Sunday, October 23, 2011
Diary 23 10 2011
ဒီနေ့ ကျွန်တော့် ပထမဆုံး video projectတစ်ခု အပြီးသတ်မယ့်နေ့မှာပဲ မနက်နိုးနိုးချင်း အဖွားဆုံးတဲ့ သတင်းကို ကြားတယ်။ နောက် သတိရချိန်ကျ ကျွန်တော် တက္ကသိုလ်ထဲမှာ ကင်မရာကိုင်လျက်သား၊ လမ်းတောက်လျောက် ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ shootingကို ဖျက်ချင်တာပေါ့။ ဒါမယ့် သူငယ်ချင်း ၂ယောက်ကို ငဲ့တယ်။ ဘယ်တုန်းကမှ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာနဲ့ ကျွန်တော်ဟာ အမြဲလက်ပွန်တသီး။ ကျောင်းထဲမှာ သူငယ်ချင်းတွေကို တွေ့မလား.. ကျွန်တော် လိုက်ရှာနေမိတယ်.. တယ်လီဖုန်းမျက်နှာပေါ်က နာမည်တွေတစ်ခုချင်းကြည့် ပြီး ဘယ်သူ့ကို ပြောပြရင်ကောင်းမလဲ ကျွန်တော် စဉ်းစားတယ်။ ဘယ်သူမှ မရှိဘူး။ ကျောင်းဆရာပြောဖူးတဲ့ စကားတွေ ကျွန်တော် ပြန်ကြားတယ်။ ပီမို့ အဖေဆုံးတုန်းက စာသားတွေ ကျွန်တော့် စိတ်ထဲဝင်လာတယ်။ တယ်လီဖုန်းလိုင်းတွေဟာ သတင်းဆိုးတွေကို သယ်လာမှန်း ကျွန်တော် တကယ်မသိခဲ့ဘူး။ အဖွားဟာ ငြိမ်းချမ်းနေမှာ.. လွန်ခဲ့တဲ့ တစ်ပတ်က ဖုန်းဆက်တော့ အသံတွေ ဖျော့နေတယ်.. ဘာမှမလိုချင်ပါဘူး ကွယ်.. ဒီမှာလည်း အကုန်ရနိုင်ပါတယ်.. ကျွန်တော် ပြန်ကြားတယ်.. သူကြိုးစားပြီး ဟန်လုပ်ပြောနေတာ ကျွန်တော် သိခဲ့တယ်.. ကျွန်တော့်ရဲ့ မျက်လုံးတွေ.. ကျွန်တော် လူမှန်းသိစအရွယ်ကတည်းက ဆေးမျိုးစုံကို နေ့တိုင်းမပျက် သူသောက်နေရတယ်။ ဆေးတွေနဲ့ နှစ်(၂၀)ကို သူထိန်းခဲ့တယ်.. ကျွန်တော် ဒိုင်ယာရီထဲမှာ ရေးတယ်.. သူ့ဘဝဟာ မချိုဘဲ မလိုတဲ့ သွေးထဲမှာမှ အချိုဓါတ်တွေ စုတဲ့သူလို့။ သူဘာဖြစ်ချင်တယ်ဆိုတာ ဘယ်တော့မှ သူမပြောခဲ့ဘူး။ နောက်ဆုံးအချိန်မှာ သူ့ကလေးတွေ မပြေလည်တာကို စဉ်းစားမိသွားရင် သူ သိပ်ထိခိုက်ခဲ့မှာပဲ။ ကျွန်တော် တစ်လမ်းလုံး ရေငတ်တယ်.. ဘတ်စ်ကားတွေ စီးတယ်.. ကဗျာဆရာ လှသန်းဆုံးတာ ကျောင်းဆရာပြောလို့ သိရတယ်။ ကိုဖြိုးဝေကြီးနဲ့ ကျွန်တော် ဟိုရောက် ဒီရောက်တွေ လျှောက်ပြောခဲ့တယ်။ ကျွန်တော် လမ်းတလျှောက် အသိတစ်ယောက်မှ မတွေ့ ဘူး။ တွေ့ ချင်လား မတွေ့ ချင်လား ကျွန်တော် မဝေကွဲဘူး။ ပူဆွေးသောကဆိုတာလည်း မျှဝေခံစားတယ်ဆိုတာထက် တစ်တိုင်ကနေ တစ်တိုင်ကူး လောင်ကျွမ်းတာလို့ပဲ ကျွန်တော် မြင်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မကူးစေချင်ဘူး။ အဖွားဟာ ဘယ်သူ့ကိုမှ သူ့အပူတွေ အကူးမခံခဲ့ဘူး။ နောက်ဆုံး သူငြိမ်းသွားချိန်မှ ကျွန်တော်တို့ ပူခဲ့ရကောင်းမှန်းသိတယ်။..
