Monday, July 6, 2009

လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ် (ဇေယျာလင်း)

မနက်ဖြန် (၃)ရက်ဆက် စာမေးပွဲဖြေရမယ်.. ဒါပေမယ့် စာလည်း မလုပ်ဖြစ်ဘူး။ အမှန်တော့ အတန်းကြီးလာလေ စာတွေက များလာလေ မဟုတ်ပါဘူး။ အတန်းကြီးလာလေ စာမလုပ်ချင်လေ ဖြစ်နေတော့။ အမှန်တော့ ဒီက (စင်္ကာပူ) ပညာရေး စနစ်ကို သိပ်ကြိုက်လှတယ် မဟုတ်ဘူး။ (မဆီမဆိုင် အပြစ်တင်) စာအုပ်ထဲက ဟာတွေ အခြေခံပြီး စာမေးပွဲအောင်တယ်ဆိုတဲ့ဟာကြီးကို သိပ်သဘောမတွေ့ပါ။ တက္ကသိုလ်ပညာရေး မရောက်သေးလို့လားတော့ မသိ။ တကယ်ဆို ကျွန်တော်ယူထားတဲ့ ဘာသာရပ်က လက်တွေ့အချိန်ပိုများသင့်တယ်။ ဒါပေမယ့် တစ်ခုရှိတာက အထူးပြုဘာသာရပ်ကလည်း အသစ်ဖြစ်နေတော့ ကိုယ့်အတန်းက အစမ်းသပ်ကြီးလိုများ ဖြစ်နေသလားလို့ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုင်းကို ပြီးခဲ့တဲ့နှစ်ကမှ စခဲ့တာ။ ကျွန်တော်တို့က ဒုတိယမြောက် batch ပေါ့။ ဒါကြောင့် မေးခွန်းဟောင်း လေ့လာစရာလည်း မရှိပါ။
တလောက (ကျုပစ် ဖိုရမ်က ထင်တယ်) ဒေါင်းလာတဲ့ ဇေယျာလင်း ကဗျာစုစည်းမှုလေးကို print ထုတ်၊ ဖတ်ဖြစ်တယ်။ အဲဒီထဲက ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်တင်ဖြစ်ပါတယ်။ လမ်းအိုလေး (http://lanolay.wordpress.com/)က တစ်ဆင့်ကူးယူဖော်ပြထားတာပါ။ ကျွန်တော်လေ့လာချင်နေတဲ့ Post Moderm ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားသူတွေစုပြီး onlineစုရပ်ကလေးတစ်ခုအနေနဲ့ ဘလော့တစ်ခုလောက်လုပ်ရင်ကောင်းမလား စဉ်းစားမိတယ်။ အကယ်၍ မိတ်ဆွေတို့ထဲက စိတ်ဝင်စားတယ်ဆိုရင်လည်း ကျွန်တော့်ကို အသိပေးပါအုံး။ အဲဒီလိုမျိုး မြန်မာ site ရှိတယ်ဆိုရင်လည်း ညွှန်ပြပေးပေါ့။း)


လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်

သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄
ဇေယျာလင်း

Friday, July 3, 2009

3rd June Diary



" ရည်ရွယ်ထားတဲ့ ကဗျာနဲ့ ပန်းတွေ မွှေးပြီဆို..
ငါနဲ့ အလွမ်းတွေလည်း ဝေးပါပြီ
ကောင်မလေးရေ.. "



တစ်နေ့တာကို အချစ်စကားလုံးတွေချည်း သုံးပြီး အဆုံးသတ်လို့..
နောင်လာမယ့် ဒီနေ့များစွာအတွက်တော့ ဒါဟာ အစတစ်ခုသာဖြစ်တယ်..

Thursday, July 2, 2009

2nd July Diary



"စကားလုံးတွေကို နာရီကြည့်တာ သင်ပေးဖို့ ကျွန်တော် မေ့သွားတဲ့အခါ.. ကောင်မလေးတစ်ယောက် ရင်ခုံဖို့ရက်တွေ နောက်ကျသွားတယ်… ဒါပေမယ့်လေ ကင်ဆာဖြစ်နေတဲ့ မျှော်လင့်ချက်လေးနဲ့ ဆွဲမိဆွဲရာ ကောက်ရိုးလေးဆီမှာ မေခလာနတ်သမီး ရောက်နေမယ်ဆိုရင်တော့ အပျံသင်စ အိပ်မက်တွေကို
ကျွန်တော် ရွက်လွှင့်လိုက်တော့မယ်နော်"



