Friday, March 26, 2010

စိတ်တစ်စ၊ စိတ်နှစ်စနှင့် `စိတ်´ပါ ၀င်စားနေသော စိတ်ကားလုံးများ

စိတ်နဲ့ စိတ်ဟာ
စိတ်အခန့်မသင့်လို့
စိတ်သဘောထားချင်း မတိုက်ဆိုင်ကြတော့လို့
စိတ်ကွာရှင်းတယ်ပဲ ခေါ်မလား..
စိတ်ခွာပြဲတယ်ပဲ ပြောမလား..
ပေကပ်ကပ်နဲ့
အဲဒီ`စိတ်´ဆိုတဲ့ဟာလေးဟာလေ
ပြောစကားလည်း နားမထောင်
ပြောထားရဲ့သားနဲ့
အဆာစိတ်များသင့်နေသလားမသိ..
မဟုတ်.. အစာနဲ့ စိတ်များ မသင့်သလားမသိ
တစ်စိတ်ကို တစ်အိတ်လုပ်ချင်နေတဲ့ စိတ်ပဲ
(ဒါမယ့် ဖားကောက်မယ့်အိတ်)
တစ်ယောက်ထဲနေ တစ်စိတ်ထဲထားပေမယ့်
စိတ်ဟာ ပေါက်လိုက်၊ ဖေါက်လိုက်
တ `ပဲ´ `ပဲ´နဲ့
ပဲကုလားဟင်း စားချင်နေရှာတဲ့ စိတ်/ဆိတ် ကလေးများလား..
ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်
စိတ်နာမကျခင် စိတ်ခံတွင်းက ထွက်လာတတ်တဲ့
ဆရာချောရဲ့ စိတ်အန်ဖတ်များ..
ကောင်းလည်း ဒီစိတ်၊ မကောင်းလည်း ဒီစိတ်
ဣဿာမစ္ဆရိယစိတ်
အချဉ်ပေါက်ခဲ့ရသော အတိတ်စိတ်များဟု ဆိုလေတော့
"အောင်မယ်.. မင်းဘာမင်း စည်းကမ်းမရှိလို့
စိတ်မစင်စွန့်ချင်တဲ့ နေရာစွန့်
စိတ်ရောဂါဖြစ်နေတဲ့ဟာ
ငါနဲ့ ဘာဆိုင်လဲကွ"
"အင်.. စိက္တစိုးဆိုတာ.. ခင်များလား.."
"အေး.. ဟုတ်တယ်.. ဒီမြို့ရဲ့
စိတ်ပျက် စိတ်လျှော ရောဂါသည်ထဲမှာတော့
ငါဟာ ခေါင်းဆောင်ပဲ"
အဲဒီအချိန်မှာပဲ..
ဖတ်ခနဲ..
စိတ်ပြတ်သွားတယ်။



ခန့်နေ

Thursday, March 25, 2010

အထ္ထုပ္ပတ္တိ

လမ်းတွေပေါ်
ခွေးတွေဟောင်နေတာ မြင်တော့
ငါ့အဆာလောင်ဆုံးကို တွေ့လိုက်တယ်။

ကိုယ့်သွေးကြောထဲ
ကိုယ်တောင် အနှံ့မရောက်ဘူး
အနုပညာဆိုတာကလည်း
အရူးလောက်မှ မပေါက်မြောက် မဟစ်အော်
အိမ်ထဲက အိမ်ပြင်မထွက်နိုင်တော့
ဇာတ်လမ်းရဲ့ ဟာနေတဲ့ဇာတ်ကွက်ထဲ
ငါ့ကိုယ်ငါ ဆောင့်ကန်ချလို့
ငါ့နောက်မှာ ငါရပ်လိုက်တယ်။ ။

မိုးဝေး
၂၀၀၀ ခုနှစ်

("သူပဲအကြမ်း သူပဲအချော"ကဗျာစာအုပ်မှ)