Labels:
Diary
Thursday, October 20, 2011
ရပ်နေတဲ့ ညနေ
အနားကအနာမှာ
ဘာသာစကားတွေ ချိန်း(ဆို)သွားတယ်
ခန္ဓာမှာသက်ရောက်နေပြီးဖြစ်တဲ့ သြဇာဓါတ်
ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက်
သူ ကုန်သွားတယ်
ဝိုင်ခွက်ချင်း တိုက်မိသံတွေမှာ
ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ
တကယ်တော့ ဘယ်ရယ်လို့ မှတ်မှတ်ရရ
ချရေးလိုက်နိုင်ဖို့က
(ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ)
ဆက်သွယ်လျှပ်ကူးမှုကြီးကို အားပြုရ
လူကြိုက်အောင် ပိန်းမှ လူပြိန်းကြိုက်တာမျိုးတွေပဲ
ဟိုတုန်းကလို ဆိုရင်တော့
တစ်ညလောက် အဖေလွှတ်ပေးထားလိုက်ရင်ပဲ
နောက်တစ်နေ့ မနက်ဟာ
ကမ္ဘာဦးမှတ်တိုင်ကို ပြန်ရောက်တယ်
သူကအမေး ငါကအဖြေ
အနည်းဆုံးတော့ သူမ သင်ယူခဲ့တယ်
မတွေ့တာကြာပြီကို လက်ခံပေမယ့်
နေကောင်းလားကို တွေးကြည့်ရတာ..
x x x x မလွယ်။
ခေါက်ရှာငှက်တွေကို မမြင်ဖူးသူရဲ့
သဘောထားဆိုင်ရာ ပြဿဒါးတွေမှာလို
ဆက်ပြောရရင်
အရူးမတတ်သူဟာ အရူးမှန်း သိသာနေသလို။
ခန့်နေ
Labels:
ကဗျာ
Thursday, March 24, 2011
ငှက်လေးသို့ နှုတ်ဆက်
ငါ- "ငှက်ကလေးရေ ပျံ/ပြန်ပါ
သည်တောအုပ်ဟာ
မင်းအတွက်
သစ်ရွက်ခြောက်တွေ ကြွေဖို့ရာ"
(ဒီလိုနဲ့ တောအုပ်ကြီးဟာ လည်ပြန်လှည့်ရင်း
ငှက်ကလေးအပျံကို လှမ်းကြည့်လိုက်ချိန်မှာ-
ဘယ်ခေတ် ဘယ်အခါကတည်းက ရှိနေမှန်းမသိတဲ့
မျက်ရည်တွေဟာ စမ်းချောင်းတွေအဖြစ်နဲ့
ငှက်ကလေးရဲ့ နောက်ကို လိုက်လံစီးဆင်းရန်)
-ကဗျာ စဝင်လာ-
လက်တွေဟာ
ဘယ်လောက်ကြာကြာများ
ဆက်လက်ဝှေ့ရမ်းနိုင်အုံးမှာလဲ
ခေတ်အဆက်ဆက်ရဲ့
