Tuesday, August 4, 2009

အခုတလော ရောက်တတ်ရာရာများ

ကျွန်တော်လည်း ပိုစ့်တွေ ကောင်ကောင်းမတင်တာကြာပြီ.. လာလည်နေကျ သူငယ်ချင်းတွေကို အားနာမိပါတယ်.. အခုတလော ဘာတွေလုပ်နေလဲ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့လည်း ဘာမှကို မယ်မယ်ရရ လုပ်နေတာလည်း မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ပြောင်းတာပဲ.. (၃)ရက်လောက်တော့ ကြာသွားတယ် ပစ္စည်းရွှေ့နေတာနဲ့ တင်.. သောကြာနေ့ စာမေးပွဲတစ်ခုရယ်၊ စနေနေ့ နှုတ်ဖြေစာမေးပွဲရယ် ရှိပါအုံးမယ်..
ပြီးခဲ့တဲ့ weekends တုန်းကတော့ ရှေ့က ပိုစ့်မှာ ကြော်ငြာထားတဲ့ Singapore Poly ရဲ့ နှောင်းနွေဆုံမှတ်ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တဲ့ ပထမနှစ်ကတည်းက SP ပွဲကို ကြည့်ဖြစ်တာပါ. အရင်နှစ်ကတော့ စာမေးပွဲနဲ့ ကပ်နေတာနဲ့ မသွားဖြစ်လိုက်ဘူး.. အခုတစ်ခေါက်တော့ နည်းနည်းလေး ကွာသေးတာနဲ့ (ကွာချင်ယောင်ဆောင်ပြီး) ကြည့်ဖြစ်ပါတယ်။ ပွဲကို အကြောင်းပြုပြီး မတွေ့တာကြာပြီဖြစ်တဲ့ Blogger တွေရော၊ မတွေ့ဖူးသေးတဲ့ Blogger တွေနဲ့ပါ ဆုံခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဝေဖန်ရေး ဘာညာတော့ ကျွန်တော်လည်း သိပ်မလုပ်တတ်လို့.. ယေဘုယျအားဖြင့်ဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ ပွဲတစ်ပွဲပါပဲ။ Foreigner တွေ မြန်မာလို ဆိုတာ၊ ကတာ တွေ့ရတော့ ကိုယ့် Culture ကိုယ်ဂုဏ်ယူစိတ်လို့ပဲ ပြောရမလား..
စိတ်ထဲ ဖြစ်မိတယ်။ နောက်တစ်ခု ကျွန်တော် သတိထားမိထားမိသလောက် SPရဲ့ အငြိမ့်တွေမှာ (အခုနောက်ပိုင်း အငြိမ့်အများစုမှာ အသုံးများတဲ့) ခါးအောက်ပိုင်းပြက်လုံးတွေ ပါလေ့မရှိပါဘူး။ ကျွန်တော် လေးစားနှစ်သက်မိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီးတော့တော့.. ရေးဖြစ်တဲ့ကဗျာတွေကို သိပ်မကြိုက်တာကြောင့် မတင်ဖြစ်တာပါ။ ဒါပေမယ့် စာဖတ်သူအနေနဲ့ ပုံမှန်တော့ လည်ဖြစ်ပါတယ်.. ကဗျာ၊ စာကောင်းတွေ ဖတ်ရတိုင်းလည်း ဖန်တီးသူများကို အားကျကျေးဇူးတင်မိတယ်။
အားလုံး အဆင်ပြေကြပါစေ..

