Friday, May 8, 2009

အချစ်၏ အဓိပ္ပါယ်သို့ ထွက်ခွာကြည့်ခြင်း

အချစ်ဆိုတာ ရှင်းပြလို့ မရတဲ့ စိတ္တဇနာမ်တစ်ခုပေါ့။
ရှင်းပြလို့ မရခြင်းဟာ သူ့ရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တယ်။
ပေးဆပ်တာ၊ ရယူတာ၊ ရင်းနှီးမြှုပ်နှံတာ စတဲ့ အရာတွေနဲ့ မပတ်သတ်ပါဘူး။
ရှုံးတာ၊ နိုင်တာ၊ မြတ်တာ၊ တရားတာ၊ မတရားတာတွေ ပြောနေကတည်းက အချစ်ရဲ့ ခေါင်းစဉ်အောက်က သွေဖယ်သွားပြီ။
ကျွန်တော်တို့တွေ အချစ်ကို ချဉ်းကပ်တဲ့နေရာမှာ အများစုဟာ တကယ့်အချစ်အဓိပ္ပါယ် ခံစားချက်ဆီ မရောက်ဘဲနဲ့ တခြားသော (အချစ်လို့ ထင်ရောင်ထင်မှားဖြစ်စေတဲ့) ခံစားမှုတွေဆီကို လမ်းလွဲသွားတာတွေ့ရတယ်။ အဲဒါကြောင့် ချစ်တယ်ဆိုတဲ့ စကားလုံး (အညွှန်းခံ) ဟာလည်း အဓိပ္ပါယ် ပေါ့သွားရတယ်။
ဒါကို သေချာ မဆန်းစစ်ပဲ ချစ်နေကြသူတွေလည်း ရှိတာပဲ။ အပြစ်လို့ မဆိုသာပါဘူး။
စဉ်းစားချင်သူတွေ အတွက် အတွေးလေးတစ်ခုလောက်ပါပဲ။

အချစ်ဆိုတာ သူတည်း တစ်ခုထဲ ဖြစ်တည်၊ တည်ရှိနေတဲ့ ခံစားမှုနာမ်လေးပါ။
အဖြူရောင်ဆိုရင်တောင်မှ အရောင်တစ်ခုအဖြစ်ရှိနေသေးတဲ့အတွက် “စင်ကြယ်ခြင်း”လို့ပဲ သူ့ရဲ့ ဂုဏ်ကို အတတ်နိုင်ဆုံး ကြိုးစားဖော်ထုတ် ကြည့်မိတယ်။
တချို့ကတော့ ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကို ရှာတဲ့။
အဲဒါကျတော့ စီးပွားရေး၊ သင်္ချာနည်းနည်း ဆန်နေမလားလို့။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကားရဲ့ အောက်ခြေအမြစ်မှာ “ချစ်ရင် ရှုံးတယ်” ဆိုတဲ့ အယူအဆကြီး ကပ်တွယ်နေလို့ပဲ။
အားလုံး တကယ် ချစ်နိုင်ကြပါစေ။

အမည်မဖော်လိုသူ Blog စာဆို
(ဒီပလိုမာ အင် advanced အချစ်)


Friday, May 1, 2009

အောင်စာရင်းထဲ ကျွန်တော့် နာမည် မပါတဲ့နေ့က

အကြီး ရေးထားရင်
အရေးကြီးတယ် ထင်ကြမယ်.
အဓိကက
၁.၂.၃ မတိုင်ခင် နေရာယူတတ်ဖို့ပါပဲ။

စာသုံးသူများကို သုံးစား၍
ကောင်းစားသူများ စားကောင်းနေသည်။
“အိမ်ထဲ ဝင်ကြဟဲ့..
ဟိုမှာ ဗိုက်ပူနံကားတွေ လာနေပြီ” တဲ့
မေမေက ပြောတယ်။

အရှေ့ဆိုတာ
ရောက်ကောင်းတဲ့ နေရာမှန်း
ကျွန်တော် မသေချာသေးဘူး။
ဘာမှမရှိဘူးဆိုလည်း
ဘာမှမရှိဘူးတစ်ခုခုကို သွားတွေ့ခဲ့တယ်။

အင်္ကျီအသစ်နဲ့ လူဟောင်းတွေ၊
သေသူအချင်းချင်း မြေဖို့ချင်သူတွေနဲ့
အခန်းအပြင်ဖက်မှာ
ပိုမိုမွန်းကျပ်နေတယ်။

ဖြစ်ပျက်နေတာတွေက
ကျွန်တော်နဲ့ မဆိုင်ချင်တိုင်း
မဆိုင်နေလိုက်ကြပုံများ..