နတ်ဘုရားတွေဟာ စောင့်ကြည့်နေပါမတဲ့
အိပ်ပျော်ဝင်စမှသည်
အချိန်အတော်ကြာသည့်တိုင်
ငါပဲ သစ်ပင်
ငါပဲ တောမီး ဖြစ်ခဲ့ပုံ၊ ဖြစ်နေပုံ-
နောက်ပြီး
ဟောဒီကျွန်းမြို့လေးရဲ့
မြောက်ဖက်မြစ်ရိုးတလျှောက်
တညီတညာထဲ
လိုက်ဆိုနေကြတာက
“အလွမ်းဟာ ဆေးစက်ကျရာ
ငရဲထင်စေသား”တဲ့။ခန့်နေ
Labels:
ကဗျာ
Saturday, March 5, 2011
အက်ရှင်မင်းသား
ဆေးရုံက ဆင်းတော့
ငါ့နောက်ယောင်ခံလိုက်လာတဲ့ ကောင်ဟာ
လူဆိုးလား လူကောင်းလားလည်း မသိရ
ရေချိုးနေတဲ့ ငါ့အခန်းဆီကို
ချဉ်းနှင်းဝင်ရောက်လာတဲ့အခါ
ဒေါက်တာဖြစ်ပြီး
သေနတ်ပစ်ကောင်းနေတာလည်း
လူနာတွေကို ညာသလိုများ ဖြစ်သွားသလား
ဒရမ်မာမှာ နည်းနည်းအက်ရှင်ဆန်သွားတာက
သိတယ်မလား.. ငါကလည်း နည်းနည်းထိုးလိုက် သတ်လိုက်ရမှ
ကျေနပ်တဲ့ကောင်ဆိုတော့
အဓိကက ပထမဆုံးတစ်ချက်မှာ ကိုယ်ဦးဖို့ပဲတဲ့
အခြေအနေမဟန်ရင် ငါ့သွေးသောက်ညီအစ်ကိုတွေ
ရောက်လာလိမ့်မယ်.. (ဟန်းဖုန်းနှိပ်စရာမလို)
ဒီမင်းသမီး အပြောင်းအလဲမြန်ပုံကလည်း
အပြင်က ငါ့ရည်းစားစိတ်ဆတ်ပုံနဲ့များ ကွာပါ့
ပြောရင်း ဆိုရင်း တံခါးဝမှာ ခြေသံကြားတယ်၊
ဖွင့်မပေးဖို့ ပိဟိုးကနေတောင်သွားမကြည့်မိဖို့၊
သူတို့က သေနတ်နဲ့ တေ့ထားမှာကို ငါ ကြိုသိနေတဲ့အကြောင်း၊
မလိုအပ်ရင် မင်းသမီးကို မသေစေချင်ကြောင်း၊
ဘာမှ မကြောက်နဲ့ သိလား..
ကိုယ်ရှိတယ်ဆိုပြီး
သူ့လက်ကို ကိုင် ပြေးမယ်လုပ်တော့
အေးစက်နေတာဟာ ငါ့လက်တွေပဲ..။ခန့်နေ
Labels:
ကဗျာ
Thursday, January 13, 2011
မမနန်စီ
ဧရာဝတီရဲ့ ဟိုးတစ်ဖက်ကမ်း တောင်တန်းတွေမှာ မိုးရိပ်မိုးစတွေ လှမ်းမြင်နေရပေမယ့်..
ဒီဖက်မှာတော့ တိမ်လိပ်တိမ်ယောင်တွေ ကင်းစင်သား..
