Wednesday, July 23, 2008

တောင်းဆိုခြင်း


ခူးပေးပါရစေ

သစ္စာကြယ်တွေ

မမူပါဘဲ၊ ယူလှည့်ပါ ချစ်သူ…


အရောင်ချွတ်ထား စကားလုံးများက

အရေပြားဆိုရင်

သူ့ထံပါးအောက်

ခံစားချက်များက အသွေးအသား


အပေါ်ယံ အရေးအသားတွေ

ချိတ်မှာတပ်

အချစ်တွေကို အပျော်ကြံ

မျှားယူလိုခြင်းလည်း မဟုတ်။


အနားက ကြားလူတွေ

အမှားကူကြမှာ (အတွေးမျိုး)

ကျိတ်တွေးရင်း မော

စိတ်တွေလောရင်း…

ပြောဖို့ စကားတချို့

မင်းရှေ့မှောက်မှာ အမောဆို့နေတာ ။


ဆွဲခဲ့တဲ့ အချိန်တွေရယ်

ကြာလွန်းနေပြီ..

ပေးနေကျ ကဗျာတွေထဲ

အတွေးတွေ အသစ်မပြောင်း

ခံစားချက်တွေ အစစ်ဖြစ်ကြောင်း

ရင်ဘတ်တစ်ခြမ်းဆီက

သီအိုရီတစ်ခန်းနဲ့

သက်သေပြမယ်ကွယ် ။


အနာဂတ်ထဲ

ကျောင်းဖွင့်ချိန်တစ်ရက်

မျှော်ရီတွေးလျက်

ကော်ဖီတွေ အေးစက်ကုန်သည်..


ပြည်သူ.. အဖြေကူလှည့်ပါ..

အဝေးလမ်းလား…

အပြေး နမ်းမလား…

Monday, July 14, 2008

လောလောဆယ် ကျွန်တော် ကဗျာတွေ၊ story တွေရေးတာ ခဏပဲဖြစ်ဖြစ် ရပ်ထားချင်တယ်။ ကျွန်တော်စိတ်ကြိုက် မဖြစ်သေးတာရယ်၊ Time management အပိုင်း အားနည်းတာရယ်၊ လာဖတ်ကြသူတွေ အနေနဲ့လည်း အကျိုးမဖြစ်ထွန်းဘူးလို့ ယူဆလို့ပါ။ တခြားအကြောင်းတွေနဲ့ ပတ်သက်ပြီးပဲ ပိုတင်ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် Blog နဲ့ ပတ်သက်ပြီး ကျွန်တော် လိုချင်တဲ့ ပုံစံတစ်ခုကိုတော့ ရောက်အောင်သွားမှာပါ။ အနည်းငယ်သော လာရောက်ဖတ်ရှု၊ အားပေးသူအားလုံးကိုလည်း ကျေးဇူးကမ္ဘာပါဗျား)

Wednesday, July 9, 2008

Announcement

Dတစ်ခါတော့ NYPian တွေရဲ့ အလှည့်...





Sunday, July 6, 2008

သီချင်းလေးတစ်ပုဒ် share ချင်လို့ပါ။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ တစ်ပုဒ်ပေါ့။ ကျွန်တော်တို့ရဲ့ ဗိုလ်ထီး(စိုင်းထီဆိုင်)ဆိုထားပြီး၊ ဆရာစိုင်းခမ်းလိတ်ရဲ့ လက်ရာမွန်။ မင်းခယောက်ျားပုံစံမျိုး နောက်တစ်ပုဒ်လို့ ခေါ်လို့ရမယ် ထင်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းရဲ့ Chorus အပိုဒ်ရောက်သွားတိုင်း ခံစားချက်လေးတစ်ခုဟာ စနားထောင်စဉ် အချိန်ကအတိုင်းပဲ၊ မပြောင်းလဲသေးဘူး။


မေမြို့ည

မေမြို့ည

. . . . ည . . . . ည . . ..

ပျော်နိုင်မှာလား ကြားဖဲလေးတစ်ချပ်တည်းကို ပေးပြီး

စောင့်ရတဲ့ ဘဝ…

ဖြေသာမှာလား ရှားဖဲလေး တစ်ခြားတစ်ယောက်လက်ထဲ ပါတာ

မသိလိုက်တဲ့ ဘဝ…

မနှစ်ခြိုက်လည်း အမိုက်ခံပြီးတော့ အိပ်မရတဲ့ ရောဂါကို ကုလာ..


Cho: ည အချစ်ကလေးအကြောင်း မစဉ်းစားမိအောင်

တခုခု လိုက်လုပ်နေရတဲ့ မေမြို့ည

မေ့မရမှန်းသိရက်သားနဲ့

ကြိုးစားပြီး အစားထိုးရတဲ့ မေမြို့ည

အရှုံးကျမှ အားတင်းပြုံးကာ

မိုးလင်းမယ့် ပွဲပေါင်းများစွာ

ဆက်ကာဆက်ကာ နေရမယ့် မေမြို့ည…


ကိုယ် မြင်နေကျ သူ့မျက်နှာ မတွေ့ရခြင်းဟာလည်း ဒုက္ခပါလား..

ကိုယ် နာနေကျ သူ့စကားသံ မကြားရခြင်းဟာလည်း ဒုက္ခပါလား..