Tuesday, March 23, 2010

ဟန်ချက်

ဒီနေ့ ပုံမမှန်တဲ့ နေ့တစ်နေ့ဆိုတာ တစ်နေ့လုံး တယ်လီဖုန်းသံများနှင့် ကင်းဝေးနေခြင်းမှ စတင်ခဲ့ကြောင်းကို ခေါင်းနောက်နောက်ဖြင့်ပြန်လည် စဉ်းစားရင်း `ကျွန်တော် ဖျားနေပြီထင်တယ် မေမေ´လို့ ပြောမိကာမှ အဖျားတိုးသွားလို့.. တစ်နှစ်လုံးစာ အတိုးဖျား ဖျားရင်း.. ခုတင်ပေါ်တရေး.. ကြမ်းပြင်ပေါ်တစ်ခွေ.. တစ်ယောက်ထဲဆိုပေမယ့် စိတ်ထဲကတော့ အဖော်တွေဆီ.. မဆီမဆိုင်နဲ့ `ဂရုစိုက်နော်´ဆိုတဲ့ မတန်မရာ တစ်ခွန်းတစ်လေလောက်ကြားရရင် သိပ်ကောင်းမှာပဲ.. အတွေးတွေကိုလည်း ကလေးတွေလို ပုံပြောပြပြီး ပြန်ချော့သိပ်ကာရယ်။ ၀ုန်းခနဲ အိပ်မက်က လန့်နိုးရင်း ကစဉ့်ကလျား.. ခေါင်မိုးက ရေစက်ကျသံတွေဟာ ရင်ဘတ်တည့်တည့်ကိုပဲ ၈၀၀တန် ဖရဲသီးလုံးများနှင့် ပစ်ပေါက်နေသကဲ့သို့.. လူးရင်းလွန့်ရင်း.. စောင့်စားရင်း.. ဒိုင်ယာရီဖွင့်တော့လည်း ဒဏ်ရာတွေဟာ ရီပြနေသလို.. နံရံတစ်ထောင့်မှာ ခွေရင်း.. ဒီ`ရှင်တမ်းစာ´စာအုပ်ထဲ ဟိုစွယ်တော်ရွက်တွေများ ညှပ်ထားမိရင် သွားလွှတ်ပစ်နေရအုံးမယ်.. အခုတော့ မလိုအပ်တော့ဘူးပေါ့.. ဒန် ဒန်.. နေ့လည်ခင်းရဲ့ အရိပ်ကျပုံ ကျနည်းအောက်.. ပြန်အိပ်ဖို့ကြိုးစားရင်း.. နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ဆက်မိ.. blah blah blah.. ထမင်းမစားရသေးတာကို သတိရတော့မှ ဗိုက်ဆာလာသလိုလိုပင်.. အိပ်စက်ခြင်းသို့ ချဉ်းကပ်လမ်းကိုဝင်ရောက်တဲ့အခါကျရင်လည်း မျက်လုံးတွေမှိတ်၊ စိတ်ကိုလျော့.. အိပ်တာတောင်မှ အကန့်ပိုင်စရာတွေ လိုလာပီထင်တယ်.. ဟင်း (သက်ပြင်းချသံ)...