အဲ့နေ့က မမနန်စီနဲ့ ကျွန်တော် စကားတွေ တပြောပြောနဲ့ မြင်းလှည်းလေးကို စီးလို့။
အာမိုကီယို လမ်းတစ်လျှောက်မှာပေါ့။ မမနန်စီက သူ့ ဆံပင်တွေကို တစ်ဖတ်သတ်ပြီး ညာဖက်ပုခုံးရှေ့ ဝှိက်ချထားတယ်။ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက်၊ သူ့အသွင်အပြင်ဟာ ကျော့ရှင်းလို့၊ ဒါပေမယ့်လို့ ကျွန်တော်က အခုမှ အပြင်မှာ သူ့ကို စမြင်ဖူးတာ။ သူ့အသံလေးကလည်း ညင်သာလို့၊ ကျွန်တော့်မှာ ကျောသပ်ပေးခံနေရတဲ့ ကြောင်းလေးတစ်ပိုင်းကို ဖြစ်လို့။ မမနန်စီအကြောင်း ပြောရင် သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေဟာလည်း မပါမဖြစ်ပေါ့။ (သူ့နဲ့ စကားပြောတဲ့အခါ အဲဒီမျက်လုံးကြီးတွေကို တတ်နိုင်သမျှ မကြည့်ရဲဘူး၊ စကားပေါ်အာရုံမရောက်မှာစိုးလို့။) နောက်ပြီး သူစီးနေကျ ကြံရည်ရောင်သဲကြိုး အောက်ခံအနက်နဲ့ ဖိနပ်လေး။ နေ့လည်စာတူတူစားတုန်းကတောင် သူ့ပန်းကန်ထဲ မကုန်တဲ့ အသားတုန်းလေးကို ကျွန်တော်ငေးကြည့်ပြီး “မမနန်စီတော့ ရုပ်ဆိုးကြီးနဲ့ ရတော့မှာပဲ”လို့ ကျွန်တော် မစမိခဲ့ဘူး။ မမနန်စီကတော့ ကျွန်တော့်ကို စကားသိပ်နည်းတယ်လို့ ထင်နေမှာပဲ။ တကယ်တော့ ပြောစရာတွေက အများကြီးရယ်၊ ပြောမထွက်တာရယ်သာ။
ဒီလိုနဲ့ မြင်းလှည်းလေးဟာ အာမိုကီယိုလမ်းမကြီးကနေ ခွဲထွက်လို့ နီညိုရောင်လမ်းလေးထဲ ရောက်လာတယ်။
လမ်းနာမည်ကိုတော့ ကျွန်တော် မေ့နေဆို၊ မမနန်စီက စကားတွေကောင်းနေတာကိုး။ တောအုပ်လေးတစ်ခု ရံထားတဲ့ လမ်းဘေးမှာက ကျောက်စရစ်ခဲပုံတွေနဲ့။ ကျွန်တော်မှာလည်း အဲဒီ ကျောက်စရစ်ခဲပုံတွေမြင်ရင် လည်ချောင်းထဲ နင်နင်လာသလို ခံစားရတယ်။ ဒီလိုနဲ့ ကျွန်တော် တံတွေးတွေမျိုချလိုက်၊ စကားဖောင်တွေ ကြိုးစားဖွဲ့လိုက်နဲ့၊ ကျွန်တော့် ပုံဟာ သက်တောင့်သက်သာတော့ တယ်မရှိလှဘူး။ အဲ့ကြောင့် မေးပြီးသားတွေလည်း ပြန်ပြန်မေးနေမိတယ် ထင်ပါရဲ့။ အရေးထဲ လမ်းမညီတာကြောင့် မြင်းလှည်းကလည်း ခုန်ချည်းနေတော့ကာ စကောထဲ ထည့်လှိမ့်ခံထားရတဲ့ ဇီးဖြူသီးလေးကို ဖြစ်လို့။ မမနန်စီကတော့ သူတို့မြို့မှာ စီးနေကျမလို့လားမသိ၊ သူ့အတွက်တော့ အလိုက်သတင့်နဲ့ သက်တောင့် သက်သာရှိလှတယ်။