ချစ်လျက်နဲ့ ဝေးရခြင်းဟာ ဒုက္ခအပေါင်းထဲမှာ အခက်ဆုံးပါ…


Cho: အခိုက်အတန့်လေး မေ့လို့မရတဲ့

နည်းလမ်းကလေးရှိရင် ကောင်းမယ် မေမြို့ည

မကောင်းမှန်းလည်း သိရက်သားနဲ့

လိုက်တားမယ့် အချစ်ကလေး မရှိတဲ့ မေမြို့ည

ည ရှုံးလည်းခက် ထလည်း ခက်တော့

မထ, ဖြစ်တဲ့ ပွဲများကြားမှာ နစ်သထက် နစ်ကာ နေရမယ့်

မေမြို့ည…

Thursday, July 3, 2008

Nee Ann Poly's Myanmar Thingyan 08


Singapore မှာရှိတဲ့ Nee Ann Polytechnics က မြန်မာကျောင်းသူ၊ ကျောင်းသားများရဲ့ ၂၀၀၈ သင်္ကြန်ပွဲဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူတာကတော့ ပွဲက ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ တစ်ဝက်ကို Nargis မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းမှာ ဖြစ်ပါတယ်။ ရံပုံငွေပွဲပေါ့ဗျာ။

Saturday, June 28, 2008


နတ်သမီးနှင့် အခိုက်အတန့် တစ်စိတ်



ကောင်းကင်အထက် တိမ်တွေပေါ်
နတ်သမီးနှင့် အတိတ်က
ပြဇာတ်တစ်ခုရဲ့ တစ်စိတ်…


သေနေတဲ့ ရင်ခွင်ကို အသက်သွင်းသည်။ လမ်းအဆုံးကို ရွာအဖြစ် ခေါင်းစဉ်တပ်ပါ။ တွေ့ခဲ့တဲ့ရက်တွေက ကျူရှင်ရှေ့မှာစောင့်ရင်း ‘ ရှိ ’ ဟု လက်ညှိုးထောင်ကြသည်။


မနက်ဖြန် ကျွန်တော်နှင့်တွေ့ရမည်ဆိုခြင်းကို သူမ ရင်ခုံနေမလား။ အမည်မဖော်လိုသော ဝက်ခြံလေးများ သူမ၏ ပါးပြင် တစ်ဖက်တစ်ချက်တွင် တည်ရှိနေသည်။ သို့သော် ကျွန်တော်တပ်မက်သည်မှာ မျက်မှန်ထူထူလေးနောက်မှ ရွှန်းလဲ့နေတဲ့ မျက်ဝန်းလေးများသာ ဖြစ်သည်။ (သို့မဟုတ် ဖြစ်ကောင်းဖြစ်မည်။) အရင်တစ်နေ့က ကျွန်တော်နှင့်တွေ့ဖို့ သူမ အလှပြင်လာကြောင်း သူငယ်ချင်းကပြန်ပြောပြသောအခါ ၁ဝတန်းတုန်းက ဆရာမသင်ပေးခဲ့တဲ့ သန္တရသအကြောင်း ကျွန်တော့်ကို သတိရစေခဲ့သည်။ အဲဒီနေ့ ဘက်စ်ကားပေါ်ကအဆင်း သူမတွင် မျက်နှာပါမသွားဘဲ၊ ကျွန်တော့် ရင်ဘတ်ထဲတွင် မေ့ကျန်ခဲ့လေသည်။


သူမနှင့် စကားပြောခွင့်ရကြောင်း ကျွန်တော် အာခိမိဒိကို အသိမပေးဘဲ ထားလိုက်သည်။ ပထမဆုံးတွေ့သည့်နေ့က သူမ၏ ကြည့်ကောင်းသော ဆံပင် ရှည်ရှည်လေးများကို စည်းထားခဲ့သည်။ အဲဒီအတွက် ကျွန်တော့် အိပ်မက်တွေ ကစုန်ပေါက်နေခဲ့သည်။ (ခံစားချက်တွေကို စာလုံးပေါင်းရတာ သိပ်တော့မလွယ်ကူပါ။) နောက်ပြီး ခပ်တည်တည်ကြည့်တတ်သော သူမ၏ ပါးချိုင့်လေးတစ်စုံ…. အဲဒါကတော့ ကျွန်တော်ရဲ့ ရင်တွေခုံစေဖို့ ဖြစ်ပါသည်။


စိတ်ကူးထဲမှာ ကျွန်တော် ကဗျာတွေ စီဖြစ်သည်။ ချိန်းတွေ့တဲ့အခါ နှစ်ယောက်ထဲ ကမ္ဘာတွေ တည်ဖြစ်သည်။ (နာရီများသည် ကျွန်တော်တို့အတွက် လည်ကြသည်။ ပန်းများသည် ကျွန်တော်တို့အတွက် မွှေးကြသည်။ ၉ရက်နေ့တွင် သူမနှင့် ကျွန်တော် ခေတ္တ ဝေးရမည်။)