Saturday, June 27, 2009

ဟိုး.. ရှေ့ရှေ့တုန်းက

ရိုးသားသူကို ရိုးသားမှုနဲ့
ကဗျာကို ကဗျာနဲ့
ဒီတစ်ကဗျာနဲ့ မလောက်ရင်
နောက်တစ်ကဗျာ ထပ်ဖွင့်လို့
မိုးလင်းတိုင်းမှာ
ဥသြလေးလည်း ဆောင်းဦး
ဖားအော်သံလည်း ဆောင်းဦး
ပြတင်းပေါက်ကိုကျော်ကာ မှတ်ယူလို့
ကိုယ့်အကြောင်း ကိုယ်ပြောရတဲ့အလုပ်
အမုန်းဆုံးဖြစ်ကြောင်း၊
ပြန်ရောက်ရင်လည်း
ပြန်လည် ရောက်ရှိကြောင်း..
ဒါမှမဟုတ်
၁၅ မိနစ်ဟာ ၁၅နှစ်စာ ဖြစ်သွားနိုင်လို့
ပုံမမှန်ဆိုရင်တော့
အရင် ဒီအချိန်
သူ ကိုယ်နဲ့ပေါ့
ကျွန်တော့် လေသံတွေ ပျော့ရမှာ
သူ့ မျက်နှာကြီး မာနေတော့
ပြန်ရောက်တဲ့အခါ
ပဲဟင်းနည်းနည်း၊ ကဗျာနည်းနည်းနဲ့
တို့ရဲ့ သမီးလေးကို
နာမည် ဘယ်လိုပေးရင်ကောင်းမလဲ
ကိုယ်က စတင် စဉ်းစားမိတယ်။



Friday, June 26, 2009

童话 Fairy Tales

စဉ်းစားကြည့်ရင် ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ.. ကျွန်တော် သိပ်သိချင်နေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် ဘာသာပြန်ပေးခဲ့တယ်လေ။ Mail box လေး ဖွင့်ကြည့်တဲ့အခါ၊ သူရဲ့ သေချာစီထားဟန်ရှိတဲ့ အက္ခရာလေးတွေကို တွေ့လိုက်တဲ့အခါ၊ အတိုင်းမသိကြည်နူးမှုတွေနဲ့အတူ ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာကို ရောက်ရှိလို့သွား.. June 24 ဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးတစ်နေ့ပေါ့။




ဒိုင်ယာရီပုံပြင်
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။
ငါ ဘာအမှားများလုပ်မိလို့လဲ..။

ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။


မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်ဆိုတာ ငါယုံပါတယ်..။
မင်းကိုလည်းယုံစေချင်ပါတယ်..။ ။။
...................................................................

童话

忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么

你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了

我愿变成童话
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..

Wednesday, June 24, 2009

ဒေါက် ဒေါက်.. ဒေါက်တာ

နာရေးခေါင်းစဉ်အောက်မှာ
ကိုယ့်နာမည်ကိုယ် ရှာမတွေ့တဲ့အခါတိုင်း
ဒေါက်တာနဲ့ ပတ်သတ်ခွင့်ရသေးတယ်ဆိုပြီး
ပျော်နေသူတစ်ယောက်ဟာ ကျွန်တော်ပါ။
ဒါပေမယ့်လေ
နားကျပ်နဲ့ မရောက်ရှိနိုင်တဲ့ နေရာတွေကျမှ
ဒဏ်ရာတွေက (၃)ရာသီမပြတ် ခိုအောင်းနေလို့
ကျွန်တော် ဘယ်လိုပြောရမလဲဟင်
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
မေ့နေတယ် ဆိုတာထက်
မေ့ချင်ယောင် ဆောင်နေရတာ..
ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတာကို
မေ့မေ့နေတော့ ခက်ပါတယ်။
ကဗျာတွေ ရေးမယ့် လက်မှာ
အနာတွေ ဆေးထည့်စရာကျန်နေသေးလို့ပါ ဒေါက်တာ။
အဖြူအမည်း ဓါတ်မှန်တွေနဲ့ မလုံလောက်တဲ့အခါ
ဟောဒီ ရင်ဘတ်ကို ဖွင့်ကြည့်ကြည့်ပါ ဒေါက်တာ
ဆေးမတိုးတော့တဲ့ ကိုယ့်ကိုယ်ကို
ဒေါက်တာ လက်လျှော့လိုက်မှာ သိပ်စိုးရိမ်မိ။
(ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီးတော့)
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
အပြင်ဘက်က ရေမွှေးနံ့၊ လူဦးရေထူထပ်မှုနဲ့
ကြိုးမဲ့စနစ်တွေကနေ သွေဖယ်လို့
ဒေါက်တာရဲ့ ဆေးပေးခန်းလေးထဲကို
ရောက်ခဲ့ပါမယ်။
ဆေးထိုးအပ်တွေအစား
အကြင်နာအကြည့်တွေသာ များများထိုးသွင်းလိုက်ပါ။

ဒေါက်တာ မှာကြားတဲ့အတိုင်း
မိမိကိုယ်မိမိ ဂရုစိုက်ပါဆိုလို့
ဒီကဗျာလေးကို ရေးမိပါတယ်။
ဒေါက်တာရော
ပေးဆေးစာရင်းမှာ
ဒေါက်တာ့နာမည်ကို ဘယ်တော့ ရေးမလဲ။


Monday, June 22, 2009

ဒီကနေ့ဟာ တစ်နည်းအားဖြင့်

ကြွရောက်လာသော
ကမ္ဘာသူ ကမ္ဘာသားများ (အားလုံး)
မင်္ဂလာပါ..
(လက်ခုပ်သံများ ဗလာဖြင့်)
များမကြာမီ အချိန်အတွင်းမှာ
အခမ်းအနားပြီးဆုံးတော့မည် ဖြစ်ပါသဖြင့်
ကိုယ်စီကိုယ်ငှ နေရာယူပေးကြပါရန်
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်များမှာ
အစီအစဉ်(၁) အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
အစီအစဉ်(၂) ကဗျာဖတ်ခြင်း အလုပ်နှင့်
အစီအစဉ်(၃) အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း
ကြေညာခြင်းတို့ပဲ ဖြစ်ပါတယ်။