ကျွန်တော်လည်း မှတ်မိသလောက် ဟာသလေးတွေ၊ ခေါင်းထဲပေါ်လာသမျှအကြောင်းလေးတွေနဲ့ စီရင်းကုံးရင်း၊ တောင်ပတ်လမ်းရဲ့ တစ်နေရာ စေတီလေးတစ်ခုနားရောက်တော့ မမနန်စီကို မေးလိုက်တယ်။
“မမနန်စီ.. ချမ်းနေရင် အနွေးထည်ဝတ်ထားလေ”
“ရှင်.. ကျွန်မ မချမ်းပါဘူး၊ ဒါနဲ့ ရှင် လူမှားနေပြီထင်တယ်၊ ကျွန်မ နန်စီမဟုတ်ဘူး”
“ဟုတ်ပါတယ်ဗျာ.. မမနန်စီမှ မမနန်စီအစစ်ပါ။ ကျွန်တော် မမှားပါဘူး။”
“မဟုတ်ရပါရှင်”
“ဟုတ်ပါတယ် မမနန်စီရယ်.. ဘာလဲ.. မမနန်စီက ကျွန်တော့်ကို မကလို့ ကိုယ့်ကိုယ်ကိုယ်တောင် နာမည် မေ့သွားတာလား”..ခန့်နေ
Thursday, January 6, 2011
မစ်စ်ကောလ်
အဲဒီညတုန်းက စာကြည့်တိုက်ထဲမှာပေါ့၊ ညစာလည်း မရှိ၊ တယ်လီဖုန်းလည်း မရ၊
ခန့်နေ
ဘေးမှာက Yပုံသဏ္ဍန်သစ်ပင်တွေ၊ အဝေးကလာနေသူ ကမ္ဘာမကြေသီချင်း၊
နောက်ပြီး လေတိုက်တဲ့အခါ ဘီယာဘူးခွံသံတွေ၊ ကျွန်တော်တို့လည်း ဘာဘာညာညာ
မတ်တပ်ထရပ်၊ ရာစုနှစ်အတော်အတန် ကြာတဲ့အထိပဲ၊ မတော်တဆပဲ ဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊
ရေလို လေလို နှင်းဆီလို ဘဝကိုရနိုးနိုး ရှိုက်မိရင်းက တစ်စုံတစ်ယောက်ဟာ..
တိတိပပ ဖော်ပြရရင်တော့ မေးခွန်းမေးဖို့ တစ်စုံတစ်ယောက်ဟာ၊ အမြဲလိုလို ကျွန်တော်တို့ထဲမှာ
ရှိနေတတ်တာ၊ ချောင်းဆိုးပျောက် ဆေးပုလင်းများစွာ၊ သစ်သားမီးခြစ်တွေနဲ့၊ မော်နီတာ ဖန်သားပြင်တွေ၊
တစ်ယောက်ကို တစ်ယောက်က လေးစားသမှုတွေ၊ ပါးစပ်တွေနား သကြားရောက်လာတဲ့အခါ
ပုရွက်ဆိတ်တွေ ထွက်လာပြီး၊ ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ လိုရင်လိုသလို အချိန်းအချက်ပြု၊ အသီးအပွင့်တွေနဲ့အတူ၊
ဒါတွေအားလုံးဟာ နောင်လာမယ့်တွေဆီ (ဘာဆိုဘာမှ) သေနေမှာချင်း အတူတူ၊
ဒဏ်ရာသံချပ်တွေ၊ မီးလောင်ရာ ပင့်ရာလေ၊ ပြိုးပြိုးပြက်ပြက်များစွာဖြင့်သာ စွတ်ပျံ့ကြည်နူးဖွယ်ရာ၊
စာမျက်နှာတွေ၊ ကျွန်တော်၊ အာရုံလွှဲပါရစေ၊ မျက်နှာတွေ၊ မျက်နှာတွေ၊
ကျွန်တော် ထပ်မယူနိုင်တော့လို့၊ မွန်းလို့ ကျပ်လို့၊ စိတ်လက်ချမ်းသာရာ . .
မလုပ်ကြပါနဲ့ ခင်မျာ.. အစစ အရာရာ တောင်းပန်လျက်။
Labels:
ကဗျာ
Monday, January 3, 2011
လျှော
တစ် ထစ် ချင်း. .