ခန့်နေ

Saturday, February 27, 2010

မြေနှိမ့်ရာ နှလုံးသားမှာ မင်းစိုက်ခဲ့တဲ့ လှံတွေနဲ့

နေ့နဲ့ည တူနေခွင့်ကလေးကိုပဲ
နေ့နဲ့ည အတူနေခွင့်လေးလို
သစ်ရွက်ခြောက်လေသံနဲ့ပြောမယ်ဆိုရင်တော့
ငါဟာ “ယူ”နေချင်သေးလို့..
မျက်လုံးဖွင့်လိုက်ရင် တွေ့ရမယ့်ကမ္ဘာမှာ
ကံဆိုတာ နဂိုရှိမှ နကိုင်းထွက်တာပါ..
သတိရနေသူလေးရေ..
ဝန်ခံရရင်တော့ ကိုယ်တကယ်ကြောက်တယ်..
ဘာကိုကြောက်နေမှန်းမသိတဲ့ ကြောက်ခြင်းဟာ
ကြောက်ဖို့အကောင်းဆုံးပဲထင်တယ်။
မင်းကရော..
ကိုယ့်ကို နာကျင်စေတဲ့စကားလုံးတွေ
ဘာကြောင့် ပြောထွက်နေတာလဲဟင်..
သက်ပြင်းတွေကို တစ်ချက်ချင်း ရေလို့ကြည့်တော့မှ
လက်ဖျားတွေဟာ မင်းကြောင့် အေးစက်ခဲ့ရမှန်း ကိုယ်သိတော့တယ်
စကားလုံးတွေ ထိခဲ့ဖူးတဲ့ စာသူငယ်လေးတစ်ကောင်..
အသက်ပြင်းနေတာလည်း မဟုတ်ပါဘူး ...
ဒီနှုတ်ခမ်းဖျားလေးအောက်မှာ ငါဟာ အခါခါသေဆုံးပြီး..
ဒီနှုတ်ခမ်းဖျားလေးကြောင့်သာ အခါခါ ပြန်ရှင်သန်လို့..
ရင်ကိုမခွဲလည်း အသည်းနှလုံးကို လှူဒန်းပေးအပ်ထားပြီးသားပါကွယ်..
ဤကောင်းမှုကြောင့်သာ
မမြင်ယောင်ဆောင်တဲ့မျက်ဝန်း၊
ရှောင်ကြဉ်နေတဲ့ ခြေလှမ်းတွေနဲ့
ဥပေက္ခာ မျက်နှာထားလေးတွေရဲ့ထံပါးမှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍...


ခန့်နေ

Thursday, February 18, 2010

4444 to 5555


အပေါ်က ပုံလေးကတော့ ကျွန်တော့်ဘလော့ ဖတ်သူဦးရေ ၄၄၄၄ရောက်ပြည့်တဲ့နေ့က အမှတ်တရအနေနဲ့ record လုပ်ထားတာပါ၊ ကျွန်တော် ကိုယ်တိုင် ၄၄၄၄ရောက်မြောက်ဖြစ်နေခဲ့တာပေါ့။ အဲဒါက ၂၀၀၉ (၇)လပိုင်း ၁၂ရက်နေ့က။ အခု ၅၅၃၀ကျော်နေပြီဆိုတော့ ၅၅၅၅ရောက်မြောက်ဟာ ဘယ်သူဖြစ်မလဲ၊ ကျွန်တော်ကိုယ်တိုင်ပဲပြန်ဖြစ်နေမလား။ တိုက်ဆိုင်မှုတစ်ခုအနေနဲ့ပါ။ နံပါတ်တွေနဲ့ ပတ်သက်လို့ ကျွန်တော် အယူလည်း မရှိပါဘူး။ အကယ်၍ စာဖတ်သူထဲက တစ်ယောက်ယောက်ဖြစ်ခဲ့မယ်ဆိုရင် c-box ထဲမှာ အမှတ်တရအနေနဲ့ တစ်ခုခုရေးခဲ့ဖို့ ကျွန်တော် တောင်းဆိုပါရစေ။ ဘလော့ရဲ့ အောက်ခြေ Total Visitorဆိုတဲ့ နေရာမှာ ကြည့်နိုင်ပါတယ်။ reader interaction ပေါ့နော်.. :)