Tuesday, July 28, 2009

Singapore Polytechincs ရဲ့ နွေထဲက နှောင်းဆုံမှတ်

စင်္ကာပူမှာရှိတဲ့ Singapore Polytechnics မြန်မာကျောင်းသားများ တင်ဆက်ကပြမယ့် “နှောင်းနွေဆုံမှတ်” Stage Performance များကို အခုလာမယ့် သြဂုတ်လ (၂)ရက်နေ့ Polytechnics ရဲ့ Convention Centre မှာ ပြုလုပ်မှာဖြစ်ပါတယ်။ စင်္ကာပူက ရွှေမြန်မာတို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါ၏ ခင်မျ။ လက်မှတ်ဈေးများကတော့ S$9 နဲ့ S$12 ဖြစ်ပြီး ညစာအတွက် လက်သုပ်ပုဝါ.. အဲလေ.. နတ်သုဒ္ဓါ၊ အအေးနဲ့ အချိုပွဲလည်း ပါမှာမလို့ ..

နေရာ။ ။ Singapore Polytechincs, Convention Centre (Dover MRT)
အချိန်။ ။ 2.00 pm to 7.00 pm
ရက်စွဲ။ ။ August 2, 2009
ဆက်သွယ်ရန်။ ။ ရဲမာန် - ၉၁၉၁ ၄၈၇၉

Monday, July 20, 2009

The Pen Story

Olympus Camera ရဲ့ ideaကောင်းနဲ့ ကြော်ငြာလေးတစ်ခုပါ.. ဒါမျိုးကို တစ်ခါက MTV ပုံစံမျိုးလည်းကြည့်ဖူးတယ်.. အဲဒီတုန်းကတော့ Background က အသေထင်တယ်.. ဒီတစ်ခုကတော့ Background ပါလိုက်ပြောင်းနေတယ်..



This is the PEN Story in stop motion. We shot 60.000 pictures, developed 9.600 prints and shot over 1.800 pictures again. No post production! Thanks to all the stop motion artists who inspired us. We hope you enjoy :-)

Free download of the music at http://olympus.eu/penstory/

Friday, July 17, 2009

ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့

ဒီဆောင်းပါးကို ဆရာသစ္စာနီ ရေးခဲ့တာပါ။ တကယ်တော့ ဒီဆောင်းပါးဟာ သူ့မတိုင်ခင် ဆရာရေးခဲ့တဲ့ ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ (မျက်မှောက်ခေတ် မြန်မာကဗျာလေ့လာချက်)ရဲ့ အဆက်ဖြစ်ပါတယ်။ အဲဒီအထဲက အငြင်းပွားစရာ၊ နားမလည်နိုင်စရာ (ဆရာတင်ပြခဲ့တဲ့) အချက်အလက်တစ်ချို့ကို ပြန်လည်ရှင်းလင်းချက်လည်း ဖြစ်ပါတယ်။ အဲဒီ ဗဟုကဗျာရေစီး ဆောင်းပါးကိုတော့ ကျွန်တော် ပထမဆုံးဖတ်ဖူးတာ ကိုညိမ်းညိုဘလော့မှာပါ။ နောက်တော့ ဆရာသစ္စာနီရဲ့ မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု စာအုပ်မှာ ထပ်တွေ့ပြီး၊ သူ့နောက် ကပ်လျက်မှာတော့ အခုဖော်ပြမယ့်ဆောင်းပါး ပါရှိခဲ့ပါတယ်။ ပထမဆောင်းပါးကို အရင်ဖတ်ချင်တယ်ဆိုရင်တော့ ကိုညိမ်းညိုရဲ့ ဟောဒီစာမျက်နှာ မှာ လေ့လာနိုင်ပါတယ်။
......................................................................
ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့