မိန်းကလေး..
ငါ့ကို တစ်ယောက်ထဲ ထားခဲ့တတ်တဲ့အကျင့်ကို
နင် ဖျောက်ပါ။

အခိုးမထွက်တဲ့ သံသရာမီးရဲ့
ဆိုးချက်ကြောင့်ပဲ

ပြက်လုံးတွေ၊ အနိုင်ဂိုးတွေ
လက်ခုပ်သံတွေ၊ မီးကင်ထားတဲ့ အသားတုံးတွေနဲ့
ပွဲတော်ရက်တွေဆီ...
စိတ်မရှိတော့တဲ့ အခါတိုင်း

ခွင့်လွှတ်ပါ.. သူငယ်ချင်းတို့..
ငါဟာ
တောင်ပေါ်က ပန်းကလေးရှိတဲ့ အရပ်မှာသာ
ငါပျော်တတ်လို့။


Saturday, April 25, 2009

ချစ်သူ့မျက်နှာ

မှန်ဘောင်လေးတွေကြား
နာမည်နဲ့လိုက်အောင်
မျက်ဝန်းလေးများ ရွှန်းလဲ့နေ..
ဟိုမှာဖက် ပါးချိုင့်လေးဆီမှ
ဒီမှာဖက် ပါးချိုင့်လေးဆီသို့
ကျွန်တော် ကဗျာတွေ ဆက်၍ မမှီတော့ပြီ။

Thursday, April 23, 2009

စိတ်အန်ဖတ်

ကျွန်တော် နှစ်သက်မိတဲ့ ဆရာချောရဲ့ ကဗျာလေးပါ။


စိတ်အန်ဖတ်

“ကျား” မီးခြစ်ကို
တအားကြီး ဖိခြစ်ပစ်လိုက်တယ်
လက်ဖက်ရည်ခွက်ထဲက
ကမ္ဘာကြီးကို
ငါ သိပ်စိတ်မတွေ့ဘူး။

သတိထားကြ
ထမင်းပန်းကန်ထဲက အမှန်တရား
ငါ စားပစ်လိုက်ပြီ။

တစ်ခြမ်းက မှည့်ရွှမ်းအရသာရှိပြီး
တစ်ခြမ်းက စိမ်းနေသေးတဲ့ ကမ္ဘာကြီးဟာ
ငါ ပုံကြမ်းလောင်းထားတဲ့ ပန်းပုရုပ်ကလေးပေါ့။

ဝိညာဉ်တွေကို ဖိနပ်လုပ်ပြီး စီးပစ်မယ်
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို ငါမယုံဘူး။

အငမ်းမရ သောက်ခြင်းမျိုးနဲ့
လမင်းကို ငါသောက်ပစ်လိုက်ပြီ
တေးဂီတအားလုံးကို ငါသောက်ပစ်လိုက်ပြီ
မုန်တိုင်းတွေကို ငါသောက်ပစ်လိုက်ပြီ
ကမ္ဘာကြီးကိုလည်း ငါသောက်ပစ်လိုက်ပြီ
လေထဲမှာ
ကဗျာဆန်ဆန် ဝဲနေတဲ့
ဗာဒံရွက်တွေကိုလည်း ငါ သောက်ပစ်လိုက်ပြီပေါ့။

ဟောဟိုက
ခုံဖိနပ် တခွပ်ခွပ်နဲ့ လမ်းလျှောက်လာတာ
ငါ့ အာရုံပေါ့ ။

တွေ့လား
အပင်ပေါ်မှာ ညွတ်အောင်သီးနေတဲ့
ဝင်းဖန့်ဖန့် လိမ္မော်သီးတွေကလည်း
ငါ့အာရုံပေါ့ ။


ဟိုကတ္တီပါ မြက်ခင်းလေးရယ်
ဟိုကောင်မလေး ဆိုးထားတဲ့ နှုတ်ခမ်းနီရယ်
ငါ့အာရုံတွေပေါ့ ။

ငါ ငါ့လက်ထဲမှာ
ငါ့ဘဝလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
ငါ
ဦးနှောက်က ထွက်ခဲ့ပြီ
နှလုံးသားအိမ်က ထွက်ခဲ့ပြီ
အာရုံကဖီးက ထွက်ခဲ့ပြီ
အချစ်ရေ..
နှလုံးသားကိုလေ
ထဘီအဆင်လှလှလေး ရက်ပေးမယ်
လောကဓံတရားကိုတော့
ဖန်ခွက်ထဲမှာ အရက်နဲ့ရောပြီး
“ကိုကို” မော့ထည့်လိုက်ပြီကွာ ။ ။

မောင်ချောနွယ်
(“မောင်ချောနွယ်ဆန်သွားသော နေ့များ”မှ)


Wednesday, April 22, 2009

အချစ်မှတ်စု

မျက်ဝန်းလေးတွေ မီးခတ်တဲ့အခါ
စွဲလမ်းမိတယ်ဆိုရုံလေး
ဒီရင်မှာ လောင်တယ်

ညီမလေးရေ...
တက္ကသိုလ်က သုညနဲ့
သူငယ်တန်းတုန်းက သုညဟာ
ဘာများ ကွာခြားပါသလဲကွယ်

လေယာဉ်ပျံ ဘီးကြီးတွေကို
ကိုယ်ဟာ အတိတ်တုန်းက
ရှင်ကွဲ ခွဲခဲ့ဖူးတယ် ထင်တယ်

အိပ်မက်သေးသေးလေးပေါင်းများစွာထဲ
မင်းကို ဖြည်းဖြည်းလေးပေါင်းများစွာနဲ့ ဖက်ခဲ့

တစ်နေ့
တို့တတွေ ဖိနပ်တွေပါးပါး..
ခံနိုင်ရည်တွေက ထူထူပေါ့..
ဟုတ်ပြီလား..

အနမ်းတွေ မျှခိုက်
အလွမ်းတွေပြတိုက်ထဲ
သော့ခတ်ထားချင်ပေမယ့်

အခုတော့
နေကောင်းရဲ့လား မေးဖို့တောင်မှ
ကြားလူတွေ ဝင်ပါနေရတုန်းပဲနော်..