သူမ၏ဆံပင်တွေကို မမွေးခင်ကတည်းက အနက်ရောင်ဆိုးထားသည်ဟု ကျွန်တော်ထင်သည်။ (သို့မဟုတ် ပင်တိုင်ဖြစ်သည်) သူမသည် bill gate မဟုတ်သလို၊ ကျွန်တော်ဟာ Microsoft မဟုတ်။ ကိုလမ်ဘတ်စ်ကား ကျွန်တော့်နာမည်မဟုတ်၊ သူမ၏နာမည်မှာလည်း အမေရိကန်မဟုတ်။ ကျွန်တော်တို့သည် တစ်ယောက်ကိုတစ်ယောက် တွေ့ရှိခြင်း မဟုတ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွမ်တမ်သီအိုရီထဲက “h” မဟုတ်သော်လည်း အာဒံကိုက်ခဲ့သော ပန်းသီးထဲမှ ပိုးကောင်တွေ တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမတွင် ဆံပင်နှင့်လိုက်ဖက်သော ခပ်ရှည်ရှည် အရပ်လည်း ရှိသေးသည်။ ‘အတူတူ’ ဆိုသောစကားလုံးသည် ကျွန်တော်တို့အတွက် ဖြစ်ရမည်။ (အူတူတူနှင့် မမှားစေလိုပါ)။ ဖြစ်နိုင်လျှင် ပြောနေကျ သင်တန်းနဲ့ စာမေးပွဲတွေအစား နားလည်မှုနဲ့ သစ္စာတွေအကြောင်း ကျွန်တော် ခေါင်းစဉ်ပြောင်းချင်သည်။ ခေတ္တခွဲခွာသည့်အခါ လက်ဆောင်အဖြစ် သူမကို ကဗျာလေးတစ်ပုဒ်ပေးရန်၊ ရည်ရွယ်ခဲ့သည်။ ထိုကဗျာလေးမှာ ကျွန်တော်သူငယ်တန်း ဥာဏ်ဖြင့် တွေးမိဟန်ရှိသော သူမ၏ တက္ကသိုလ် အလှများနှင့် အဝေးရောက် မှာတမ်းတချို့ ပါဝင်သည်။ (I just think and link the things, all about you) အိမ်ပြန်ရောက်သောအခါ ကျွန်တော့်အကြောင်းတွေ သူမ တွေးချင်မှတွေးဖြစ်မည်။ ကျွန်တော်ကတော့ သူမအကြောင်းတွေ ရေးချင်တိုင်းရေးဖြစ်သည်။ (သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျွန်တော်ဥာဏ်မမှီ၍ မရေးနိုင်ခဲ့သော ကဗျာတချို့လည်း ဖြစ်ခဲ့သည်။) အိုင်းစတိုင်းရဲ့ ရီလေးတစ်ပ်သီအိုရီ မရှိဘူးဆိုလျှင် သူမသည် ကျွန်တော့်အတွက် အလှဆုံးဖြစ်ပါသည်။ ဒုတိယမြောက်တွေ့သည့်နေ့က သိပ်မလှဟု ထင်မိသော်လည်း ကျွန်တော် စိတ်မချဖြစ်ပါ။ ထိုနေ့တွင် သူမကို ကျွန်တော် ရယ်အောင်လုပ်နိုင်ခဲ့သည်။ ရာဇဝင်တွင် ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူသော နေ့တစ်နေ့ ဖြစ်ခဲ့ပေါ့။


ဘတ်စ်ကားပေါ်တက်ပြီး ကျွန်တော်တို့ တိမ်တွေစီးခဲ့ကြသည်။ စကားတွေနည်းနည်းပဲပြောသည်.. နားတွေ များများလည်သည်။ (နာရီတွေလိုပေါ့) အကြည့်တွေနည်းနည်းပဲ ရှိသည်. စိတ်တွေချင်း အပြန်အလှန် သိသည်။ မျက်ရည်တွေကို ခြေထောက်နှင့် ပိတ်ကန်ပစ်သည်။ (သူတို့ တရုတ်စကား မတတ်ပါ) သူငယ်ချင်းတွေ မေးတဲ့မေးခွန်းအတွက် အဖြေကို အတူတူ စဉ်းစားနေကြသည်။ အဲဒီ အဖြေဟာ အထီးလား အမလား၊ ဒြပ်ရှိလား၊ ဒြပ်မဲ့လား၊ သူမသည် ကျွန်တော့်ထက် ပိုသိနိုင်ပါသည်။

နောက်ဆုံးအနေဖြင့် ဖွင့်ပြောခဲ့သည့်နေ့က သာပေးသော နေမင်းကို ကျေးဇူးတင်သည်။ လာဝှေ့သော လေညှင်းနှင့် တယ်လီဖုန်းကတ်တစ်ခုကို ကျေးဇူးတင်သည်။ သူမတွင် နားရွက် ရှိခြင်းကို ကျေးဇူးတင်သည်။ ငြိမ်းကျော်ကို ကျေးဇူးတင်သည်။ (စာရေးဆရာ မဟုတ်ပါ) ပြန်ပေးမည့် အဖြေတစ်ခုကို ကြိုတင်ကျေးဇူးတင်သည်။ “ကျေးဇူးတင်သည်” ကို ကျေးဇူးတင်သည်။



စမ်းချောင်းလမ်းထဲ ပန်းကလေးတစ်ပွင့် လမ်းလျှောက်လာသည်။
အနမ်းတောင်းရန် ကောင်လေးတစ်ယောက် ကပ်လိုက်သွားသည်။
အလွမ်းရောင်းရန် သူ့ထံတွင် ဝယ်သူ မရှိသေးပါ ။

“ မာယာရွှေ့ကွက်တွေနဲ့ ငါ့ရဲ့ စစ်တုရင်တွေအား အနိုင်ပိုင်းလိုက်ပါကွယ်။ နင့်ရဲ့ ဗျူဟာတွေကို မခန့်မှန်းတတ်ပေမယ့်.. ငါ့ရဲ့ လျှို့ဝှက်ချက်ကတော့ မျက်မမြင်ခြင်းပါပဲ ”
………………………………………………………………………………………….