၂၀၀၃ မတ်လက ဟန်သစ်မဂ္ဂဇင်းမှာ “ဗဟုကဗျာရေစီးနှင့် မော်ဒန်ဝဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိတယ်။ တကယ်တော့ ဆောင်းပါးအဖြစ် ဖော်ပြဖို့ ရည်ရွယ်ခဲ့တာတော့မဟုတ်ပါဘူး။ အဲဒီကာလတစ်ဝိုက်က ရန်ကုန်မှာ ကဗျာဝပ်ရှော့ကလေးတွေ လစဉ်လောက်လုပ်ဖြစ်နေတဲ့ အုပ်စုရှိတယ်။ မင်းထက်မောင်၊ ခင်အောင်အေး၊ ဇေယျာလင်း၊ စန်းဦး၊ ငြိဏ်းဝေ စသဖြင့်ပေါ့လေ။ အဲဒီလူတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်တစ်ဆက် (ဆယ်စုနှစ်တစ်ခု)ခြားတဲ့ လူငယ်တွေ။ ကဗျာကို စွဲမြဲယုံကြည်ပြီး၊ ထဲထဲဝင်ဝင် ရှိသင့်သလောက်ရှိတဲ့သူတွေ။ အဲဒါနဲ့ အဲဒီမှာဖတ်ဖို့ ခုနစာတမ်းကို ရေးပေးလိုက်တာပဲ။ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး။ စာတမ်းပါ အချက်အလက်တွေဟာ ကျွန်တော် (ဘာ)ဆိုချင်တယ်ဆိုတာ ရှင်းပြစရာမလိုဘဲ သဘောပေါက်နိုင်တဲ့ ဓါတ်ခံရှိတဲ့ လူတွေချည်းကိုး။

ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်းဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ အဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။

၁။ ကဗျာမဆန်ရဘူး
(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)
ကဗျာဟာ ကဗျာမဆန်ရဘူးပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်)ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ)တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ အခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိကလက္ခဏာတစ်ရပ်အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော်အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။
နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသားကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင်ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။

၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်)လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက်ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။

၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)
ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘောလက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။

၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)
အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေးအကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။

၅။ ရိုးသားရမယ်
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)
ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။ (လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွားအဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။
ဥပမာ သူ့ကဗျာတစ်ပုဒ်ထဲမှာ ပါတယ်။ အမေစိုက်ထားတဲ့ “ဗုဒ္ဓံသရဏံပန်းများ” ခြံရိုးမှာ လန်းဆန်းလျက်။
ချိမ့်ကြီး ငယ်ငယ်က နေခဲ့တဲ့အိမ်မှာ ခြံရိုးရှိမရှိ။ သူ့အမေကလည်း တကယ်ဗုဒ္ဓံသရဏံပန်းပင်တွေ စိုက် မစိုက်၊ ကျွန်တော် မသိ။ သိဖို့လည်း မလို၊ ကဗျာရေးသူ တကယ်သိစေချင်တာက (ကျွန်တော် သိတာကတော့) ခြံရိုးနဲ့ ဗုဒ္ဓံသရဏံပန်းများရဲ့ ဆင့်ပွား အဓိပ္ပါယ်ပဲ။

၆။ သစ်လွင်ရမယ်
(မဲပြာပုဆိုး မဖြစ်ရဘူး)
ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။

၇။ ဣနြေ္ဒရှိရမယ်
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)
အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)

၈။ ခွန်အားရှိရမယ်
ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။

၉။ တီထွင်မှု ရှိရမယ်
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)
ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား”က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။

၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ်
(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)
ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီနဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ်ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ်ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။

၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ် (ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ ပြောခဲ့တော့ အတော်အသင့် ပြည့်စုံမယ် ထင်ပါတယ်။

၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်
ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။

၁၃။ ကာလနဲ့ ဒေသသဘောဟာ ကင်းလွတ်နေရမယ်
ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။ ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သစ္စာနီ
(မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု)
......................................................................