Tuesday, April 21, 2009

သံလွင် နှင့် မြို့ထဲက

By the way, ၃လ တစ်ကြိမ် ထုတ်လွှင့်နေကျ သံလွင် အင်တာနက်မဂ္ဂဇင်း ၂၀၀၉ ဧပြီလအတွက် ထွက်ပါပြီ... ဒီတစ်ခေါက်တော့ ကျွန်တော့်ကဗျာ မသုံးဖြစ်ဘူးဗျ.. သေချာတော့ မဖတ်ရသေးပေမဲ့ အခွင့်အလမ်းနဲ့ပတ်သတ်တဲ့ အကြောင်းတွေ အသားပေးဖော်ပြထားတဲ့အတွက် မလွတ်သင့်တဲ့ စာမျက်နှာတွေ ပါရှိအုံးမှာဖြစ်ပါတယ်.. အရွေးမခံ့တဲ့ ကျွန်တော့်ရဲ့ ကဗျာလေးကတော့..


မြို့ထဲက

မူလတန်းကျောင်းသားဘဝ
A.B.C.D.ရယ်လို့ လိုက်ရွတ်မိတာက စလို့
ဂါထာတစ်ပုဒ်လို
ငါ့မြို့ပန်းချီကားလေးထဲက
ငါ့ရုပ်ပုံ ဆေးစက်တွေဟာ ပဲ့ကျကုန်တော့တယ်

မျှော်ကြည့်မိတိုင်း..
သောင်တွေရှေ့ ကန့်လန့်ကာနဲ့ ဧရာဝတီ
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်
မောင်ချောနွယ် အမှတ်တရနဲ့
လွတ်လပ်ရေးကျောက်တိုင်တွေက
ကွက်ကွက်ကွင်းကွင်း.....

ကြံရည်တစ်ခွက် (၁၀၀)နဲ့
အပြင်မှာ ပြောသလို
ကမ္ဘာကြီးကို ပြန်ဆယ်မယ့်ကိစ္စ
ဟိုမှာ ဂရုမစိုက်အားလို့
အနမ်းတွေပဲ recycle လုပ်စရာရှိ

ဒီလိုနဲ့ပေါ့.. ဒါနဲ့ပေါ့..
“အပိုင်း (...)မျှော်”
စာတန်းကြီးထွက်လာအုံးမှာ သိရက်နဲ့
တစ်ခန်းရပ် မီးလောင်ပြဇာတ်တွေထဲ
ကိုယ့်ကိုကိုယ် ကံကောင်းချင်ယောင်ဆောင်နေရတာ

လက်မှတ် (၂)စောင်အတွက်
ကိုကြီးဖြိုးကို မုန့်ဖိုးတွေပြည့်တော့မယ်လို့
ပြောချင်နေတာ

တခြားနေရာမဟုတ်
ရင်ခွင်မှ ရင်ခွင်ပါတဲ့
ခံရခက်ခြင်းတွေက
ခေါင်းတစ်ချက်ကုပ်ဖို့ထက်
မောင်းတစ်ချက်ကို တစ်စောင်းနင်း
ပိုဖြုတ်ချင်နေတာ

ကိုယ့်အသက်မှာ
ကိုယ် နေရာမှန်လေးရှင်ဖို့ ကြိုးစားနေတာပဲ
အပြစ်ဖြစ်ရ ။

တစ်ခါတစ်လေလည်း စာသင်ကျောင်း၊
တစ်ခါတစ်လေလည်း မြို့ထဲက “လီ” မိန်းကလေးနဲ့
နေသာ၊ မိုးအုံ့၊
အလိုက်အထိုက် ညှိနှိုင်းနေထိုင်ခွင့်ရယုံလေးဆိုပေမယ့်
နန်းကျသလိုသာ နေဖြစ်ခဲ့တာ။

ငါ့နေရာလေး ငါ ပြန်ဝင်ဖို့တောင်
အခုတော့
ငါ တစ်ယောက်ထဲ စက်တပ်ယာဉ်မဟုတ်ခဲ့တာ ။

ခန့်နေ


အကြောင်း

ဒီကဗျာလေးကို သင်္ကြန်ရက် မြန်မာပြည် ပြန်တုန်းက ရေးဖြစ်တာပါ.. နောက်တော့ “ပြိုင်တူလင်းတဲ့ ကောင်းကင်” ဆိုတဲ့ အခုနှစ် ၂၀၀၉ သင်္ကြန်အတွက် အမှတ်တရ ကဗျာ e-book လေးအတွက် ပေးမိတယ်..