ကြိုးစားလျက်
ခန့်နေ

Tuesday, February 16, 2010

နှင်းဖြူလေးသို့ ရိုးသားစွာဖြင့်

အရည်တလှည့်၊ အငွေ့တလှည့် ဖြစ်စဉ်အသီးသီးအား
အထပ်ထပ်ကျော်ဖြတ်ပြီးသည့်အခါသမယတွင်
မတိုင်မီနေ့ ည
ပင်လယ်ပြင်ရှေ့
နှစ်ဖက်ကမ်းဆီသော မှန်ဘောင်ကလေးများထံမှ
တီးတိုး ဝင်ရောက်လာသော
မျက်ဝန်းလေးများ၏ စွက်ဖက်နှောက်ယှက်ခြင်းအား
ကျွန်တော်သည်.. ဘီလူးစီးခံနေရသကဲ့သို့၊
ရှောင်တိမ်းခြင်း၊ အော်မြည်ခြင်း မပြုနိုင်ဘဲလျက်..
ကျရှုံးလျက်၊ ပြန်ထလျက်၊
ကျားတစ်ကောင်လို ခုန်အုပ်မည်ကဲ့သို့ ဖြစ်လျက်၊
နေစဉ်အတွင်းမှာပဲ
သိုးငယ်လေးလို ကျွန်တော့် စိတ်တွေ သိမ်ငယ်သွားလျက်၊
ရရာလက်နက် ဆွဲကိုင်လျက်၊
ဒဏ်ရာတွေ ထပ်ရလျက်၊ နာကျင်ချိန်တွေ တိုးလျက်၊
အချစ်အကြောင်းအား နှုတ်ဖျားမှ မပြောတတ်လျက်၊
လက်ထဲတွင်တော့
ခင်းကျင်းပြသမည့် အရုဏ်ဦးလေးကို
တစိုက်မတ်မတ် ဆုပ်ကိုင်လျက်...

ကျွန်တော်သည်
နှင်းဖြူလေးတစ်ပွင့်ကို ပြန်လန့်နေလျက်ရှိသော
နေရောင်တစ်ပေါက်ဖြစ်လျက်။


ခန့်နေ

Sunday, February 14, 2010

မေ (၃၁) - မျိုးကျော့မြိုင်

မေ (၃၁)
မျိုးကျော့မြိုင်

~ မင်းမလိုချင်တဲ့..
ကိုယ့်အချစ်တွေနဲ့..
စိတ်ကူးလို့ ရူးနေမိတယ်..
အချစ်ရယ်.. ~

~ လှလွန်းတဲ့ မင်းမျက်နှာလေး..
လှည့်လို့ ပြုံးပါအုံး..
မင်း မမြင်ချင်တဲ့ ကိုယ့်မျက်နှာ..
မင်းကို သိပ်တွေ့နေချင်တယ် ~
အနှောက် အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့ အကြောင်းတွေ
မစဉ်းစားနဲ့တော့.. မင်းဦးနှောက် နုနုလေး..
ကိုယ့်ကြောင့် စိတ်ဆင်းရဲ သွားရင်..
မစဉ်းစားနဲ့..
ကိုယ်ဘာပဲ ဖြစ်ဖြစ်.. ~

~ မိုးတွေ ခြွေနေတဲ့ မေ(၃၁)
ကိုယ့်စိတ်တွေ လေနေတဲ့ မေ(၃၁)
နားလည်စေချင်တဲ့ ကိုယ့်အချစ်တွေ..
မင်းရဲ့ အနားမှာ အမြဲရှိနေပါတယ်..
ကိုယ့်အချစ်တွေ.. ~

Friday, February 12, 2010

အစီရင်ခံစာ (13/02/2010)

ဒီရက်ပိုင်းအတွင်း Blogတွေ ပြန်ဖတ်ရင်းနဲ့ ဟိုတစ်နေ့က ကိုမိုးလှိုင်ညဆီကနေ ဘလော့အသစ်တစ်ခုတွေ့ခဲ့တယ်.. Burmese Potery Foundationတဲ့။ ကဗျာဆိုင်ရာ ဆောင်းပါးတွေနဲ့၊ ကဗျာဟောင်းတွေထဲက အကောင်းဆုံးတွေ ပြန်လည် စုစည်းတင်ထားတာဖြစ်တယ်။ ကျွန်တော် နှစ်သက်မိပါတယ်။ အဲဒါကြောင့် side bar မှာ လင့်ခ်ထားလိုက်တယ်။ နောက်ထပ်လင်ခ့်လုပ်ဖြစ်တာတော့ My Little World နဲ့ သူငယ်ချင်း စည်သူရဲ့ ဘလော့ပါ။ Little World က ကျွန်တော် ဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ စည်သူကတော့ ကဗျာတွေ ရေးအားကောင်းနေလေရဲ့။