အားထုတ် တက်လာခဲ့သမျှ
အဆင်းဟာ
မြန်လိုက်တဲ့ ဖြစ်ခြင်း။
ခန့်နေ
မှတ်ချက်။ ။ဒီကဗျာလေးကို စရေးဖို့ပြင်နေတာ လွန်ခဲ့တဲ့ (၃)လလောက်ကတည်းကပါ။ မစခင်ကတည်းက တိုတိုနဲ့ လေး..ငါးကြောင်းလောက်ပဲ သုံးမယ်လို့ ဆုံးဖြတ်ထားတာ။ သို့ပေမယ့် စကားလုံးဖောင်းပွနေတာရယ်၊ အဓိပ္ပါယ်မသွားတာရယ်ကြောင့် ပြင်လိုက်၊ရေးလိုက်၊ဖျက်ပစ်လိုက်နဲ့ ကြာနေ၊ ဒီကြားထဲမှာပဲ တခြားကိစ္စတွေနဲ့ လုံးလည်ချာလည်ရင်း ပစ်ထားမိရာကနေ မနေ့ကမှ အမှတ်တမဲ့ စာအုပ်ပြန်လှန်မိပြီး အဆုံးသတ်နိုင်ခဲ့တယ်။ ကဗျာမရေးဖြစ်တာတော်တော်ကြာပေမယ့်.. ကဗျာတစ်ပုဒ်ပြီးသွားတိုင်း ကျန်ခဲ့တဲ့စိတ်ခံစားချက်ကတော့ မပြောင်းလဲဘူး။ သစ္စာနီပြောသလို ကဗျာရေးခြင်းဟာ ကျွန်တော့်အတွက်တော့ အညောင်းပြေခြင်းတစ်ခုပါပဲ*။
Labels:
ကဗျာ
Saturday, November 27, 2010
Saturday, November 13, 2010
အစဉ်သဖြင့်
ချစ်ခင်နေတုန်းမှာပဲ ခွဲခွာခဲ့တာ ဘဝဆိုတာ
စိုင်းဝင်းမြင့်
နှင်းဆီလို့နာမည်ပေးရင် ( မင်းလည်း ) မွှေးမှာပဲ
သွေးလန့်မှု အရွှေ့ အရွှေ့ထဲ
ပုံကြမ်းကောက်ကြောင်း စိတ်ကူးတလည်လည်
မြို့လည်ထဲ အက်ကြောင်းထ/ထပ်လို့
တစ်နေ့နေ့ တနဲ့နဲ့
လွန်လေပြီးသော နှင်းပွင့်များ
သက်တံရောင်စုံနဲ့ ဆွဲတာ
တရေးရေး တရိပ်ရိပ်
ဘယ်သူဆွဲတာလဲ အခုကြယ်။ ။
(စိတ်ကူးချိုချို- ခေတ်ပြိုင်ကဗျာ အချို့ (စာ-၇)မှ)
Labels:
ကဗျာဆရာတို့၏ ကဗျာများ,
စိုင်းဝင်းမြင့်
Friday, October 22, 2010
Diary page 23 Oct 2010
ကိုယ့်ကိုယ်ပဲ တွေ့ရှိသွားတာလား..
တွေ့ပြီးသားကိုပဲ ပြန်လွတ်ကျသွားတာလား..
တစ်စစီပဲ ပြုတ်ထွက်သွားသလား..
အီဗော်လူးရှင်းလား.. ကျဆုံးခန်းအင်ထရိုလား..
တောပြောင်းကျားကြီးပဲ ဖြစ်သွားလား..
ရွာသစ်ရောက်မယ့် သူကောင်းကြီးပဲ ဖြစ်မလား..
တစ်ကြိမ်တစ်ခါ ရူးနှမ်းသွားတာလား...
တစ်သက်လုံး ရူးခြင်းရဲ့ မူလပထမလား..
တစ်သက်နဲ့ တစ်ကိုယ် ကိုယ့်ကိုယ်ကို တစ်ခါမှ မတွေ့ဖူးတော့
ပထမဆုံးတွေလိုက်ရတဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်
တအံတသြကြီးတွေလို.. “ဟယ်.. ငါ ပါလား”မျိုးလား. .