အကြောင်း

နေ့သစ်တိုင်း ရရာလက်နက်ဆွဲကိုင်
ကမ္ဘာကြီး t.v. ခလုတ်ကို "ဖပ်" ခနဲ မြည်အောင်ဖွင့်
စစချင်း အနုပညာမှာပဲ
ငါတို့ ပြဿနာ ရှာခံရ
လောက်တောင် မလောက်ဘူး။
အရှင် လတ်လတ်ကြီး
အကွဲယှက်သလိုလို
အရှက်ကွဲသလိုလို
အကြွေးနဲ့ အပြစ်..
တင်စရာတွေ သိပ်များ
သူ လှံစိုက်ချိန်
ငါလည်း မြေနိမ့်ခဲ့လို့
ချက်ကြိုးတွေ မလွတ်လို့
ရေသောက်ချင်စိတ် တစ်ပတ်လည်
ဘေးက ဆူဆူညံညံ
မမြင်နိုင်ရင် သတိချပ်ချပ်
တောင်ဝန်ရိုးစွန်းက လှမ်းကြည့်မှ
မြင်ရမယ်။
“ပွင့်လင်းရာသီ ရောက်ရှိလာပါသဖြင့်
မိမိ အရေခွံများကို
စနစ်တကျ ခေါက်သိမ်းထားပါရန်
လေးစားစွာ အသိပေး နှိုးဆော်အပ်ပါသည်”
ကြေကွဲမှုဖြစ်စဉ်လို့
ငါ မပြောခဲ့ဘူးလား..
ဘာတွေပြောခဲ့တယ်ဆိုတာ
ပြန်ရွတ်ပြ။
ဘောင်တွေနဲ့ မလွတ်ဘူး
ငါ ချုံ့ထားလိုက်တယ်

မြိုချတိုင်း အနည်ထိုင်ပြီလို့ ယူဆရအောင်
ပြန်အန်မထုတ်တတ်ဘူး..
သူက ထင်နေပုံရတယ်။

*************
ခန့်နေ

ကဗျာစာအုပ်လေး ဒေါင်းချင်ရင်တော့-
http://www.mediafire.com/download.php?o2wnfmifiz4 မှာပါ။


Thursday, March 5, 2009

အလွမ်းလက်ကျန် ရှင်းတမ်း (၂) @ မယ်လေးထံ ပေးစာ

ဟဲလို မယ်လေး..
သတိရစွာနဲ့ ငါ စာရေးလိုက်တယ်။ နင်တို့ တစ်အိမ်သားလုံး နေကောင်းပါစေလို့ ဆန္ဒပြုရင်း။ ငါလည်း နေရာသစ်မှာ အခြေကျနေပြီ။ “တော်ရာမှာ ပျော်စရာတွေ လုပ်နေတတ်ရမယ်” ဆိုတဲ့ နင့်ရဲ့ စကားကို အမြဲလိုက်နာလျက်ပါ။

စာမရေးတာ ကြာဆို အရင်ရက်တွေက အအေးမိရင်း ချောင်းပြန်ဆိုးနေလို့။ အဲဒါ စာထဲ စကားလုံးတွေကတစ်ဆင့် နင့်ဆီကူးသွားမှာ စိုးရိမ်မိတယ်။ ငါတို့ မတွေ့ဖြစ်တဲ့ အချိန်တွေထဲ အဲဒီလို နာဖျားတဲ့ရက်တွေကလွဲရင် ငါ့အတွက်တော့ အဆင်ပြေဖူးတယ်ကို မရှိသေးဘူး။ အိမ်၊ ကျောင်းနဲ့ အလုပ် နေရာပဲကွာတယ်၊ မိုးလင်း မိုးချုပ် သင်ယူရေး သံပတ်တွေ မကုန်နိုင်ဘူးလေ။ တစ်ခါတစ်လေလည်း အနှုတ်လက္ခဏာတွေကို နှာခေါင်းပိတ် မျိုချရတာများတဲ့အခါ နာကျင်စရာတွေကိုမှ ကြင်နာမိရက်သား ဖြစ်လာခဲ့သလားလို့တောင် ထင်ရတယ်။ စာတွေအများကြီး နင့်ကို ရေးပြချင်တယ် သိလား။ ပြတ်လပ်နေတာ ကြာပြီဖြစ်တဲ့ ကဗျာတွေလည်း စာနောက်ဆုံးမှာ ငါ ထည့်ပေးလိုက်တယ်။

ငါတော့ ဒီရက်တွေထဲ နင့်အပြုံးတွေ သိပ်ငတ်နေတယ် သိလား။ ဒီမှာ အပြုံးတုတွေ သိပ်များလို့၊ အချိန်ကုန်ခံကြည့်မယ့် အစား ပလတ်စတစ်အိတ်တွေ ရှုံ့သွားတာကမှ ပိုကြည့်လို့ ကောင်းအုံးမယ်။ ပြန်ရောက်တဲ့အခါမှ အဲဒီ ပါးပြင်ပေါ်က အပြုံးစစ်စစ်တွေကို တဝကြီး ကြည့်လိုက်ချင်တယ်။ နောက်ထပ်လွမ်းတာတစ်ခုကတော့ သနပ်ခါး။ ဒါနဲ့ နင်ရော.. အရင်လို (ပဲဟင်းအိုးမှောက်ထားသလိုမျိုး) သနပ်ခါးထူထူကြီးနဲ့ ပွဲဈေးသွားတုန်းပဲလား။ ညဖက်ဆို ရွာလူတွေ မဖဲဝါနဲ့ နင့်ကို မှားမှာ မြင်ယောင်သေးတယ်။ ဟက်ဟက်။ အလှူအတန်းတွေရော ဟိုမှာ အရင်လိုပုံမှန်ရဲ့လား။ ဒီမှာ ငါတို့တွေတော့ နေ့တိုင်း (၇)ရာခိုင်နှုန်း ပုံမှန်လှူဖြစ်တယ်။ အလှူငွေရွက်၊ လက်နဲ့ မကွာပေါ့။ ဟိုမှာလို ဝက်သားတုံး လက်သီးဆုပ်ကြီးကို ထမင်းရည်ချောင်းမစီးနိုင်ပေမယ့်။ နောက်ပြီး သူက မလှူမနေရလေ။