ဤစာသည် ကျွန်တော်၏ ရပ်စောင့်ခြင်းသီအိုရီမှ ရှင်းလင်းချက်အခန်းတစ်ခုဖြစ်စေ.. နောင်အခါတွင် သူမအကြောင်းကို ထို့ထက်ပို၍ နီးနီးကပ်ကပ် ခြယ်မှုန်းခွင့် ရပါစေသား… ။




Friday, June 27, 2008

27.6.08

ဒီနေ့တော့ mid-term စာမေးပွဲတွေပြီးပြီ။ ပျော်လိုက်တာဗျာ။ အဖြေနိုင်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာမေးပွဲပြီးသွားပြီးဆိုတဲ့ အတွေးလေးနဲ့တင် ပေါ့ပါးသွားတယ်။ နောက်တစ်လကျ Final စာမေးပွဲပြီးမှပဲ၊ ကျောင်းတွေပိတ်မှာ။ စာမေးပွဲအတောအတွင်းလည်း စာကောင်းကောင်းမလုပ်ဖြစ်ဘူး။ ဟိုယောင်၊ ဒီယောင်နဲ့တင် အချိန်ကုန်နေတယ်။ မဖြေနိုင်ဘူးပြောရင်လည်း သူငယ်ချင်းတွေက ရယ်တယ်။ မဖြေနိုင်ဘူးပြောပြီး အမှတ်တွေ ကောင်းနေလို့တဲ့။ တကယ်တော့ ကျွန်တော် ကံတွေကောင်းနေတာပါ။ စာမေးပွဲပြီးတော့ သူငယ်ချင်းတွေတော့ အိမ်ပြန်သူကပြန်၊ ရုပ်ရှင်ကြည့်တဲ့ လူက ကြည့်နဲ့။ ကျွန်တော်တော့ ဒီပိတ်ရက် နှစ်ရက်လေးကို ဝထ္ထုတိုလေးတွေ ရေးချင်တယ်။ ဒါပေမယ့် မသေချာသေးဘူးဗျာ။ နောက်တစ်ပတ်ထဲ report တချို့ တင်ဖို့ ရှိနေသေးလို့။ လုပ်သင့်တာတွေ ပြီးရင်တော့ လုပ်ချင်တာ လေးတွေလည်း လုပ်လိုသေးတယ်။ (မိန်းမယူတာတို့၊ ကဗျာရေးတာတို့ ဖြစ်ကောင်းဖြစ်မှာပေါ့)

သြော်.. ဒါနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က Singapore Polytechnics မှာ Nargis လေဘေးဒဏ်ခံရသူ ဒုက္ခသည်တွေ အတွက် မြန်မာကျောင်းသားတွေတွေက Charity Concert တစ်ခုလုပ်သွားတယ်။ ယိမ်းအက၊ stage show နဲ့ အငြိမ့် ပြဇာတ် အစုံပေါ့ဗျာ။ လက်မှတ်တစ်စောင် စင်္ကာပူဒေါ်လာ ၁၅ကျပ် နဲ့ ၁၈ကျပ်မှာ ၄ကျပ်ကို အလှူငွေ အဖြစ် သတ်မှတ်ပေးထားတာပါ။ မွန်မြတ်တဲ့ ဒါန အစီအစဉ်တစ်ခုပါဗျာ။ အောက်ဘက်မှာက အဲဒီပွဲအတွက် ပိုစတာပါ။ (ပွဲမလုပ်ခင်ကတည်းက ပို့စ်တင်ချင်ပေမယ့် အင်တာနက်ကောင်းကောင်း မသုံးဖြစ်တာနဲ့ မတင်ဖြစ်လိုက်ဘူး၊)





Friday, June 20, 2008

Poem part- 12

သတိတရ

အနီးမနေ ပန်းကလေး…
တွေးတိုင်း ကမ္ဘာ မွှေးပါတယ် ၊
ခဏလေးပဲ ဝေးကြမယ်၊
မကြာ.. သွေးလည်း နွေးပါကွယ်..
ကဗျာရေးမြဲ ဆွေးပါတယ်။




Thursday, June 12, 2008

Poem part- 11

မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်


တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..


အဲဒီဘဝမှာ ..
မိသားစုထမင်းဝိုင်း မရှိဘူး။
စာသင်ခုံတွေ မရှိတော့ဘူး။

အိမ်
မရှိတော့ဘူး။
မေမေ့ရင်ခွင် မရှိတော့ဘူး။


သောက်ရေတွေအစား
မျက်ရည်တွေ ဝင်လာတယ်..
စာအံသံတွေရဲ့ နေရာ
အစာလုသံတွေက ဝင်ရောက်လာတယ်
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်။
ဘုရားရှိခိုးသံတွေဟာ
နို့စာလို့ အော်ငိုတဲ့ အသံတွေကြောင့်
နှုတ်ဆိတ်ကုန်ကြရတယ်။


နေ့ချင်းညချင်းပဲ
ကျောင်းသားကနေ
ငါလည်း သူတောင်းစားဖြစ်ပြီ ။

ယူပါ၊ ဆယ်ပါ...
ဖေးမစရာ…
ငါတို့အတွက် အလှူလည်း
ခွေးတွေ ဝိုင်းဆွဲကြလို့….
အဆီတွေ စုပ်ပြီး၊
အသားတွေ ထုတ်ခံရလို့…..
လှော်တက်တစ်ချောင်းဟာ
တဲစတစ်ခု ဖြစ်သွားလို့။


ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ် ပြန်မလာတော့


အပြစ်တင်စရာက..
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
ဧရာဝတီလား ?
အတိတ်ကံလား ?
………………………
နိဂုံး မထိုးတတ်ခင်
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကို
သူတို့ဆွဲယူသွားကြတယ်။ ။

အရူး ဝါဒီ

သတိ။ ။ သင့်မျက်လုံးကို ဂရုစိုက်ပါ။ ရှေ့ကိုက် (၁ဝဝ)အတွင်း ကာရံများ ခလုတ်တိုက်ရန်ရှိသည်။