အခုလောလောဆယ် ကျောင်းက (၄)ရက် ဆက်တိုက်ပိတ်မယ်။ ပြန်ဖွင့်တာနဲ့ (၃)ရက်တက်ပြီးရင် ကျွန်တော့်ရဲ့ ကောလိပ်ကျာင်းသားဘဝ အဆုံးသတ်ပါပြီ၊ (စာမေးပွဲ မကျခဲ့ရင်ပေါ့လေ) ကျောင်းပိတ်တဲ့အခါ မြန်မာပြည် ပြန်ရင်ကောင်းမလား၊ ဒီမှာနေပြီးပဲ အလုပ်ရှာရင် ကောင်းမလား.. စိတ်တွေနဲ့ ဒီရက်ပိုင်း ဆုံးဖြတ်ချက်ချမရသေးဖြစ်နေတယ်။ အလုပ်ရခဲ့ရင်ကျ နောက်ထပ် ဒီလိုရက်ရှည်ပြန်နိုင်ဖို့ဆိုတာ မလွယ်ဘူးထင်တယ်။ နောက်ပြီး သူငယ်ချင်းတွေဆုံဖို့ပေါ့။ ဒါပေမယ့် အခု ပြန်သွားလိုက်ရင်လည်း ပြန်လာတဲ့အခါ အလုပ်ရှာရမယ့် ဒုက္ခနဲ့ နေဖို့ pass ကိစ္စတွေဘာတွေ ခေါင်းပိုစားရမယ်။ အခုတစ်ပတ်တော့ project ကို ပိုအာရုံထားသင့်လို့ အဲဒီကိစ္စတွေ သိပ်မထိချင်သေးဖြစ်နေတယ်။

ဒါနဲ့ စကားမစပ် ဒီနေ့ တရုတ်လို နှစ်သစ်ကူးရော၊ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထပ်ထည်းကျတယ်နော်။ ဗိုလ်ချုပ်အကြောင်း ဂုဏ်ပြုစာတွေ ကဗျာတွေတော့ အွန်လိုင်းမှာ အများအပြားတွေ့ရလို့ ဝမ်းသာမိတယ်။ ကိုကောင်းကင်ကလည်း မွေးနေ့အမှတ်တရ ကဗျာစာအုပ်ထုတ်ဖြစ်မယ်ဆိုလို့ အားကျမိတယ်။ ဒီစာအုပ်အတွက် သူအချိန်ယူခဲ့တာ တော်တော်ကြာပြီ။ တရုတ်နှစ်ကူးကတော့ ဒီမှာ နည်းနည်းဒုက္ခရောက်တာက စားသောက်ဆိုင်တွေနဲ့ ဈေးတွေ မဖွင့်ဘူးလေ။ (၂)ရက်လောက် ပိတ်မယ်။ ဒါကြောင့် ဒီနေ့ နောက်ဆုံးဖွင့်တဲ့ရက် ရိက္ခာ စုဆောင်းထားရမယ်။ ငယ်ငယ်တုန်းက နှံကောင်လေးက မိုးတွင်းအတွက် မစုမိလို့။ အခုတော့ ကျွန်တော်တို့တွေက နွေနဲ့တင် စုနေရပြီ။ (အဲ.. အမှန်တော့ ဒီမှာ ဘယ်ရာသီရယ်လို့ ပြောလို့တော့ မရပါဘူး၊ ရောနေတာကိုး)