လူကြိုက်များမယ့် ကိစ္စတွေအတွက်တော့ ငါ့ကိုယ်ငါ မဖြုန်းတီးဖြစ်တာ ကြာပြီဟ။ နင်ပြောသလို တစ်ခါတစ်လေ ခပ်ပေါ့ပေါ့လေးပဲ ငါတို့ကိုယ်ကို ပြင်ထားကြတာပေါ့။ အရသာကောင်းတဲ့ ဟင်းဆိုတာ လူတကာရဲ့ ခံတွင်းထဲ အရသာကုန်တဲ့အထိ စုပ်ယူ ဝါးမျိုရင်း၊ အချိန်ကျရင်လည်း မျိုချလိုက်ကြတာပဲ မဟုတ်လား။ လင်္ကာတွေချောဖို့ချည်းထက် ကျန်းမာရေးကို ငါတို့ ပိုဂရုစိုက်သင့်တယ်။

ငါတို့လည်း ကမ္ဘာစဦးခဲ့ကတည်းက အလင်းနဲ့ အမှောင်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ကျပျောက်လာခဲ့တဲ့ သူတွေလိုမျိုး၊ “လွမ်းစရာတွေ”ဟာ တို့ရဲ့ ရင်ဘတ်တွေအတွက် တနင့်တပိုးပါပဲ မယ်လေးရယ်။ သူငယ်ချင်းတွေ အလျိုလျိုနဲ့ ပန်းဝင်ကုန်ချိန်မှာ ငါ့အတွက် နှစ်သိမ့်ဆုဆိုတာတောင် ပန်းကုံးလား၊ ပန်းခွေလား မသေချာတော့ဘူး။ ဒါပေမယ့် ရွာဦးကျောင်းက ရင်ခွင်နဲ့ အခုရင်ခွင်ဟာတော့ဖြင့် ညီမျှခြင်းရဲ့ ဟိုဖက်နဲ့ ဒီဖက်မှာ ရပ်မြဲရပ်လျက်ပါပဲ။ လူဆိုတာလည်း မယ်လေးရယ်.. ငါတို့ ကိုယ်ကို အချိန်ရှိခိုက် မစီရင်နိုင်ခဲ့တာဟာ တစ်ခြားတစ်ဖက်မှာ တချို့အရာတွေရဲ့ အစီရင်ခြင်းခံဖို့အတွက်များ ဖြစ်ခဲ့သလား။ ရင်ဘတ်တွေ ကြေမွနေကြောင်း သက်သေးအထောက်အထား ခိုင်လုံတာတောင် ကံကြမ္မာဟာ တို့များဆီက တရားသေ လွတ်မြောက်ခဲ့တာ၊ အချိန်တန်နေတဲ့ နှလုံးသားတွေလည်း အရွယ်ရောက်ခွင့် မရလိုက်ခဲ့ဘူး။ အင်း.. စိတ်ထိခိုက်စရာတွေအကြောင်း ရပ်လိုက်တော့မယ်နော်.. အရေမထူသေးတဲ့ ကျောကုန်းတွေကို လောလောဆယ် ထုံဆေးကူထားကြတာပေါ့။ ခရာသံတွေလည်း မဆွံ့အဘူး။ ငါတို့ နားတွေလည်း မဆွံ့အဘူး။ ဟုတ်ပြီလား..။ လောကဓံ ချိန်ရွယ်ထားတဲ့ ကင်မရာဆီကို ငါက နင်နဲ့ပြိုင်တူ ပြုံးပြချင်နေသေးတာ။ ဒါပေမယ့် ဝမ်း၊ တူး ... သရီးမတိုင်ခင် အိပ်မက်တွေက ပြန်လန့်နိုးနေတာတော့ သိပ်ဆိုးတာပေါ့။

ဒီတစ်ခါ ကျောင်းပိတ်ရက်တော့ ငါ ပြန်လာဖြစ်မယ်ထင်တယ်။ နင်ရော ဘာတွေ မှာချင်သေးလဲ။ ပြန်ရောက်လို့ တွေ့ဖြစ်တဲ့အခါ နင်နဲ့ စကားတွေ အများကြီးပြောရအောင်.. စကားလုံးတွေတောင် စုထားနေပြီ။ အဲဒီကျရင် သင်တန်းတွေ၊ သူငယ်ချင်းတွေ၊ နိုင်ငံခြားတွေ အကြောင်းထက် နင်ကြိုက်တဲ့ ကာတွန်းကားနဲ့ စတော်ဘယ်ရီတွေအကြောင်း ပိုပြောကြရအောင်လေ.. နောက်ပြီး နင့်ဆီက ပါးချိုင့်လေးတွေအကြောင်း ကဗျာရေးခွင့်လည်း တောင်းချင်သေးတယ်။ လောလောဆယ်တော့ ငါနဲ့အတူ ပါလာမယ့် ပစ္စည်းစာရင်းက-