အရူး ဝါဒီ

စာတွေရေးချ..
ငါလေ တွေးတတ်သမျှ
နင်ရယ်၊ အလွမ်းရယ်၊ အနာဂတ်ရယ်။
စာဖတ်လို့လည်း မရ၊
ကဗျာတွေစပ်လည်း မလှ၊
ရှေ့ဆက်ပြီး
ဒီပုံစံနဲ့ မရတော့ဘူး။


နင့်အပြုံးတွေရယ်
ငါ့ အနာတွေကို ထုံဆေးမပေးသရွေ့..
နင့်အသံတွေရယ်
ငါ့ နားထဲ တံခါးမခေါက်သရွေ့…
နင့် မျက်ဝန်းတွေရယ်
ငါ့အတွက် မီးမစိမ်းသရွေ့…
နေ့ရက်တွေထဲ
ငါ့ဝိညာဉ်ဟာ အလောင်းတစ်ကောင် ဖြစ်သွားသတဲ့။
ခေါင်းသွင်းဖို့
ကြားစကားတွေက သူ့ကိုပြင်နေတယ်။
နင် မြင်နေမယ်..
အသံတွေဟာ နားတွေထဲမှာ လည်ပြီး
အမှန်တွေဟာ အမှားတွေထဲမှာ ကွယ်ပြီး
အဲဒါတွေလည်း ဖယ်ပြီးတော့ ကြည့်ပေးပါ..


မမျှော်လင့်ခဲ့ပါ၊ ချယ်ရီ
အမှန်ပါ..
ဒဏ်ရာတွေဟာ မှန်းချက်ထက်ပိုပြီး
ကမ်းတက်နေ...
လွမ်းလျက် သေဖို့အတွက်
ငါ့ကိုလည်း စမ်းသပ်နေလို့ ။


“ချယ်ရီရေ….
နင်ကအခုတော့ ဘယ်ဆီမှာမသိ
ရွယ်ရည်ပြီး
Ferry မှာ ယောင်ပြီးတော့
ငါမျှော်နေမိ…
နင့် အဒေါ်တွေသိ
x x x x x x


နှစ်ယောက်ထဲပဲ
တိမ်တွေအထက်
သိုလှောင်ထားတဲ့ အိပ်မက်ရယ်
ရုတ်တရက် ဂျပိုးတွေ ကိုက်ဖြတ်ခံလိုက်ရတယ်..
မေတ္တာအိတ်တွေ ပေါက်ကုန်ပြီ…
သစ္စာစိတ်တွေ ဖေါက်ကုန်ပြီ ။


ချယ်ရီ…
လျှံကျနေသော နင့်ရဲ့ သံသယတွေအောက်မှာ
ငါလည်း စာမေးပွဲတွေ ပြန်ကျနေခဲ့တာ…
ခံစားချက်တွေ မပါဘဲနဲ့
ငါတို့လက်တွေ ထိခဲ့ကြတယ်…
ဒီအကြောင်းတွေ ညနေတွေလည်း သိခဲ့ရမယ် ။


“နင့်အကြောင်း
မာယာကျမ်းကို ရေးဖို့ဆိုရင်
မျက်ရည်တစ်စက်နဲ့
စာလုံးတစ်လုံးကို
ငါဟာ လဲခဲ့တဲ့ ကောင်ပါ”


သူစိမ်းတွေထက်လည်း
ပို စိမ်းပြီပေါ့ ။
မတော်တဆ ဆိုပေမယ့်
နှလုံးသားရဲ့ အမာရွတ်တွေဟာ
အတွေးနဲ့တိုက်မိတိုင်းလည်း နာနေတုန်း

စကားမပြောလည်း
နင့်အသံတွေ မာနေအုံးမှာ..
ငါ့ကိုဆို ကြာလေမုန်းဆဲလား ။
ကဗျာတွေကိုတော့
နင့်အတွက် ဖြုန်းဆဲပါ.. ချယ်ရီ။


“အကယ်၍ လမ်းခွဲက
သစ်ရွက်ခြောက်တွေ ကြွေတာ
ကဗျာမဆန်ခဲ့ရင်
နင် ဝမ်းမနည်းရအောင်
ငါ သူတို့ကို ကာရံတွေအကြောင်း
တမင် သင်မပေးထားခဲ့တာပေါ့”


နွမ်းဖတ်နေသော
ပန်းကလေးတစ်ပွင့်လို
အဆင်းရနံ့ကင်းတဲ့
ဒီကဗျာလေးကရော
နင့်အတွက် ရယ်စရာလေးတစ်ခုပဲ
ဖြစ်နေမှာလား…
………….
ချယ်ရီ ဖြေပါ။


