟုတ်တိ ပတ်တိလည်း
မဟုတ်ပေါင်ဗျာ..
တကယ် ဟုတ်လို့ကတော့
ကိုကို သေပြီသာမှတ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ကျွန်တော် နောက်ဆုံးအနေနဲ့ စမ်းကြည့်ချင်တယ်
ဟုတ်မဟုတ်
သေချာလှန်လှောကြည့်ခဲ့ပါလားရှင်
မဟုတ်ဘူး..
ဘတ်သီးများ
တယ်ဟုတ်နေပါလား..
လုပ်ကြံစရာ ဟုတ်မှန်ရာများနည်းတူ
ဟုတ်ကြောင်းကုန်စင် ပြောလို့ရသမျှ
ဒါမှမဟုတ်..
ဒီနေ့ဟာ ဒီနေ့မှ
ဟုတ်-ရန်-ကော-ဗျာ-


ခန့်နေ
Free counter and web stats