ယခုနောက်ဆုံးအစီအစဉ်အရ
ဤအခမ်းအနားကို
အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ကြောင်း
ကြေညာအပ်ပါသည် ခင်များ။

Friday, May 29, 2009

In My Country

In my country they jail you
for what they think you think.
My uncle once said to me:
they'll implant a microchip
in our minds
to flash our thoughts and dreams
on to a screen at John Vorster Square.
I was scared:
by day I guard my tongue
by night my dreams.

Pitika Ntuli (Azania)


Ref: Poetry Book, English In Units, by John G. Fahy

Thursday, May 28, 2009

ချို့တဲ့သွားသော ဘာမထီဓါတ်များကိုယ်စား

ဖြစ်နေကျ၊ မြင်နေကျ၊
သင်နေကျ၊ ပျက်နေကျ၊
ရှိနေကျ ရှိနေကြ..
ဇာတိမပြနဲ့
ငါတို့ လိုက်ခဲ့မယ်။
နီးနီးကပ်ကပ် ရွေးချယ်မှုများ
လောင်းချ၍
ဖော်ပြပါ စကားလုံးများ အပွင့်ကို
မျှော်လင့်၊
ဂဟေဆက်ရာများထဲ
သွေးကြောများစီးနေပုံ ကြည့်မကောင်းပါ။
ပြန်နွှေးစရာ အမေ့ခံများ။
ကျွန်တော်တို့ နေ့ရယ်လို့ပဲ
သတ်သတ်မှတ်မှတ် ပျောက်ဆုံးနေတာ
ဆက်သွယ်မှုဧရိယာပြင်ပမှ
ကန်ချက်တွေ လွဲချော်
လက်မြန်ဖို့မလို၊ လက်ခံဖို့လိုတယ်။
(၂)ခါနာမှာ တွေးကြောက်
ဗလာမပါပါ.. ရွေးပြီးခေါက်မယ့်ပွဲများ။
အကျိုးမှန်း မသိစေချင်လို့ ထိုင်နေသူများထဲ
ငါလည်း ပါဝင်ခဲ့တယ်။
ခန့်နေ

Saturday, May 23, 2009

ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ

ဆရာဇေယျာလင်းရဲ့ ကဗျာဘဝ ရှာတော်ပုံ စာအုပ်ထဲက ကျွန်တော် ကြိုက်မိတဲ့ ဆောင်းပါလေးတစ်ပုဒ်ပါ။ အမှန်တော့ ကြိုက်မိတာ အများကြီးပါပဲ။ အခုတလော ကျောင်းစာတွေ များလာလို့ ကဗျာတွေလုပ်ဖို့လည်း သိပ်စိတ်မပါတာနဲ့ ဒီစာလေးကိုတောင် ပြန်စီတာ (၁၀)ရက်လောက် ရေးမှပြီးတော့တယ်။ နောင်လည်း အဲဒီထဲက ဆောင်းပါလေးတွေ အလျင်းသင့်သလို တင်သွားမှာပါ။ Copyright ဘာညာ ကန့်ကွက်မှု ရှိရင်တော့ ကျွန်တော် ပြန်ဖြုတ်ပေးပါ့မယ်။ နားမလည်ဘူးဆိုတဲ့ ကိစ္စတစ်ချို့အတွက် ဒီဆောင်းပါတွေဟာ “ကူးတို့”ကို အရောက် မဟုတ်ရင်တောင် ကမ်းစပ်ကနေတော့ ခွာပေးနိုင်ပါလိမ့်မယ်။
x x x

ကဗျာကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားကြည့်တာပါ။ ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ ချက်ပြုတ်စားသောက်ခြင်းနယ်ပယ်ကလာတဲ့ စကားလုံးနှစ်လုံးဖြစ်ပါတယ်။ ချက်လို့ကျက်ပြီ။ ကျက်တော့ စားလို့ရပြီပေါ့။ အဲသလို အလိုက်သင့် ခူးခပ်ယူငင် ကိုက်စားဝါးချေ စားသောက်ပစ်လို့ရတဲ့ ကဗျာနဲ့ သားစိမ်း၊ ငါးစိမ်းကို မချက်ရသေးတဲ့ အစိမ်းသက်သက်မို့ စားသောက်လို့မရသေးတဲ့ ကဗျာ။ ကျက်တဲ့ကဗျာ (စားသုံးရန် အဆင်သင့်) နဲ့ စိမ်းတဲ့ ကဗျာ (စားသုံးလို့ မရသေး၊ ချက်ဖို့ လိုသေး)။ ဒီလို အကြမ်းဖျင်းခွဲကြည့်ကြပါစို့။
ကျက်တဲ့ကဗျာတွေဟာ အလွယ်တကူဖတ်၊ အလွယ်တကူ နားလည်၊ အလွယ်တကူ ရှင်းလင်းပြလို့ရတဲ့ ကဗျာအမျိုးအစားပေါ့။ ဒီနေ့ မဂ္ဂဇင်းတွေမှာ အများဆုံးတွေ့ရတဲ့ ကဗျာတွေပေါ့။