(၁)လျှောက်လည်တဲ့အခါ နွေနေကိုတိုက်မယ့် အပူကျဆေးတစ်ထုပ်ရယ်
(၂) ၁ နဲ့ ၁ ပေါင်းရင် ၁ ရမယ့် ရင်ထဲက အီကွေးရှင်း အသစ်စက်စက်တစ်ကြောင်းရယ်
(၃) အုတ်ဂူလေးပေါ်မှာ ကိုယ်တိုင်လာတင်ပေးမယ့် နင်ကြိုက်တဲ့ စံပယ်ပန်းတွေရယ်။
အခုတော့ ကဗျာလေးကို အရင်ဖတ်ထားနှင့်နော်။ ပါရီရက်လုပ် မဟုတ်ပေမယ့် မိုးလင်းညပေါင်း တစ်ဒါဇင်ကျော်ကြာ ငါကိုယ်တိုင် စိုက်ပျိုးထားတာပေါ့။ ခေါင်းစဉ်ကိုတော့ နင်ပဲ တပ်ပေးနော်။ နင်လည်း အနားယူရတာ အဆင်တပြေ ရှိပါစေ။
****

ထုံသင်းတဲ့ ပါးပြင်လေးဆီ
ခုန်ဆင်းမယ့် ပါးချိုင့်လေးနှစ်စင်း..
(မမွှေးဖူးတဲ့ ပန်းကလေးကို
မပေးဖူးတဲ့ အနမ်းလေးများလည်း
စောင့်နေရှာပြီ ကောင်မလေးရေ)

မင်းအကြောင်း အလှတွေတွေးမိရုံနဲ့
ဝင်သက်နဲ့ ထွက်သက်တို့အချင်းအချင်း
ဓါတ်ပြုကုန်သတဲ့
(တော်ဝင်မျက်နှာထားလေးအား
ဘယ်အပြုံးတွေက ခြယ်မှုန်းပါသလဲ
ကောင်မလေးရေ)

ကတိတွေ၊ စိတ်မချခြင်းတွေနဲ့အတူ
သတိတွေလည်း သိပ်ရနေမှာ
(လာဝဲနေတဲ့ လိပ်ပြာတွေရှိရင်လည်း
မမြင်ယောင်ဆောင်နေပေးပါ ကောင်မလေးရေ)

ရင်ဘတ်ထဲ ခေါက်ထည့်ထားတဲ့
မျှော်လင့်ချက်တွေလည်း ဖုန်တက်နေပြီ..
(အဝေးလူရဲ့ အဆွေးဓါတ်ကို
သူတို့လည်း ဖေးကူနေကြတယ်
ကောင်မလေးရေ)

အလွမ်းလှိုင်းတွေ လာလာတိုက်လို့
ဟောဒီ ရင်ခွင်ကမ်းလည်းပြိုတော့မယ်
(ပုခုံးလေးမဖက်ဖြစ်တဲ့ အခြေအနေမှာ
ဖုန်းလေးဆက်ခွင့်နဲ့ ဖြေနေပါရစေ
ကောင်မလေးရေ)

အဆက်အသွယ်တို့ ပျက်နေသမျှ
စိတ်ကူးတွေနဲ့ပဲ မက်နေပါရစေနော်
(အဲဒီ ပုံရိပ်လေးတွေမှ မပါရင်
အိပ်မက်တွေလည်း မဖြစ်နိုင်တော့လို့ပါ
ကောင်မလေးရေ)

သတိရပေးပါ၊ ကောင်မလေးရေ..
ရည်ရွယ်ထားတဲ့ "ကဗျာနဲ့ ပန်းတွေ
မွှေးပါတယ်" လို့ ပြောတဲ့အခါမှ
ငါနဲ့ အလွမ်းတွေလည်း
ဝေးပါမယ်ကွယ်...

****
ချစ်တယ်... နင်ရဲ့
သိုက်စိုး

Tuesday, March 3, 2009

ဆယ်လမွန် ငါးတို့ အပြန်...

အားလုံးပဲ.. သင်္ကြန်အပါအဝင် နွေရာသီ ကျောင်းပိတ်ရက်တွေရတုန်း ကျွန်တော် မြန်မာပြည်ပြန်အုံးမှာ ဖြစ်တဲ့အတွက် အားလုံးကို ဒီကပဲ နှုတ်ဆက်ပါရစေ ခင်မျာ.. ဟိုရောက်ရင်တော့ MPT နဲ့ စိတ်ကောင်း ဝင်ချိန်နဲ့ ကျွန်တော် စိတ်ကူးရချိန်လေး တိုက်ဆိုင်ခဲ့လို့ရှိရင် ထပ်တင်ဖြစ်ပါ့မယ်.. တင်နိုင်အောင်လည်း ကြိုးစားကြည့်ပါ့မယ်.. ဘလော့တွေ အရင်လို လိုက်မဖတ်နိုင်မှာနဲ့ ကွန့်မန့်တွေ ပြန်မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်မျာ.. ကျွန်တော်လည်း ကျော်ခွနည်းတွေ သိပ်မသိသေးလို့... အားလုံးလည်း ပျော်ရွှင်သော နွေရာသီ ရက်များ ဖြစ်ပါစေလို့... အခုမှရတဲ့ အခွင့်အရေးလေးတစ်ခုကို အလုအယက်တိုးဝှေ့ လိုက်ပါအုံးမယ်..း)