ကဲ.. ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေကြပါစေ... ကျွန်တော်လည်း ကဗျာတွေရေးဖြစ်နေတယ်။ နောက်ပြီး Blogကို Facebook ပေါ် တင်ရင် ကောင်းမလား.. စဉ်းစားနေတယ်။

Tuesday, February 9, 2010

သူ နေမြင့်လို့ ဒီအရူးကြီးရင့်ခဲ့

လူရွှင်တော်ဆိုတာ
သူ အမြင်မတော်ရင်
ရှော်တတ်၊ ယှက်တတ်တဲ့သဘောနဲ့
ပျော်တတ်၊ ပျက်တတ်တဲ့အပြော..
ဒါပေမယ့်လည်း
ချစ်တယ်ဆိုတဲ့ စကားနှစ်လုံးထဲကို
မင်း ဟားတိုက်ရယ်နေတာတော့..
မင်းသမီးရယ်..
တဆိတ်..
နာကျင်မှုတွေ နိုင်းချင်းနဲ့
ဟောဒီရင်ဘတ်ကြီးကို သုပ်လိုက်သလို။
ခန့်နေ

Thursday, February 4, 2010

မျက်မမြင်စိန်ခေါ်သံများကို

တစ်နေ့မှာ ငါဟာ ရောဂါတစ်ခုကိုရခဲ့တယ်။
အမှန်တော့ အဲဒါဟာ တခြားတစ်ခုခုလည်း ဖြစ်နိုင်တယ်
ဒါပေမယ့် ငါကတော့ ရောဂါလို့ပဲထင်တယ်
ရောဂါဆိုတော့ ပျောက်ဖို့ လိုတာပေါ့
ဒါပေမယ့် အဲဒီရောဂါဟာ တခြားရောဂါတွေနဲ့ မတူပဲသူ့ကို ဂရုမစိုက်မှ ပျောက်တယ်တဲ့
ဆေးလုံး ဆေးပြားတွေ၊ ခွဲစိတ်မှုတွေ ဂရုစိုက်မှုတွေ မလိုဘူး
ဒီအတိုင်းထားရင်ကို ပျောက်ပြီ
ဒါပေမယ့် ခက်တာက လူတွေဟာ ငါ ရောဂါရှိမှန်းသိတော့မှပဲငါ့ကို ဂရုစိုက်လာကြတော့တယ်
(H1N1 မဟုတ်တာ သေချာလို့တော့ ထင်ရဲ့)
ဒီလိုနဲ့ပဲ ငါ့ရောဂါဟာ တနေ့ထက် တနေ့ပိုဆိုးလာတယ်။
အကြောင်းသိတဲ့ ဆရာဝန်တွေကတော့ ငါ့နာမည် ကြားရင် ဝေးဝေးကရှောင်နေကြပြီ။
ငါ့အကြောင်းဆို စကားစပ်လို့တောင် မပြောဖြစ်တော့ဘူး။
ဂရုစိုက်မိနေမှာစိုးလို့..ဒါပေမယ့် နားမလည်လို့၊ သနားပြီး ဂရုစိုက်မိသူတွေဟာ ရှိတုန်းပဲ..
ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်မိအောင်ကြိုးစားနေကာမှ၊ သူတို့တွေကြောင့် ခက်နေရတယ်..
ဒီလိုနဲ့ပဲ ငါ့ရောဂါဟာ တနေ့ထက် တနေ့ပိုဆိုးလာတယ်။
ညဖက်တွေမှာ တစ်ယောက်ထဲ ကမ္ဘာမကြေသီချင်းကို ထဆိုလို့..
တခါတခါ တယ်လီဖုန်းထဲက အသံတွေကို အမှန်ထင်ပြီး ယုံမိလို့..
တခါတလေကျ အိန္ဒိယရဲ့ စာလုံးပေါင်းကို ငါမေ့သွားပြန်တယ်.
.....
ဒါပေမယ့် လူတွေဟာ တစ်နေ့ထက်တစ်နေ့ ငါ့အကြောင်းကို လျစ်လျူရှုလာနိုင်ကြပြီ
အရင်က ပြောမဆုံးပေါင် တောသုံးတောင် ရောဂါအကြောင်းကိုလည်း မပြောဖြစ်တော့ဘူး
အက်ကြောင်းတွေ ထပ်လာပြီ၊ ဘူတာတွေ ဆိုက်ပါများသွားပြီ။
အဲဒါကြောင့်မို့
အခုဆိုရင် ငါ့ရဲ့ ရောဂါဟာတော်တော်လေးသက်သာနေပြီ
ငါတစ်ယောက်ထဲ ဟိုးအဝေးမှာလည်း သွားနေဖြစ်တယ် သိလား..
ဒါမယ့် အဲဒီအကြောင်းကို စပ်စုကြမှာစိုးလို့ ရောဂါပျောက်ပြီး နိုင်ငံခြားမှာသွားနေတယ်ဆိုပြီး ပုံမှန်သတင်းတစ်ပုဒ်လွှင့်ဖို့ ငါ့အိမ်ကိုပြောခဲ့တယ်
အမှန်တော့ လူတွေဟာ တစ်ယောက်ထဲရှိနေခြင်းကို ဘာကြောင့်မို့ မရောင့်ရဲကြတာလဲ..
နှစ်ယောက်ရှိမှဖြစ်မယ်၊ သဘာဝကျမယ်ဆိုတာ.. သတ္တိနည်းသူတွေရဲ့ အလုပ်လား..
ကို့ယို့ကားယားကတိတွေကို ငါမုန်းပါတယ်..
နောက်ဆုံးတော့ ငါဟာ ငါ့ကိုယ်ငါတောင် ဂရုမစိုက်ဖြစ်တော့ဘူး..
အဲဒီလောင်တောင် ရောဂါရဲ့အလိုကို လိုက်မိသတဲ့..
ဒီလိုနဲ့ တစ်နေ့ ငါ့ရောဂါ ပျောက်သွားတယ်ပေါ့..
အသက်ရှူသံတွေတောင် ငါ့ဆီ အဝင်အထွက်မလုပ်တော့တဲ့အခါ။