ဆရာဝန်၏ မှတ်ချက်စကား။ ။ “သူ့စိတ်ဓါတ်မျိုးနဲ့ဆို ဒီရောဂါ တော်ရုံ ဖြစ်ခဲမယ်၊ ဒီလိုဗျ.. စိတ်ဓါတ်ကို အလွှာတွေနဲ့ ခွဲခြားလိုက်မယ်ဆိုရင် အပေါ်ဆုံးအလွှာဟာ အမာဆုံးလို့ ပြောလို့ရတယ်။ အဲဒီ အပေါ်ဆုံးအလွှာရဲ့ အထက်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေ တည်ရှိနေတယ်လေ။ မျှော်လင့်ချက်ဆိုတာမျိုးဟာ တကယ်တော့ ကုန်ဆုံးရက်ရှိတယ်။ အမျိုးအစားနဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့ တစ်ခုနဲ့တစ်ခု သက်တမ်းကွာသွားတာပေါ့။ ပုံမှန်အားဖြင့် ကုန်ဆုံးရက်ပြည့်တဲ့အခါ မျှော်လင့်ချက်တွေဟာ သူ့အလိုလို အငွေ့ပျံ ကွယ်ပျောက်သွားတယ်ဗျ။ ဒါပေမယ့် ဒီကိစ္စမှာ အဲဒီလိုမျိုး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကို မလိုက်နာဘဲနဲ့… ကုန်ဆုံးရက် လွန်သွားသော်ငြားလည်း သူ့မျှော်လင့်ချက်တွေဟာ အငွေ့ပျံတက်သွားခြင်းမရှိဘဲ ကြာလာတာနဲ့အမျှ စိတ်ရဲ့အလွှာတွေထဲ တဖြည်းဖြည်းနဲ့ အရည်ပျော်ကျစိမ့်ဝင်သွားပြီး နောက်ဆုံး စိတ်ဓါတ်အပေါ်ဆုံးအလွှာဟာ ကျွံ့ကျပျက်ဆီးသွားတာပဲ။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သိပ်စွဲလမ်းလွန်းအားကြီးတယ်ပေါ့ဗျာ”

………………………….

အမှန်တော့ အထက်ပါ ကဗျာဟာ အရူးထောင်တစ်ခုမှာ ရောက်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပေါ့။ (ဇာတ်လမ်းပိုပြီး ပေါ်လွင်အောင် သူ့ဒိုင်ယာရီထဲကပဲ စာကြောင်းတစ်ချို့နဲ့ ပေါင်းထားပေးတာပါ။) ချယ်ရီဆိုတာ သူသိပ်ချစ်ခဲ့တဲ့ တစ်ယောက်ထဲသော မိန်းကလေးဖြစ်ဟန်ရှိတယ်။ ရူးနေတဲ့ သူတစ်ယောက်ဟာ ကဗျာရေးနိုင့်ပါမလား ဆိုတာတော့ ခင်များလည်း ကျွန်တော်နဲ့အတူ အံ့သြနိုင်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ လူဆန်ဆန်ရူးသွပ်ကြတယ်။ (ရူးသွပ်သင့်တယ်) ဒါပေမယ့် ဘာကြောင့် တစ်ချို့ကိုမှ ရွေးပြီး အရူးလို့ ခွဲခြားသတ်မှတ်ချင်ကြတာလဲ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဟာ တရားဝင် ရူးခွင့် ရသွားပြီပေါ့။ ကျွန်တော်တို့ကတော့ လူကောင်းယောင်ဆောင်လိုက်၊ တစ်ခါတစ်လေ ခိုးပြီး ရူးလိုက်နဲ့….

မရူးခင်က သူရေးခဲ့တဲ့ ဒိုင်ယာရီ စာကြောင်းလေးနဲ့ပဲ ဤစာကို အဆုံးသတ်ပါရစေ..

တစ်ပွင့်ထဲသော ချယ်ရီလေးပွင့်ဖို့အတွက် ကမ္ဘာတစ်ခြမ်းကို နှင်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆောင်းဥတုတစ်ခုဟာ ကျွန်တော်ပေါ့

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

Wednesday, May 28, 2008

Nargis Cyclone နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော့်ရဲ့ အမြင်တွေ၊ ခံစားချက်တွေကို ကိုယ်စားပြုထားတဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုရဲ့ ရင်ထဲမှာလည်း အဲဒီကဗျာရဲ့ စကားလုံးတွေအတိုင်း ဖြစ်နေမှာပါ။ ကျွန်တော်ကိုယ်တိုင်ရေးထားတာတော့ မဟုတ်ပါဘူး။ ပြန်လည်ဖော်ပြခွင့်ပေးတဲ့ ကိုကောင်းကင်ကိုအား ကျေးဇူးမှတ်တမ်းတင်လျက်....

ဧရာဝတီရဲ့ ရင်သွေးများအတွက်

ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်။
မီးလောင်ရင်တောင် ပြာပုံတော့ကျန်သေးတယ်။
နာဂစ်ရေ
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
မိဘမဲ့ကလေးတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့ 
အပြစ်မဲ့သူတွေ
သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခဟာ ငါတို့ ရဲ့ ဒုက္ခပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အိုစပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှ အားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့  နေရာအနှံ့ မှာ ကိုယ်ချင်းစာတရားကို ကိုးကွယ်တဲ့သူတွေရှိတယ်။
နှလုံးသားလှတဲ့ ကရုဏာလက်ပိုင်ရှင်တွေရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ မရအရ အားထုတ်ပြီး
သင်တို့ ဆီ မရောက်အရောက် ငါတို့ လာခဲ့မယ်။

ကမ္ဘာအရပ်ရပ်က ညီအစ်ကိုတို့ 
နာဂစ်ရဲ့  ရက်စက်လှတဲ့ လက်သီးချက်နဲ့ 
ဧရာဝတီဟာ မရှုမလှ အသက်ငင်နေပြီ။
ညီအစ်ကိုတို့ 
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်ဖို့ အတွက်
စေတနာလိုသလို ပညာလည်းလိုတယ်။
ရေတို အားထုတ်မှုတွေလိုသလို ရေရှည်အားထုတ်မှုတွေလည်းလိုတယ်။

ပြီးတော့ အားလုံးက
အရှိတရားကိုလက်ခံပြီး
အသိတရားနဲ့ လက်မြန်ဖို့ လည်းလိုတယ်။

ကောင်းကင်ကို

မှတ်ချက်။ ။ မူရင်းအတိုင်း ဤနေရာမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Sunday, May 25, 2008