Tuesday, February 24, 2009

မှတ်တိုင်များ အက်ဆေး

မှတ်တိုင်များဟာ တချို့အတွက် စိုက်ထူစရာဖြစ်တယ်
မှတ်တိုင်များဟာ တချို့အတွက် ဖြိုလှဲစရာဖြစ်တယ်
မှတ်တိုင်များမှာ တချို့ ကျန်ခဲ့တယ်
မှတ်တိုင်များကို တချို့က ချန်ခဲ့တယ်
တချို့အတွက် စမှတ်
တချို့အတွက် ဆုံးမှတ်
တချို့အတွက်တော့ ကြားမှတ်ဖြစ်တယ်
မှတ်တိုင်တွေဟာ တည်ငြိမ်နေလိုက်ပုံများ
ပုထုဇဉ်မဟုတ်ကြတဲ့ အတိုင်းပဲ
တွေးတောတယ်၊ လေ့လာတယ်၊
ဆင်ခြင်တယ်၊ ကလက်တက်တက်မရှိကြဘူး
ဦးနှောက်ကလွဲလို့
ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မလှုပ်ကြဘူး
မလှုပ်တတ်ဘူး။
ဒါဟာ မှတ်တိုင်တွေရဲ့ မျိုးဆက်တစ်လျှောက် လက်ကမ်းခဲ့တဲ့ အမွေအနှစ်ဖြစ်တယ်။

မှတ်တိုင်တွေဟာ ပြန်ပါလို့လဲ လက်မပြဘူး
လာပါလို့လဲ လက်မယက်ဘူး
ဂရုဏာကိုလည်း မတောင့်တဘူး
လျစ်လျူရှုမှုကိုလည်း အလှူမခံခဲ့ဘူး
သူ့နားမှာ လမ်းသလားနေတဲ့ ယာဉ်တွေကိုလည်း အားမကျဘူး။
သဝန်တိုပြီး အိမ်ထဲမှာလည်း ပုန်းမနေဘူး
ကမ္ဘာ့စွမ်းအင်ပြုန်းတီးရေး စီမံကိန်းမှာ သူမပါပါရစေနဲ့တဲ့။
ဒါပေမယ့် ဥပေက္ခာကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့နေရာမှာတော့
ကားပေါ်က စပါယ်ယာတစ်ယောက်ကို သူ အတုခိုးခဲ့ပါတယ်တဲ့။
သူ့စတိုင်လ်လိုမျိုး သူ့အနားမှာ မိန့်မိန့်ကြီး လာရပ်စောင့်နေသူတွေဟာ တစ်ခါတစ်လေ ဒုနဲ့ဒေး..
သူ့ဖက်ရှင်ကို သုံးဆောင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့
နှာခေါင်းပိတ်ထားရင်း သူကပြောလိုက်တယ်။
ဒါပေမယ့် အရာဝထ္ထုတွေနဲ့ ခေတ်တွေနောက် လူတွေနဲ့အတူ
ပြေးမလိုက်နိုင်တာကိုတော့ ခွင့်လွှတ်ဖို့ တောင်းပန်ကြောင်းနဲ့
သူတို့ဟာ ခရီးကို စားသုံးသူများ မဟုတ်၊ ချက်ပြုတ်သူသက်သက်သာ ဖြစ်ပါတယ်တဲ့။

တကယ်တော့ မှတ်တိုင်တွေဟာ တစ်ခုခုကို မပြောခဲ့တာ မဟုတ်ဘူး
ကျွန်တော်တို့ နာယူဖို့ မေ့လျော့ခဲ့တာ။
မညွှန်ပြတာ မဟုတ်ဘူး၊ ကျွန်တော်တို့ မမြင်ခဲ့တာ
မပေးနေတာ မဟုတ်ဘူး၊ ယူခဲ့ဖို့ ကျွန်တော်တို့ သတိမထားမိတာ။
မှတ်တိုင်တွေက ငြင်းတယ်..
သူတို့ဟာ သင်္ချာပုစ္ဆာမဟုတ်လို့
ထုတ်စရာတော့ အဖြေမရှိပါဘူးတဲ့။

သူတို့ကို နှုတ်ဆက်လက်ပြဖို့ မေ့လျော့ခဲ့သလား
ကျေးဇူးစကားဆိုဖို့ မေ့လျော့ခဲ့သလား
ဘာပဲဖြစ်ဖြစ် လူတွေဆီက စောင့်ဆိုင်းခြင်းမှန်သမျှကို
တစ်ခုပြီးတစ်ခု မငြီးမငြူ သူတို့ ယူခဲ့ကြတယ်၊
စောင့်ဆိုင်းခြင်း သီအိုရီမှာ သူတို့ တဖက်ကမ်း ခတ်ခဲ့။
ရောက်မလာသည်များကိုတော့ သူတို့ ဟန်ဆောင်ပြီးပဲ မျှော်နေတာလား
ရောက်လာသမျှဟာပဲ စိတ်တိုင်းမကျလို့လား
ဒါမှမဟုတ် စိတ်တိုင်းကျတဲ့ နေရာမှာပဲ ရောက်နေလို့လား
ဘယ်သူတွေဟာ မှတ်တိုင်တွေလဲ။

Wednesday, February 18, 2009

ဖိတ်စာ

ယနေ့ ရာသီဥတု
သာယာချင်ယောင်ဆောင်နေသည်။
စိတ်အလိုမလိုက်ပါနှင့်
ဖြန့်လှန်းထားသော
ဝတ်လစ်စလစ် နှလုံးသားတွေကို
ပြန်ရုတ်လိုက်ပါ။