တစ်ပုဒ်ပြီးတစ်ပုဒ်လှန်ဖတ်သွားလို့ရတယ်။ ဖတ်ပြီ အဲဒီမှာ ပြီးတယ်။ သြော်.. ဒီလိုကိုး.. အင်း.. ဟုတ်ပေတာပဲ.. ကဲ.. လာ.. နောက်တစ်ပုဒ်။ ဒီမှာ ကျွန်တော် အဆိုပါ ကဗျာတွေကို ကောင်းခြင်း၊ ညံ့ခြင်း တန်ဖိုးဖြတ်တဲ့သဘောနဲ့ ပြောတာ လုံးလုံးမဟုတ်ပါ။ ကဗျာနှစ်မျိုး နှစ်စားရှိတယ်ဆိုတဲ့ ကွဲပြားတဲ့သဘောကိုပဲ ပြောလိုတာဖြစ်ပြီး အဲသလိုပဲ ပြောတာ၊ ပြောမှာ ဖြစ်ပါတယ်။

ကျက်တဲ့ကဗျာတွေကို ကဗျာဖတ်သူအများစုက ကြိုက်နှစ်သက်ကြတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကဗျာဖတ်သူအများစု မဟုတ်ရင်တောင်မှဗျာ၊ မဂ္ဂဇင်းတစ်စောင်စောင်ထဲဖော်ပြခွင့်ပြုတဲ့ ကဗျာရွေးချယ် တာဝန်ခံအယ်ဒီတာရဲ့ အကြိုက်တော့ဖြစ်မှာပါပဲ။ သူကြိုက်လို့ သူရွေးတာကိုး။ သူရွေးမှ အများစာဖတ်ပရိတ်သတ်က ဖတ်ရတာကိုး။ သူ ဘာစံနဲ့ပဲရွေးရွေး၊ သူ ကြိုက်သလို စာဖတ်သူတွေလည်း ကြိုက်ကြမှာပဲဆိုတဲ့ အသိ၊ ဒါမှမဟုတ် ဆန္ဒတစ်ခုခုကတော့ သူ့ရွေးချယ်ရေး အတွေးလမ်းကြောင်းရဲ့ တစ်ထောင့်၊ တစ်နေရာမှာတော့ ပါကောင်းပါရှိနိုင်ပါတယ်။ အဲတော့ ကျက်တဲ့ကဗျာအမျိုးအစားဟာ မဂ္ဂဇင်းစာတွေပေါ်မှာ ပါခွင့်ပိုရသလို အများဖတ်ဖို့လည်း ပိုနီးစပ်လာပြီး ဒီကဗျာ အမျိုးအစား ပါဖန်များလေ၊ ဒီကဗျာအမျိုးအစားဟာ “စံ”တစ်ခုလိုလိုဖြစ်လာလေ၊ အများကလည်း ဒီအမျိုးအစားပိုပဲ ဖတ်ရလေ၊ ကဗျာဆိုတာ ဒီကဗျာအမျိုးအစားပဲလို့လည်း ထင်မြင်လက်ခံယုံကြည်လာလေဖြစ်ပါတယ်။