ဒီခေါင်းစဉ်ရဲ့ နာမည်ခွဲဟာ 'စကားပြောသော ကျွန်တော်' လည်း ဖြစ်တယ်။

စိတ်လွှင့်မှုတစ်ခု

လိမ့်ကာလိမ့်ကာနဲ့ စိတ်ဓါတ်လေးတစ်ခု ပြုတ်ကျလာတယ်။ တကယ်ပါ ဒီရက်တွေမှာ အဆင်မပြေပါဘူး။ ခင်များအနေနဲ့ ပေါင်မုန့်ကို တစ်ကိုက် အသားကိုတစ်ကိုက် ကိုက်ရတာ ကြိုက်ချင်ကြိုက်မယ်။ ကျွန်တော်အနေနဲ့တော့ ပေါင်မုန့်ကိုချည်း ကိုက်နေရတယ်။ မစားလို့လည်း မရဘူးလေ၊ အသားက မကျက်တကျက်ဖြစ်နေတာကိုး။ ကြာတော့လည်း အီလည်လည်ကြီးပေါ့ဗျာ၊ ဒါကြောင့် အသားလေး လျှာပေါ်တင်နိုင်မယ့် အချိန်ကို မျှော်နေရတာ.. ပေါင်မုန့်ကြမ်းကြီး ဝါးရင်းပေါ့။ အဆင်ပြေရင် ခင်များအနေနဲ့ လောကဓံကို ကျေးဇူးတင်လို့ရပါတယ်။

ဖတ်ရင်းနဲ့ ဗိုက်ဆာလာပြီလားဗျ။ အကြော်ပန်းကန်ထဲမှာ ခင်များအတွက် မော်ဒန်တစ်ခြမ်းပဲ့ ချန်ထားတယ်၊ အလွမ်းနံ့တော့ နည်းနည်း ညော်ချင်ညော်မယ်ဗျ။ ကျွန်တော်က တစ်ခုခုချက်တိုင်း အဲဒါ အမြဲတမ်းသုံးတာကိုး။ သူက ငရုတ်သီးလိုပဲ။ ထောင်းတဲ့အခါလည်း သတိထားရတယ်၊ မတော်.. မျက်လုံးထဲ ဝင်သွားရင် မျက်ရည်တွေ လည်လာရော… ။ နောက်ပြီး ရေရှည်မှီဝဲတဲ့အခါ ခင်များရဲ့ ကျန်းမာရေးလည်း ထိခိုက်နိုင်တယ်။ ကျွန်တော်တော့ လောလောဆယ် တာဝန်တချို့ ထမ်းဆောင်ရင်း အလွမ်းရှောင်နေသဗျ။

အပေါ်က စကားလုံးတွေကို ဖတ်တတ်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ်။ ဟစ်တလာဆို သေပြီးတဲ့အထိ၊ ‘က’ ကိုတောင် မမြင်ဘူးခဲ့ဘူးလေ။ အဲဒီကိစ္စ.. ကျွန်တော် ဝမ်းနည်းသင့်လား၊ ဝမ်းသာသင့်လားတောင် မခွဲတတ်ဘူးဗျ။ ဖြစ်နိုင်ရင် ခေါင်းထဲက သုညတွေကို နိုင်သလောက် ဆွဲခေါ်သွားကြပါအုံး။ သူငယ်ချင်းတစ်ယောက်က ပြောတော့ သူက ကဗျာတွေ ရေးဖို့ ရည်းစားထားတာတဲ့။ မသိတော့ပါဘူးဗျာ… ရည်းစားတွေရေးဖို့ ကဗျာတွေထားတာလား။ ကဗျာတွေက သူ့ကို ရေးတာလား။ ကဗျာတွေကို ရည်းစားတွေ ထားတာလား။ အဖြေမထုတ်တတ်လို့ စိတ်တွေ ပူကောင်း ပူမယ်။ ဒါဆို ခင်များက နှစ်သိမ့်တဲ့ အနေနဲ့ အိုဇုန်းလွှာကြောင့်ပါလို့ ပြောလိုက်မလားဗျာ။ ဒါထက် ပိုပြီး အိမ်မှာရှိတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စနစ်တကျ စွန့်ပစ်ပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဖြစ်ချင်တာတွေရှိပေမယ့် ဖြစ်သင့်တာတွေထက်ပိုမဖြစ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တာတွေပဲ လုပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လူတွေရဲ့ ကန့်သတ်ချက်နဲ့ သီအိုရီတွေ ဖြစ်တယ်။ မွေးကတည်းက ကျွန်တော်တို့ ခင်များတို့ရဲ့ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်ကို အဲဒီလူတွေဟာ သူတို့ရဲ့ ပုံသေနည်းတွေ အဘိဓါန်တွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေနဲ့ ဘောင်ခတ်လိုက်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း သူတို့လိုပဲ လူ့ဘောင်အဖွဲ့အစည်းထဲက လူတွေဆိုပြီး ဖြစ်လာတယ်။ အဲဒါကြောင့် “ဖြစ်ချင်တယ်” ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ တွေးတတ်သလောက်ပဲ ဖြစ်ခွင့်ရှိတော့တယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်၊ ဆရာဝန်တစ်ဦး၊ ပန်းချီဆရာ၊ ဘုရင်တစ်ပါး၊ ဒါမှမဟုတ်လည်း ခွေးတစ်ယောက်၊ ပန်းချီသမ၊ ဆရာဝန်တစ်ခု၊ ဘုရင်တစ်ကောင်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ အခြေခံအားဖြင့်တော့ ရုပ်မဟုတ်ရင် နာမ်၊ ဒါမှမဟုတ် နှစ်ခုစလုံးပဲ ဖြစ်နေတယ်။ ဒါထက်ပိုပြီး ကျွန်တော်တို့ လူတွေ မတွေးနိုင်ဘူး။ သင်္ချာပညာအရဆိုရင် X-Y ပြင်ညီတစ်ခုလို ဖြစ်မယ်။ ဒါဆိုရင် အရာဝထ္ထုတွေ တိုင်းတာတဲ့အခါ Dimension က ရုပ်ရယ်၊ နာမ်ရယ် နှစ်ခုပဲ ရှိတယ်လို့ ဆိုလိုချင်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ (ကျွန်တော်လောလောဆယ် ကြိုးစားရေးနေတဲ့ အသည်း back-up လုပ်နည်း programတစ်ခုအတွက် ဒီဆိုလိုချက်က အသုံးဝင်ကောင်းဝင်မယ်။ မေးစရာတောင်မလိုပါဘူး၊ ကျွန်တော်တို့အားလုံး အသည်းကွဲခြင်းကို ကြောက်တယ်ဆိုတာ။ ဒါကြောင့် ကျွန်တော်အနေနဲ့ အသည်းမှာ software တစ်ခု တပ်ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အကြောင်းကတော့ ကျွန်တော်ရှေ့ ရေအိုင်ထဲမှာ လရိပ်တွေ ထူထပ်များပြားနေလို့၊ (ဒါမှမဟုတ်လည်း အသည်းကွဲတိုင်း သောက်တဲ့ ကော်ဖီနဲ့ မြည်းစရာ စာအုပ်တွေ ဈေးတက်သွားလို့။) အဲဒီ softwareရဲ့ အလုပ်လုပ်ပုံက အသည်းထဲ ဝင်လာသမျှ ပစ္စည်းတွေ (အချစ်၊ အမုန်း၊ အချို၊ အခါး)မှာ အသည်းခွဲစေနိုင်တဲ့ ဗိုင်းရပ်စ် ပါမပါ စစ်ပေးမယ်လေ။ မသင်္ကာစရာရှိရင် ခင်များကို သတိပေးမှာပေါ့။ အဲဒီအခါ ခင်များအနေနဲ့ အဲဒီပစ္စည်းကို ဝင်ခွင့်(ဗီဇာ)ပိတ်လိုက်လို့ ရမယ်။ ဒါပေမယ့် အသုံးပြုတဲ့အခါ ပုံမှန် သက်တမ်းတိုး (update) လုပ်ပေးဖို့တော့ လိုလိမ့်မယ်.. အကြောင်းက နောက်ဆုံးပေါ် အသည်းခွဲ ဗိုင်းရပ်စ်တွေ နေ့စဉ်နဲ့ အမျှ ပြန့်နှံ့နေလို့ပဲ။)