မှတ်ချက်။ ။ဆောင်းပါးထဲက အင်တာနက် လင့်ခ်တစ်ခုကို ကျွန်တော် ရှာမတွေ့ဘူး။ ရှာကြည့်တဲ့အခါ အနီးစပ်ဆုံး www.foreverspace.com.mm ကိုပဲ တွေ့ပါတယ်။ နောက်ပြီး ဆရာရည်ညွှန်းထားတဲ့ (ဆရာအောင်ဝေးနဲ့ ဆရာအောင်ချိမ့်တို့) ကဗျာတွေကို လေ့လာနိုင်အောင် တစ်ခါတည်း တွဲတင်ပေးချင်ပေမယ့် ရှာမတွေ့ပြန်ပါဘူး။ နောင်ရှာလို့ တွေ့တဲ့အခါကျရင်တော့ ပြန်တင်ပေးပါ့မယ်။
ဟန်သစ်မဂ္ဂဇင်းဆိုတော့ အချိန်အားဖြင့်တော့ ဒီဆောင်းပါးဟာ ၁၀နှစ်လောက် ကြာခဲ့ပြီဆိုတာတော့ သတိချပ်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆရာရဲ့ အချက်အလက်တော်တော်များများကို လက်ခံမိတယ်။
ဆရာစိုင်းဝင်းမြင့်ရဲ့ စကားလေးကို ငှားရမ်းပြင်ဆင်ပြီးပြောရရင်တော့ ချစ်သော မြန်မာဘလော့ဂါ ကဗျာရေစီးသို့” ပေါ့။

62th Anniversary of Martyr Day




ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး



Image Credit to: THMM + NNT

Monday, July 6, 2009

လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ် (ဇေယျာလင်း)

မနက်ဖြန် (၃)ရက်ဆက် စာမေးပွဲဖြေရမယ်.. ဒါပေမယ့် စာလည်း မလုပ်ဖြစ်ဘူး။ အမှန်တော့ အတန်းကြီးလာလေ စာတွေက များလာလေ မဟုတ်ပါဘူး။ အတန်းကြီးလာလေ စာမလုပ်ချင်လေ ဖြစ်နေတော့။ အမှန်တော့ ဒီက (စင်္ကာပူ) ပညာရေး စနစ်ကို သိပ်ကြိုက်လှတယ် မဟုတ်ဘူး။ (မဆီမဆိုင် အပြစ်တင်) စာအုပ်ထဲက ဟာတွေ အခြေခံပြီး စာမေးပွဲအောင်တယ်ဆိုတဲ့ဟာကြီးကို သိပ်သဘောမတွေ့ပါ။ တက္ကသိုလ်ပညာရေး မရောက်သေးလို့လားတော့ မသိ။ တကယ်ဆို ကျွန်တော်ယူထားတဲ့ ဘာသာရပ်က လက်တွေ့အချိန်ပိုများသင့်တယ်။ ဒါပေမယ့် တစ်ခုရှိတာက အထူးပြုဘာသာရပ်ကလည်း အသစ်ဖြစ်နေတော့ ကိုယ့်အတန်းက အစမ်းသပ်ကြီးလိုများ ဖြစ်နေသလားလို့ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုင်းကို ပြီးခဲ့တဲ့နှစ်ကမှ စခဲ့တာ။ ကျွန်တော်တို့က ဒုတိယမြောက် batch ပေါ့။ ဒါကြောင့် မေးခွန်းဟောင်း လေ့လာစရာလည်း မရှိပါ။
တလောက (ကျုပစ် ဖိုရမ်က ထင်တယ်) ဒေါင်းလာတဲ့ ဇေယျာလင်း ကဗျာစုစည်းမှုလေးကို print ထုတ်၊ ဖတ်ဖြစ်တယ်။ အဲဒီထဲက ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်တင်ဖြစ်ပါတယ်။ လမ်းအိုလေး (http://lanolay.wordpress.com/)က တစ်ဆင့်ကူးယူဖော်ပြထားတာပါ။ ကျွန်တော်လေ့လာချင်နေတဲ့ Post Moderm ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားသူတွေစုပြီး onlineစုရပ်ကလေးတစ်ခုအနေနဲ့ ဘလော့တစ်ခုလောက်လုပ်ရင်ကောင်းမလား စဉ်းစားမိတယ်။ အကယ်၍ မိတ်ဆွေတို့ထဲက စိတ်ဝင်စားတယ်ဆိုရင်လည်း ကျွန်တော့်ကို အသိပေးပါအုံး။ အဲဒီလိုမျိုး မြန်မာ site ရှိတယ်ဆိုရင်လည်း ညွှန်ပြပေးပေါ့။း)


လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်

သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄
ဇေယျာလင်း

Friday, July 3, 2009

3rd June Diary



" ရည်ရွယ်ထားတဲ့ ကဗျာနဲ့ ပန်းတွေ မွှေးပြီဆို..
ငါနဲ့ အလွမ်းတွေလည်း ဝေးပါပြီ
ကောင်မလေးရေ.. "



တစ်နေ့တာကို အချစ်စကားလုံးတွေချည်း သုံးပြီး အဆုံးသတ်လို့..
နောင်လာမယ့် ဒီနေ့များစွာအတွက်တော့ ဒါဟာ အစတစ်ခုသာဖြစ်တယ်..

Thursday, July 2, 2009

2nd July Diary



"စကားလုံးတွေကို နာရီကြည့်တာ သင်ပေးဖို့ ကျွန်တော် မေ့သွားတဲ့အခါ.. ကောင်မလေးတစ်ယောက် ရင်ခုံဖို့ရက်တွေ နောက်ကျသွားတယ်… ဒါပေမယ့်လေ ကင်ဆာဖြစ်နေတဲ့ မျှော်လင့်ချက်လေးနဲ့ ဆွဲမိဆွဲရာ ကောက်ရိုးလေးဆီမှာ မေခလာနတ်သမီး ရောက်နေမယ်ဆိုရင်တော့ အပျံသင်စ အိပ်မက်တွေကို
ကျွန်တော် ရွက်လွှင့်လိုက်တော့မယ်နော်"



Saturday, June 27, 2009

ဟိုး.. ရှေ့ရှေ့တုန်းက

ရိုးသားသူကို ရိုးသားမှုနဲ့
ကဗျာကို ကဗျာနဲ့
ဒီတစ်ကဗျာနဲ့ မလောက်ရင်
နောက်တစ်ကဗျာ ထပ်ဖွင့်လို့
မိုးလင်းတိုင်းမှာ
ဥသြလေးလည်း ဆောင်းဦး
ဖားအော်သံလည်း ဆောင်းဦး
ပြတင်းပေါက်ကိုကျော်ကာ မှတ်ယူလို့
ကိုယ့်အကြောင်း ကိုယ်ပြောရတဲ့အလုပ်
အမုန်းဆုံးဖြစ်ကြောင်း၊
ပြန်ရောက်ရင်လည်း
ပြန်လည် ရောက်ရှိကြောင်း..
ဒါမှမဟုတ်
၁၅ မိနစ်ဟာ ၁၅နှစ်စာ ဖြစ်သွားနိုင်လို့
ပုံမမှန်ဆိုရင်တော့
အရင် ဒီအချိန်
သူ ကိုယ်နဲ့ပေါ့
ကျွန်တော့် လေသံတွေ ပျော့ရမှာ
သူ့ မျက်နှာကြီး မာနေတော့
ပြန်ရောက်တဲ့အခါ
ပဲဟင်းနည်းနည်း၊ ကဗျာနည်းနည်းနဲ့
တို့ရဲ့ သမီးလေးကို
နာမည် ဘယ်လိုပေးရင်ကောင်းမလဲ
ကိုယ်က စတင် စဉ်းစားမိတယ်။



Friday, June 26, 2009

童话 Fairy Tales

စဉ်းစားကြည့်ရင် ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ.. ကျွန်တော် သိပ်သိချင်နေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် ဘာသာပြန်ပေးခဲ့တယ်လေ။ Mail box လေး ဖွင့်ကြည့်တဲ့အခါ၊ သူရဲ့ သေချာစီထားဟန်ရှိတဲ့ အက္ခရာလေးတွေကို တွေ့လိုက်တဲ့အခါ၊ အတိုင်းမသိကြည်နူးမှုတွေနဲ့အတူ ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာကို ရောက်ရှိလို့သွား.. June 24 ဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးတစ်နေ့ပေါ့။




ဒိုင်ယာရီပုံပြင်
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။
ငါ ဘာအမှားများလုပ်မိလို့လဲ..။

ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။


မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်ဆိုတာ ငါယုံပါတယ်..။
မင်းကိုလည်းယုံစေချင်ပါတယ်..။ ။။
...................................................................