စိမ်းတဲ့ကဗျာကတော့ ဒီလိုဘဝမျိုးမရောက်ရရှာဘူး။ စိမ်းတဲ့ကဗျာ တော်တော်များများဟာ ကျက်တဲ့ကဗျာလွှမ်းမိုးထားတဲ့ ကဗျာလေးကနဲ့လည်း သူစိမ်းတရံစာ ဖြစ်နေတတ်ကြပါတယ်။ စိမ်းတဲ့ကဗျာအမျိုးအစားဟာ ကျက်တဲ့ကဗျာအမျိုးအစားနဲ့ အဓိက ဘာကွာသလဲဆိုတော့ အလွယ်တကူယူငင်စားသုံးလို့ မရေခြင်းပါပဲ။ ဒီမှာ သတိချပ်ရမှာက စိမ်းတဲ့ကဗျာဟာလည်း ကဗျာအမျိုးအစားတစ်ခုဖြစ်တယ် ဆိုတာပါပဲ။ ကျက်တဲ့ ကဗျာနဲ့ပဲ ရင်းနှီးတဲ့ အမြင်ဘက်ကကြည့်ရင် ကျက်တဲ့ကဗျာမှ ကဗျာ၊ ကျက်တဲ့ကဗျာမဟုတ်ရင် ကဗျာမဟုတ်ဘူးဆိုတဲ့ မျက်စိတစ်ဖက်လပ်၊ ကျန်တဲ့တစ်ဖက် အစွဲတိမ်ဖိုးမပြင်မျိုးဖြစ်သွားဖို့ သိပ်နီးစပ်ပါတယ်။ အထက်ကပြောခဲ့သလို စိမ်းတဲ့ကဗျာဟာ အလွယ်တကူယူငင်စားသုံးမရတဲ့ ကဗျာမျိုးဖြစ်တယ်ဆိုတော့ ဘာကြောင့်များပါလိမ့်လို့ စဉ်းစာ(ချင်သူတွေအတွက်) စဉ်းစားစရာ ဖြစ်လာပါတယ်။ ခုန စကားပဲ ပြန်ကောက်ပါရစေ။ “အလွယ်တကူ ယူငင်စားသုံးလို့ မရခြင်း” ဆိုလိုတာက အလွယ်တကူဖတ်ယူခြင်း၊ အလွယ်တကူ နားမလည်နိုင်ခြင်း၊ အလွယ်တကူ စကားပြေအဓိပ္ပါယ်မမြန်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ အလွယ်တကူနားလည်နိုင်တဲ့ကဗျာ ဖတ်ကျင့်များလာတော့ အလွယ်တကူဖတ်မရတဲ့ ကဗျာကို ဖတ်ဖို့ စိတ်ထဲက ငြင်းဆန်တွန့်ဆုတ်လာပါတော့တယ်။ အကျင့်ကိုး။ အကျင့်ဆိုတာ ဖျက်ရခက်တယ်လို့ လူကြီးတွေ ပြောကြတာပါပဲ။ ကဗျာဖတ်ကျင့်။ ကဗျာက သူ့ကိုဘယ်လိုဖတ်ရမယ်လို့ သင်ပေးလိုက်တဲ့အကျင့်။ ဟုတ်ပါတယ်၊ ကဗျာဖတ်ကျင့်ကို ကဗျာကပဲ သင်ပေးတာ ဖြစ်ပါတယ်။ ပန်းချီ “ဖတ်”ကျင့်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။ အဲတော့ ရှိရင်းစွဲကဗျာဖတ်ကျင့်နဲ့ ချဉ်းကပ်ကိုင်တွယ်လို့မရတဲံ ကဗျာအမျိုးအစားတွေ့ရင် အပြုသဘောနဲ့ မမြင်ဘဲ အဆိုးမြင်သဘောစွဲကပ်ပါတော့တယ်။ အလွယ်တကူ စားသုံးလို့ မရတဲ့ ကဗျာကို အလွယ်တကူ အလွယ်တကူစာသုံးမရလေခြင်းလို့ အပြစ်တွေ တန်းတင်ပါတော့တယ်။ ဒါပေမယ့် မေ့နေကြတာက နံပါတ်တစ်၊ အခုဖတ်နေတဲ့ ကျက်တဲ့ကဗျာတွေဟာ တစ်ချိန်က စိမ်းတဲ့ကဗျာတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီတော့ အခုကျက်တဲ့ကဗျာတွေကို လွှင့်ပစ်လိုက်ကြသလား၊ ဖတ်ကျင့်ကို ပြင်လာကြတာလား။ မေးကြည့်ပါလေ၊ စာဖတ်သူကိုယ်တိုင်က အစ။ ပြောကြည့်ပါလေ။ ကဗျာဖတ်သူ အခြားတစ်ယောက်ယောက်နဲ့ သုံးသပ်ကြည့်ပါလေ၊ ကဗျာဖတ်ကျင့် ဘယ်ကရ။

နံပါတ်နှစ်။ မိမိရဲ့ကဗျာဖတ်ကျင့်ဟာ မွေးလာကတည်းက ပါလာတာမဟုတ်ပါဘူး။ လူဖြစ်ခြင်းကိစ္စတော်တော်များများလိုပဲ အချိန်ယူ၊ သင်ခန်းစာယူ၊ အတွေ့အကြုံယူပြီး ဖတ်ကျင့်ကိုတည်ဆောက်လာရတာ ဖြစ်ပါတယ်။ ဒီတည်ဆောက်မှုဟာလည်း စစချင်း ရှင်းရှင်းလင်းလင်း ယုံယုံကြည်ကြည် တည်ဆောက်လာခဲ့ရတာမဟုတ်ဘဲ အသိတွင်း ဝိရောဓိတွေနဲ့ လုံးထွေးရုံးကန်ပြီးမှ တစ်စတစ်စ ဖြစ်တည်လာတဲ့ တည်ဆောက်မှုမျိုးပါပဲ။ ဘုရားပြီး ငြမ်းဖျက်လိုက်တဲ့အတွက် အဲဒီဘုရားဟာ မိုးပေါ်ကပဲ ကျလာသလို၊ နဂိုကတည်းက “သဘာဝ”အတိုင်း ရှိလာသလို၊ ကိုယ်ကိုယ်တိုင်ဟာ ဥာဏ်ကြီးသခင်မို့လို့ ပါရမီစူးရောက်စွာရရှိလာသလိုလို လိုလို လိုလို။ ဘုရားမပြောပါနဲ့ဦး၊ ငြမ်းကိုပဲ ပြောကြပါစို့။ အဲဒီငြမ်းကို ဘာနဲ့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ ယနေ့အကျက်ကဗျာတွေ မဖတ်ဖူးတဲ့ အထက်တန်းစာမေးပွဲအောင် လူငယ်လေးတစ်ယောက်အတွက် အကျက်ကဗျာဟာလည်း အစိမ်းကဗျာပါပဲ။ အဲဒီအစိမ်းကို သူ အကျက်ဘယ်လို လုပ်ယူသလဲ။ အဲဒီအစိမ်းကဗျာကို သူဘယ်လို ချက်ပြုတ်နားလည်းယူသလဲ။ ကဗျာဖတ်တတ်ခြင်းဟာ ဖတ်ကျင့်တည်ဆောက်မှုရဲ့ ရလဒ်ပါပဲ။