အချိန်ရ၊ လမ်းကြုံလို့
အိမ်ခဏ ဝင်လည်ဖြစ်မယ်ဆိုရင်
မြင်နေကျ စေ့ထားတဲ့ တံခါးတစ်ချပ်နောက်မှာ
ဝါးခနဲ အသံတစ်ခု ပုန်းမနေပါဘူး။
ဖွင့်ဝင်ခဲ့ပါ မိတ်ဆွေ..
ဂျိုရာတွေကို ရှောင်ကြဉ်နေဆဲ
ခတ်နွားတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ
၂၃ဒီဂရီခွဲ လိုက်မစောင်းနိုင်သေးတဲ့
ပင်တိုင် နှလုံးသားတစ်ခုကို
တွေ့ကောင်းတွေ့ရလိမ့်မယ်။

တံခါးကိုဖွင့်၊ ရဲရဲဆွဲဖွင့်
နောက်ပြီး ရင်ဘတ်ကိုတော့
အင်း..
မရဲတရဲလေးဖြစ်ဖြစ် ဟချင်ဟထားပေါ့။

မိုးတွေ မယိုပါဘူး။
ဂိုးတွေ မလိုပါဘူး။
အနိုင်ယူလိုစိတ်ပြင်းပြတဲ့ အခါသမယမှာလည်း
အယားပြေ ဗိုလ်စွဲခွင့်တွေကို
နှစ်ဦးသဘောတူ လိုက်ပွဲအသင့်နဲ့
ကျွန်တော်က လက်ဆောင်ပေးလိုက်ချင်သေးတယ်။

ကျောင်းရှိသည်၊ ဖြည်းဖြည်း ပြောင်း..
အဲလေ.. ဖြည်းဖြည်းမောင်းပြီး ဝင်ခဲ့ပါ
ဒီနေ့တော့ ကျွန်တော် ရှိနေပါမယ်
ခင်များနဲ့ ကျွန်တော်လည်း
နှစ်ယောက်ထဲ ကပ်ဝေးနေတာ ကြာပေါ့။

၉၈ကတည်းက အသိမ်းလွန်နေတဲ့
ကိုသန်းထိုက်လည်း ပြန်လာလိမ့်မယ်..
ဒီနေ့တော့ ဝင်ခဲ့လေဗျာ..
နေ့ရက်တွေ သစ်ပြီး၊
ကျုပ်တို့ ဟောင်းမသွားခင်လေးမှာ
နေ့ဟောင်းတွေထဲ
ကျုပ်တို့ သစ်ခဲ့ကြစို့ရဲ့..

သာယာချင်ယောင်နေတဲ့ ရာသီဥတုကို
နောက်ခံထားပြီးတော့..
ပါရီမဟုတ်တဲ့ အရင်နေရာမှာပဲ
အလကားတွေအကြောင်း
အလကား ထိုင်ပြောရအောင်..


ခန့်နေ

Saturday, February 14, 2009

Valentine Day က တစ်စုံတစ်ခု

ဒီနေ့ Valentine Day.. စာမေးပွဲကြောင့် ဘာမှတော့ ထူးထူးခြားခြားတင်စရာ မရှိပါဘူး.. ဒါပေမယ့် စာကျက်နေရင်းက လက်ကမြင်းကြောထပြီး ဒီပုံလေးတွေကို ရိုက်ဖြစ်သွားတယ်...







တစ်ယောက် တစ်နေရာ..
သောက်နေကျ ကော်ဖီနဲ့ ဖျော်ရည်ခွက်တွေ
မှောက်ကာနေပြီ..
ခြောက်ကာ ကြွေပြီး ကျနေတဲ့ နွေသစ်ပင် ငါ့ဆီ..
ဖျောက်ကာဖြေမရတဲ့ တပြည်က မင်းအကြောင်းတွေ..
ဝိညာဉ်တွေလို စာရေးခါနီးလက်တွေထံ လာပူးကာ..
ဒီတစ်ညမက
ငါ ရူးခဲ့ပါတယ် ကျောင်းသူရေ..
...............................................................................................................................................

Participants of photography
Director of photography- Eduking
Models- 2 sockets (made in china)
Setting Designer- Eduking
Costume Designer- Eduking
Producer- Eduking

တယ်လီဖုန်းကင်မရာလေးကို အသုံးပြုထားတာကြောင့် ကွာလတီတော့ မလန်းဘူးဗျာ.. ဆော့ဖ်ဝဲကလည်း photoshop လေးတောင် ကောင်းကောင်း မသုံးတတ်လို့.. Image manager နဲ့ powerpoint လေးပဲ ပေါင်းပြီး edit လုပ်ခဲ့တာပါ..း) ချစ်သူတွေတော့ ကျွန်တော့်ဆီက အလွမ်းတွေကူးစက်သွားရင် ခွင့်လွှတ်ဗျာ.. ခင်များတို့လည်း တစ်ခါတုန်းက ဒီလိုပဲ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတာ ဟုတ်ဖူးလား.. :D

နောက်ဆက်တွဲ-မှတ်ချက်။ ။ ပုံလေးတွေကို Ripway ကနေ ပြန်တင်ထားပါတယ်.. အခုတလော Blogspotကနေ ဓါတ်ပုံ Upload တင်တာတွေ တချို့ဆီမှာ မမြင်ရဘူးလို့ သိရတယ်.. ဒီနေ့ ကျွန်တော့်ဆီမှာ ပြန်ကြည့်ကြည့်တော့ ဖိုင်က broken ဖြစ်နေတယ်.. Virus ကြောင့်ဖြစ်နိုင်တယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်မိတယ်။
Free counter and web stats