ဒါမှမဟုတ် ဖြစ်ရိုးဖြစ်စဉ် .. ထင်ယောင်ထင်မှား.. ကယောင်ကတမ်းလေလား. .
ကျွန်တော်ဟာ ဒီလိုနဲ့ပဲ နှစ် (၂၀)လေပဲတော့မလား....
Labels:
Diary
Thursday, September 23, 2010
Diary page 23 Sept 2010
I am really distracted from everything these days.
I think I need a break.. a one real break...
I can't concentrate on things, esp the work now.
Inside me, it is happenning clashing of my thoughts.
So, I won't escape without struggling myself.
(of cuz, everybody won't if they don't too)
It is hard to say out what is on my thoughts.
Sometimes, I do thinking too much which couldn't even speak out a word.
Sometimes, I can't control myself from those thinkings, and they are very random,
such as emotions, movies, songs, love, poetry, goalkeeping, religion.
But once I start carrying on one of them, I start making my mind spread to something else.
It has been always I keep eyes on me and controlling myself- my manners, my thoughts-
I start to sick of me.
Everything is too concious. and
Thank you for reading this unnew story. It is jus another loser-is-lost-again.
KN
Labels:
Diary
Wednesday, September 15, 2010
ယင်လုံ နေသူများအကြောင်း
နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင်ခြင်းက
စဉ်းစားစရာတစ်ခုခုရဲ့
ကျိုးလွယ် ပဲ့လွယ်
အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်
လူမျိုးဘာသာမရွေး စားသုံးလည်းဖြစ်
ရေစိုခံ၊ အာမခံ
ကုန်ဆုံးရက်တွင်
သဘောတစ်ခုကို တွေ့ရှိ
စတင်ထုတ်လုပ်သည့်နေ့စွဲဟာ
ပြန်ပြောင်းပြောစရာ
ရက်လည်နဲ့အတူတူ
ဥတုသုံးပါး အထွန်းခံခြင်း
ကလေးများ အလွယ်တကူရောက်ရှိနိုင်ခြင်းများကြောင့်
(အညွှန်းအတိုင်း) ကောင်းစွာလှုပ်၍သောက်ပါ
အေးမြခြောက်သွေ့သောနေရာတွင် ထားပါ
စက်ဖြင့်လျှော်ဖွတ်ခြင်းဆိုလျှင် ရှောင်သွေလွှဲပါ
မခဲပါနှင့်၊
မိတ်အင် စိတ်တွင်
မီးမပေါက် ပြာမကြွေ
အခန်း အပူချိန်၌
တစ်နေ့ သုံးကြိမ်
ဆေးသား ခိုင်ခန့်/ပျက်ပြယ်နိုင် ကြောင်း
အမှိုက်ပုံးအတွင်း စွန့်ပစ်ခြင်းမှတဆင့်
ရေမရွေး အထည်မဆွေးနိုင်ကြောင်း
အလွယ်တကူ ဝါးစားနိုင်ပါက
သဘာဝစစ်စစ်၊ ပိုးသားစစ်စစ်၊ နွားနို့စစ်စစ်ဖြင့်
အသုံးပြုပြီး အဖုံးလုံအောင် ပြန်ပိတ်ပါ
အစက်ရာ မျဉ်းအတိုင်း ညှပ်ပါ၊ ဖွင့်ပါ၊
(လိုအပ်ပါက လှီးဖြတ်ပါ)
ကျန်းမာရေးနှင့် ညီညွတ်သော
ဓါတုဆေးဝါး/ဆိုးဆေးများပါရှိ
အဓိပ္ပါယ်နှင့်တကွ
အာဟာရဓါတ် ပါရှိမပါရှိသည်ကို မသိရ
မနက်တစ်ကြိမ် ညတစ်ကြိမ်
(မှီဝဲလိုက) မှီဝဲနိုင်သည်။
ရင်လှုံ နေသူများအကြောင်း
အရောင်ချွတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။
ခန့်နေ.
Labels:
ကဗျာ
Subscribe to:
Posts (Atom)