နံပါတ်သုံး။ အကျက်ကဗျာက ချက်ပြုတ်ပြီးသားဖြစ်တဲ့အတွက် ဖတ်သူက ဘာမှပြုပြင်စရာမလိုဘဲ ကောက်ယူစားသုံးလိုက်ရုံပါပဲ။ စိမ်းတဲ့ကဗျာကတော့ ဖတ်သူကို အလုပ်ပေးပါတော့တယ်။ ဖတ်သူကို ချက်ပြုတ်ခိုင်းပါတော့တယ်။ ချက်ပြုတ်တတ်သလို၊ ချက်ပြုတ်တတ်သလောက် ချက်ပြုတ်ခိုင်ပါတော့တယ်။ သူစားချင်ရင် သူကိုယ်တိုင်ချက်။ စားကောင်းခြင်း၊ မကောင်းခြင်း၊ အရသာတွေ့ခြင်း၊ မတွေ့ခြင်းဟာ သူ ချက်ပြုတ်မှုအတိုင်းအတာပဲပေါ့။ စိတ်ဝင်စားရင် အခြားဖတ်သူတို့ ဘယ်လိုချက်ပြုတ်ကြသလဲ မေးမြန်းစုံစမ်း၊ နည်းယူဖလှယ်၊ လိုအပ်တဲ့ အချို၊ အချဉ်၊ အငံ၊ အစပ် ဘယ်ကနေရာမှာ ဘယ်လိုဘယ်လောက်ထည့်မလဲ။ ထည့်သလဲ။

ကဗျာဖတ်ခြင်းဟာ ဖြစ်စဉ်ကြီးတစ်ခု Process ဖြစ်ပါတယ်။ ရရှိတဲ့ရလဒ် Product မဟုတ်ပါဘူး။ ဘာဖြစ်စဉ်ကြီးလဲ ဆိုတော့ မသိမှုကို သိမှုရတဲ့ လူသားရဲ့သိမှု တည်ဆောက်မှု ဖြစ်စဉ်ကြီးပါပဲ။ ဒီဖြစ်စဉ်ကြီးထဲမှာ အစိမ်းတွေကို အကျက်လုပ်ရတာပါပဲ။ ဒါဟာ စဉ်းစားဆင်ခြင်ခြင်းအလုပ်၊ လေ့လာသင်ယူခြင်းအလုပ်၊ ဥာဏ်ပညာနယ်ပယ်ချဲ့ထွင်ရေးအလုပ်။ သိမှုတည်ဆောက်ခြင်းဟာ ဘဝတည်ဆောက်ခြင်းဖြစ်သလို ယဉ်ကျေးမှုတည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ အစိမ်းတွေကို အကျက်မလုပ်ခဲ့ရင် ယနေ့လူသားကမ္ဘာဟာ ယနေ့အဆင့်အထိရောက်လာနိုင်ပါမလား။ နည်းနည်းပါးပါးဖြစ်ဖြစ် စဉ်းစားနေစရာပေါ့နော်။

သိမှုတည်ဆောက်မှုဟာ ဖြစ်စဉ်ကြီးတစ်ခုဖြစ်တဲ့အတွက် ရပ်တန့်နေလို့မရသလို ရပ်တန့်နေမှာလည်း မဟုတ်ပါူဘူး။ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှာ ကျောက်ချထားရရင်လည်း အခြားတစ်ထောင့်ထောင့် တစ်နေရာရာက ရတဲ့နည်းနဲ့ ဆက်တိုးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအတွက် သိမှုလုံလောက်ပြီဆိုပြီး တင်းတိမ်ရောင့်ရဲလိုက်ရင် မိမိကိုယ်တိုင်ရဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ဟာ ရပ်တန့်သွားပြီး မိမိရဲ့ သိမှုဟာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသလို မိမိဟာလည်း လျှပ်စစ်မီးလင်းထိန်နေတဲ့ ဂူထဲမှာ ခပ်တည်တည် ဟန်ကျပန်ကျ ရောက်ရှိနေမှာ သေချာပါတယ်။ Hello, Mr-Caveman … မင်္ဂလာပါ။ ဂူအောင်ပုဂ္ဂိုလ်ကြီးငဲ့။
ကဗျာဖတ်ခြင်းဆိုတဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ကြီးထဲမှာ ဖတ်ကျင့်ဟာ အရေးကြီးပါတယ်။ Reading habit ပေါ့နော်။ သိပ္ပံပညာမှာ ခိုင်မာတယ်ဆိုတဲ့ သီအိုရီဟာ သူ့ကို ချေဖျက်မယ့်တွေ့ရှိချက်အသစ် မပေါ်သေးလို့ပါပဲ။ ပေါ်လာတာနဲ့အမျှ စဉ်းစားဆုံးဖြတ်ရပါတော့တယ်။ လှုပ်လာတဲ့ သီအိုရီကို ရမိရရာနဲ့ အပြေးအလွှား ကျားကန်မလား၊ မူလီစုပ်မလား။ သိမှုနဲ့ သိမှုငြမ်းတွေ ပြင်မလား။ သီအိုရီသစ်၊ သိမှုသစ်ကို တည်ဆောက်မလား။ တိကျမှုပေါ် အခြေခံရတဲ့ သိပ္ပံပညာမှာတောင် Uncertainty Principle ဆိုတဲ့ မသေချာ၊ မရေရာခြင်းမှုဟာ အသေအချာရှိနေမှတော့ အနုပညာမှာလည်း ဒါမှ အနုပညာ၊ ဒါမှ ကဗျာလို့ ကန့်သတ်ထားလို့ မရပါဘူး။ ကျောက်ချထားလို့ မရပါဘူး။ ကျောက်ချထားမှ လုံခြုံမယ်ထင်ရင်လည်း သဘောပေါ့။ တားမြစ်စရာအကြောင်း မရှိပါဘူး။