童话

忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么

你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了

我愿变成童话
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..

Wednesday, June 24, 2009

ဒေါက် ဒေါက်.. ဒေါက်တာ

နာရေးခေါင်းစဉ်အောက်မှာ
ကိုယ့်နာမည်ကိုယ် ရှာမတွေ့တဲ့အခါတိုင်း
ဒေါက်တာနဲ့ ပတ်သတ်ခွင့်ရသေးတယ်ဆိုပြီး
ပျော်နေသူတစ်ယောက်ဟာ ကျွန်တော်ပါ။
ဒါပေမယ့်လေ
နားကျပ်နဲ့ မရောက်ရှိနိုင်တဲ့ နေရာတွေကျမှ
ဒဏ်ရာတွေက (၃)ရာသီမပြတ် ခိုအောင်းနေလို့
ကျွန်တော် ဘယ်လိုပြောရမလဲဟင်
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
မေ့နေတယ် ဆိုတာထက်
မေ့ချင်ယောင် ဆောင်နေရတာ..
ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတာကို
မေ့မေ့နေတော့ ခက်ပါတယ်။
ကဗျာတွေ ရေးမယ့် လက်မှာ
အနာတွေ ဆေးထည့်စရာကျန်နေသေးလို့ပါ ဒေါက်တာ။
အဖြူအမည်း ဓါတ်မှန်တွေနဲ့ မလုံလောက်တဲ့အခါ
ဟောဒီ ရင်ဘတ်ကို ဖွင့်ကြည့်ကြည့်ပါ ဒေါက်တာ
ဆေးမတိုးတော့တဲ့ ကိုယ့်ကိုယ်ကို
ဒေါက်တာ လက်လျှော့လိုက်မှာ သိပ်စိုးရိမ်မိ။
(ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီးတော့)
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
အပြင်ဘက်က ရေမွှေးနံ့၊ လူဦးရေထူထပ်မှုနဲ့
ကြိုးမဲ့စနစ်တွေကနေ သွေဖယ်လို့
ဒေါက်တာရဲ့ ဆေးပေးခန်းလေးထဲကို
ရောက်ခဲ့ပါမယ်။
ဆေးထိုးအပ်တွေအစား
အကြင်နာအကြည့်တွေသာ များများထိုးသွင်းလိုက်ပါ။

ဒေါက်တာ မှာကြားတဲ့အတိုင်း
မိမိကိုယ်မိမိ ဂရုစိုက်ပါဆိုလို့
ဒီကဗျာလေးကို ရေးမိပါတယ်။
ဒေါက်တာရော
ပေးဆေးစာရင်းမှာ
ဒေါက်တာ့နာမည်ကို ဘယ်တော့ ရေးမလဲ။


Monday, June 22, 2009

ဒီကနေ့ဟာ တစ်နည်းအားဖြင့်

ကြွရောက်လာသော
ကမ္ဘာသူ ကမ္ဘာသားများ (အားလုံး)
မင်္ဂလာပါ..
(လက်ခုပ်သံများ ဗလာဖြင့်)
များမကြာမီ အချိန်အတွင်းမှာ
အခမ်းအနားပြီးဆုံးတော့မည် ဖြစ်ပါသဖြင့်
ကိုယ်စီကိုယ်ငှ နေရာယူပေးကြပါရန်
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်များမှာ
အစီအစဉ်(၁) အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
အစီအစဉ်(၂) ကဗျာဖတ်ခြင်း အလုပ်နှင့်
အစီအစဉ်(၃) အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း
ကြေညာခြင်းတို့ပဲ ဖြစ်ပါတယ်။

ယခုနောက်ဆုံးအစီအစဉ်အရ
ဤအခမ်းအနားကို
အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ကြောင်း
ကြေညာအပ်ပါသည် ခင်များ။
Free counter and web stats