ကျွန်တော်ဟာ တခါတရံ အချိန်ပိုင်း ကဗျာရေးသူ အလုပ်လည်း လုပ်သေးတယ်ဗျ။ ဒါကြောင့် အဆင်မပြေမှုတွေထဲမှာ ကဗျာရေးတဲ့ အကြောင်းလည်း ပါတယ်။ ကဗျာဆရာတော့ မဟုတ်သေးဘူး။ ဒါဆို ကဗျာရေးသူတစ်ယောက်ရဲ့ ဒုက္ခပေါ့။ (ကျွန်တော့်အတွက်) အဲဒါတွေကတော့ စာရေးစားပွဲမှာ ကဗျာမထွက်ခြင်း၊ ရေးချစရာ မရှိသော အချိန်မှ အိုင်ဒီယာရခြင်း၊ တစ်ခါတစ်ခါဆိုဗျာ အချိန်ကိုက် စာမေးပွဲခန်းထဲမှာ ကဗျာတွေ အတောင့်လိုက်လည်း ထွက်ထွက်ကျ တတ်တယ်၊ ခင်များဆိုရင် ကဗျာတွေ ဆက်တွေးမလား၊ ဒါမှမဟုတ် အဖြေတွေပဲ ရေးချနေမှာလား။ ခက်တာက ကျွန်တော် မှတ်ဥာဏ်လည်း မကောင်းဘူးဗျ။

ရွက်တစ်စင်း လွှင့်တဲ့အခါ ပန်းတိုင်မရောက်ခင် မုန်တိုင်းတွေ၊ ဒီရေတွေ၊ ကျောက်ဆောင်တွေ၊ အတားအဆီးတွေ ရှိတယ်။ စိတ်တစ်ခု လွင့်တဲ့အခါ ရည်မှန်းချက်မရောက်ခင် အဆင်မပြေမှုတွေ၊ အနာတွေ၊ အနှောင့်အယှက်တွေ၊ ပယောဂတွေ၊ ချုပ်နှောင်မှုတွေ ရှိတယ်။ ဒါတွေအားလုံးအတွက် ချုပ်ငြိမ်းဖို့ ထွက်ပေါက်တစ်ခုရဲ့အမည်ကို သေခြင်းလို့ ခေါ်တယ်။ ဖြစ်ပျက်နေတာ အားလုံးဟာလည်း ဝင်သက်ကလေး အထွက်နဲ့ ထွက်သက်ကလေး အဝင်ပါပဲ။

ကျွန်တော်သေတဲ့အခါကျရင် အနာတွေကို မြေမြှုပ်၊ ကဗျာတွေကို အရည်ပြုတ်ရင်း သရဏဂုံနဲ့ အဖြေထုတ်လိုက်ပေါ့။



Free counter and web stats