အဲတော့ စိမ်းတဲ့ကဗျာဟာ ကျက်တဲ့ ကဗျာပဲ ဖတ်နေကျအတိုင်း ဖတ်တတ်တဲ့ ဖတ်သူကို အမြဲစိမ်ခေါ်နေမှာ ဖြစ်ပါတယ်။ သူမေးမယ့် မေးခွန်းကတော့ ရိုးရိုးလေးရယ်ပါ။ “ခင်များ နေသာထိုင်သာရှိတဲ့ ကဗျာစာသား Poem ပေါ်မှာ နေထိုင်မလား။ ခင်များဟာ ကဗျာချစ်သူလား ကဗျာအနုပညာကို ချစ်သူလား။ ခင်များရဲ့ ကဗျာသိမှု တတ်မှုဟာ ရပ်တန့်နေပြီလား” ။ ဖတ်သူရဲ့ သိမှုတည်ဆောက်မှု တစ်ခုလုံးကို စိမ်ခေါ်ခြိမ်းခြောက်သလို လမ်းပွင့်ပေးဖို့ လက်ကမ်းပေးနေတာဟာ စိမ်းတဲ့ ကဗျာပါပဲ။

ကျွန်တော်တို့အားလုံး စိမ်းတဲ့ ကဗျာထဲက ထွက်လာကြပြီး ကျက်တဲ့ကဗျာထဲ ရောက်နေကြပါပြီ။ ဒါပေမယ့် စိမ်းတဲ့ကဗျာသစ်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံတဲ့ ကျက်တဲ့ကဗျာအိမ်ကလေးမှာ တံခါး လာခေါက်နေပြီပေါ့။ ။

၁၈၊ နိုဝင်ဘာ ၂၀၀၅

Tuesday, May 12, 2009

ရည်ရွယ်သူ မင်းသမီးသို့ ရူးသွပ်ခြင်း (၂)


နေ့သစ်တွေ (၁)ရက်တိုးတိုင်း
တို့လက်ချောင်းတွေ
တစ်ချက်ချိုးလို့
သံယောဇဉ်တို့ကို ဆက်ပျိုးစို့ချစ်သူ


တစ်နေ့တစ်လံနဲ့ ငါ့အကြံတွေရယ်
မနှေး၊ အမှန်ပဲ
မင်းသဏ္ဌာန်လေးတွေထံ ပြန်နီးကပ်ဖို့
အမြန်နီးမယ့်ရက်တို့ကိုလည်း
ဖန်တီးကြစို့နော် ချစ်သူ..


မျက်နှာတွေ သစ်လိုက်တိုင်း
မနက်တွေ..
ဝတ်လိုက်တဲ့ ဖိနပ်တွေတိုင်းဟာ
တို့အကွာအဝေးကို ချုပ်မယ့်
အပ်တွေလည်း ဖြစ်တယ် ချစ်သူ..


လွမ်းစရာ..
အတူလျှောက်ဖူးတဲ့ လမ်းတွေလည်း မရှိလို့
အတိတ်ရဲ့မနက်ဖြန်တွေလို
စိတ်ရဲ့ စနက်တံတွေတိုင်းမှာလည်း
တာရှည်ခံဆေးတွေ အနှံ့နဲ့ပါ... ချစ်သူ..


message တစ်စောင်ကို
တစ်စောင်ပြန်လို့
Google ငှက်ကလေးရဲ့
အတောင်ပံတွေနားရာ
ချက်တင် ပြတင်းဝလေးဟာလည်း
မင်းရဲ့ သတင်းအစလေးတွေ
မေးရာနေရာလေးပေါ့။


စောစောထတဲ့ ငှက်ကလေးတွေဟာ
အစာရတတ်ကြတဲ့အတိုင်း
မင်းလေးရှိရာ အိပ်မက်တွေထဲ ဝင်ဖို့
ညတိုင်း အိပ်ယာစောစောပြင်လို့နေခဲ့မိတယ်..