ခန့်နေ

Saturday, January 23, 2010

ကိုယ့်နေ့တွေ (၂)

အရေမရ၊ မဖတ်မရတွေထဲကပဲ
ငါဟာ အရေတွေ အဖတ်တွေကို ရှာနေခဲ့..
ပွဲတော်တွေရောက်တိုင်းမှာ
ရင်တွေဟာ ခုန်ဖို့၊ အသံတွေတုန်ဖို့ ဝန်လေးနေသူ
ဒီလိုနဲ့ ငါ့အိမ်လေးကို တံခါးပိတ်လို့
ငါတစ်ယောက်ထဲထွက်လာခဲ့တယ်
ငါရဲ့ ကျောင်းတော်လေးလည်း..
ငါ မတက်ဖြစ်တဲ့နေ့မှာပဲ
ဖွင့်တယ်...

ခန့်နေ

Sunday, January 17, 2010

မေ့တတ်တယ်ဆိုတဲ့ အကျင့်ဟာ သိပ်တော့လွယ်တဲ့အကျင့်မဟုတ်ပါဘူး..
အရာဝထ္ထုတစ်ခုကို မေ့တယ်ဆိုတာ ဖြစ်ဖို့အတွက် ပထမဆုံး ခင်များဟာ အဲဒီအရာကို မှတ်ခဲ့ဖူးတယ်ဆိုတဲ့ အဆင့်ကလေးကိုတော့ ဖြတ်သန်းခဲ့ရမယ် မဟုတ်လား..
နာမည်ကို မမှတ်မိတော့ဘူး၊ ငါအခု ဘာလုပ်မလုပ်ပါလိမ့်.. ဟိုအကြောင်းပြောမလို့ကွာ.. စသဖြင့် စကားတွေနဲ့ ကျွန်တော်ဟာလည်း မေ့တတ်သူတစ်ယောက်ပါပဲ
ဒါပေမယ့် မေ့သွားလို့ဆိုတဲ့ စကားကို လွယ်လွယ်သုံးလာကြာတော့ ပြောသူရဲ့ ပါးစပ်ထဲ၊ နားထောင်သူရဲ့ နားထဲ အဓိပ္ပါယ်ဟာ ပေါ/ပေါ့ရွှတ်လာတယ်၊
ဆေးများလို ထိုးပါ၊ စားပါများရင် မတိုးတော့သလိုပေါ့။ ဒီလူတစ်ယောက်ဟာ မေ့တတ်တယ်လို့ မှတ်ချက်ပေးလိုက်တာဟာ မှတ်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို သွယ်ဝိုက်ပြီး ဖော်ပြရာရောက်သွားတတ်တယ်၊
မှတ်တာတွေများလို့ မေ့စရာတွေများသွားတာပေါ့.. ဒီလိုဆိုရင်ကော မှန်မလား။
ရုပ်ရှင်ရုံမှာ၊ စာသင်ခန်းမှာ၊ ဘောလုံးကန်နေစဉ်မှာ၊ ကျောင်းကန်တင်းမှာ တစ်ခါတစ်ခါ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို မေ့တွားတတ်တဲ့အကျင့်ရှိတယ်။
ကိုယ်ဘာသာကိုယ်လည်း မှတ်စရာတွေဟာ သိပ်များနေတာကိုး။
ကျွန်တော်တို့ ဗုဒ္ဓရဲ့တရားတော်အရဆိုရင် လူ့စိတ်ဟာ စက္ကန့်ပိုင်းလေးကူးနေတဲ့ကြားမှာတင် သိန်းသန်းချီပြီး ဖြစ်ပျက်နေတာ မဟုတ်လား။
ဒါကြောင့် ကိုယ့်နာမည်လေးကို သိတတ်စအရွယ်ကတည်းက အခုချိန်ထိ မှတ်မိနေတယ်ဆိုရင်ပဲ ကျွန်တော်ဟာ မေ့တတ်သူတစ်ယောက်မဟုတ်သေးဘူးလို့ သူများတွေ ပေးမသိဘဲ တွေးကြည့်မိဖူးတယ်။
တစ်နေ့ကပဲ ကြည့်လေ.. ကျွန်တော် ကျောင်းလည်းရောက်ရော တစ်ကိုယ်လုံးကို ရေတွေစိုရွဲနေတယ်။ အာ.. မိုးရွာနေတာကိုမေ့ပြီး ကျွန်တော် လမ်းလျှောက်နေမိတာကိုး။
ဘယ်လောက်များ ဂွကျလဲလို့.. ကျွန်တော့်အဖြစ်က။ အဲဒီအကြောင်းကို ညရုပ်ရှင်ကြည့် ချိန်းရင်း ချစ်သူကိုပြောပြမယ်ဆိုပြီး သူ့ဆီဖုန်းဆက်မလို့ ရုတ်တရက်ဖုန်းနံပါတ်ကို မေ့သွားပြန်ရောဗျာ။
ဖုန်းနံပါတ်တွေရှာကြည့်တော့ Aကနေ Zအထိ နာမည်တွေသာ ကုန်သွားတယ် မတွေ့လိုက်ပါဘူးလို့.. ဘယ်ဟုတ်မလဲ ကျွန်တော့်ကိုယ်ကျွန်တော် ချစ်သူမရှိတာလည်း မေ့နေပြန်တာပဲ။
အဲဒီလောက်ကို ကျွန်တော်ဟာ အမေ့ကြမ်းတဲ့သူ။ ခုလည်း ကြည့်လေ.. စာတစ်ပုဒ်သာတင်လိုက်တယ်၊ ခေါင်းစဉ်တပ်ဖို့ မေ့ကျန်ခဲ့ပြန်ရော။


Free counter and web stats