အို ဘုရားသခင်
ကြားချင်တဲ့ သူ့အသံလေးရယ်
ပါးပြင်နဲ့ သူ့ဟန်လေးရယ်..
ဒီည အိပ်မက်တွေထဲဝင်လာဖို့
အကြွင်းမဲ့ ခွင့်ပြုလို့
မကြာ၊ မနှေး
နှစ်ယောက်သောကြားမှ
အကွာအဝေးများကို
အကြွေးထားခွင့်အားလည်း
ပေးသနားလင့်တော်မူပါ။

........................................................................

ကျွန်တော် အရင်က ရေးနေကြ ပုံစံနဲ့ ပြန်ရေးကြည့်တာပါ..
ရေးချိန်မှာ အသက် (၂၀)ထဲ.. ဒါပေမယ့် ကဗျာထဲကအတွေးတွေကတော့ ၁၅နှစ်သားတစ်ယောက်ထက် မပိုဘူးထင်ရဲ့။
နောက်ဆုံးအပိုဒ်လေးက ရေးခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲကပဲ ကူးယူထားတာဖြစ်ပြီးတော့
ခေါင်းစဉ်ရဲ့ နံပါတ်တစ်ကလည်း ပုံပြင်တစ်ပုဒ်ပါပဲ။
ချစ်သောသူနဲ့ ကွေကွင်းသောဆင်းရဲမှ လွတ်မြောက်ကြပါစေ..

Monday, May 11, 2009

ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ကိုနေမျိုးစေးရဲ့ သီချင်းဟောင်းလေးတစ်ပုဒ် ပါ.. အယ်နှောင်းက လွှမ်းမိုး အမှတ်တရ (၂)မှာ ပြန်ဆိုထားတယ်.. စာသားလေးတွေက သိပ်ဆွဲဆောင်မှုရှိပြီး၊ နှစ်သက်မိလို့ ဆယ်တန်းပြီးတဲ့ အချိန်တုန်းက အဆောင်ရှေ့မှာ သွားဟဲနေကျ သီချင်းလေးပေါ့..
ဂန္တဝင်ဆန်တယ်လို့ခေါ်မလား.. ညဖက် ဘာမှမလုပ်ဘဲ.. တစ်ယောက်ထဲ အာရုံစိုက် နားထောင်နေရတဲ့ အရသာလေးကလည်း မိုက်တယ်.. စာသားလေးတွေကတော့ သီချင်းနားထောင်ရင်း ပြန်ရေးထားတာဖြစ်လို့.. လိုနေရင် ဖြည့်ပေးပါဗျာ.. (း


ကြယ်ကြွေညတိုင်း ဆုတောင်းမယ်

ညဉ့်သန်းခေါင်ယံ.. လေပြေညင်းကြောင့်..
မျောလွင့်သွားတဲ့ လရောင်တန်းရဲ့ တစ်ဒေသကို
အနန္တတံတိုင်း.. ပရဝဏ်အထိ..
အာရုံဖြန့်လို့ စိတ်တွေ လွင့်လွင့် လိုက်ရှာနေရင်း...
ကြယ်တွေကြားမှာ ယဉ်ယဉ်လေးနဲ့ လှတဲ့ မင်းကို
မျှော်လင့်မထားဘဲ တွေ့လိုက်တယ်..

နူးညံ့တိမ်ယံ.. ထာဝရလင်းတဲ့..
ကြယ်စင်မိုးနဲ့ ညစောင်တန်းရဲ့ ထိပ်ထားထံ..
မျှော်ရီမှန်း.. ရင်ခွင်လမ်းက..
ငုံစင်ပန်းမို့.. မေတ္တာကြိုးယှက်..
ပန်းဖောင်ဖွဲ့ရင်း..
ပန်လိုစိတ်သာ.. ရင်မှာအပြည့်နဲ့ ဆက်သလိုက်တယ်..
ယူခါ နမ်းခိုက်၊ ပန်းပွင့်စေ...

စွဲငြိကာရံ.. သာယာခြင်းရဲ့
ရင်ခုံစည်းချက် ယစ်ထုံလွှမ်းတဲ့ သခင်မထံ
ဝသုန်ရီဆောင်း.. ငူသည်အထိ..
သံစဉ်ဖို့လို့ ညှို့ငင်လွမ်းချင်း..
ဆွေးသီနေရင်း..
တိုင်တည်သစ္စာ.. ရွှေတော်နားရောက် ကြူးရင့်လိုက်တယ်
အာကာတစ်သောင်းအထိ ပျံ့လွင့်မယ်..

ရင့်ကျက်အိနြေ္ဒ၊ ထယ်ဝါခြင်းရဲ့...
ဂုဏ်သတင်းနဲ့ မွှေးထုံသင်းတဲ့ အချစ်ဆုံးထံ..
အိပ်မက်အလွမ်း...ထောင်ချီကို..
အသည်းနဲ့ရင်းလို့..ဦးကိုညွှတ်လျက်..
အလွမ်းလွှင့်တင်ရင်း.....
ဆုံနိုင်ဖို့ကို...
ရင်မှာတမ်းတ၊ မှန်းဆရင်းနဲ့..

ကြယ်ကြွေညတိုင်း..ဆုတောင်းမယ်..


Free counter and web stats